အခန်း ၇၀
Vol. 7 Ch. 70
အပိုင်း ၇၀ - လူကုန်ကူးသူကို နှိမ်နင်းခြင်း
"မဟုတ်... မဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့။ ကျွန်တော်က ပြဿနာရှာဖို့ လာတာမဟုတ်ပါဘူး။ လင်းစုယွီကို ကျွန်တော့်ညီမ လီရှင်းရှင်းကို တွေ့မိလားဆိုတာ လာမေးတာပါ။ ကျွန်တော့်ညီမ အိမ်မပြန်လာတာ နှစ်ရက်ရှိပြီမို့လို့ပါ"
လင်းစုယွီ နောက်ကွယ်မှာ အားကိုးရမယ့်သူ ရှိနေတာကို မြင်လိုက်ရတော့ လီယန်ပင်း တစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဲတော့ဘဲ အောင့်နေတဲ့ သူ့ရင်ဘတ်ကို ပွတ်ရင်း အမြန်ရှင်းပြလိုက်ရသည်။
အရင်တုန်းကဆိုရင် လင်းစုယွီဟာ သူတို့ဆီက နှောင့်ယှက်တာခံရရင် စကားနာပြန်ထိုးရုံလောက်ပဲ လုပ်တတ်တာပါ။ အခုကျမှ ဘာလို့ လက်ပါခြေပါ တိုက်ရိုက်တုံ့ပြန်တာလဲ။ သူမရဲ့ လက်ချက်ကြောင့် သူ့ရင်ဘတ်ထဲက အောင့်တက်နေတုန်းပင်။ လင်းစုယွီက ဘယ်အချိန်ကစပြီး ဒီလောက် တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိသွားတာပါလိမ့်။
"မင်းညီမ အိမ်မပြန်တာ နှစ်ရက်ရှိပြီဆိုရင် ရဲစခန်းသွားပြီး အကူအညီတောင်းရမှာလေ။ ငါ့အိမ်လာပြီး ငါ့ကို စစ်မေးနေရမှာ မဟုတ်ဘူး။ လီယန်ပင်း... နင် နောက်တစ်ခါ ပြဿနာလာရှာဦးမယ်ဆိုရင်တော့ ငါ အားနာနေမှာ မဟုတ်ဘူးနော်" ဟု လင်းစုယွီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဒါမဲ့ ဒီနေ့ပြီးရင်တော့ လီယန်ပင်းဟာ သူမကို ပြဿနာပေးဖို့ အင်အားရှိဦးမယ်ဆိုရင် သူမ လေ့ကျင့်ထားတဲ့ 'အတွင်းအားကျင့်စဉ်' က အလကား ဖြစ်သွားပါလိမ့်မည်။ လီယန်ပင်းရဲ့ စကားက လင်းစုယွီကို သတိပေးလိုက်သလို ဖြစ်သွားသည်။ သူမ ဒီည လူကုန်ကူးသူရဲ့အိမ်ကို သွားရမည်။ လီရှင်းရှင်းကို ပို့ဆောင်ခဲ့တဲ့သူလည်း အခုလောက်ဆို ပြန်ရောက်နေလောက်ပြီ ဖြစ်သည်။
"ဟုတ်တယ်! ငါတို့ စုယွီလေးက မနေ့ကတစ်နေကုန် ဖျားပြီး ဆေးရုံတက်နေရတာ။ ဒီနေ့မှ နေပြန်ကောင်းလို့ ကျောင်းသွားနိုင်တာ။ စုယွီ... ညည်း ဒီနေ့ သူ့ညီမကို တွေ့မိလား" အဒေါ်ထောင်က စုယွီ အနိုင်ကျင့်ခံရမှာ စိုးရိမ်တာကြောင့် လီယန်ပင်းကို ကိုယ်တိုင်ပဲ ဝင်ပြောလိုက်သည်။
"မတွေ့မိပါဘူး!" ဟု လင်းစုယွီက ဖြေလိုက်သည်။ အဒေါ် ထောင်ကတော့ မေးခွန်းမေးတာ တကယ်တော်တာပဲ။ သူမ လိမ်ပြောဖို့တောင် မလိုတော့ပေ။ တကယ်တမ်းလည်း သူမ လီရှင်းရှင်းကို ဒီနေ့ မတွေ့ခဲ့သည်မှာ အမှန်ပင်။
"ကြားတယ်မလား။ ငါတို့ စုယွီက မင်းညီမကို မတွေ့ဘူးတဲ့။ တခြားကိစ္စမရှိရင်လည်း တခြားမှာ သွားရှာချေ။ စုယွီက နေပြန်ကောင်းကာစပဲ ရှိသေးတယ်၊ သူ့ကို လာပြီး ဒုက္ခမပေးနဲ့တော့" ပြောပြီးတာနဲ့ အဒေါ်ထောင်က လီယန်ပင်းကို အိမ်ပြင်မောင်းထုတ်လိုက်ပြီး လင်းစုယွီကို သူမရဲ့အိမ်ထဲသို့ ဆွဲခေါ်သွားတော့သည်။
"လာ... ဒီနေ့ အဒေါ့် အိမ်မှာ အသားဆန်ပြုတ် လာသောက်။ ဦးလေးချန်ကို အသားနည်းနည်း ဝယ်ခိုင်းပြီး ဆန်ပြုတ်ထဲ ထည့်ချက်ထားတာ။ လူမမာ နာလန်ထစအတွက် အရမ်းကောင်းတယ်"
လီယန်ပင်း လက်ဗလာနဲ့ ပြန်သွားတာကို ကြည့်ရင်း လင်းစုယွီလည်း အဒေါ်ထောင်တို့အိမ်မှာ ညစာစားဖို့ လိမ္မာပါးနပ်စွာ သဘောတူလိုက်သည်။
ချန်ဟွေ့ယီကတော့ အိမ်မှာ ဆန်ပြုတ်အိုး မကပ်အောင် မီးဖိုဘေးကနေ မွှေရင်း စောင့်နေသည်။ သူမ အမေက လင်းစုယွီကို ခေါ်လာတာ မြင်တော့ မီးပိတ်လိုက်ပြီး ဆန်ပြုတ်ကို ပန်းကန်ထဲ ထည့်လိုက်သည်။
"အတော်ပဲ၊ ဆန်ပြုတ်က အခုတင် ကျက်တာ။ စုယွီ... ဗိုက်ဆာနေပြီ မဟုတ်လား!"
ထိုညနေခင်းတွင် လင်းစုယွီသည် ချန်မိသားစုဝင် တစ်ယောက်ကဲ့သို့ပင် ပျော်ရွှင်စွာ ညစာ စားခဲ့သည်။ လီယန်ပင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသမျှသည် ထိုနွေးထွေးမှုတွေကြားမှာ ပျောက်ကွယ်သွားခဲ့သည်။
ဆောင်းဦးည၏ ပုစဉ်းရင်ကွဲသံများကြား သန်းခေါင်ယံအချိန်တွင် လင်းစုယွီသည် ယောက်ျားလေးဝတ်စုံကို ကျွမ်းကျင်စွာ လဲလှယ်လိုက်သည်။ လမ်းဆုံသို့ လမ်းလျှောက်သွားပြီးနောက် သူမ၏ စိတ်ဝိညာဉ်အာရုံကို လွှတ်လိုက်သည်။ မီတာ ၆၀ ပတ်လည်အတွင်း ဘယ်သူမှ မရှိတာ သေချာပြီဆိုမှ လင်းမိသားစုပိုင် စက်ဘီးဟောင်းလေးကို ထုတ်ယူလိုက်သည်။
ဒီစက်ဘီးစုတ်လေးဟာ လင်းစုယွီရဲ့ ညဖက် ခရီးသွားလာရေးအတွက် အဓိကလက်နက် ဖြစ်လာသည်။ သူမ အရပ်နည်းနည်း ထပ်ရှည်လာရင်တော့ လူအများကြား စီးလို့ရမယ့် အမျိုးသမီးစီး စက်ဘီးအသစ်တစ်စီး ဝယ်ဦးမည်ဟု တွေးထားသည်။
လင်းစုယွီ၏ စိတ်ဝိညာဉ်အာရုံ စွမ်းအားကြောင့် ညဆိုင်းဆင်းလာသည့် အလုပ်သမားများကို အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့ပြီး လူကုန်ကူးသူရဲ့ အိမ်သို့ ချောချောမောမော ရောက်ရှိသွားခဲ့သည်။
လင်းစုယွီ မြင်တွေ့နေရတဲ့ ခြံဝင်းလေးကတော့ မသေးလှပေ။ အထဲမှာ ကျား၊ မ စုစုပေါင်း ခြောက်ယောက် အိပ်ပျော်နေကြသည်။ လူကုန်ကူးဂိုဏ်းခေါင်းဆောင်က သူ့တပည့်အားလုံးကို အိမ်ထဲ ပြန်ခေါ်ထားပုံရသည်။
လင်းစုယွီက သေချာစွာ စစ်ဆေးပြီး ခြံထဲက ပစ္စည်းတွေကို စာရင်းပြုစုလိုက်သည်။ ဝှက်ထားတဲ့ ငွေသားတွေအပြင် ရွှေချောင်း အကြီးအသေး အများအပြားကိုလည်း တွေ့ရှိခဲ့ရသည်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ မသေးလှပေ။
ဒီလူကုန်ကူးသူတွေကို ကိုင်တွယ်တဲ့နေရာမှာ လင်းစုယွီကတော့ လုံးဝ ညှာတာမှာ မဟုတ်ပါဘူး။ သူတို့အားလုံးရဲ့ ခြေထောက်တစ်ဖက်စီကို ရိုက်ချိုးပစ်ပြီးနောက် အာရုဏ်တက်ချိန်မှာ ရဲစခန်း နှစ်ခုကို ပို့ပေးဖို့အတွက် သူတို့ရဲ့ ပြစ်မှုဝန်ခံချက်တွေကို ပြင်ဆင်လိုက်သည်။
ဝန်ခံချက်ထဲက သဲလွန်စတွေအတိုင်း ရဲတွေက နစ်နာသူတွေကို ရှာဖွေတွေ့ရှိသွားရင် ဒီငွေတွေကို ထိုနစ်နာသူတွေအတွက် နစ်နာကြေးအဖြစ် ခွဲဝေပေးသင့်သည်ဟု သူမ တွေးလိုက်သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် လင်းစုယွီက တိုင်ကြားစာနဲ့ သက်သေတွေကို ပို့ဆောင် ဖို့ ရဲစခန်းဆီ အပြေးသွားလိုက်သည်။ ရဲစခန်းရဲ့ မှန်ပြတင်းပေါက်ကနေ အဝေးက လှမ်းကြည့်လိုက်တော့ တာဝန်ကျ ရဲအရာရှိတစ်ယောက် ငိုက်မြည်းနေတာကို တွေ့လိုက်ရသည်။
လင်းစုယွီသည် တိုင်ကြားစာနဲ့ သက်သေတွေကို လျှော်ကြိုးနဲ့ ကျောက်ခဲသေးသေးလေးတစ်ခုမှာ ချည်လိုက်ပြီး ရဲစခန်း ပြတင်းပေါက်ထဲကို တိုက်ရိုက် ပစ်ထည့်လိုက်သည်။ အောင်မြင်သွားတာနဲ့ လင်းစုယွီဟာ တာဝန်ကျအရာရှိ လန့်သွားမလားဆိုတာကို ဂရုမစိုက်ဘဲ နောက်ထပ် အနီးဆုံး ရဲစခန်းတစ်ခုဆီကို အမြန်ပြေးသွားတော့သည်။
တာဝန်ကျအရာရှိမှာတော့ တကယ်ကို လန့်သွားခဲ့သည်။ ဒီခေတ်ကြီးထဲမှာ ရဲစခန်း ပြတင်းပေါက်ကို ခဲနဲ့ထုရဲတဲ့သူ ရှိနေသေးတာလား။ သူ ငိုက်နေသမျှတွေ တစ်ခါတည်း ပျောက်ကွယ်သွားတော့သည်။ အရာရှိက အထုတ်ကို ကောက်ယူပြီး အပြေးလိုက်ကြည့်တဲ့အချိန်မှာတော့ လင်းစုယွီဟာ စက်ဘီးလေးနဲ့ ဝေးရာကို ပြေးထွက်သွားတဲ့ အရိပ်တစ်ခုကိုသာ ချန်ထားခဲ့တော့သည်။
ထို့နောက် အရာရှိက လိပ်ထားတဲ့ တိုင်ကြားစာကို ဖွင့်ဖတ်လိုက်သည်။ သေချာဖတ်ပြီးနောက် သူ ချွေးစေးများပင် ထွက်လာခဲ့သည်။
ကံကောင်းလို့သာ အခုနက အမှိုက်အမှတ်နဲ့ လွှင့်မပစ်မိတာ။ စာထဲမှာ ပါသမျှသာ အမှန်ဆိုရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပင်။ ဒါကို ကိုင်တွယ်တဲ့သူအနေနဲ့ သူဟာ အနည်းဆုံး အဆင့် (၃) ဂုဏ်ထူးဆောင်တံဆိပ်တော့ ရမှာ သေချာသည်။
ဒါကို သိလိုက်ရတော့ အရာရှိဟာ ဘယ်သူက ပြတင်းပေါက် ခွဲသွားလဲဆိုတာ ဂရုမစိုက်တော့ပေ။ ဒီလို သတင်းပေးစာမျိုးသာ ရမယ်ဆိုရင် သူ့အိမ်က ပြတင်းပေါက်ကို လာခွဲရင်တောင် သူ စိတ်ဆိုးမှာ မဟုတ်တော့ဘူး။
"ဟေ့ အဘိုးကြီးယန်... အမှုကြီး တစ်ခုတက်နေပြီ! ထဦး၊ ဒီမှာ စောင့်နေ၊ ငါ အုပ်ချုပ်ရေးမှူးကို သွားခေါ်လိုက်ဦးမယ်"
ညဉ့်နက်ပိုင်းမှာတော့ ကျင်းမန်မြို့က ချန်တုန်းနဲ့ ချန်နန် ရဲစခန်းနှစ်ခုလုံး အလုပ်များသွားကြသည်။ သို့သော် လင်းစုယွီက ချန်တုန်းရဲစခန်း ပြတင်းပေါက်ကို အရင်ခွဲခဲ့တာရယ်၊ အဲဒီစခန်းက အုပ်ချုပ်ရေးမှူးက အနီးအနားမှာ နေတာရယ်ကြောင့် သူတို့က အရင်ဆုံး ဦးဆောင်လှုပ်ရှားခွင့် ရသွားသည်။
လူကုန်ကူးသူ စုစုပေါင်း ခြောက်ယောက် (ကျား ၄၊ မ ၂) ရှိပြီး အားလုံးကို ရဲတွေက တုပ်နှောင်ပြီး လှည်းတွေနဲ့ တင်ခေါ်သွားကြသည်။ လူကုန်ကူးသူတွေရဲ့ ခြေထောက်တွေ ကျိုးနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ရဲတွေက မမြင်ချင်ယောင်ဆောင်ပြီး ဘာမှမသိသလိုပဲ နေလိုက်ကြသည်။
လင်းစုယွီရဲ့ ရုပ်ရည်ကိုတော့ ဘယ်သူမှ မမြင်ခဲ့တာကြောင့် ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ပေ။
"အုပ်ချုပ်ရေးမှူး... သတင်းပေးပြီး ပြတင်းပေါက်ခွဲသွားတဲ့လူကို ကျွန်တော်တို့ ထပ်ရှာဖို့ လိုသေးလား"
"ဘာသွားရှာနေမှာလဲ။ မင်း သူ့မျက်နှာကို မြင်လိုက်လို့လား။ ဒါမှမဟုတ် ပုံဆွဲပေးနိုင်လို့လား။"
သူဟာ ရဲအရာရှိအဖြစ် ၁၀ နှစ်ကျော်၊ အုပ်ချုပ်ရေးမှူးအဖြစ် ၃ နှစ် လုပ်သက်ရှိနေပြီမို့ သတင်းပေးသူတွေဟာ လက်တုံ့ပြန်ခံရမှာ ကြောက်လို့ မျက်နှာမပြချင်ကြတာ သဘာဝပဲဆိုတာ သူ သိသည်။ ဆုကြေးငွေကို သတင်းပေးသူလက်ထဲ မထည့်ပေးလိုက်ရတာ နှမြောဖို့ကောင်းပေမဲ့ သတင်းပေးသူရဲ့ ဘေးကင်းရေးအတွက် သူတို့ မျက်ကွယ်ပြုပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
"ဒါဆို အစီရင်ခံစာကို ဘယ်လိုရေးရမလဲ" ဒါက အဓိက အချက်ပင်။ အုပ်ချုပ်ရေးမှူးက ပညာတတ်မို့ အစီရင်ခံစာ ရေးတတ်ပေမဲ့ သူကတော့ မူလတန်းအဆင့်ပဲ ရှိတာလေ။ ဒီည ဖြစ်ပျက်ခဲ့တာတွေကို ဘယ်လို လုပ်ကြံဖန်တီးပြီး ရေးရမှန်း သူ မသိပေ။ အထက်လူကြီးဆီက ညွှန်ကြားချက် မပါဘဲ သူ ဘယ်လိုလုပ် စရေးရဲပါ့မလဲ။
သူ့တပည့်ရဲ့ စိတ်ပျက်နေတဲ့ အမူအရာကို ရိပ်မိလိုက်သလိုပဲ အုပ်ချုပ်ရေးမှူးက လက်ကာပြပြီး သူကိုယ်တိုင်ပဲ ရေးတော့မည်ဟု ပြောလိုက်သည်။ တကယ်တော့ ဒီအစီရင်ခံစာကို ချန်နန်ရဲစခန်းက လူတွေနဲ့လည်း ဆွေးနွေးဖို့ လိုသေးသည်။
ဒါ့အပြင် နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို ရှာဖွေဖို့ကိစ္စတွေကလည်း သူတို့ကို အမြန်ဆုံး ကိုင်တွယ်ဖို့ စောင့်ကြိုနေသည်။ ထို့ကြောင့် လင်းစုယွီရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကတော့ လျှို့ဝှက်ချက်အဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။
တစ်ရက်ကြာ စောင့်ဆိုင်းပြီးနောက် လီယန်ပင်းဟာ လီရှင်းရှင်းရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပေမဲ့ ရဲတွေကတော့ သူ့အိမ်တံခါးဝကို ရောက်လာခဲ့သည်။
"ရဲဘော်လီ... မင်းအဖေ အိမ်မှာရှိလား။ သူ့ကို မေးမြန်းစရာလေးတွေ ရှိလို့ပါ။ မင်းညီမ လီရှင်းရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စလည်း ပါပါတယ်"
"အဟွတ်... အဟွတ်... ရဲအရာရှိကြီးခင်ဗျာ၊ ကျွန်တော့်အဖေ အလုပ်သွားပါတယ်။ ဘာကိစ္စလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား။ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုရင်တော့ အဖေ့ကို ရဲစခန်း လွှတ်လိုက်ပါ့မယ်"
လီယန်ပင်းက ချောင်းတဟွတ်ဟွတ်နဲ့ အားနည်းစွာ ပြောလိုက်သည်။ စိတ်လှုပ်ရှားရင် ရင်ဘတ်က အောင့်လာတတ်တာမို့ အခုတော့ သူ တော်တော်လေး ယဉ်ယဉ်ကျေးကျေး ပြောဆိုနေရပြီ ဖြစ်သည်။
"ဒီလိုပါ... မင်းညီမနဲ့ ပတ်သက်တဲ့ သတင်း ရထားလို့ပါ။ မနေ့ကတစ်နေ့က မင်း သူ့ကို ပျောက်ဆုံးနေကြောင်း လာတိုင်ခဲ့တယ်မလား။ အမှန်တော့ သူမဟာ လူကုန်ကူးသူတွေဆီမှာ အရောင်းစားခံလိုက်ရတာပါ"
ရဲအရာရှိရဲ့ ပွင့်လင်းလွန်းတဲ့ စကားကြောင့် လီယန်ပင်းမှာ လန့်ပြီး ချောင်းတွေ အပြင်းအထန် ဆိုးသွားတော့သည်။ သူ့ညီမက ဘယ်လိုလုပ်ပြီး လူကုန်ကူးခံလိုက်ရတာလဲ။