← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း ၆၇

"ဟော... ဒါ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဂုဏ်ပြုပွဲတက်ထားတဲ့ ပညာတတ်လူငယ်ကျန်း မဟုတ်လား။ ငါ့ရဲ့ ပစ္စည်းဟောင်းအရောင်းဆိုင်ဆီကို ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ။"

ကျန်းမန်မန်က ဝမ်းသာအားရဖြင့် သူမ၏လက်ထဲသို့ သကြားလုံးနှစ်လုံး အသာထည့်ပေးလိုက်ရင်း ဆိုလိုက်သည်။

"ကျွန်မ အိမ်ထောင်ပြုတော့မှာမို့လို့ အိမ်မှာအလှဆင်ဖို့ ပစ္စည်းဟောင်းလေးတွေ ဘာများရှိမလဲလို့ လာကြည့်တာပါ အဒေါ်။"

ထိုစကားကို ကြားလိုက်ရသောအခါ ဝဝတုတ်တုတ်နှင့် အဒေါ်ကြီးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

"မင်းက အိမ်ထောင်ပြုတော့မလို့လား။ အို... တော်လိုက်တဲ့ ကောင်မလေး၊ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်တောင် ကျတော့မှာပဲ။"

"ကဲ... လာခဲ့၊ ယုံချင်ယုံ မယုံချင်နေ၊ ဒီမှာက တကယ်ပဲ အဖိုးတန်တဲ့ပစ္စည်းတချို့ ရှိတယ်။ ဒါပေမဲ့ အခုခေတ်မှာ လူတွေက မကိုင်ရဲကြဘူးလေ။ သိမ်းထားရင်လည်း နောက်ပိုင်းကျရင် နိုင်ငံတော်ဆီ အပ်နှံရလိမ့်မယ်လို့ ပြောကြတာကိုး။"

"ဘယ်သူသိမှာလဲနော်။ ဘာပဲဖြစ်ဖြစ် မင်းလာလည်တဲ့ အချိန်မှာ ငါ့မှာ အများကြီး ကျန်နေပါသေးတယ်။ ငါ့ချွေးမဆိုရင် ဒါမျိုးတွေကို ပေးရင်တောင် မယူဘူး၊ သူက တော်တော်လေး ကြောက်တတ်တာ။"

ကျန်းမန်မန်သည် ထိုအဒေါ်ကြီး သကြားလုံးခွံကို ခွာပြီး ပါးစပ်ထဲထည့်ကာ မြိန်ရေရှက်ရေ ငုံလိုက်သည်ကို ကြည့်၍ သူမသည် တကယ်ကို ဟန်ဆောင်မှုကင်းသော လူတစ်ယောက်ဖြစ်မှန်း ရိပ်မိလိုက်သည်။

"အဒေါ်သာ ကျွန်မကို အာဏာပိုင်တွေဆီ သွားမတိုင်ရင် ရပါပြီ!"

"ဘာတွေ လာပြောနေတာလဲ။ ငါက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။"

"လာ... ဒီဘက်ကိုလာ၊ ငါပြမယ်။ ဒီပန်းအိုးက တော်တော်လေး လှတယ်၊ ပြီးတော့ ဒီကျောက်စိမ်းဆွဲသီးနဲ့ တခြားပစ္စည်းတွေလည်း ရှိသေးတယ်။ အခြားလူတွေမြင်ရင် သူတို့ကို အရင်းရှင်တွေလို့ ထင်မှာစိုးလို့ အိမ်မှာ မထားရဲဘဲ လာပစ်ထားကြတာ။"

"မင်းသာ ယူရဲမယ်ဆိုရင် အားလုံးကို ရှစ်ယွမ်တည်းနဲ့ ယူသွားလိုက်။"

ရှစ်ယွမ်ဆိုသည်မှာ တကယ်ကို အလကားနီးပါး စျေးပေါလွန်းလှပေသည်။

ဤခေတ်အချိန်အခါတွင် ထိုသို့သော အခြေအနေမျိုးက ခေတ်ကုန်ပိုင်းအထိ ရှိနေဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လူအများသည် လှူဒါန်းနိုင်သမျှကို လှူဒါန်းခဲ့ကြပြီး မလှူဒါန်းနိုင်သည့် အရာများကိုမူ ဤကဲ့သို့ ပစ္စည်းဟောင်းအရောင်းဆိုင်များတွင် လာရောက်စွန့်ပစ်ခဲ့ကြသည်။ သူတို့သည် အရင်းရှင်များဟု ခေါင်းစဉ်တပ်၍ အရိုက်ခံရမည်ကို အမှန်တကယ်ပင် ကြောက်လန့်ခဲ့ကြသည်။

"လေးယွမ် ဆိုရင်တော့ အကုန်ယူမယ်။"

"ရတာပေါ့! ဒီမှာကြည့်ပါဦး၊ ဒီဘူးလေးရော၊ လက်ကောက် လေးငါးကွင်းပါ ပါသေးတယ်။"

ထိုပစ္စည်းများမှာ ရွှံ့နွံများနှင့် ဖုန်မှုန့်များ ပေကျံနေသဖြင့် အကောင်းလား အဆိုးလားဆိုသည်ကို သေချာခွဲခြားနိုင်ရန် ခက်ခဲလှသည်။

လက်ကောက်လေးကွင်းလုံးမှာ ရွှံ့ထဲမှ တူးဖော်ရရှိလာသကဲ့သို့ ဖုန်တထောင်းထောင်းနှင့် ရွှံ့များ ကပ်ငြိနေ၏။

ကျန်းမန်မန်က တစ်ကွင်းကို ကောက်ကိုင်ပြီး အသာအယာ ကြည့်လိုက်သည်။ ဤခေတ်ကာလတွင် ပစ္စည်းအတုပြုလုပ်သည့် လုပ်ငန်းများ ခေတ်မစားသေးပေ။

သူမက ရွှံ့များကို ခပ်ဖွဖွ သုတ်ကြည့်လိုက်သည့်အခါတွင်မူ ကျောက်စိမ်း၏ အရည်အသွေးမှာ တကယ်ကို အဆင့်မြင့်ပြီး တောက်ပကောင်းမွန်လှသည်ကို မြင်လိုက်ရ၏။

"ဒါတွေအကုန်လုံး ကျွန်မ ယူပါ့မယ်။ ပြီးတော့ အိမ်မှာ အလှဆင်ဖို့ တခြားကျောက်စိမ်းပစ္စည်းတွေ ရှိရင်လည်း ပေးပါဦး။ ဪ... ဒါနဲ့ သစ်သားပရိဘောဂ အကောင်းစားလေးတွေရော ရှိသေးလား။"

ဝဝတုတ်တုတ် အဒေါ်ကြီးက ခေါင်းခါပြရင်း ပြောလိုက်သည်။"ငါကတော့ ဘယ်သစ်သားက အကောင်းစားလဲဆိုတာ မခွဲခြားတတ်ဘူး၊မင်းဘာသာပဲ သွားရှာကြည့်တော့။"

ကျန်းမန်မန်လည်း ကိုယ်တိုင်ပဲ လိုက်လံရှာဖွေရတော့သည်။ မကြာခင်မှာပင် သူမသည် စန္ဒကူးသစ်သားနှင့် ပြုလုပ်ထားပုံရသော ခုတင်ပေါ်တင်၍ရသည့် စားပွဲငယ်တစ်ခုကို တွေ့လိုက်ရလေသည်။ သို့သော်လည်း သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်အခါတွင်မူ ၎င်းသည် စန္ဒကူးထက်ပင် တန်ဖိုးကြီးမားလှသော ကျန်းနန်သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်နေလေသည်။

လက်ထဲတွင် ကိုင်ကြည့်ရသည်မှာ တကယ်ကို လေးလံလှသဖြင့် ကျန်းမန်မန်လည်း ထိုစားပွဲငယ်လေးကိုသာ ရွေးချယ်လိုက်တော့သည်။

ထိုမျှတင်မကသေးဘဲ ရှေးဟောင်းလက်ရေးလှစာချွန်နှင့် ပန်းချီကား နှစ်ချပ်ကိုလည်း တွေ့ခဲ့ရသေး၏။

၎င်းတို့သည် မည်သူ၏လက်ရာ၊ ဘယ်လိုပန်းချီမျိုးဆိုသည်ကို သူမ သေသေချာချာ မခွဲခြားတတ်သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး ယူထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူမသည် ရှေးဟောင်းပစ္စည်းများ၊ စာချွန်နှင့် ပန်းချီကားများ၊ ခုတင်ပေါ်တင်နိုင်သည့်စားပွဲငယ်၊ ကျောက်စိမ်းပန်းအိုး၊ လက်ကောက်များ အစရှိသည့် ပစ္စည်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း ရွေးချယ်လိုက်၏။

ဤသည်မှာ တကယ်ကို တွက်ခြေကိုက်လှသည့် အရောင်းအဝယ်ပင်။ သူမသည် ထိုအဒေါ်ကြီးနှင့် အသည်းအသန် စျေးညှိလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ဤပစ္စည်းအားလုံးကို စုစုပေါင်း တစ်ဆယ်ယွမ်တည်းနှင့် အပိုင်ရလိုက်တော့သည်။

ပစ္စည်းများကို ခြင်းတောင်းထဲသို့ သေသေချာချာ ထည့်သွင်းပြီးနောက် စက်ဘီးနောက်တွင် တွဲချည်လိုက်၏။

ယနေ့ ခရိုင်မြို့သို့ လာခဲ့ရသည့် သူမ၏ ခရီးစဉ်မှာ တကယ်တန်သည်။

ထို့နောက်တွင်မူ သူမသည် သမဝါယမဆိုင်သို့ ဆက်သွားကာ သကြားနှင့် ဝက်သားများကို ဝယ်ယူခဲ့သည်။

အိမ်ပြန်ရောက်လျှင် ဝက်သားချိုချဉ်ဟင်း ချက်မည်ဟု သူမ စိတ်ကူးထားခဲ့သည်။ သူမကိုယ်တိုင် ဝိတ်ချနေရသဖြင့် အသားကို အဝမစားနိုင်သော်လည်း အခြားသူများကိုတော့ ကောင်းကောင်း ကျွေးမွေးနိုင်သေးသည်။

အထူးသဖြင့် သူမ ချက်ပြုတ်ထားသည့် ဟင်းလျာများကို ကျိုးယဲ့ မြိန်ရေရှက်ရေ စားသောက်နေသည်ကို ကြည့်ရရုံနှင့်တင် သူမ၏ စိတ်ထဲတွင် များစွာကျေနပ်မိနေခဲ့သည်။

သူမ ချက်ကျွေးသည့် အစားအစာများကို တစ်ယောက်ယောက်က နှစ်သက်သဘောကျစွာ စားသုံးပေးလျှင်ကို သူမ ပျော်ရွှင်နေတတ်သည်။

သူမ ရွာထဲသို့ ပြန်ရောက်လာသည့် အခါတွင်မူ ရွာသားအားလုံးသည် တစ်နေရာတည်းတွင် စုဝေးနေကြသည်ကို တွေ့လိုက်ရ၏။

သူတို့အုပ်စုသည် တောကြက်များကို ခွဲဝေမည့်အကြောင်း ပြောဆိုနေကြခြင်းပင်။

ခွဲဝေပေးမည့် တောကြက် အရေအတွက်က အတော်လေး များပြားလှသဖြင့် ဝက်မွေးမြူရေးခြံတွင် အလုပ်လုပ်နေကြသူများကို ဦးစားပေး စနစ်ဖြင့် အရင်ဆုံး ခွဲဝေပေးရန် ဆုံးဖြတ်ကြရာ မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ဘယ်လိုဖြစ်ဖြစ်... ကျိုးယဲ့သည်လည်း နောက်ဆုံးတွင်တော့ ဤတောကြက်များဖြင့် ရွာသားအားလုံးကို စားသောက်ပွဲကြီးတစ်ခု ပြုလုပ်ပေးပြီး တည်ခင်းဧည့်ခံမည်ဟု ကတိပေးထားခဲ့သည် မဟုတ်လား။

ထို့ကြောင့် ရွာသားများအားလုံးက ယခုအချိန်တွင် တက်ကြွရွှင်လန်းနေသည့် ကျန်းမန်မန်ကိုသာ ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။

သူမ၏ ခြင်းတောင်းထဲမှ ဝက်သားတုံးကြီးကို မြင်လိုက်ရသည့်အခါတွင်မူ သူတို့၏ အပြုံးများက ပိုတောက်ပသွားပြီး ဆိုလိုက်သည်။

"ဒါကြောင့်မို့လို့ မြို့ကလာတဲ့လူတွေက တကယ်ကို စနစ်တကျ ရှိတယ်လို့ ပြောတာပေါ့!"

"ရွာသားအားလုံးကို စားသောက်ပွဲမှာကျွေးမွေးဖို့အတွက် ဒီလောက်တောင် ပိုက်ဆံအကုန်ခံဖို့ လိုလို့လားကွယ်။"

"ဝက်သားတွေပါ အများကြီး ဝယ်လာသေးတာပဲ... ဟားဟားဟား။"

ကျန်းမန်မန်မှာတော့ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရတော့သည်။ သူတို့အားလုံး တက်တက်ကြွကြွနှင့် ဝမ်းသာအားရ ပြုံးရွှင်နေကြသည်ကို မြင်လိုက်ရသဖြင့် သူမလည်း ဤအခြေအနေကို လှပသော အထင်လွဲမှားမှုတစ်ခုအဖြစ်သာ သဘောထားပြီး ဒီအတိုင်းလွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဘယ်လိုပဲဖြစ်ဖြစ်... လာမည့်စားသောက်ပွဲကတော့ မင်္ဂလာဧည့်ခံပွဲအစစ်အမှန် ဖြစ်လာတော့မည်ပင်။

သူမသည် လူအုပ်ကြီးကြားထဲရှိ ကျိုးယဲ့ကို လှမ်းကြည့်လိုက်ရာ ကျိုးယဲ့ကလည်း သူမရှိရာ ဘက်ဆီသို့ စိုက်ကြည့်နေသည်နှင့် ကွက်တိတိုးမိသွား၏။

သူတို့နှစ်ဦးသည် အကြည့်ချင်း ဆုံမိလိုက်ကြပြီး စကားလုံးများ မလိုအပ်ဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်မှု အပြည့်ဖြင့် ပြုံးပြလိုက်ကြသည်။

မွန်းလွဲပိုင်း အိမ်သို့ ပြန်ရောက်သည့်အခါတွင်မူ ကျိုးယဲ့က သူမကို ကြည့်ကာ ပြုံးလျက် လှမ်းမေးလိုက်သည်။

"ဒီနေ့ ဝက်သားသွားဝယ်တာလား မိန်းမ"

"ဒါဆို... မင်းလည်း နောက်ဆုံးတော့ ဝက်သား စားတော့မှာပေါ့နော်။"

"ဘာတွေ လာပြောနေတာလဲ။ ကျွန်မ အမြဲတမ်းလည်း ဝက်သား စားနေတာပဲလေ။"

"ဒီနေ့ကတော့ ရှင့်အတွက် အရသာရှိရှိ စားလို့ရမဲ့ ဟင်းကောင်းလေးတစ်ခု ချက်ပေးချင်လို့ ဝယ်လာတာပါ၊ အဲဒါပါပဲ။"

"ဟားဟားဟား...ကိုယ်က အခုမှပဲ ရိပ်မိတော့တယ်။"

"အစ်ကိုကျိုး... ရှင် တကယ်ပဲ သူမအပေါ် စိတ်ဝင်စားနေတာ မဟုတ်ပါဘူးနော်။"

"သူမက ဘာများကောင်းလို့လဲ။"

ကျောက်ချိုင်ဟွား တစ်ယောက် သူမ၏ ခင်ပွန်းဖြစ်သူနှင့်အတူ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။

ကျန်းမန်မန်ကတော့ ဆွန်းတာ့ကျူးတစ်ယောက် ဘာတွေကြံစည်နေလဲဆိုသည်ကို လုံးဝနားမလည်နိုင်တော့ပေ။ သူ၏ ဇနီးသည်က အခြားယောက်ျားတစ်ယောက်ဖြစ်သော ကျိုးယဲ့ကို အထင်အရှား သဘောကျနေသည့်တိုင် သူက ဘာလို့ ဒါကို စိတ်ထဲမထားဘဲ နေနိုင်ရသည်လဲ။

ဒီကျောက်ချိုင်ဟွားကတော့ တကယ်ကို မဟုတ်သည့်အရာများ လုပ်နိုင်စွမ်းရှိသည့် လူစားမျိုးပင်။

ဒီတစ်ကြိမ်တွင်မူ ကျန်းမန်မန်တွင် အရှေ့သို့တိုးပြီး ပါဝင်ပတ်သက်လိုသည့် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူမက နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်ပြီး ဤပြဿနာကို ကျိုးယဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုသည်ကိုသာ ကြည့်နေလိုက်တော့သည်။

ကျိုးယဲ့ကလည်း သူမ၏ အမူအရာကို ကြည့်ပြီး သဘောပေါက်လိုက်၏။

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မေးလိုက်သည်။"ဆွန်းတာ့ကျူး... မင်း ယောက်ျားတစ်ယောက်ရော ဟုတ်ရဲ့လား။ မင်း မိန်းမကို မင်းဘာသာ ပြန်ခေါ်သွားစမ်းပါ။ ဘာလဲ... မင်းက ကလေးတစ်ယောက်လို ဆက်ဆံခံရတာကို သဘောကျတာလား၊ ဒါမှမဟုတ် ခေါင်းပေါ် ချို(ဂျို)တပ်ခံရတာကို ပိုသဘောကျတာလား။"

ဆွန်းတာ့ကျူးက ထိုစကားကို ကြားလိုက်ရသည့်အခါ ဒေါသထွက်ရမည့်အစား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီးမနေနဲ့။ သူမ မင်းအပေါ်ထားတဲ့ သံယောဇဉ်က မောင်နှမအချင်းချင်း ထားတဲ့ သံယောဇဉ်မျိုးပါပဲ။"

"ဒါက သိပ်ပြီး အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒီည အိမ်ပြန်ရောက်ရင် သူမကို ငါ ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်။"

"ဒါနဲ့... မင်း ဒီ ပညာတတ်လူငယ်ကျန်းကို စိတ်ဝင်စားနေတာကတော့ တကယ်ပဲ အံ့ဩဖို့ကောင်းတယ်။"

"မင်းရဲ့ မိသားစုဝင်တွေလည်း ဒီကိစ္စကို အခုချိန်ထိ သိကြဦးမှာ မဟုတ်ဘူးမလား။"

"သူတို့က ဒီလို ဝဝတုတ်တုတ် ချွေးမမျိုးကို တကယ်ပဲ လက်ခံနိုင်ပါ့မလား။"

ကျိုးယဲ့က အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။"အဲဒါတွေကို မင်း ပူနေစရာမလိုပါဘူး။ မင်းက မင်းကိစ္စ မင်းရှင်းပြီး ခေါင်းစိမ်းနေတဲ့ကိစ္စကိုသာ ကောင်းကောင်း ဂရုစိုက်လိုက်စမ်းပါ။"

ကျောက်ချိုင်ဟွားက သူမ ခင်ပွန်း၏ ဆွဲကိုင်ထားမှုမှ ရုန်းထွက်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ကျိုးယဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရှင် သူမနဲ့ လက်ထပ်မိရင် နောင်တရရလိမ့်မယ်။"

ကျိုးယဲ့က မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ရင်း ပြောလ်ိုက်၏။"ငါက သူမနဲ့ လက်မထပ်ရတော့မှ နောင်တရမှာ၊ ပြီးတော့လည်း ရှစ်ဘဝစာလောက်အထိ နောင်တရနေမှာ။"

"မင်းလို လူစားမျိုးနဲ့ ဆုံတွေ့ခဲ့ရတာကမှ ငါ့ရဲ့ ဘဝပေါင်း ဆယ်ဘဝစာလောက် အဆိုးဝါးဆုံးအရာပဲ။"

"ဒါကြောင့်... ကျေးဇူးပြုပြီး... နောက်နောင် ငါ့မျက်စိရှေ့ကို ဘယ်တော့မှ ထပ်မပေါ်လာပါနဲ့တော့။"

ကျိုးယဲ့၏ ပြတ်သားလှသော စကားများကို ကြားလိုက်ရသည့်အခါ ကျောက်ချိုင်ဟွားသည် အလွန်ပင် စိတ်ထိခိုက်သွားသည့်ဟန်ဖြင့် ငိုယိုကာ ထွက်ပြေးသွားတော့သည်။

ကျန်းမန်မန်ကမူ ဤမိန်းကလေး၏ လုပ်ရပ်များကို လုံးဝ နားမလည်နိုင်တော့ပေ။

အမှန်တွင်တော့ သူမသည် နားလည်အောင် မကြိုးစားချင်သလို၊ တကယ်လည်း နားမလည်နိုင်ပေ။

ထို့ကြောင့် သူမလည်း ထိုမိန်းကလေးကို စိတ်ထဲမထားဘဲ လျစ်လျူရှုထားလိုက်တော့၏။

"ဒီ ကျောက်ချိုင်ဟွားက တကယ်ပဲ ဘာဖြစ်နေတာလဲ။"

ကျိုးယဲ့က သူ၏ လက်ညှိုးဖြင့် နားထင်ကို တို့ပြလိုက်ရင်း ပြောလိုက်သည်။"စိတ်ထဲမထားနေပါနဲ့ မိန်းမရယ်၊ သူမက စိတ်သိပ်မမှန်တာ ဖြစ်မယ်။"

"တချို့လူတွေကျတော့လည်း ကမ္ဘာပေါ်မှာရှိတဲ့ လူအားလုံးက သူ့ကိုပဲ သဘောကျနေကြတယ်လို့ အမြဲတွေးနေတတ်ကြတယ်။"

"ကိုယ်ထင်တာတော့ အဲဒါက တကယ်ကို ရောဂါကြီးတစ်ခုပဲ။"

ကျန်းမန်မန် ခေါင်းညိတ်ထောက်ခံလိုက်မိသည်။ သူမ၏ ယခင်ဘဝတုန်းကလည်း ဤကဲ့သို့သော လူမျိုးကို တွေ့ခဲ့ဖူးသည်။ သူမ၏ အတန်းထဲမှ ကောင်လေးတစ်ယောက်ဆိုလျှင် မိန်းကလေးအားလုံးက သူ့ကို ဝိုင်းသဘောကျနေကြသည်ဟု ထင်နေတတ်သလို၊ အခြားကောင်မလေးတစ်ယောက်သည်လည်း ယောက်ျားလေးအားလုံးက သူမကိုသာ စိတ်ဝင်စားနေကြသည်ဟု ယုံကြည်နေတတ်သည်။

ထိုစဉ်က သူမ စိတ်ထဲမှ ကြိတ်တွေးမိခဲ့သေး၏။ 'ဒီလိုလူနှစ်ယောက်ကိုတော့ တစ်နေရာတည်းမှာ သေသေချာချာ ပိတ်လှောင်ထားသင့်တယ်၊ သူတစ်ပါးကို ဒုက္ခလိုက်ပေးဖို့ အပြင်ကို လုံးဝ ပေးမထွက်သင့်ဘူး။'

"ဒါနဲ့... ရှင် သူမအပေါ် အထင်မှားစရာဖြစ်အောင် တစ်ခုခု လုပ်ခဲ့မိလို့လား။ မဟုတ်ရင် သူမက ဘာလို့ ရှင် သူမကို သဘောကျနေပါတယ်လို့ ဒီလောက်တောင် အပိုင်တွေးထားရတာလဲ။"

ကျိုးယဲ့က ခေတ္တခဏ အလေးအနက် စဉ်းစားကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

တစ်ဖက်တွင်မူ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သော ဆွန်းတာ့ကျူးသည်လည်း မျက်မှောင်ကြုတ်လျက် ကျောက်ချိုင်ဟွားကို အလွန်ပင် မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေလေသည်။

"မင်းကတော့ ဘယ်တော့မှ အေးအေးဆေးဆေး နေမှာလဲ။"

"မင်း ကိုယ့်ကို ကတိပေးထားပြီးသားလေ၊ ဘာလို့ သူ့ဆီကို ထပ်ပြီး သွားရှာနေရပြန်တာလဲ။"

"ရှင် ဘာမှမသိပါဘူး။ ကျွန်မ ရှင့်ကို ပြောပြီးပြီပဲလေ။ ကျွန်မက ပြန်မွေးဖွားလာတဲ့သူပါလို့။ တကယ်တော့ ကျိုးယဲ့က ကျန်းမန်မန်နဲ့ လုံးဝ လက်မထပ်ခဲ့သင့်ဘူး.. သူက... သူက..."

"ဒီအကြောင်းတွေကို ထပ်မပြောနဲ့တော့။ အခု ကိုယ့် အမှန်အတိုင်းပြော၊ အရင်ဘဝတုန်းက သူက ဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ။"

သူတို့နှစ်ဦး မင်္ဂလာဦးညတွင် ကြင်စဦးဇနီးမောင်နှံအဖြစ် ပေါင်းသင်းခဲ့ပြီးကြသည့်နောက် ကျောက်ချိုင်ဟွားက သူမသည် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖြစ်ပျက်လာမည့် အနာဂတ်အကြောင်းအရာများကို ကြိုတင်သိရှိနေကြောင်း ပြောပြခဲ့ဖူးသည်။

ထိုစဉ်ကလည်း သူမသည် ကျိုးယဲ့နှင့် ပညာတတ်လူငယ်ကျန်းတို့ လုံးဝ လက်မထပ်သင့်ကြောင်း ပြောခဲ့သဖြင့် သူက ကျိုးယဲ့ မည်သူ့ကို လက်ထပ်ခဲ့သည်လဲဟု မေးခဲ့ဖူးသေးသည်။

"ကျောက်ချိုင်ဟွား... မင်း ကိုယ့်ကို အမှန်အတိုင်း ပြောမှာလား၊ မပြောဘူးလား။ ဒါမှမဟုတ် အရင်ဘဝတုန်းက မင်း ကိုယ့်ကို ကွာရှင်းပြီးတဲ့နောက် ကျိုးယဲ့နဲ့ လက်ထပ်ခဲ့လို့... အခုဘဝမှာ သူ တခြားလူနဲ့ လက်မထပ်ရအောင် လိုက်ရှုပ်နေတာလား။"

ဆွန်းတာ့ကျူး ဤစကားကို ပြောလိုက်သည့်အချိန်တွင် သူ၏မျက်ဝန်းထဲ၌ အေးစက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်ကို ကျောက်ချိုင်ဟွားတစ်ယောက် သတိမပြုမိလိုက်ပေ။

"မဟုတ်ပါဘူး... ကျွန်မ ဒီဘဝမှာ ရှင့်ကို ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။ တကယ်တော့ ကျိုးယဲ့က အရင်ဘဝတုန်းက ဘယ်သူနဲ့မှ လက်မထပ်ခဲ့တာပါ။"

"ဒါပေမဲ့... အခု သူက ရုတ်တရက်ကြီး အိမ်ထောင်ပြုတော့မယ်ဆိုတော့... ကျွန်မရဲ့ ပြန်မွေးဖွားလာမှုက အတုအယောင် ဖြစ်နေတာလား။ ဒါမှမဟုတ် ဒီ ကျန်းမန်မန်ကပဲ တစ်ခုခု မှားယွင်းနေလို့လား။"

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

All Chapters