← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အပိုင်း ၆၅

အဝေးတစ်နေရာတွင်မူ ကြီးမားလှသော ဝံပုလွေမည်းကြီးတစ်ကောင်သည် ကျိုးယဲ့အား မြေပြင်ပေါ်တွင် ဖိညှပ်ထားသည်ကို တွေ့လိုက်ရ၏။

ဤကဲ့သို့ အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေမျိုးတွင်ပင် ကျန်းမန်မန်သည် အပြေးအလွှား ရောက်ရှိလာပြီး ဝံပုလွေကြီးကို ကျိုးယဲ့အပေါ်မှ ဆွဲဖယ်ကာ အဝေးသို့ လွှင့်ပစ်လိုက်တော့သည်။

သူမသည် ထိုဝံပုလွေကြီးကို အားဖြင့် ဆွဲလှန်ကာ ဘေးသို့ ပစ်ချလိုက်ခြင်း ဖြစ်သည်။

"ဟင်..."

"ဒါ... ဒါက..."

ရွာလူကြီးလည်း အံ့ဩလွန်း၍ ဆွံ့အသွားရပြီး အသက်ရှူဖို့ပင် မေ့လျော့နေမိသည်။

အခြေအနေကို ရိပ်မိသွားကြသည့်အခါ ရွာသားများသည် ပေါက်တူး၊ ဂေါ်ပြားများကို အလျင်အမြန် ဆုပ်ကိုင်လျက် လူစုကာ ရှေ့သို့ တိုးလာကြတော့သည်။

သို့သော်လည်း သူတို့အုပ်စုလိုက် ရင်တထိတ်ထိတ်နှင့် သတိကြီးစွာဖြင့် အနားသို့ တိုးကပ်သွားသည့်အခါတွင်မူ ထိုသားရဲကြီးမှာ အသက်ပင် မရှိတော့သည်ကို တွေ့လိုက်ရလေသည်။

"ဒါက တကယ့်ကို မြည်းမျက်နှာနဲ့ ဝံပုလွေပဲဟ။"

"ဘုရားရေ... ကြည့်ရတာ တော်တော် ရုပ်ဆိုးတာပဲ။"

"တကယ်ကို ရုပ်ဆိုးလွန်းတယ်!"

ကျန်းမန်မန်ကမူ ဤဝံပုလွေကို အစောတည်းက မြင်ဖူးထားသူဖြစ်၍ သိပ်ပြီး အံ့ဩမနေတော့ပေ။ ယခုအခါ ကျိုးယဲ့တွင် ဒဏ်ရာဒဏ်ချက်တစ်စုံတရာ မရှိသည်ကို မြင်ရတော့မှသာ သူမ သက်ပြင်းချနိုင်တော့သည်။

"ရှင် တကယ်ပဲ ဘာမှမဖြစ်ဘူးလား။ တခြား ဘယ်နေရာမှာ ဒဏ်ရာရသွားသေးလဲ။"

ထိုစဉ် ပါတီအတွင်းရေးမှူးကျောက်သည်လည်း ရှေ့သို့ တိုးလာပြီး ကျိုးယဲ့အား စိုးရိမ်တကြီး မေးမြန်းရှာတော့သည်။

ကျန်းမန်မန်သည် သူ့ကို မြင်လိုက်သည့်အခိုက်တွင် ထိုပန်းပွင့်ကွက် ဘောင်းဘီတိုကြီးကို ပြေးမြင်မိကာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရပြန်၏။

ကျိုးယဲ့မှာမူ တကယ်ပင် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။

"အဲဒီဝံပုလွေက ကိုယ့်ဆီကို ခုန်အုပ်လာတဲ့အချိန်မှာပဲ ကိုယ်က သူ့ခေါင်းတည့်တည့်ကို အပိုင်ပစ်ချလိုက်တာပါ။ ကျွန်တော် တကယ်ပဲ ဘာမှမဖြစ်ပါဘူး။"

သူ့စကားကြောင့် ကျန်းမန်မန်တစ်ယောက် ရင်ထဲက အလုံးကြီး ကျသွားတော့၏။"ရှင် ဘာမှမဖြစ်တာ တကယ်ပဲ ဝမ်းသာပါတယ်။ ကျွန်မကိုတော့ လန့်ပြီးသေအောင် လုပ်တာပဲ။"

"ကျွန်မ တောင်ပေါ်တက်လာတော့ အဲဒီဝံပုလွေက ရှင့်ကို ဖိထားတာ မြင်လိုက်ရတာ။ ကျွန်မ ထင်မိတာကတော့... ရှင် တကယ်ပဲ ကျွန်မကို အသက်ထွက်မတတ် လန့်စေခဲ့တာပဲ။"

ကျိုးယဲ့က ပြုံးလိုက်ပြီး သူမ၏လက်ကို လှမ်းကိုင်ကာ သူ၏လက်ချောင်းများဖြင့် သူမ၏လက်ဖဝါးကို အသာအယာ ပွတ်သပ်လိုက်သည်။

သူတို့နှစ်ဦးသည် အကြည့်ချင်း ဆုံမိသွားကြ၏။

အတွင်းရေးမှူးကျောက်မှာမူ သူတို့နှစ်ဦးကို ကြည့်ကာ နှုတ်ခမ်းကို မသိမသာစေ့ရင်း သူ၏ ပြောင်သလင်းခါလုနီးပါး ဖြစ်နေသော ထိပ်ပြောင်ကြီးကို အလယ်တည့်တည့်သို့ သပ်တင်နေမိသည်။

"မင်းတို့အားလုံး ဘာမှမဖြစ်ကြတာ ဝမ်းသာစရာပဲ။"

"ဒါနဲ့... ဒါရိုက်တာကျိုး၊ မင်း ဒီဝံပုလွေကို ဘယ်နှချက် ပစ်ပြီး နှိမ်နင်းလိုက်တာလဲ။"

"နှစ်ချက်ပါ၊ ပထမတစ်ချက်ကတော့ ဝံပုလွေရဲ့ နောက်ခြေထောက်ကို ထိသွားတာပါ။"

အတွင်းရေးမှူးကျောက်က စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးစကား ဆိုလေသည်။ "နှစ်ချက်တည်းနဲ့လား။ ဝါး... ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လက်ဖြောင့်စွမ်းရည်ပဲ။"

ကျန်းမန်မန်လည်း စိတ်ထဲမှ ကြိတ်တွေးမိလိုက်သည်။ သူမ ရှာဖွေထားသော ဤယောကျ်ားက တကယ်ကို အားကိုးထိုက်သူပင်။

အခြားရွာသားများလည်း သူတို့အနားသို့ ဝိုင်းအုံလာကြပြီး သေဆုံးသွားသော ဝံပုလွေကြီးကို ကြည့်ကာ ရင်တမမ ဖြစ်နေကြတော့၏။

"ဒါရိုက်တာကျိုး... မင်းတော့ ရွာအတွက် နောက်ထပ် ကောင်းကျိုးတစ်ခု ပြုလိုက်ပြန်ပြီ!"

အဖွဲ့ခေါင်းဆောင်က သက်ပြင်းချရင်း ပြောလိုက်၏။

"ဒီစက်ရုံမှူးကျိုးကတော့ တကယ့်ကို အဖိုးတန်ရတနာပဲ။ ဘာလို့ ငါတို့ရွာက မိန်းကလေးတစ်ယောက်ယောက်နဲ့ လက်မထပ်ခဲ့ပါလိမ့်။ တကယ်လို့သာ လက်ထပ်ခဲ့မယ်ဆိုရင်..."

သူ ဆက်တွေးကြည့်လိုက်မိသည်။ တကယ်လို့သာ အခြားမိန်းကလေးနှင့် လက်ထပ်ခဲ့လျှင်တော့.... ပညာတတ်လူငယ်ကျန်း၏ အဝေးသို့ လွှင့်ပစ်နိုင်သည့် လက်မောင်းအင်အားဒဏ်ကို ဘယ်သူမှ ခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။

ထိုသို့တွေးတောရင်း မြေပြင်ပေါ်မှ ကြီးမားလှသော သားရဲကြီးကို လှမ်းကြည့်လိုက်သည်။

ထို့နောက် အဝေးတွင် ဒါရိုက်တာကျိုးနှင့်အတူ ယှဉ်တွဲရပ်နေသော ကျန်းမန်မန်ကို တစ်လှည့်ကြည့်မိပြန်၏။

'ဒီနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေတာ အကောင်းဆုံးပဲ။ တကယ်ကို လိုက်ဖက်လွန်းလှပါတယ်။'

ရွာလူကြီးက ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။"ဒါဆိုရင်တော့ ဒီကောင်ကို အဖွဲ့အစည်းရုံးချုပ်ဆီပဲ ပို့လိုက်ကြရအောင်။ ဒါမျိုးကို ငါတို့တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရတာ အထက်ကို အစီရင်ခံစာ တင်ရမယ့်ကိစ္စပဲ။"

ကျိုးယဲ့က အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။"ကောင်းပါပြီ၊ အချိန်ကလည်း စောနေတုန်းပဲမို့ ဒီပူပူနွေးနွေး ပြဿနာကောင်ကြီးကို အမြန်ဆုံး သွားအပ်လိုက်ကြတာပေါ့။"

ခဏကြာမျှ တိုင်ပင်ပြီးနောက် ကျန်းမန်မန်အပါအဝင် အမျိုးသမီးများက အိမ်သို့ အရင်ပြန်နှင့်ရန် ဆုံးဖြတ်လိုက်ကြပြီး ကျိုးယဲ့နှင့် ရွာလူကြီးတို့ကမူ ဝံပုလွေကောင်ကို သယ်ဆောင်ကာ တောင်အောက်သို့ ဆင်းခဲ့ကြသည်။

သူတို့သည် အဖွဲ့အစည်းရုံးချုပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြ၏။

မူလကတော့ သူတို့သည် အဖွဲ့အစည်းရုံးချုပ်တွင် နောက်ထပ် နှစ်ရက်လောက် ဆက်နေဦးမည်ဟု ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ နွားလှည်းပေါ်တွင် တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင် တင်ဆောင်ကာ ရုတ်တရက် ပြန်ရောက်လာကြသည်ကို တွေ့လိုက်ရ၏။

ရုံးချုပ်ရှိ လူတိုင်းသည်လည်း ထိတ်လန့်အံ့ဩကုန်ကြတော့၏။

အတွင်းရေးမှူးခန်သည် သူ၏ရှေ့မှောက်ရှိ ကြီးမားလှသောအရာကြီးကို အံ့ဩတကြီး စိုက်ကြည့်ရင်း မေးလိုက်မိသည်။

"ဒါ... ဒါက ဘာကောင်ကြီးလဲ။ ဘာလို့ ကြည့်ရတာ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။"

"ကျွန်တော်တို့လည်း မသိဘူး၊ ဒီကောင်က တော်တော်လေးတော့ ထူးဆန်းတယ်။"

"ဝံပုလွေတစ်ကောင်လား။"

"ဒါပေမဲ့ သူ့မျက်နှာကို ကြည့်ဦးလေ၊ မြည်းမျက်နှာနဲ့ တူနေတာပဲ။ မြည်းမျိုးစိတ်သစ်တစ်ခုခုများ ဖြစ်နေမလား။"

ဗိုလ်မှုးကြီးရှန်က အတွင်းရေးမှူးခန်၏ အပြောကို ခေါင်းခါပြလိုက်ရင်း ဆိုလိုက်သည်။

"မဖြစ်နိုင်တာ။ ဒီကောင်က တောဝက်တွေကိုရော လူတွေကိုပါ ကိုက်ခဲ့တာလေ၊ မြည်းက လူကို မကိုက်ဘူး မဟုတ်လား။"

"ဒါကိုတော့ ကျွမ်းကျင်သူတွေဆီ ပို့ပြီး သုတေသနလုပ်ခိုင်းတာက အကောင်းဆုံးပဲ။"

ထို့နောက် သူက ကျိုးယဲ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။"မင်းတော့ နောက်ထပ် အကျိုးပြုမှုတစ်ခု လုပ်လိုက်ပြန်ပြီ။ အေးအေးဆေးဆေးသာ စောင့်နေပါ၊ အထက်က မင်းကို ဆုလာဘ်တွေ အပြည့်အဝ ချီးမြှင့်ပါလိမ့်မယ်။"

ကျိုးယဲ့က ပြုံးလျက် ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။ "ဆုလာဘ်တွေအတွက်တော့ ထားလိုက်ပါဦး။ အဓိကကတော့ ဒီဝံပုလွေကို သတ်လိုက်နိုင်ပြီဆိုတော့ ကျွန်တော်တို့ ရွာသားတွေလည်း စိုးရိမ်စရာမလိုဘဲ တောင်ပေါ်တက်ပြီး ဝက်စာရှာလို့ ရသွားတာပေါ့။"

"ဒါမှလည်း ကျွန်တော့်ရဲ့ ဝက်ခြံကို အောင်မြင်အောင် ဆက်ပြီး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မှာလေ။"

"မင်းကတော့လေ..."

ဗိုလ်မှူးကြီးရှန်က ထိုစကားကို ကြားပြီးနောက် ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။

"ကဲပါ... ဒါကို ငါ့လက်ထဲပဲ အပ်ထားလိုက်တော့။ စိတ်မပူပါနဲ့၊ မင်းအတွက် အကောင်းဆုံးဖြစ်အောင် ငါ ကြိုးစားပြီး တောင်းဆိုပေးပါ့မယ်။"

"ဗိုလ်မှူးဆီက ဒီစကားကြားရတော့မှပဲ ကျွန်တော် စိတ်အေးရတော့တယ်"

ဗိုလ်မှူးရှန်က လက်ကို ဝေ့ယမ်းပြလိုက်ရင်း ဆိုလိုက်၏။"သွား... သွား... အလုပ်ကိစ္စတွေအတွက် စိုးရိမ်မနေနဲ့။ နောက်ပိုင်းကျရင် သေနတ်တွေရှိတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေ လာတိုက်ခိုက်တာပဲဖြစ်ဖြစ် မင်းတို့ ရွှီကျားကျွမ်း သစ်တောစိုက်ခင်းက ပြည်သူတွေကို ကာကွယ်ဖို့အတွက် အဲဒီသေနတ်ကို အသုံးပြုနိုင်ပါတယ်။"

ကျိုးယဲ့က လက်ပြလိုက်ပြီး ပြောလိုက်သည်။"ဒါဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး။"

ကျိုးယဲ့ အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ကျန်းမန်မန်က ညစာ အဆင်သင့်ပြင်ထားပြီးဖြစ်ကာ ခုံတန်းလျားလေးတစ်ခုပေါ်မှာ ထိုင်ရင်း တံခါးဝကနေ သူ့ကို စောင့်နေခဲ့သည်။

မှိုင်းပြပြ ကောင်းကင်ယံအောက်တွင် လူရိပ်တစ်ခု လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်နှင့် သူမ ချက်ချင်းထပြီး ကြိုလိုက်၏။

"ကျိုးယဲ့။"

"အင်း... ကိုယ် ပြန်ရောက်ပြီ။"

သေနတ်လွယ်ထားသည့်သူသည် သူမ၏ ယောက်ျားဖြစ်သူမှန်း သိလိုက်ရသည်နှင့် ကျန်းမန်မန်တစ်ယောက် အပြေးအလွှား သွားရောက်ပြီး သူ့ရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်ဖက်ထားလိုက်တော့သည်။

"ရှင် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ တကယ် ကောင်းတာပဲ။"

ကျိုးယဲ့အတွက်တော့ သူမဆီမှ ဤကဲ့သို့ နွေးထွေးသည့် တုံ့ပြန်မှုကို ပထမဦးဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။

ထို့ကြောင့် သူက ရင်ခွင်ထဲက ကောင်မလေးကို ငုံ့ကြည့်ရင်း စူးစမ်းသလို မေးလိုက်သည်။

"မင်း ဘာဖြစ်လို့လဲ။"

ကျန်းမန်မန် ခေါင်းခါပြလိုက်သည်။ သူမကိုယ်တိုင်လည်း ဘာကြောင့်မှန်း အဓိပ္ပာယ်မဖော်တတ်သည့် မျှော်လင့်တောင့်တစိတ်ကို ခံစားရသည်မှာ ဒါပထမဆုံးပင်။

သူမသည် သူ့ကို မော့ကြည့်နေရင်းနှင့်ရုတ်တရက် နှာခေါင်းထဲ ရှတတဖြစ်လာကာ မျက်ရည်များ ဝဲတက်လာခဲ့ရသည်။

"ကျွန်မအတွက် ရှင်က ဘယ်လောက်တောင် အရေးပါနေပြီလဲဆိုတာ အခုမှပဲ ပထမဆုံးအကြိမ် သိလိုက်ရတော့တယ်။"

ကျိုးယဲ့၏ မျက်နှာက အနည်းငယ် ညှိုးငယ်သွားပြီး ဆိုလိုက်သည်။

"ကိုယ်ကတော့ အဲ့အသိကို ရနေတာ ကြာလှပြီ။ ပြီးခဲ့တဲ့တစ်ခေါက် ကျားသစ်နဲ့ တိုက်ခိုက်တုန်းကတည်းက မင်းက ကိုယ့်အတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ ကိုယ် သိခဲ့တာ။"

'တကယ်ပါပဲ... မင်းကတော့ အခုမှ လာပြီး သိရတယ်လို့။'

ကျန်းမန်မန်က မျက်ရည်များကို အမြန်သုတ်လိုက်သည်။ 'တကယ်ပါပဲ... ဘာလို့ အခုနောက်ပိုင်း ဒီလောက်တောင် စိတ်ကူးယဉ်ဆန်ပြီး ခံစားလွယ်နေရတာလဲ။'

"ကဲပါ... ကျွန်မ သိပါပြီ။ လက်သွားဆေးပြီး ထမင်းစားဖို့ ပြင်တော့။"

ကျိုးယဲ့က သူ၏ရင်ခွင်ထဲမှ ကောင်မလေးကို ကြည့်ပြီး သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ ဆိုလိုက်သည်။

"ကိုယ်တို့နှစ်ယောက် အတူရှိနေခဲ့ပေမဲ့... ကိုယ် မင်းကို တကယ်နှစ်သက်မြတ်နိုးမိပါတယ်ဆိုတဲ့ စကားကို တစ်ခါမှ မပြောဖြစ်ခဲ့ဘူး ထင်တယ်နော်။"

ဤသို့ နောက်ကျမှ ထွက်လာသည့် အချစ်ဝန်ခံစကားလေးက ကျန်းမန်မန်၏ မျက်ဝန်းထဲဆီသို့ မျက်ရည်များကို နောက်တစ်ကြိမ် အောင်မြင်စွာ ခေါ်ဆောင်လာခဲ့ပြန်သည်။

သူမ၏ ရင်ခုန်သံများက နားထဲမှာတင် စည်တီးသံလိုမျိုး တဒိန်းဒိန်းနဲ့ ကျယ်လောင်နေခဲ့၏။

'ဪ... ဒီလိုမျိုး ချိုသာတဲ့ စကားလုံးတွေက တကယ်ပဲ နားထောင်လို့ ကောင်းလှပါလား။'

"နောက်ထပ် အကြိမ်အများကြီး ထပ်ပြောပေးဦးလေ... မြန်မြန်၊ နောက်ထပ် အများကြီး ထပ်ပြောပေးဦး၊ ကျွန်မ သိပ်နားထောင်လို့ ကောင်းတာပဲ။"

"ရှင် အခုလို ချိုသာတဲ့ စကားလေးတွေ ပြောတာကို ကျွန်မ ထပ်နားထောင်ချင်သေးတယ်။"

သူမက ထိုသို့ပြောရင်းနှင့် သူ့အပေါ် ခုန်ပေါက်တွယ်ကပ်လာသည်ကို မြင်ရသောအခါ ကျိုးယဲ့၏ ရင်ထဲတွင် ပျားရည်သောက်လိုက်ရသလိုမျိုး တကယ်ကို အချိုလွန်ကာ ကြည်နူးပီတိဖြစ်နေတော့သည်။

"ကောင်းပြီ... ကောင်းပြီ၊ ကိုယ် ပြောပါ့မယ်။ ကိုယ် မင်းကို သဘောကျတယ်၊ တကယ်ကို အများကြီး နှစ်သက်မြတ်နိုးမိတာပါ။"

ကျန်းမန်မန်သည် ချက်ချင်းပင် မိန်းကလေးငယ်လေးတစ်ယောက်သဖွယ် ပြောင်းလဲသွားတော့သည်။

မေးခွန်းအများကြီး မေးတတ်သည့် မိန်းကလေးငယ်များ၏ ပုံစံအတိုင်း သူမက စပ်စုမေးမြန်းလိုက်ပြန်၏။

"ဒါက ဘယ်တုန်းကတည်းက ဖြစ်သွားတာလဲ။"

"ပြောပြပါဦး... ရှင် ကျွန်မကို ဘယ်အချိန်ကစပြီး သဘောကျသွားတာလဲ။"

ကျိုးယဲ့အတွက်မူ သူမ၏ ဤကဲ့သို့သော အမူအရာလေးကို မြင်ရခဲလှသဖြင့် အသည်းယားမိသွားသဖြင့် ဆိုလိုက်သည်။

"ကိုယ်လည်း သေသေချာချာတော့ မသိဘူး။ မင်း ကိုယ့်ကို ရေထဲကနေ ဆွဲတင်ပေးခဲ့တဲ့ အချိန်တုန်းကလား... ဒါမှမဟုတ် မင်း ကိုယ့်ကို သစ်ပင်မှာ လာပြီး ဖိကပ်ထားတဲ့ အချိန်တုန်းကလားတော့ မသိဘူး။"

"အတိုချုပ်ပြောရရင်တော့ အကြိမ်ကြိမ် ဆုံတွေ့ရင်းနဲ့ပဲ မင်းဆီကို ကိုယ့်စိတ်တွေ မသိမသာ ရောက်သွားခဲ့တာပါ။"

"အဲ့ဒီနောက်မှာတော့ ကျားသစ်နဲ့ တိုးတဲ့ အဖြစ်အပျက်ပေါ့။"

"မင်းရဲ့အနောက်မှာ အဲဒီကျားသစ်ကြီး ပေါ်လာတာကို မြင်လိုက်ရတဲ့ အချိန်တုန်းက ကိုယ့်ရင်ဘတ်ထဲက နှလုံးသားကြီးတစ်ခုလုံး အပြင်ကို ခုန်ထွက်မတတ် ခံစားလိုက်ရတာ။"

"ရုတ်တရက် ကိုယ် တကယ်ကို လန့်သွားခဲ့တယ်... မင်း တစ်ခုခု ဖြစ်သွားမှာကို တကယ်ကို ကြောက်လန့်သွားခဲ့တာ။"

"အဲဒီအချိန်မှာ ကိုယ့်ဦးနှောက်တစ်ခုလုံး လုံးဝ ဗလာဖြစ်သွားပြီး ကျားသစ်ကို ရင်ဆိုင်ဖို့ အတင်းပြေးဝင်သွားခဲ့တာပဲ။ ကိုယ့်ရဲ့ တစ်ခုတည်းသော ယုံကြည်ချက်က မင်းကို ကာကွယ်ဖို့နဲ့ မင်း ဘာမှမဖြစ်စေဖို့ပဲလေ။"

"မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်က ကိုယ့်အပေါ်ထားတဲ့ မင်းရဲ့အချစ်ထက် ပိုပြီးကြီးမားတယ်လို့ မင်းမထင်ဘူးလား။"

သူ၏ စကားများကို ကြားလိုက်ရသည့်အခါ ကျန်းမန်မန်လည်း ဒါက အမှန်တရား ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

'အင်း... ဒါပေမဲ့ တစ်ခုခုတော့ လိုနေသေးသလိုပဲ။'

"ဘယ်သူက ပြောလို့လဲ။ ကျွန်မလည်း ရှင့်ကို သဘောကျတာပဲ။"

"ဒီနေ့ ကျွန်မ တောင်ပေါ်ကို အပြေးအလွှား တက်သွားပြီး ဝံပုလွေကောင်က ရှင့်ကို ဖိထားတာ မြင်လိုက်ရတဲ့ အချိန်တုန်းက... ရှင့်ရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ ရှင် တစ်ခုခု ဖြစ်သွားမှာကို ကျွန်မ ဘယ်လောက်တောင် စိုးရိမ်ပူပန်ခဲ့ရလဲဆိုတာ ရှင် လုံးဝ မသိပါဘူး။"

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

All Chapters