အခန်း ၆၄
Vol. 7 Ch. 64
အပိုင်း ၆၄
"ဆယ့်ရှစ်နှစ်ဆိုတာက တကယ်ငယ်ပါသေးတယ်။ နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့၊ ကိုယ်လည်း မလောပါဘူး။ တကယ်လို့ မင်းသာ တစ်ခုခုဖြစ်သွားရင် ကိုယ်ပဲ ရင်ကျိုးရမှာလေ။"
သူ့စကားကို ကြားလိုက်ရသည့်အခါ ကျန်းမန်မန် တဟားဟား ရယ်မောလိုက်မိသည်။
သူမက သူ့ကို လက်နှင့်အသာတို့လိုက်ပြီး တရုတ်နှစ်သစ်ကူးရောက်လျှင် ကျွန်းတစ်ကျွန်းဆီသို့ လိုက်ပို့ပေးမည်ဟု သူပြောခဲ့ဖူးသည်ကို သတိရသွားကာ ပြောလိုက်သည်။
"ဒါနဲ့... ရှင့်အဖေက ဘယ်ကျွန်းမှာ တာဝန်ကျနေတာလဲ။"
"ချွမ်ချိုးကျွန်းလေ။ နှစ်သစ်ကူးကျရင် ကိုယ်ခွင့်ယူပြီး မင်းကို သူတို့ဆီ လိုက်ပြမယ်။ ဒါနဲ့... မင်းရဲ့ မိသားစုနဲ့ရော သွားတွေ့ကြမလား။"
ကျန်းမန်မန်ကတော့ "ချွမ်ချိုးကျွန်း" ဆိုသည့် စကားလုံးကြားမှာတင် စိတ်ကူးယဉ်ပြီး ကြောင်အမ်းနေခဲ့လေပြီ... ဘုရားရေ!
'ဒါက ဟောင်ကောင်နဲ့ အနီးဆုံးနေရာ မဟုတ်ဘူးလား။'
သူမသည် သူနောက်ထပ် ဘာပြောလာမလဲဆိုသည်ကိုပင် စိတ်လှုပ်ရှားစွာနှင့် ကြိုတင်မျှော်လင့်နေမိပြီဖြစ်သည်။
သို့သော်လည်း ကျန်းမန်မန် မျက်မှောင်ကြုတ်လိုက်မိ၏။
သူမ၏ ဖခင်ဖြစ်သူကို ဓာတ်ပုံတစ်ပုံ ပေးလိုက်ခြင်းကပင် အတော်လေး စေတနာပိုနေပြီ ဖြစ်သည်။ သူ့ကို သွားတွေ့ဖို့ဆိုသည်ကတော့ သူမ၏ စိတ်ထဲတွင်ပင် မရှိပေ။
"မလိုပါဘူး၊ ကျွန်မအဖေက ကျွန်မ မိထွေးဘက်က ပါတဲ့သမီးကိုပဲ ပိုချစ်တာ၊ ကျွန်မကို မချစ်ဘူး။ ဪ... ဒါနဲ့ တကယ်တော့ အရင်က ကျွန်မမှာ စေ့စပ်ထားတဲ့သူ ရှိခဲ့ဖူးတယ်လေ။"
"ဒါပေမဲ့ ကျွန်မအဖေက တစ်ရက်တည်းမှာပဲ မနက်ကတင် ကျွန်မတို့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီး အဲဒီစေ့စပ်ပွဲကို ကျွန်မညီမဆီ လွှဲပေးလိုက်တာ။ သူက ကျွန်မညီမကို ပိုချစ်ရုံတင်မကဘူး၊ ကျွန်မကို အရာရာတိုင်းမှာ သူမထက် နိမ့်ကျတယ်လို့ ထင်နေတာ။ ဒါကြောင့် သူ့မျက်စိထဲ မဝင်တဲ့ ကျွန်မကပဲ သူ့အမြင်အာရုံကနေ ဝေးဝေးမှာ နေပေးလိုက်တာက အကောင်းဆုံးပဲ။"
ကျိုးယဲ့က စက်ဘီးနင်းရင်း တဟားဟား ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ ကိုယ်က ယောက္ခမကြီးကို ကျေးဇူးတင်ရတော့မှာပဲ။ တကယ်လို့သာ သူက အဲဒီလို မလုပ်ခဲ့ရင် ကိုယ့်အတွက် ဒီလိုအခွင့်အရေး ရလာပါ့မလား။"
ကျန်းမန်မန် ပြုံးလိုက်မိသည်။သူပြောသည်က တကယ်ကို မှန်နေသည်။
ရုတ်တရက် ကျိုးယဲ့က လှမ်းမေးလိုက်၏။"ဒါနဲ့... မင်းနဲ့ စေ့စပ်ဖူးတဲ့ကောင်က ကိုယ့်လောက် ချောလား။"
"မချောပါဘူး!"
ကျန်းမန်မန်လည်း စဉ်းစားတောင်မနေဘဲ ခေါင်းကို ချက်ချင်းခါယမ်းလိုက်လေသည်။
"ဘယ်လိုလုပ် ချောမှာလဲ။ သူ့မျက်နှာက ဖိနပ်ချွတ်ခုံလိုမျိုး အရှည်ကြီး။ မျက်လုံးကလည်း မညီမညာ၊ မျက်ခုံးက စောင်းစောင်း၊ နှာခေါင်းက ပြားပြီး ပါးစပ်က ရွဲ့နေတာ။"
"ဒါကို ဆုံးပါးသွားပြီဖြစ်တဲ့ ကျွန်မအမေ စီစဉ်ပေးခဲ့လို့သာ ငြိမ်ခံနေရတာ၊ မဟုတ်ရင် သူ့ကို ကျွန်မ ဖြတ်ပစ်ခဲ့တာ ကြာလှပြီ။"
သူမ၏ ပုံဖော်ပြောဆိုချက်ကြောင့် ကျိုးယဲ့မှာ တဟားဟားနှင့် သဘောကျနေတော့သည်။
သူမ ပြောသမျှ စကားများထဲတွင် ဆယ်ပုံတစ်ပုံလောက်ကသာ အမှန်တရားဖြစ်လိမ့်မည်။ ဒီကောင်မလေးအကြောင်းကို သူကောင်းကောင်း သိနေ၏။
တကယ်လို့ ထိုသူသာ ဒီလောက်အထိ အရုပ်ဆိုးနေလျှင်၊ သူမအဖေက စေ့စပ်ပွဲ ဖျက်လိုက်သည်ကို သူမ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရဦးမည်လဲ။
"ဒါဆို... အဲဒီကောင်က ဘာလုပ်တာလဲ။"
"သူက စစ်သားတစ်ယောက်လေ။ ဒီနှစ်မှ စစ်ထဲဝင်တာ။ ဒါပေမဲ့ ကျွန်မက သူ့တပ်ရင်းဆီကို တိုင်စာတစ်စောင် ရေးပို့ထားပြီးပြီ။ သူ့ကို စစ်တပ်ကနေ ထုတ်ပစ်ခိုင်းလို့ ရမရတော့ ကျွန်မလည်း မသိဘူး။"
အကယ်၍ ထိုသို့သာ ထုတ်ပစ်လို့ရလျှင် အကောင်းဆုံးပင်။ မရလျှင်လည်း ထားလိုက်ရုံသာ။
ကျိုးယဲ့က သူမကို စောင်းကြည့်လိုက်ရင်း ပြောလိုက်၏။
"နောက်ပိုင်းကျ သူ ဘယ်စစ်ဘက်နယ်မြေကလဲဆိုတာ ကိုယ့်ကို ပြောပြဦး။ ကူညီပေးနိုင်မဲ့သူ ရှိလားဆိုတာ ကိုယ် လှမ်းစုံစမ်းပေးမယ်။"
ကျန်းမန်မန်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားကာ ပြောလိုက်၏။
"ဟုတ်ပြီ... အိုခေ။"
သူတို့နှစ်ဦး ရွာထဲကို ပြန်ရောက်လာချိန်တွက်တော့ လမ်းတစ်လျှောက်လုံး ရွာသားများ၏ ချီးကျူးစကားများကို တသီတတန်းကြီး ကြားလိုက်ရသည်။
"ညွှန်ကြားရေးမှူးကျိုး... တောင်ပေါ်တက်ပြီး အဲဒီဝံပုလွေကို ဘယ်တော့ သွားပစ်မှာလဲ။"
လျိုကျန့်ယဲ့၏ အဖေက ပေါက်တူးကို ထမ်းထားရင်း ကျိုးယဲ့နှင့် ကျန်းမန်မန်တို့ ပြန်လာသည်ကို မြင်တော့ လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သူ၏ အကြည့်များက ကျိုးယဲ့၏ကျောပေါ်မှ သေနတ်ဆီသို့ ရောက်နေ၏။
သူသာ ထိုသေနတ်ကို လုယူလို့ရလျှင် တောင်ပေါ်တက်ပြီး ဝံပုလွေကောင်ကို ကိုယ်တိုင် သွားရင်ဆိုင်မိပြီးလောက်ပြီ။
ကျိုးယဲ့နှင့် ကျန်းမန်မန်တို့လည်း စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး တောင်ပတ်လမ်းဘက်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။
"အခုပဲ သွားတော့မလို့။ အစောတုန်းက အဲဒီဝံပုလွေကို ပိုက်ကွန်ထောင်ထားတဲ့ အနားမှာ တွေ့ခဲ့တာ။ ကျွန်တော် သွားပြီး အခြေအနေ အကဲခတ်လိုက်ဦးမယ်။"
လျိုကျန့်ယဲ့၏ အဖေက ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ ဝင်းပသွားပြီး ဆိုလိုက်သည်။
"တကယ်လား။ ဒါဆိုရင်တော့ မင်းနဲ့အတူ တောင်ပေါ်လိုက်ဖို့ လူအချို့ကို ငါ သွားခေါ်လိုက်ဦးမယ်။"
ကျိုးယဲ့ကလည်း ငြင်းဆန်ခြင်းမရှိဘဲ ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်၏။
"အားလုံးပဲ... ကျွန်တော် တောင်ပေါ်တက်သွားပြီး သေနတ်တစ်ချက် ဖောက်လိုက်တဲ့အထိ စောင့်ကြပါဦး။ မဟုတ်ရင် အားလုံး အဲဒီဝံပုလွေရဲ့ သားကောင် ဖြစ်သွားကြလိမ့်မယ်။"
ထိုစကားကို ကြားတော့ ရွာလူကြီးကပါ ရှေ့ကနေ ဦးဆောင်၍ အော်ဟစ်ကာ လူစုလိုက်တော့သည်။
ကျိုးယဲ့က စက်ဘီးကို ကျန်းမန်မန်လက်ထဲ ထည့်ပေးလိုက်ပြီး အိမ်ကို အရင်တွန်းသွားရန် ပြောလိုက်သည်။
ကျန်းမန်မန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ရှင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်။"
သူမက သူ့ကို စိတ်ပူပေးနေသည်ကို မြင်ရသဖြင့် ကျိုးယဲ့က မြတ်နိုးတန်ဖိုးထားသည့် အကြည့်တို့ဖြင့် ပြုံးပြလိုက်ပြီး ဆိုလိုက်သည်။
"စိတ်ချပါ မိန်းမ။"
ကျန်းမန်မန်ကလည်း သူ့ကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သောကြောင့် ခေါင်းညိတ်ပြပြီး စက်ဘီးကို တွန်းကာ ပြန်လာခဲ့သည်။
ကျိုးယဲ့ သေနတ်ကို ကိုင်ပြီး တောထဲသို့ ဝင်သွားချိန်တွင်တော့ ရွာသားများသည် ဝံပုလွေကို ဝိုင်းဝန်းနှိမ်နင်းဖို့ လက်နက်ကိုယ်စီယူရန် အိမ်သို့ အပြေးအလွှား ပြန်ကြတော့သည်။
ကျန်းမန်မန်လည်း စက်ဘီးကို အမြန်ဆုံး နင်း၍ပြန်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်တွင် လူသူကင်းရှင်းသွားသည့် အခိုက်အတန့်မှာပင် ဆုရခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို သူမ၏ ကိုယ်ပိုင် အာကာသ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
ထို့နောက်တွင်တော့ သူမလည်း တောင်အောက်သို့ အပြေးအလွှား ပြန်ဆင်းလာခဲ့တော့၏။
ထိုအချိန်တွင် တောင်အောက်ခြေ၌ ရွာသားအများအပြား စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး အချို့က သူမ ရောက်လာသည်ကို မြင်သောအခါ အံ့ဩတကြီး လှမ်းကြည့်ကြသည်။
ယခင်တုန်းက သူမနှင့် တစ်ဖွဲ့တည်းကျပြီး အလုပ်ရမှတ်ရရန် မျက်ရည်လည်ရွဲနှင့် ရုန်းကန်ခဲ့ရဖူးသော အဒေါ်လျိုသည်လည်း ထိုနေရာတွင် ရှိနေ၏။ သူမသည် ကျန်းမန်မန်ကို အိမ်ထောင်ဖက်နှင့် မိတ်ဆက်ပေးရန် ကြိုးစားခဲ့ရာမှ ဖြစ်ပွားခဲ့သော ကောလာဟလများ ပြီးသွားကတည်းက ကျန်းမန်မန်နှင့် မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။
ယခု သူမကို ပြန်တွေ့လိုက်ရသည့်အခါ အဒေါ်လျိုက အံ့ဩတကြီးဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ မင်း တော်တော်လေး ပိန်သွားသလိုပဲ။ ဝတ်ထားတဲ့ အင်္ကျီမှာတောင် ခါးနေရာက ထင်ပေါ်နေလို့ပါလား။"
ကျန်းမန်မန်က သူမကို ပြုံးပြပြီး ပြောလိုက်သည်။"အဒေါ်လျိုကတော့ တကယ်ကို အမြင်အာရုံ စူးရှတာပဲ။ ကျွန်မ အလုပ်တွေ အရမ်းလုပ်ရလို့ ပင်ပန်းပြီး ဝိတ်ကျသွားတာပါ။"
အဒေါ်လျိုက သူမ၏ ခါးအလှကို ထူးဆန်းသလို ကြည့်ကာ ဆိုလိုက်သည်။"ပညာတတ်လူငယ်ကျန်း... ငါ အခုမှပဲ ရိပ်မိတော့တယ်။ မင်းက တမင်သက်သက် ဝိတ်ချနေတာကိုး။"
'တုံ့ပြန်မှု နှေးကွေးပုံကလည်း လွန်ရော... အခုမှ လာရိပ်မိနေတယ် တကယ်ပါပဲ။'
"ဟိဟိ... အဒေါ်လည်း လက်ထဲမှာ ဓားမကြီး ကိုင်ထားတာပဲ။"
ကျန်းမန်မန် စကားပြောနေစဉ်မှာပင် အဒေါ်လျိုက သူမ၏ လက်နက်ကို မြှောက်ပြသည့်အနေနှင့် ဓားကို တင်းတင်းဆုပ်ကိုင်၍ မြှောက်ကာ တောင်ပေါ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"တောင်ပေါ်က အခြေအနေက ဘယ်လိုရှိနေပြီလဲ မသိဘူး။ တစ်နေ့ခင်းလုံး ဘာသံမှလည်း မကြားရဘူး။ တစ်ခုခုများ ဖြစ်နေပြီလား။"
ကျန်းမန်မန်လည်း ဆွံ့အသွားရတော့သည်။"စိတ်မပူပါနဲ့ အဒေါ်ရယ်၊ ကျွန်မယောက်ျား ဘာမှမဖြစ်ပါဘူး။"
ထိုအခါမှ အဒေါ်လျိုသည် ဤသည်မှာ ကျိုးယဲ့၏ ဇနီးဖြစ်သူဆိုသည်ကို သတိရသွားကာ အနေခက်စွာနှင့် တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်တော့သည်။
"ငါက ဒါရိုက်တာကျိုးအတွက် စိတ်ပူလို့ပါ။ ဒါပေမဲ့ တောင်ပေါ်ကနေ ဘာလို့ အခုထိ ဘာသံမှ ထွက်မလာသေးတာလဲ။"
ကျန်းမန်မန်သည် အဒေါ်လျိုတစ်ယောက် ကျိုးယဲ့အတွက် တကယ်ကို စိတ်ပူနေမှန်း သိသည်။ သူမကိုယ်တိုင်လည်း ရင်တထိတ်ထိတ်နှင့် စိုးရိမ်နေမိပြီး ရွာသားများအားလုံး တောင်ပေါ်တက် ကူညီနိုင်ရန် အချက်ပြသံတစ်ခုခု ထွက်ပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေမိတော့သည်။
တစ်ဖက်တွင်မူ တောင်ပေါ်သို့ ရောက်ရှိနေသော ကျိုးယဲ့သည် လက်ထဲမှ သေနတ်ကို စမ်းသပ်စစ်ဆေးနေသည်။ သူသည် စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ရာ သေနတ်များကို အလွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။
သူသည် သေနတ်ကို လက်ထဲတွင်ရခဲ်ကတည်းက အဆင်သင့်ဖြစ်အောင် အကုန်ချိန်ညှိထားပြီး ဖြစ်သည်။ ယခုအခါ သူသည် သေနတ်ကို အသင့်ပြင်လျက် တောကြက်ဖမ်းရန် ပိုက်ထောင်ထားသည့်နေရာဆီသို့ ခြေလှမ်းများကို ဖွဖွလှမ်းကာ သွားလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဤနေရာ၏ လေထုမှာ အနည်းငယ် ထူးဆန်းနေသည်ကို သူ ချက်ချင်းသတိပြုမိသွား၏။
ထို့ကြောင့် ဝံပုလွေကြီးသည် ဤပိုက်ကွန်အနီးတွင် အမှန်တကယ် ရှိနေရမည်ဟု သူ အသေအချာ ကောက်ချက်ချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများကိုလည်း မျက်ခြေမပြတ် ကြည့်ရှုလျက် ဘယ်ဘက်အခြမ်းမှ အန္တရာယ်ဝင်လာနိုင်မလဲဆိုသည်ကို အထူးဂရုပြုကာ သတိကြီးစွာ ထားနေတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေပြီး ဘာလှုပ်ရှားမှုမှ မရှိခြင်းကသာ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ ၎င်းအခြေအနေမှာ ထိုဝံပုလွေကောင်သည် ဤနေရာတွင် အချိန်အတော်ကြာကတည်းက ချောင်းမြောင်းခိုအောင်းနေခဲ့ကြောင်း ညွှန်ပြနေသလိုပင်။
ထိုသတ္တဝါက တကယ်ကို ဉာဏ်ကောင်းလွန်းသည်။ ထိုသို့မဟုတ်ပါက သူ တောင်ပေါ်တက်လာသည်နှင့် တန်းပြီး ခုန်အုပ်ပေလိမ့်မည်။
လောလောဆယ်တွင် ထိုကောင်သည် အပြင်ဘက်သို့ ထွက်မလာသေးသလို၊ လိုက်လံရှာဖွေရန်လည်း နည်းလမ်းမရှိသေးသဖြင့် ကျိုးယဲ့လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ငါးဖမ်းပိုက်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူသည် လက်ထဲမှ သေနတ်ကို အသာချလိုက်သော်လည်း တကယ်တော့ ပတ်ဝန်းကျင်ကို တိတ်တဆိတ် မျက်ခြေမပြတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ကျိုးယဲ့ သေနတ်ကို ချလိုက်သည့် အခိုက်အတန့်မှာပင် အမှောင်ရိပ်ထဲ၌ ပုန်းကွယ်နေသော မြည်းမျက်နှာနှင့် ဝံပုလွေကြီးက လှုပ်ရှားလာတော့သည်။
နောက်တစ်စက္ကန့်တွင် ကျိုးယဲ့သည် ဖျတ်ခနဲ လှည့်ကာ သေနတ်ကို ကောက်ကိုင်လိုက်ပြီး မလှမ်းမကမ်းရှိ အနီးနားတစ်ဝိုက်ဆီသို့ ချိန်ရွယ်လိုက်လေ၏။
အချိန်ကိုက်ပင်... မြည်းမျက်နှာနှင့် ဝံပုလွေကြီးက ကျိုးယဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ခုန်အုပ်လာခဲ့လေပြီ။
"ဒိုင်း။"
ထို အရိပ်မည်းကြီး၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှ၏။
ကျိုးယဲ့က သေနတ်တစ်ချက် လှမ်းပစ်ပြီး အချိန်မီ ရှောင်တိမ်းလိုက်နိုင်သော်လည်း ထိုအမည်းရောင််အကောင်ကြီး၏ အရှိန်ကြောင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုအခိုက်တွင် အမည်းရောင်အကောင်ကြီးသည် မြေပြင်ပေါ်သို့ ပြန်ရောက်လာပြီး ကျိုးယဲ့နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။
တောင်အောက်ခြေတွင်တော့ သေနတ်သံကို ကြားလိုက်ရသည့် ရွာသားများသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျန်းမန်မန်ကမူ လက်ထဲတွင် ဓားမကြီးကို ကိုင်ထားကာ အရင်ဆုံး ရှေ့မှဒုန်းစိုင်းပြေးထွက်သွားတော့သည်။
အခြေအနေကို နောက်ကျမှ ရိပ်မိကြသော အခြားသူများလည်း သူမ၏နောက်မှ အပြေးအလွှား လိုက်ကြရတော့၏။
ကျိုးယဲ့သည် လက်ထဲမှ သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် လှိမ့်ကာ ရှောင်လိုက်ရသည်။
မြည်းမျက်နှာနှင့် ဝံပုလွေကြီးကတော့ ပထမတစ်ကြိမ် တိုက်ခိုက်မှု လွဲချော်သွားခဲ့သည့်အပြင် ကျည်ဆန်ကြောင့် နောက်ခြေထောက်တွင် ဒဏ်ရာရသွားသဖြင့် မြေပြင်ပေါ် ခြေချမိသည်နှင့် ကျိုးယဲ့ထံသို့ တန်းတန်းမတ်မတ် ထပ်မံခုန်အုပ်ပြန်သည်။
ကျိုးယဲ့ကလည်း သေနတ်ကို အမြန်ဆုံး ပြန်မြှောက်ကာ ၎င်း၏မျက်နှာတည့်တည့်သို့ တစ်ဆက်တည်း ချိန်ရွယ်လိုက်၏။ လှုပ်ရှားမှုတိုင်းသည် တစ်ချက်ကလေးမျှ မထစ်ငေါ့ဘဲ သွေးအေးလှပေသည်။
"ဒိုင်း!"
ကျန်းမန်မန် တောင်ပေါ်သို့ အပြေး တက်လာစဉ်မှာပင် ဒုတိယမြောက် သေနတ်သံကို ကြားလိုက်ရသည်။
သူမ၏နောက်မှ ရွာသားများမှာမူ အဝေးကြီးတွင် ကျန်ရစ်ခဲ့လေပြီ။
"ဒီ ပညာတတ်လူငယ်ကျန်းကတော့ ဝနေတာတောင် ပြေးနိုင်တာပဲ။ တော်တော်လေး မြန်တယ်။ ကြည့်ရတာ သူလည်း ဒါရိုက်တာကျိုးအတွက် တကယ်ကို ရင်ပူနေပုံရတယ်။"
"စကားမများစမ်းနဲ့၊ ငါလည်း စိတ်ပူတာပဲ။ ဒါပေမဲ့ ဘာလို့ ငါက ပညာတတ်လူငယ်ကျန်းလောက် မပြေးနိုင်ရတာလဲ။"
"အသက်ကြီးနေပြီမို့လို့လေ။"
အဒေါ်လျိုကတော့ ထိုသို့ စနောက်ခံရသည့်တိုင် စိတ်မဆိုးနိုင်ဘဲ ထိတ်လန့်အံ့ဩနေသော အမူအရာဖြင့်သာ ရှေ့သို့ စိုက်ကြည့်နေမိတော့သည်။
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ