အခန်း ၆၉
Vol. 7 Ch. 69
အပိုင်း ၆၉ -ဆရာပိုင်
"ငါ့အကြောင်းကို မေးတယ် ဟုတ်လား။ သူက ဘာလို့ ငါ့အကြောင်း မေးရတာလဲ"
မကြာသေးခင်ကမှ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့ပြီး လီရှင်းရှင်းကိုလည်း ရှင်းထုတ်ပြီးကာစပဲ ရှိသေးသည်။ နောက်ထပ် ထူးထူးဆန်းဆန်း လူတစ်ယောက်နဲ့ ထပ်မတိုးပါစေနဲ့လို့ပဲ လင်းစုယွီ ဆုတောင်းနေမိတော့သည်။
လက်ရှိအချိန်မှာ လင်းစုယွီက ဘယ်သူ့ရဲ့ အာရုံစိုက်မှုကိုမှ မခံချင်ဆုံး ဖြစ်နေတာကြောင့် လျန်ဟွေ့ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ စိတ်အခြေအနေက ချက်ချင်းပဲ ပျက်စီးသွားရသည်။
"မနေ့က ဆရာပိုင်နဲ့ ဆရာမချန်တို့ တရုတ်စာချိန် အပြန်အလှန် လဲလိုက်ကြတာလေ။ နင်မရှိတာကို သူသတိထားမိပြီး မေးနေတာ။ ကျောင်းမတက်နိုင်အောင် ဘာအခက်အခဲများ ရှိနေလို့လဲဆိုပြီးတော့တောင် စိုးရိမ်တကြီး မေးနေသေးတာ။ အား... ဆရာပိုင်ကလေ တကယ်ကို ရုပ်ဖြောင့်ပြီး ကြင်နာတတ်တာပဲ။ မဟုတ်ရင် နင်ကျောင်းမလာတာကို ဒီလောက်အထိ ဂရုစိုက်နေမှာ မဟုတ်ဘူး"
လျန်ဟွေ့ရဲ့ အသည်းယားစရာ အမူအရာကို ကြည့်ပြီး လင်းစုယွီ စိတ်ပျက်သွားမိသည်။ ဒီမိန်းကလေးကတော့ နောင်တစ်ချိန်မှာ အချစ်ကိုပဲ ဦးစားပေးတဲ့ "အချစ်မျက်ကန်းမလေး" ဖြစ်လာဖို့ သေချာနေပြီ။
သို့သော် လင်းစုယွီတစ်ယောက် ဆရာပိုင်ဆိုသူကို ကိုယ်တိုင်မြင်လိုက်ရတဲ့ အခါမှာတော့ လျန်ဟွေ့ဟာ အချစ်နတ်ဖမ်းစားခံရုံတင်မကဘဲ လူရွေးလည်း မှန်ကန်ကြောင်း အသိအမှတ်ပြုလိုက်ရသည်။
အင်္ကျီအဖြူနဲ့ စတိုင်ပင်ကို ဝတ်ဆင်ထားပုံက ယောင်္ကျားအများစုထက် သာလွန်နေပြီး သန့်ရှင်းစင်ကြယ်တဲ့ အရှိန်အဝါ၊ ယဉ်ကျေးပျူငှာတဲ့ အမူအရာနဲ့ နွေးထွေးတဲ့ အပြုံးတွေက လျန်ဟွေ့လို အချောအလှမက်သူတစ်ယောက် သွားရည်ကျလောက်စရာ အမှန်ပင် ဖြစ်ပေသည်။
"အားလုံးပဲ မင်္ဂလာပါ။ မင်းတို့နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့ တရုတ်စာချိန်ကိုလည်း ဆရာပဲ ဆက်သင်ပေးသွားမယ်နော်။ ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးလို့ မျှော်လင့်ပါတယ်။ ဆရာက ဒီအတန်းနဲ့စာသင်ရတာကို အရမ်းနှစ်သက်လို့ နောက်ထပ် သင်ခန်းစာအချို့ကို ဆက်သင်ပေးဖို့ ဆရာမချန်ကို ခွင့်တောင်းထားတာ"
သူ့စကားလည်း အဆုံးမှာတော့ တစ်ယောက်က စတင်လက်ခုပ်တီးလိုက်ပြီး တစ်တန်းလုံးကလည်း အားတက်သရော လိုက်တီးကြလေသည်။ သူက တကယ်ကို လူကြိုက်များပုံရ၏။ သက်ဝင်လှုပ်ရှားပြီး ဟာသနှောတတ်တဲ့ သူ့ရဲ့ သင်ကြားပုံက ဒီခေတ်က ဆရာတွေနဲ့ မတူဘဲ ထူးခြားနေတာကြောင့် လူချစ်လူခင်ပေါတာ မဆန်းပါဘူးလေ။
"မနေ့က မရှိခဲ့တဲ့ ကျောင်းသားအချို့ကတော့ ဆရာ့ကို သိဦးမှာ မဟုတ်ဘူး။ ဆရာ့မျိုးရိုးနာမည်က ပိုင် ပါ၊ နာမည်အပြည့်အစုံက ပိုင်ချီမင် ဖြစ်ပါတယ်"
သူက လင်းစုယွီကို ကြည့်ရင်း ထိုနာမည်ကို ကြားတဲ့အခါ သူမမှာ တစ်စုံတစ်ရာ တုံ့ပြန်မှု ရှိမရှိ အကဲခတ်နေသလိုပင်။ ခေတ္တမျှ ရပ်ပြီးနောက် ဆရာပိုင်က ဆက်ပြောသည်။
"မနေ့က အားလုံး မိတ်ဆက်ပြီးကြပြီဆိုတော့ ဆရာ အားလုံးကို သိခွင့်ရခဲ့တယ်။ အခု ဒီကျောင်းသူလေးလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦးလား"
လင်းစုယွီ မျက်ခုံးတစ်ချက် ပင့်သွားသည်။ ဆရာပိုင်က မနေ့ကတည်းက သူမအကြောင်း မေးနေတယ်လို့ လျန်ဟွေ့သာ မပြောခဲ့ရင် သူက သူမနာမည်ကို တကယ်မသိဘူးလို့ ထင်မိမှာ အမှန်ပင်။ ဒါပေမဲ့ လင်းစုယွီက သူ့ဆီကနေ ရန်လိုတဲ့ အရိပ်အယောင်မျိုး မရတာကြောင့် စကားနားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
ကျောင်းဆင်းတဲ့အထိ ဆရာပိုင်ဆီက ဘာထူးခြားမှုကိုမှ သူမ သတိမထားမိတာကြောင့် လင်းစုယွီကလည်း ဘာမှ ထပ်မတွေးတော့ပေ။
ဒါပေမဲ့ သူမ မသိတာကတော့ ပိုင်ချီမင်ဟာ အဝေးတစ်နေရာကနေ ရပ်ပြီး သူမထွက်သွားတာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပဲ ဖြစ်သည်။ တစ်စုံတစ်ယောက် သူ့ဆီ ရောက်မလာမချင်း သူကတော့ အတွေးနက်နေဆဲပင်။
"သခင်လေး ချီမင်၊ ကျွန်တော်တို့နဲ့အတူ ဟောင်ကောင်ကို တကယ် ပြန်မလိုက်ဘူးလား။ သခင်ကြီးနဲ့ သခင်မကြီးတို့က သခင်လေး ဘယ်ရောက်နေလဲလို့ မေးလာရင် ကျွန်တော်တို့ ဘာပြောရမလဲ"
"ဦးလေးပိုင်၊ အဲ့ဒီလင်းစုယွီက ကျွန်တော့်အဒေါ်ရဲ့ သမီးအရင်း။ တွေ့လိုက်လား။ သူ့ကိုကြည့်ရတာ ကျွန်တော့်အဖွား ငယ်ငယ်တုန်းကနဲ့ တော်တော်တူတာ"
ပိုင်ချီမင်က မေးခွန်းကို မဖြေဘဲ သူ့ကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာတဲ့ ဦးလေးပိုင်ကို လင်းစုယွီရဲ့ ဝှက်ဖုံးထားတဲ့ အထောက်အထားကို ပြောပြလိုက်သည်။
"ဒါဆို သခင်လေးက သူမကို ဟောင်ကောင်ကို ပြန်ခေါ်သွားဖို့ အစီအစဉ်မရှိဘူးလား။ အိမ်မှာရှိတဲ့ မမလေးလင်းက အခုဆို သခင်မကြီးရဲ့ အသည်းကျော်ဖြစ်နေပြီး အဖွားဆီကနေ ရတနာတွေအများကြီးကိုတောင် ချော့မြှောက်ပိုင်ဆိုင်ထားပြီးပြီ။ သခင်လေး ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ဦးလေးပိုင်ကတော့ သခင်လေးရဲ့ အပြုအမူတွေကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ဦးလေးပိုင်၊ အချိန်မတန်သေးဘူး။ ကျွန်တော့် ဝမ်းကွဲ ညီမလေးရဲ့ စိတ်ဓာတ်က ဘယ်လိုလဲဆိုတာ သေချာမှပဲ ကျွန်တော် ဆုံးဖြတ်ချက်ချမယ်"
သစ္စာရှိတဲ့ ဦးလေးပိုင်ကို ကြည့်ရင်း ပိုင်ချီမင်ရဲ့ မျက်နှာမှာ စိုးရိမ်ရိပ်အချို့ ဖြတ်ပြေးသွားသည်။
"အိမ်ကလူတွေ မေးလာရင်တော့ ကျွန်တော် လေ့လာရေး ခရီးထွက်သွားတယ်လို့ပဲ ပြောလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အရင်ကတည်းက ဟိုဟိုဒီဒီ လျှောက်သွားနေကျပဲလေ"
အရင်က ပိုင်ချီမင်ဟာ ပိုက်ဆံကို ရေလိုသုံးပြီး "လေ့လာရေးခရီး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျော်ပါးနေထိုင်ခဲ့တဲ့ သူဌေးသားတစ်ယောက်သာ ဖြစ်သည်။ အားလုံးက သူ့ကို လောကရဲ့ ခက်ခဲမှုတွေကို နားမလည်တဲ့သူလို့ ထင်ခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကစပြီး သူ့ရဲ့ စရိုက်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူဟာ အိမ်က ညီမဝမ်းကွဲ လင်းရှင်းယောင်ကို မုန်းတီးလာရုံတင်မကဘဲ နည်းလမ်းအမျိုးမျိုးသုံးပြီး ကျင်းမန်မြို့ကို ရောက်အောင် လာခဲ့ခြင်း ဖြစ်သည်။
"သခင်လေး ချီမင်၊ တကယ်လို့ ပြန်မလိုက်နိုင်ဘူးဆိုရင် အားကွမ်းကိုတော့ သခင်လေးနားမှာ ထားခဲ့ပါရစေ"
သခင်လေးရဲ့ ဘေးကင်းရေးကို စိုးရိမ်တာကြောင့် ဦးလေးပိုင်က တစ်ယောက်ယောက်ကို အစောင့်အဖြစ် ထားခဲ့ချင်နေသည်။
"အားကွမ်းကို ထားခဲ့တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဦးလေးပိုင်၊ ကျွန်တော် အရင်က မှာထားတာတွေကိုတော့ သေချာလုပ်ပေးပါ။ လင်းရှင်းယောင်ကို မျက်ခြေမပြတ် စောင့်ကြည့်ထားပါ။ ကျွန်တော် ပြန်မလာခင်အထိတော့ လင်းရှင်းယောင်က ကျွန်တော့်အဒေါ်ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာကို အဖွားကို အသိမပေးနဲ့ဦး"
အဖွားဖြစ်သူမှာ နှလုံးရောဂါရှိနေတာကြောင့် စိတ်လှုပ်ရှားစရာတွေကို လုံးဝမခံနိုင်မှန်း ပိုင်ချီမင် သိသည်။ ဒါကြောင့် လင်းရှင်းယောင်ရဲ့ လိမ်လည်မှုကို အခုချက်ချင်း မဖော်ထုတ်နိုင်သေးပေ။ အနည်းဆုံးတော့ လင်းစုယွီရဲ့ စိတ်နေစိတ်ထားကို သေချာလေ့လာပြီး သူမဟာ ဟောင်ကောင်ကို ပြန်ခေါ်သွားဖို့ ထိုက်တန်တဲ့သူဖြစ်မှသာ အမှန်တရားကို ဖွင့်ပြောတော့မည်။
"ကျွန်တော် နားလည်ပါပြီ။ လင်းရှင်းယောင်ကို သေချာစောင့်ကြည့်ဖို့ ကျွန်တော့်မိန်းမကို ခိုင်းထားလိုက်ပါ့မယ်။ သခင်လေး၊ ကျွန်တော် သခင်လေးရဲ့ သတင်းကို အများဆုံး သုံးလပဲ ဖုံးကွယ်ထားပေးနိုင်မယ်နော်။ နောက်သုံးလဆိုရင် သခင်မကြီးရဲ့ မွေးနေ့ရောက်တော့မယ်။ အဲ့ဒီအချိန်အထိ သခင်လေး ပြန်မလာရင်တော့ ကျွန်တော် ဆက်ပြီး လိမ်ထားပေးလို့ မရတော့ဘူး"
ဦးလေးပိုင်ရဲ့ ဇနီးသည်ဟာ အဘွားပိုင်ရဲ့လူယုံ နို့ထိန်းတစ်ယောက်ဖြစ်ပြီး ပိုင်မိသားစုအတွင်းမှာ အိမ်တော်ထိန်းတစ်ယောက်လို သြဇာရှိပြီး အလွန်ယုံကြည်ရသူတစ်ဦး ဖြစ်သည်။
"သုံးလဆိုရင် လုံလောက်ပါတယ်" ပိုင်ချီမင် ခေါင်းညိတ်လိုက်သည်။
"နှမြောစရာပဲ၊ နှစ်လလောက်သာ စောပြီး ပြန်လာနိုင်ခဲ့ရင် လင်းရှင်းယောင် တစ်ယောက် ကျွန်တော်တို့ ပိုင်မိသားစုထဲကို ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူး"
ထွက်ခွာသွားတဲ့ ဦးလေးပိုင်ရဲ့ ကျောပြင်ကို ကြည့်ရင်း ပိုင်ချီမင်က မကျေနပ်မှုတွေ ပြည့်နှက်နေတဲ့ အသံတိုးတိုးလေးနဲ့ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
အိမ်ပြန်ရောက်တဲ့အခါ လင်းစုယွီမှာ ထမင်းတောင် မချက်ရသေးခင် လီယန်ပင်း ရောက်လာတာကြောင့် စိတ်အခြေအနေက ထပ်မံ ပျက်စီးသွားရပြန်သည်။
"လင်းစုယွီ၊ နင် ငါ့ညီမကို တွေ့မိလား"
ဒုက္ခရောက်နေတဲ့ အခြေအနေမှာတောင် လီယန်ပင်းက ငယ်ငယ်ကတည်းက နှိပ်စက်လာခဲ့တဲ့ လင်းစုယွီကို အထင်သေးနေဆဲပင်။ သူ့ရဲ့ စကားပြောပုံက တရားခံကို စစ်ဆေးမေးမြန်းနေသလို ရိုင်းစိုင်းလှသည်။
"မတွေ့ဘူး၊ အခုချက်ချင်း ထွက်သွားစမ်း"
အိမ်ရှေ့တံခါးသာ ပွင့်မနေရင်၊ ပတ်ဝန်းကျင်က လူတွေသာ ကြည့်မနေရင် လင်းစုယွီ သူ့ကို ပါးရိုက်လွှတ်လိုက်တာ ကြာလှပြီ။ သူမရဲ့ လိမ္မာယဉ်ကျေးတဲ့ ပုံရိပ်လေး မပျက်စီးအောင်ပဲ တံခါးပိတ်ပြီးမှ ဒီ "ခွေး" ကို ရိုက်ဖို့ စိတ်ကူးလိုက်သေးသည်။
"နင် တကယ်ပဲ ငါ့ ညီမကို မတွေ့တာလား"
လီယန်ပင်းကတော့ ထုံးစံအတိုင်းပင် လင်းစုယွီ အိမ်ထဲဝင်ဖို့ လှည့်အထွက်မှာ ခွင့်မတောင်းဘဲ ဇွတ်အတင်း လိုက်ဝင်လာလေသည်။
"ထွက်သွားလို့ ပြောနေတယ်လေ"
လင်းစုယွီရဲ့ စကားအဆုံးမှာတော့ လီယန်ပင်းရဲ့ ရင်ဘတ်ဆီကို လင်းစုယွီရဲ့ လက်ဝါးချက်က ပြင်းထန်စွာ ရောက်ရှိသွားတော့သည်။
"အား... အဟွတ်၊ အဟွတ်။ လင်းစုယွီ နင် ငါ့ကို လက်ပါရဲတယ်ပေါ့လေ"
ရိုက်တောင် ရိုက်ပြီးနေပြီပဲ၊ ဘာလို့ မရဲရမှာလဲ။ လင်းစုယွီက လီယန်ပင်းကို အထင်အမြင်သေးတဲ့ အပြုံးနဲ့ စိုက်ကြည့်လိုက်သည်။
"ဘယ်သူက ငါ့တူမလေး စုယုအိမ်မှာ လာပြီး ပြဿနာရှာနေတာလဲ ကြည့်ရသေးတာပေါ့"
လီယန်ပင်း အရိုက်ခံရတာကို ဘယ်သူမှ မမြင်လိုက်ပေမဲ့ သူအော်လိုက်တဲ့ အသံကိုတော့ အဒေါ်ထောင် ကြားသွားပြီး လီယန်ပင်းကို ဒေါသတကြီး ကြည့်လိုက်သည်။
"အဒေါ်ထောင်၊ သူက သမီးတို့ အိမ်နီးချင်းဟောင်းပါ၊ ဒါပေမဲ့ သမီးနဲ့ ဘာမှမဆိုင်ဘူး။ အရင်တုန်းက သူနဲ့ သူ့ညီမက သမီးကို အမြဲတမ်း နှိပ်စက်ခဲ့ကြတာ"
လင်းစုယွီက မျက်နှာပေါ်က အထင်သေးမှုတွေကို ဖျောက်ဖျက်ပြီး သနားစဖွယ် မျက်နှာလေးနဲ့ တိုင်တန်းလိုက်လေသည်။ ထိုအကွက်က လီယန်ပင်းကို ဆွံ့အသွားစေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း