အခန်း ၆၈
Vol. 7 Ch. 68
အပိုင်း ၆၈
သူမ၏ စကားကို ကြားလိုက်ရသည့်အခါ ဆွန်းတာ့ကျူးသည်လည်း ဆွံ့အမှင်တက်သွားရတော့သည်။
သူတို့ မင်္ဂလာဦးညတုန်းက ကျောက်ချိုင်ဟွာသည် အိပ်ရာမှ ရုတ်တရက် နိုးလာပြီး ထူးထူးဆန်းဆန်း အမူအရာများ လုပ်ကာ ဒါ ဘယ်နှစ်ခုနှစ်လဲဟူ၍လည်းကောင်း၊ အခြားမေးခွန်းများကိုလည်းကောင်း တောက်လျှောက် မေးမြန်းခဲ့ဖူးသည်။
ထို့နောက်တွင်မူ သူမသည် ဒုတိယအကြိမ် ဘဝအသစ်ပြန်စခွင့်ရထားသူဖြစ်ကြောင်းနှင့် နောင်လာမည့် နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုအကြာတွင် ဖြစ်ပျက်လာမည့် အကြောင်းအရာများကိုပါ လျှောက်ပြောနေခဲ့သေးသည်။
သူမ ဘယ်လိုမျိုး ပြန်လည်မွေးဖွားလာလဲဟု မေးသည့်အခါတွင်မူ နှုတ်ဆိတ်နေခဲ့ပြီး ကွာရှင်းချင်သည်ဟုသာ တတွင်တွင် ပြောနေခဲ့သည်။ 'ဟွန်း!'
'မင်း ကွာရှင်းချင်တယ်ဆိုတာနဲ့ပဲ ငါက သဘောတူမယ်တဲ့လား။'
'ငါသာ သဘောမတူသရွေ့တော့ မင်း ဘယ်လောက်ပဲ ကွာရှင်းချင်ပါစေ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး။'
ဤမျှတင်မကသေးဘဲ သူမ ပြောခဲ့သည့် အနာဂတ်ဟောကိန်း အတော်များများမှာ မှန်ကန်နေခဲ့ပြီး ကျိုးယဲ့နှင့် သူ၏ချစ်သူကိစ္စ တစ်ခုသာ လွဲချော်နေခဲ့ခြင်း ဖြစ်သည်။ မဟုတ်သေး... လွဲချော်နေခြင်း မဟုတ်ဘဲ ပြီးခဲ့သည့်ဘဝတုန်းက ထိုအချစ်ဇာတ်လမ်းက လုံးဝကို တည်ရှိမနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အကောင်းအဆိုး အကျိုးအမြတ်ကို အသေအချာ ချိန်ဆပြီးနောက် ဆွန်းတာကျူးသည် ကျောက်ချိုင်ဟွားအား ထိုလူနှစ်ဦးကို သွားရောက်မနှောင့်ယှက်စေရန် တားဆီးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ထိုလူနှစ်ဦးသည်လည်း ကြည့်ရသည်မှာ တစ်မျိုးတော့ ထူးဆန်းနေ၏။
ကျောက်ချိုင်ဟွားက ဘဝပြန်စခွင့်ရပြီး နောင်ဆယ်နှစ်စာ အနာဂတ်ကို ကြိုသိနေသည့်အတွက် တကယ့်ကို ထူးခြားဆန်းပြားသည့် လူတစ်ယောက် ဖြစ်နေသော်လည်း သူသည် သူမကို ဘယ်လိုမှ လက်လွှတ်မခံနိုင်ပေ။
သူက ကျောက်ချိုင်ဟွားကို စိုက်ကြည့်ရင်း ချက်ချင်းပင် လေသံကို နူးညံ့အောင် ပြောင်းလိုက်ပြီး ဆိုလိုက်သည်။
"မင်းပြောသလို သူတို့နှစ်ယောက်ရဲ့ လုပ်ရပ်တွေက ထူးဆန်းနေတယ်ဆိုရင်လည်း နောက်ပိုင်း သူတို့ကို ပြဿနာသွားမရှာဘဲ ရှောင်နေကြတာပေါ့။"
"အခုတော့ သူတို့လည်း လက်ထပ်ပြီးသွားကြပြီပဲ... ဘာတတ်နိုင်ဦးမှာလဲ။"
"ကိုယ်တို့လည်း ကိုယ်တို့ဘဝကိုပဲ အေးအေးဆေးဆေး ဖြတ်သန်းကြရအောင်။ မင်းပြောဖူးတယ်မလား... ပြီးခဲ့တဲ့ဘဝတုန်းက ကိုယ်က လောင်းကစားလုပ်လို့ အလိမ်ခံခဲ့ရတယ်ဆို။ ဒီတစ်ခေါက်တော့ ကိုယ် လုံးဝ လောင်းကစား မလုပ်တော့ဘူး၊ ဟုတ်ပြီလား။"
"က်ိုယ်တို့နှစ်ယောက်ရဲ့ ဘဝကိုပဲ ကောင်းကောင်းမွန်မွန် ထူထောင်ကြရအောင်။ မင်း ဘာလုပ်ရင် ပိုက်ဆံရမယ်ပြောပြော... ကိုယ် အကုန်လုပ်ပါ့မယ်။"
သူက တည်တည်တံ့တံ့နှင့် ကတိအထပ်ထပ် ပေးနေသည်ကို ကြားရသောအခါ ကျောက်ချိုင်ဟွား သူ့ကို အံ့ဩတကြီး မော့ကြည့်မိလိုက်သည်။
သို့သော်လည်း သူမအနေဖြင့် ဤယောက်ျားကို ယုံကြည်သင့်လားဆိုသည်ကိုတော့ သူမ ကိုယ့်ကိုယ်ကိုယ်ပင် မရေမရာ ဖြစ်နေမိတော့၏။
သူမ မှတ်မိသလောက်ဆိုလျှင် ပြီးခဲ့သည့်ဘဝတုန်းက ကျိုးယဲ့သည် ရေနစ်ပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသလို၊ တစ်သက်လုံးလည်း အိမ်ထောင်မပြုခဲ့ပေ။ သို့သော်လည်း နောက်ပိုင်းတွင်မူ သူသည် ရာထူးကြီးမားလှသော အရာရှိကြီးတစ်ဦး ဖြစ်လာခဲ့သည်။
သူမ၏ ဤဘဝတစ်ခုလုံးတွင် သူမ အလိုချင်ဆုံးအရာမှာ လောင်းကစားကြွေးမြီများကြောင့် နောက်ဆုံးတွင် မိမိကိုယ်ကိုပါ ပြန်လည်ရောင်းစားပစ်မည့် ဤယောက်ျားကို ကွာရှင်းပစ်ပြီး ကျိုးယဲ့နှင့် လက်ထပ်ရန်သာ ဖြစ်သည်။
သို့ရာတွင် အခုတော့ ကျိုးယဲ့က အိမ်ထောင်ပြုသွားလေပြီ။
ထို့အပြင် လီဟုန်မေ့ကရော ဘာလို့ လူသူမသိဘဲ ပျောက်ကွယ်သွားရသည်လဲ။
သူမ၏ ယခင်ဘဝတုန်းက လီဟုန်မေ့သည် ကျိုးယဲ့နောက်သို့ မဆုတ်မနစ် လိုက်လံပိုးပန်းခဲ့ပြီး ကျိုးယဲ့အနားကို ချဉ်းကပ်သမျှ မိန်းကလေးတိုင်းကိုလည်း နည်းလမ်းမျိုးစုံသုံးကာ နှိမ်နင်းခဲ့သည်။
နောက်ပိုင်းတွင်မူ လီဟုန်မေ့၏ နည်းလမ်းများက ရက်စက်ကြမ်းကြုတ်လွန်းလှသဖြင့် ကျိုးယဲ့ကိုယ်တိုင်လည်း သူမနှင့် အဆင်မပြေဖြစ်ခဲ့ရသည်။
သူမ မှတ်မိနေသေးသည်မှာ...
နောက်ထပ် နှစ်အနည်းငယ် ကြာသည့်အခါတွင် ဝက်ခြံရှိ ဝက်များကို တစ်အိမ်ထောင်ချင်းအလိုက် အညီအမျှစနစ်ဖြင့် ခွဲဝေပေးခဲ့ကြပြီး ဝက်မွေးမြူရေးခြံကြီး ပိတ်သိမ်းသွားခဲ့သည်။ ထိုအခါ ကျိုးယဲ့သည် ခရိုင်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုဆီသို့ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့ရသည်။
နောက်ပိုင်းတွင်မူ သူသည် ရာထူးအဆင့်ဆင့် ဆက်တိုက်တိုးတက်ခဲ့ပြီး အသင့်စားခေါက်ဆွဲခြောက်စက်ရုံ တစ်ခုကိုပင် တည်ထောင်နိုင်ခဲ့သေးသည်။
အတိုချုပ်ပြောရလျှင် သူသည် အလွန်အမင်း ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့ခြင်းပင်။
ယခင်ဘဝက သူမ သေဆုံးသွားခဲ့သည့် အချိန်အထိပင် သူသည် အိမ်ထောင်မပြုခဲ့သေးပေ။
သို့သော် ဘာလို့ ယခုဘဝကျမှ သူက ရုတ်တရက်ကြီး အိမ်ထောင်ပြုရသည်လဲ။
သူမသည် ဤအတွေးများဖြင့်သာ စိတ်ထဲ ဇဝေဇဝါ ဖြစ်နေခဲ့သဖြင့် ဆွန်းတာ့ကျူး၏ မျက်ဝန်းထဲမှ အေးစက်စက် အငွေ့အသက်များကို လုံးဝ သတိမပြုမိလိုက်ပေ။
"ဒါနဲ့... လောလောဆယ် ပိုက်ဆံရှာလို့ရမဲ့ အခွင့်အရေးမျိုးတွေရော ရှိသေးလား။"
"မရှိသေးဘူး၊ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှပဲ ရှိလိမ့်မယ်။ အဲဒီအချိန်ကျရင် တစ်ပိုင်တစ်နိုင် ပုဂ္ဂလိကလုပ်ငန်းတွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်ခွင့်ပြုတော့မှာဆိုတော့... အဲဒီကျမှပဲ ပိုက်ဆံရှာရမဲ့ အချိန်တန်မှာ။"
ယခုအချိန်ကတော့ အရာအားလုံးအတွက် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ။"
ဆွန်းတာ့ကျူးက အဖြေကို အသည်းအသန် မေးမြန်းလိုက်သည့်အခါမှ ကျောက်ချိုင်ဟွားသည် သူမ၏ အပြောလွန်သွားမှုကို ရုတ်တရက် သတိပြုမိသွားပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
"ဒါပေမဲ့လည်း... ဘဝကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး ဖြတ်သန်းသွားရမှာပေါ့။"
ဆွန်းတာ့ကျူးက သူမ၏စကားကို လုံးဝမယုံကြည်ကြောင်း ထင်ရှားလှသော်လည်း ဒါက အရေးမကြီးပေ။ သူတို့ ကွာမရှင်းကြသရွေ့ အဆင်ပြေသည်။
'သူမက ငါ့ရဲ့ မျက်စိအောက်မှာတင် ရှိနေတာပဲ၊ သူမ တစ်ခုခု လျှောက်မွှေမှာကို ငါက ဘာကိစ္စ ကြောက်နေရမှာလဲ။'
ကျန်းမန်မန်ကတော့ ဤအကြောင်းအရာများကို လုံးဝ မသိခဲ့ပေ။ ဘယ်လိုဖြစ်ဖြစ် သူမကတော့ ကျိုးယဲ့နှင့်အတူ ဖြတ်သန်းနေရသည့် လက်ရှိဘဝလေးကို အလွန်ပင် စိတ်ကျေနပ်နေမိသည်။
သူမသည် ညစာအတွက် ဝက်သားချိုချဉ်ဟင်း ချက်ပြုတ်ခဲ့ပြီး ထန်ရှောင်မင်ကိုလည်း အနည်းငယ် သွားရောက်မျှဝေပေးခဲ့သည်။
သူမသည် မိမိသဘောကျနှစ်သက်သည့် လူများအပေါ်တွင် အမြဲတမ်း အလွန် ရက်ရောတတ်သော်လည်း မနှစ်သက်သည့် လူများကိုမူ လုံးဝ လျစ်လျူရှု ထားတတ်သူ ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက်...
သူမ ပစ္စည်းဟောင်းအရောင်းဆိုင်ဆီသို့ နောက်တစ်ကြိမ် ထပ်မံသွားရောက်သည့် အခါတွင်မူ မမျှော်လင့်ထားဘဲ ကျောက်ချိုင်ဟွားနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။
ကျောက်ချိုင်ဟွားသည် ကျန်းမန်မန် ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ အလွန် ထိတ်လန့်သွားပြီး မျက်လုံးအစုံကို ပြူးလျက် စိုက်ကြည့်ကာ မေးလိုက်၏။
"နင်...နင်က ဒီနေရာကို ဘာလာလုပ်တာလဲ။"
"ဘာဖြစ်လို့လဲ။"
ထိုစဉ် အိမ်ထဲမှနေ၍ ဝဝတုတ်တုတ်နှင့် အဒေါ်ဖန်နှင့် ဆွန်းတာ့ကျူးတို့ ထွက်လာကြ၏။
ဆွန်းတာ့ကျူးသည် သူ၏ ရင်ခွင်ထဲတွင် ပစ္စည်းအချို့ကို ပိုက်ထားပြီး ကျန်းမန်မန်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်တော့ သူ၏ လှုပ်ရှားမှုများ တုံ့ခနဲ ရပ်တန့်သွားခဲ့သည်။
ထို့နောက် သူက ကျောက်ချိုင်ဟွားကို လှမ်းကြည့်လိုက်ရာ သူမသည်လည်း ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသလို အမူအရာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျက်ဝန်းများ ဝင်းပသွားကာ အမြန်ပြောလိုက်လေသည်။
"ဟော... ဒါက ပညာတတ်လူငယ်ကျန်း မဟုတ်လား။ ဒီနေရာကို ပစ္စည်းလာရောင်းတာလား၊ ဒါမှမဟုတ် လာဝယ်တာလား။"
ကျန်းမန်မန်သည် ထိုလင်မယားနှစ်ဦးကို ကြည့်ပြီး တစ်ခုခုတော့ ပုံမှန်မဟုတ်မှန်း ရိပ်မိလိုက်သည်။ သူမသည် ဆွန်းတာ့ကျူး ပိုက်ထားသည့် အရာကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မက ဒီမှာ ကျွန်မအတွက် အသုံးဝင်မဲ့ ဘယ်လို ပစ္စည်းကောင်းလေးတွေများ ရှိမလဲလို့ လာကြည့်တာပါ။ ရှင်တို့ ပုံစံကို ကြည့်ရတာတော့ တကယ့် ရတနာပစ္စည်းကောင်းတွေ အများကြီး ရထားပုံပဲနော်၊ ဟုတ်တယ်မလား။"
"ဘာပစ္စည်းကောင်း၊ ပစ္စည်းဆိုးလဲ။ ဒါတွေအကုန်လုံးက အသုံးမဝင်တဲ့ ခေတ်ဟောင်းပစ္စည်းတွေပါ၊ ဘာမှကောင်းတာ မပါပါဘူး။ ကဲ... ကိုယ်တို့ သွားကြစို့။"
သူတို့ ဇနီးမောင်နှံ ကပျာကယာ ထွက်ခွာသွားသည်ကို ကြည့်ပြီး ကျန်းမန်မန်သည် ခပ်ဝဝ အဒေါ်ကြီးဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"အဒေါ်ရေ... အဒေါ့်ရဲ့ စီးပွားရေးကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းလာတာပဲနော်။ ပစ္စည်းတွေ တော်တော်များများ ထပ်ရောင်းလိုက်ရပြန်ပြီမလား။"
"ဒါနဲ့... မကြာသေးခင်ကရော အဲဒီလို ရှေးဟောင်းပစ္စည်းတွေကို လာဝယ်တဲ့ တခြားသူတွေ ရှိသေးလား။"
သူမက စကားပြောရင်း လှော်ထားသည့် နေကြာစေ့တစ်ဆုပ်ကို နှိုက်ကာ အဒေါ်ကြီး၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
ထိုအဒေါ်ကြီးသည် နေကြာစေ့များကို ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ခေါင်းကို ခါယမ်းပြလိုက်သည်။
"မရှိပါဘူး၊ မင်းရယ်... ပြီးတော့ အခုလေးတင်ပဲ ထွက်သွားတဲ့ အဲဒီလင်မယားရယ်ပဲ ရှိတာ။"
"မင်း လာသွားပြီးတဲ့နောက် သူတို့ တစ်ခေါက် ရောက်လာသေးတယ်၊ အခုလည်း ထပ်ရောက်လာပြန်တာပဲ။ ထူးဆန်းတာကတော့... သူတို့က ပိုက်ဆံအများကြီး မတတ်နိုင်ကြလို့ အလွန်ဆုံးမှ လေးငါးယွမ်ဖိုးလောက်ပဲ ဝယ်ကြတာ။"
"မင်းလည်း ဟိုအထဲက ကြိုက်တာရှိရင် ယူချင်သလောက်သာ ယူပါ၊ ငါ့ကို ပိုက်ဆံအပြည့်အဝ ပေးရင်ရပြီ။"
ကျန်းမန်မန်သည် ထိုအဒေါ်ကြီး၏ စကားကို သံသယစိတ်ဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ပြီး နေကြာစေ့အချို့ကို မိမိအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ရင်း ပြောလိုက်သည်။
"ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ အဒေါ် လုံးဝ အရှုံးမခံစေရပါဘူး။"
"ဒါနဲ့... သူတို့က ဘာပစ္စည်းတွေ အဓိက ဝယ်သွားကြတာလဲ။"
"ကျောက်စိမ်းအလှဆင်ပစ္စည်းတွေရယ်၊ ကြေးထည်တွေရယ်လေ။"
"မဟုတ်ရင်တော့ အဲဒီကြေးထည်ပစ္စည်းတွေအကုန်လုံးကို စက်ရုံကိုပို့ပြီး အရည်ကြိုပြီးမှ ပြန်သုံးရတော့မှာ၊ ဘာတန်ဖိုးမှရှိတာ မဟုတ်ဘူး။"
ကျန်းမန်မန်ကတော့ စိတ်ထဲမှ ဆွံ့အသွားခဲ့မိသည်။ တကယ်လို့ ဤလူတွေသာ ဒီလိုမျိုး ဆက်တွေးနေကြဦးမည် ဆိုလျှင် ရွှေထည်၊ ငွေထည်၊ ကြေးထည်များနှင့် အခြားရှေးဟောင်းပစ္စည်း အားလုံးသည် တကယ်ကို ပျက်စီးဆုံးရှုံးကုန်ကြတော့မည်။
ရုတ်တရက် ထိုအဖိုးတန် ရှေးဟောင်းပစ္စည်းများက သူမကို လှမ်းပြီး လက်ယပ်ခေါ်နေသကဲ့သို့ ခံစားလိုက်ရ၏။
'ဒီပစ္စည်းတွေက သူတို့ကို ကာကွယ်စောင့်ရှောက်မဲ့သူ လိုအပ်နေတာပဲ။'
'ငါ လာပြီနော်!'
သူမသည် ပစ္စည်းဟောင်းအရောင်းဆိုင်ထဲရှိ ပြန်လည်အသုံးပြုရန် စွန့်ပစ်ထားသော ကြေးထည်ပစ္စည်းများထဲမှ တန်ဖိုးရှိနိုင်မည့် အရာအားလုံးကို ခြင်းတောင်းထဲသို့ ထည့်သွင်းလိုက်ပြီး ကျောက်စိမ်းပစ္စည်းများကိုမူ ပို၍ သေသေချာချာ ရွေးချယ်ကာ သိမ်းဆည်းလိုက်သည်။
နှမြောစရာကောင်းသည်မှာ ဤတစ်ခေါက်တွင်မူ တကယ်ကို ရှားပါးလှသော ကျန်းနန်သစ်သားနှင့် ပြုလုပ်ထားသည့် ပစ္စည်းမျိုး တစ်ခုမျှ ထပ်မတွေ့ရတော့ခြင်းပင်။
၎င်းကို ရွှေအဖြစ် ပြောင်းလဲ၍ မရနိုင်သော်လည်း တကယ်ကို ရှားပါးလှသည့် သစ်သားအမျိုးအစား ဖြစ်နေပေသည်။
"ဟင်... ဒါက ဘာအနံ့လဲ။ တကယ်ပဲလား။"
ဤနေရာတွင် အလွန်အဖိုးတန်သော သစ်မွှေးတုံးတစ်တုံး ရှိနေသည်။ သူမအနေဖြင့် ဤကဲ့သို့သော ရတနာမျိုးကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခြင်းမှာ တကယ်ကို မယုံနိုင်စရာပင်။
သူမသည် ထိုသစ်မွှေးတုံးကို ကောက်ကိုင်ကာ အပြင်သို့ သယ်ဆောင်လာခဲ့လိုက်သည်။
"အဒေါ်... ကျွန်မ ဒီသစ်သားတုံးကို
ယူသွားမယ်နော်။"
ခပ်ဝဝ အဒေါ်ကြီးကတော့ ထိုသစ်သားတုံးကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ယူသွား... ယူသွား၊ ငါ့အတွက်တော့ အဲဒီဟာက အနံ့တော်တော်မွှေးလို့ ဒီအတိုင်း ပစ်ထားတာ။ ကျန်တဲ့ တစ်ဝက်ကိုတော့ ငါ ထင်းလုပ်ပြီး သုံးလိုက်ပြီ။"
"အနံ့က နည်းနည်းတော့ပြင်းတယ်၊ နှာခေါင်းထဲကို စူးနေတာပဲ။"
ကျန်းမန်မန်မှာတော့ မှင်တက်သွားရပြန်သည်။ တန်ဖိုးဖြတ်မရသည့် သစ်မွှေးတုံးကို ထင်းလုပ်ပြီး သုံးလိုက်ခြင်းက အလွန်အမင်း ဖြုန်းတီးပစ်လိုက်ခြင်းပင်။
ဒီအဒေါ်ကြီးကတော့ တကယ်ကို ရက်ရက်ရောရော ဖြုန်းတီးပစ်နိုင်လွန်းသည်။
သူမသည် ထိုသစ်သားတုံးကို ကြည့်ခဲ့ချိန်က ခွေးကိုက်ထားသလို ပုံပျက်ပန်းပျက် ဖြစ်နေသည်ဟု ခံစားခဲ့ရပြီး ဘာကြောင့်လဲဆိုသည်ကိုတော့ ယခုမှသာ သေသေချာချာ သိလိုက်ရတော့သည်။
တကယ်ကို နှမြောစရာကောင်းလွန်း၏။
ဤသစ်မွှေးတုံးသည် အချင်း ၃၀ စင်တီမီတာခန့်ရှိပြီး မညီမညာဖြစ်နေသော အလျားမှာမူ မီတာဝက်နီးပါး ရှိသည်။
ဤမျှ အဖိုးတန်သည့်အရာသည်တောင် ထက်ပိုင်းအဖြတ်ခံထားရသည်။ အကယ်၍သာ သူမ ကိုယ်တိုင် မျက်လုံးနှင့် မမြင်ခဲ့ရဘူးဆိုလျှင် ဒီလောက်အထိ ဆုံးရှုံးသွားလိမ့်မည်ဟု ဘယ်လိုမှ တွေးကြည့်မိခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအရာများကို သိမ်းဆည်းပြီးနောက် သူမသည် လက်ရေးလှစာချွန်နှင့် ပန်းချီကားလိပ် အနည်းငယ်ကိုပါ ထပ်မံတွေ့ရှိခဲ့ပြန်သည်။ အရှေ့ရှိ ပန်းချီကားချပ်များကို သေသေချာချာ စစ်ဆေးကြည့်နေရင်းနှင့် ကျန်းမန်မန်သည် ၎င်းတို့ထဲမှ ပန်းချီကားလိပ်တစ်ခု၏ အစွန်းတွင်ထည့်သွင်းထားသော သစ်သားလက်ကိုင်အဖုံးလေးကို အသာအယာ လှည့်ဖွင့်ကြည့်လိုက်သည်။
ထိုအခါ အထဲတွင် တောက်ပနေသော အဝါရင့်ရောင် ရွှေတုံးအသေးစားလေးများ စီစီရီရီ ရှိနေသည်ကို တွေ့လိုက်ရလေ၏။
သူမသည် မည်သူမျှ မမြင်နိုင်အောင် ထိုရွှေတုံးလေးများကို တိတ်တဆိတ် ထုတ်ယူပြီး သူမ၏ နေရာလွတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။
ယနေ့ ကျောက်ချိုင်ဟွားတို့ လင်မယားနှစ်ယောက်ကို တွေ့လိုက်ရပြီးနောက် သူမ၏ စိတ်ထဲ ထူးဆန်းသလို ခံစားမိနေခဲ့သည်။
ကြည့်ရသည်မှာ ထိုလူနှစ်ယောက်သည်လည်း ဤကဲ့သို့သော ရှေးဟောင်းရတနာပစ္စည်းများကိုသာ ဦးတည်ပြီး လာရောက် ရှာဖွေကြခြင်းဖြစ်မည်။ ဤသည်မှာ ပုံမှန်ကိစ္စတစ်ခုဖြစ်နိုင်သော်လည်း တစ်ခုခုကတော့ လွဲချော်နေသလို ခံစားနေရဆဲပင်။
ဤတစ်ခေါက် ခရီးစဉ်တွင်မူ သူမသည် နောက်ထပ် ယွမ်တစ်ရာတန် ငွေစက္ကူ နှစ်ရွက်ကို ထပ်မံ အသုံးပြုလိုက်ရပြန်သည်။
ကျန်းမန်မန်သည် အိမ်သို့ ပြန်ရောက်သည့်အခါ ရရှိလာသမျှ ပစ္စည်းများအားလုံးကို နေရာလွတ်ထဲသို့ အမြန်ဆုံး ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။
သူမ သိမ်းဆည်းခြင်းမပြုဘဲ ချန်ထားခဲ့သည့် တစ်ခုတည်းသော အရာမှာတော့ လက်ကိုင်အဖုံးထဲတွင် ရွှေရောင်ငါးရုပ်လေးများ ထည့်သွင်းထားသည့် ပန်းချီကားချပ်လေးတစ်ခုသာ ဖြစ်သည်။
သူမ အိမ်သို့ ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျိုးယဲ့လည်း တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။
သူတို့ဇနီးမောင်နှံသည် ရွာသားအားလုံးကို စားသောက်ပွဲကြီးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးကတည်းက ရွာသားများအားလုံးက သူတို့အပေါ် ဖော်ဖော်ရွေရွေနှင့် နွေးနွေးထွေးထွေး ဆက်ဆံလာခဲ့ကြသည်။
"ကျိုးယဲ့... မြန်မြန်လာပါဦး။ ကျွန်မမှာ ရှင့်ကို ပြဖို့ ပစ္စည်းကောင်းတစ်ခု ရှိတယ်။"
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ