← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အပိုင်း ၆၉

ဇနီးဖြစ်သူ၏ တက်ကြွလှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသည့်အခါ ကျိုးယဲ့လည်း စူးစမ်းလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

"တောကြက်ဥတွေ တွေ့လာလို့လား။ ဒါမှမဟုတ် ဘဲဥတွေက သားပေါက်လာလို့လား။"

"ဒါတွေ တစ်ခုမှ မဟုတ်ဘူး၊ မြန်မြန်လာပါဆို..."

ကျန်းမန်မန်သည် ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့ဝင်းထဲတွင်မူ လူတစ်ဦးတစ်ယောက်မှ ရှိမနေပေ။

ဘယ်လိုဖြစ်ဖြစ်... သူတို့အိမ်ဝင်းထဲသို့ ပုံမှန်အားဖြင့် အခြားသူများ မလာတတ်ကြပေ။

သို့သော်လည်း သူမ၏ လျှို့ဝှက်လွန်းလှသော အပြုအမူများကြောင့် ကျိုးယဲ့၏ စူးစမ်းလိုစိတ်ကို ပိုမိုဆွပေးသကဲ့သို့ ဖြစ်သွားသဖြင့် မေးလိုက်တော့သည်။

"မင်း ပုံစံကလည်း တစ်မျိုးပဲ။ ကဲ... မင်းမှာ ဘာပစ္စည်းကောင်းတွေ ရှိလဲဆိုတာ ကိုယ့်ကို မြန်မြန် ထုတ်ပြစမ်းပါဦး။"

ကျန်းမန်မန်က သူ့ကို ခုတင်ပေါ်သို့ တက်လာရန် လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်ပြီးနောက် သူမ၏လက်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။

"ဒီမှာကြည့်စမ်း... ဒါ ဘာလဲဆိုတာ သိလား။"

ကျိုးယဲ့အနေဖြင့်မူ နာမည်ကျော် ပန်းချီပညာရှင်များ၏ လက်ရေးလှစာချွန်နှင့် ပန်းချီကားချပ်များနှင့် ပတ်သက်၍ ဘာတစ်ခုမှ နားမလည်နေခဲ့ပေ။

"နာမည်ကြီး စာပန်းချီတွေလား။ ရှေးဟောင်းပစ္စည်းတွေလား။"

ကျန်းမန်မန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို အနားသို့ တိုးလာရန် အချက်ပြကာ ပြောလိုက်သည်။

"ဒီပန်းချီကားက 'ဖူချွမ်တောင်တန်းမှာ အခြေချနေထိုင်ခြင်း' လို့ ခေါ်တယ်။ ဒါကို သက္ကရာဇ် ၁၃၅၀ ခုနှစ်၊ ယွမ်မင်းဆက်ခေတ်တုန်းက ပန်းချီဆရာကြီး ဟွမ်ကုန်းဝမ် ရေးဆွဲခဲ့တာ။ ပန်းချီလောကရဲ့ 'လန်ထင်ကျမ်းဦး' လို့တောင် တင်စားခေါ်ဝေါ်ကြတာလေ။"

"ဒါက တကယ်ကို တန်ဖိုးဖြတ်မရတဲ့ အဖိုးတန်ပစ္စည်းပဲ၊ ဒါပေမဲ့ ဒါက အစစ် ဟုတ်မဟုတ်တော့ ကျွန်မလည်း သေချာမသိဘူး။"

ကျိုးယဲ့က သူမကို ကြည့်ရင်း မျက်ဝန်းများ ဝင်းပသွားကာ မေးလိုက်သည်။"မင်းက ဒီလောက်အများကြီး သိနေတာလား။"

ကျန်းမန်မန်က လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်သည်။"အရင်တုန်းက ပေကျင်းက ပစ္စည်းအဟောင်းအရောင်းဆိုင်မှာ ရှိတဲ့ အဘိုးကြီးတစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ခဲ့ဖူးတယ်။ အဲဒီအဘိုးကြီးက တကယ့်ကို သဘောကောင်းတဲ့သူမို့လို့ ကျွန်မကို ဒီလိုမျိုးတွေ အများကြီး ပြောပြခဲ့တာ။"

"ဒါပေမဲ့ အခုက အဲဒါက အဓိက မဟုတ်ဘူး။ အဓိကအချက်က ဒါ... ဒီမှာကြည့်။"

သူမက သူ့ကို ပန်းချီကားလိပ်နှစ်ခုလုံးကို ဖြုတ်ခိုင်းလိုက်ပြီးနောက် ပန်းချီကားလိပ်တစ်ခုစီ၏ လက်ကိုင်အိုးထဲမှနေ၍ ရွှေတုံး ခြောက်တုံးစီကို သွန်ထုတ်ပြလိုက်တော့သည်။

ရွှေတုံးတစ်တုံးချင်းစီသည် လက်ညှိုးတစ်ချောင်းစာခန့် အရွယ်အစား ရှိကြသည်။

ရွှေတုံးသုံးတုံးကို ဆင့်ထားသည့် ပုံစံမျိုးဖြင့် ဤပန်းချီကားလိပ်၏ အထဲတွင် သိုဝှက်ထားခြင်း ဖြစ်သည်။

ဘာမှနားမလည်သည့် လူများသာဆိုလျှင် ပန်းချီကားလိပ်၏ ဘေးနှစ်ဖက်တွင် ၎င်းကို ထိန်းညှိပေးရန်အတွက် သံတုံး သို့မဟုတ် အလားတူသည့်အရာတစ်ခုခု ပါရှိနေ၍ လေးလံနေခြင်းဖြစ်မည်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။

သို့သော် ကျန်းမန်မန်ကမူ ဤသည်မှာ ထိုသို့မဟုတ်မှန်း ကောင်းကောင်းသိနေခဲ့သည်။

ကျိုးယဲ့လည်း ခုတင်ပေါ်တွင် ပြန့်ကျဲသွားသည့် ရွှေတုံးများကို မြင်လိုက်ရသည့်အခါ အံ့ဩလွန်း၍ လုံးဝ ဆွံ့အမှင်တက်သွားရတော့သည်။

သူ၏ ဇနီးဖြစ်သူသည် ဤမျှလောက်အထိ ကံကောင်းလိမ့်မည်ဟု ကျိုးယဲ့တစ်ယောက် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

သူမ၏ ရဲတင်းလှသော ဤလုပ်ရပ်ကြောင့် သူ တကယ်ကို ထိတ်လန့်သွားရ၏။

သူက အံ့ဩဝမ်းသာဖြစ်နေသော လေသံဖြင့် ဆိုလိုက်သည်။"မြန်မြန်... မြန်မြန်သိမ်းထားလိုက် မိန်းမ၊ ပြီးရင် ဘယ်သူမှမသိနိုင်မဲ့ နေရာတစ်ခုမှာ သေသေချာချာ သွားဝှက်ထားလိုက်လေ။"

ကျန်းမန်မန်က ခုတင်ပေါ်တွင် ထိုင်ရင်း သဘောကျစွာ ရယ်မောလိုက်လေသည်။"ရှင့်ရဲ့ ကြောင်တောင်တောင် မျက်နှာကြီးကိုလည်း ကြည့်ပါဦး... ဟားဟားဟား၊ ရှင်က ဒီရွှေတုံးတွေကိုပဲ တန်ဖိုးကြီးတယ်လို့ ထင်နေတာမလား။"

"တကယ်တော့ ဒီရွှေတုံးတွေက ဒီပန်းချီကားလောက် တန်ဖိုးမရှိဘူး။ အရင်ဆုံး ပန်းချီကားကို သေသေချာချာ ဝှက်ထားရမယ်၊ ရွှေတုံးတွေကိုလည်း သွားဝှက်ထားရမယ်။ နောက်နှစ် နှစ်သစ်ကူးကျလို့ ရှင့်မိသားစုဆီ သွားလည်တဲ့အခါကျရင် သုံးလို့ရတာပေါ့။"

"ဒါကို အပြင်ထုတ်ပြီး သုံးလို့ရပါ့မလား။"

"တကယ်လို့ လောလောဆယ် သုံးလို့မရသေးရင်လည်း နောက်ထပ် နှစ်နှစ်လောက် စောင့်ရုံပေါ့၊ အလောတကြီး လုပ်စရာမလိုပါဘူး။"

ထိုစဉ် ကျိုးယဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် လှမ်းမေးလိုက်သည်။

"မင်း အပ်ချုပ်စက်တစ်လုံး ဝယ်ချင်လား။"

ကျန်းမန်မန်၏ မျက်ဝန်းများ ချက်ချင်း ဝင်းပသွား၏။ဘာလို့မဝယ်ချင်ရမည်လဲ။

သူမ၏ ယခင်ဘဝတုန်းက သူမသည် အထည်ဆိုင်တစ်ဆိုင်ကို ဦးစီးဖွင့်လှစ်ခဲ့ဖူးသည်။ ထို့ကြောင့် အဝတ်အစား ဒီဇိုင်းစတိုင်မျိုးစုံနှင့် မည်သည့်အဝတ်အစားက မည်သူနှင့် လိုက်ဖက်သည်ဆိုသည်ကို သူမ ကောင်းကောင်း နားလည်သဘောပေါက်ထားသည်။

သို့သော် ယခုခေတ်ကြီးထဲတွင်တော့ ထိုအကြောင်းများကို ပြောရန် စောလွန်းနေသေးသည်။ အသက် ၈၀ ကျော်မှ ကိုယ်ပိုင်စက်ရုံ ထောင်နိုင်မည့် အခြေအနေမျိုးကို တွေးမိသွားသည့်အခါ သူမ၏ စိတ်ဝင်စားမှုများ ချက်ချင်း လျော့နည်းသွားရတော့သည်။

"မဝယ်ချင်ပါဘူး။"

"နောက်တော့မှပဲ ဒါတွေကို ဆက်ပြောကြတာပေါ့။"

ကျိုးယဲ့သည် သူမ၏မျက်ဝန်းများ အစောပိုင်းက ဝင်းပသွားခဲ့သော်လည်း ဘာကြောင့် ရုတ်တရက် စိတ်ကူးပြောင်းကာ ငြင်းပယ်လိုက်ရသည်ကို မေးမြန်းတော့သည်။

"ဘာဖြစ်လို့လဲ မိန်းမ။"

"ဘာမှမဖြစ်ပါဘူး၊ အခုလောလောဆယ် ဝယ်လည်း ဘာမှထူးခြားမလာပါဘူး၊ နောက်မှပဲ ဝယ်ကြတာပေါ့။"

သူမက ထိုသို့ပြောလာသဖြင့် ကျိုးယဲ့လည်း ထပ်ပြီး အတင်းအကျပ် မမေးတော့ပေ။

ထိုအစား... သူတို့နှစ်ဦးသည် "ဖူချွမ်တောင်တန်းတွင် အခြေချနေထိုင်ခြင်း" ပန်းချီကားချပ်ကိုသာ အတူတူ စိုက်ကြည့်နေခဲ့ကြတော့သည်။

"ဒါက တကယ်ပဲ တန်ဖိုးရှိတာလား။ ကိုယ့်မျက်စိထဲမှာတော့ ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ချက်မှ မမြင်မိဘူး။"

ကျန်းမန်မန် ကိုယ်တိုင်လည်း ၎င်း၏ မည်သည့်နေရာက ဆွဲဆောင်မှုရှိနေလဲဆိုသည်ကို မမြင်နိုင်ပေ။

"ဒါက အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် ရှေးလူကြီးတွေ ဆွဲခဲ့တဲ့ ပန်းချီကားဆိုရင် ရပြီပဲ၊ ဒီအတိုင်း သိမ်းထားလိုက်ရုံပေါ့။"

သူမ၏ စကားကို ကြားရသောအခါ ကျိုးယဲ့လည်း ထိုပန်းချီကားအကြောင်းကို ဆက်မပြောနေတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အခုလောလောဆယ်တော့... ဒီပန်းချီကားက အိမ်က ဘဲပေါက်လေးတွေလောက် ကိုယ့်ကို စိတ်မဝင်စားစေနိုင်ဘူး။"

"ဒါနဲ့... ဒီအကောင်လေးတွေက ဘယ်တော့လောက်မှ သားပေါက်လာမှာလဲ။"

ကျန်းမန်မန်တွင်မူ စာတွေ့ဗဟုသုတသာ ရှိပြီး လက်တွေ့ သားဖောက်ရခြင်းမှာ ဤတစ်ကြိမ်က ပထမဦးဆုံး ဖြစ်ပြီး ထိုအချက်ကိုယ်တိုင်က သူမအတွက် ပို၍ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ကောင်းနေခြင်း ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ်က အဘွားဖြစ်သူ ကြက်ဥ၊ ဘဲဥများအား သားဖောက်သည်ကို ဘေးကနေ ကြည့်ဖူးခဲ့ရုံသာ ရှိသည်။

သူမသည် ဘဲဥများ၏ အောက်ခြေကို လက်ဖြင့် အသာအယာ တို့ထိကာ အပူရှိန်ကို စစ်ဆေးကြည့်လိုက်၏။

အပူရှိန်ကတော့ ပုံမှန်အတိုင်း သေသေချာချာ ရှိနေဆဲပင်။

"အခုဆို ဆယ်ရက်ကျော်သွားပြီဆိုတော့ နောက်ထပ် ဆယ်ရက် ဒါမှမဟုတ် ဆယ့်ငါးရက်လောက်ဆိုရင်တော့ ရလောက်ပြီ။ ပုံမှန်ဆိုရင်တော့ ရက်ပေါင်းသုံးဆယ်လောက် ကြာတတ်တယ်လေ။"

သူတို့နှစ်ဦးသည် ခုတင်ပေါ်တွင် ဥလေးများအကြောင်း ပြောဆိုနေကြရင်းနှင့် သူတို့၏ မင်္ဂလာစားသောက်ပွဲ ကျင်းပခဲ့သည့်နေ့မှ ရယ်စရာ အကြောင်းအရာများကို ပြန်လည်ပြောမိခဲ့ကြသေးသည်။

သူတို့ဇနီးမောင်နှံဘက်မှ ဟင်းချက်စရာ အိုးခွက်ပန်းကန်နှင့် ပါဝင်ပစ္စည်းများကိုသာ ထုတ်ပေးခဲ့ရပြီး ကျန်သည့် စားပွဲ၊ ခုံ၊ ပန်းကန်လုံးနှင့် ထမင်းစားတူ များကိုမူ ရွာရှိ အိမ်ထောင်စုတိုင်းက မိမိတို့ဘာသာ ယူဆောင်လာခဲ့ကြလေသည်။

သူတို့အားလုံးသည် ကိုယ်ပိုင်ပန်းကန်နှင့်ခွက်များကို ယူဆောင်လာခဲ့ကြပြီး စားသောက်ပြီးသည့်အခါတွင်လည်း ၎င်းတို့ကို ကိုယ်စီ ပြန်လည်သိမ်းဆည်း ယူဆောင်သွားခဲ့ကြသည်။

နောက်ဆုံးတွင် စားကြွင်းစားကျန် အစားအစာများကိုပင် ရွာသားများက အကုန်အစင် သယ်ယူသွားကြသဖြင့် ဘာတစ်ခုမှ မကျန်ရစ်ခဲ့တော့ပေ။

ထိုအခြေအနေမှာ လူအုပ်ကြီးသည် တစ်ပြိုင်နက်တည်း ဝုန်းခနဲ ရောက်ရှိလာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာတင် လျှပ်စီးလက်သကဲ့သို့ ဝုန်းခနဲ ပြန်လည်ထွက်ခွာသွားကြသည့်အတိုင်းပင်။

ထို့ကြောင့်လည်း စားသောက်ပွဲပြီးသွားသည့်တိုင် အမှိုက်သရိုက် တစ်ခုမှ ကျန်ရစ်မနေခဲ့ခြင်းဖြစ်သည်။

ပထမဦးဆုံး ဟင်းချက်သည့်အချိန်တွင်မူ ဆူညံပွက်လောရိုက်နေခဲ့သော်လည်း အစားအသောက် စားသည့်အချိန်တွင်မူ တကယ်ကို လျှပ်စီးလက်သည့် အရှိန်အဟုန်မျိုးဖြင့် အလုအယက် စားသောက်ခဲ့ကြလေသည်။

အတိုချုပ်ပြောရလျှင် သူတို့၏ အဓိက ဦးတည်ချက်မှာ အမြန်နှုန်းသာ ဖြစ်သည်။

ရွာသားများ ပေးအပ်ကြသည့် မင်္ဂလာလက်ဖွဲ့ပစ္စည်းများမှာလည်း ကြက်ဥ နှစ်လုံး သို့မဟုတ် အဝတ်စ တစ်စစီသာ ဖြစ်ကြပြီး ဤအရာများကိုပင် သူတို့က တကယ်ကို အဖိုးတန်လှသည့် လက်ဖွဲ့ပစ္စည်းများအဖြစ် သတ်မှတ်ကြသည်။

အချို့ကလည်း ပြားနှစ်ဆယ် သို့မဟုတ် တစ်ဆယ်ပြားတန် ဒင်္ဂါးပြားလေးများကို လက်ဖွဲ့ကြသည်။

ဘယ်လိုဖြစ်ဖြစ်.ထိုအသေးအဖွဲ့ ကိစ္စများကိုတော့ စိတ်ထဲထားပြီး ပူပန်နေစရာ မလိုပေ။

သူမသည် တောကြက်များကို အမိအရ ဖမ်းဆီးနိုင်ရန်အတွက် ထောင်ချောက်ဆင်ရန် ပဒိုင်းစေ့များနှင့် ရောနှောထားသည့် ပြောင်းဖူးစေ့များကို ငါးဖမ်းပိုက်ထဲသို့ ဖြန့်ချထားခဲ့သည်။

ထိုပြောင်းဖူးစေ့များကိုမူ ကျိုးယဲ့က ထုတ်ပေးခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင်မူ အဖွဲ့အစည်းဘက်က ဤကုန်ကျစရိတ်များကို ပြန်လည်၍ ပေးချေပေးခဲ့သည်။

ယခုအခါတွင်မူ ဤရွှေတုံးအသေးလေး ၁၂ တုံးကို ပိုင်ဆိုင်ထားရပြီဖြစ်သဖြင့် ကျန်းမန်မန်သည် ဘာမှလုပ်စရာမလိုတော့ဘဲ အေးအေးဆေးဆေးဖြင့် ဘဝကို သာယာလှပစွာ ဖြတ်သန်းနိုင်ပြီဟု စိတ်ထဲတွင် ခံစားမိနေလေသည်။

နောက်တစ်နေ့ မနက်ခင်းတွင်မူ ကျန်းမန်မန်သည် ပုံမှန်အတိုင်းပင် ခြင်းတောင်းကို လွယ်ကာ ဝက်စာမြက်ရိတ်ရန်အတွက် တောင်ပေါ်သို့ တက်လာခဲ့သည်။

မွန်းလွဲပိုင်းတွင်တော့ ကျိုးယဲ့က သူ၏ သေနတ်ကိုယူကာ ကျန်းမန်မန်နှင့်အတူ တောင်ပေါ်သို့ အမဲလိုက်ရန် ထွက်ခွာခဲ့ကြ၏။

အမှန်တကယ်တော့ အမဲလိုက်သည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်ပြီး ကျိုးယဲ့၏ အဓိက ရည်ရွယ်ချက်မှာ ကျန်းမန်မန်ကို သေနတ်ပစ်နည်း သင်ကြားပေးလိုခြင်း ဖြစ်သည်။

ဤခေတ်အချိန်အခါမျိုးတွင် သေနတ်ပစ်ခြင်း အတတ်ပညာသည် သူမတို့လို မိန်းကလေးများ တတ်မြောက်ထားရမည့် အတတ်ပညာမျိုး မဟုတ်နေသေးပေ။

"ရှင် ကျွန်မကို တကယ်ပဲ သင်ပေးချင်တယ်ဆိုရင်လည်း ကျွန်မကတော့ ပစ်မှတ်လွဲမှာကို မကြောက်ပါဘူး၊ ရှင့်ရဲ့ ကျည်ဆန်တွေကို ဖြုန်းတီးမိမှာကိုပဲ ကြောက်တာပါ။"

"ကိုယ်ကတောင် မကြောက်တာကို မင်းက ဘာကို ကြောက်နေရတာလဲ။ ကဲ... လာပါ၊ ကိုယ် သင်ပေးမယ်။"

သူတို့နှစ်ဦးသည် တောင်ပေါ်သို့ တက်လာခဲ့ကြပြီး လူသူကင်းမဲ့ပြီး ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေကာ ကျိုးယဲ့က သူမကို သေနတ်ပစ်နည်း စတင်သင်ကြားပေးတော့သည်။

သူတို့နှစ်ဦး အတူတကွ ပျော်ရွှင်စွာဖြင့် တောင်ပေါ်သို့ တက်သွားကြသည်ကို လှမ်းကြည့်နေသော လုဟုန်ကျွမ်းတော့ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ တဖွားဖွား ပေါ်ပေါက်ကာ တနုံ့နုံ့ ခံစားနေရတော့သည်။

သို့သော်လည်း သူမကို မကျေမနပ်မျက်လုံးများနှင့် ကြည့်ပြီး ဘေးဘက်မှ သရော်သည့်စကားများ တတွတ်တွတ်ပြောနေသည့် ဝမ်တန်တန် ရှိနေသောကြောင့် သူမ ဘာမှလုပ်လို့မရဘဲ ရင်ထဲတွင်သာ ဒေါသူပုန်ထနေရတော့သည်။

ကျန်းမန်မန်တို့ ဇနီးမောင်နှံသည် တောင်ပေါ်တွင် ပျော်ပျော်ပါးပါး သေနတ်ပစ်ကျင့်နေကြသော်လည်း တောင်အောက်မှ ဝက်ခြံတွင်ရှိသော သူများကတော့ စိုးရိမ်တကြီးနှင့် ခေါင်းတကုတ်ကုတ် ဖြစ်နေကြရသည်။

ထိုစဉ် အတွင်းရေးမှူးကျောက်က သူတို့ဆီသို့ လှမ်းလျှောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။"

"ဒိုင်း!"

ရုတ်တရက် ထွက်ပေါ်လာတဲ့ သေနတ်သံကြောင့် သူ တုန်လှုပ်သွားပြီး ကိုယ်ကို ချက်ချင်း အောက်သို့ ငုံ့ချလိုက်မိသည်။

"ဘာ... ဘာဖြစ်တာလဲ။"

ကောမာဇီက သူ့ကို မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ရင်း ဆိုလိုက်သည်။

"အတွင်းရေးမှူးကျောက်... သိပ်လည်း ထိတ်လန့်မနေပါနဲ့။ ဒါက ကျွန်တော်တို့ အစ်ကိုယဲ့က သူ့မိန်းမကို သေနတ်ပစ်သင်ပေးဖို့အတွက် တောင်ပေါ်ခေါ်သွားတာပါ။ ဒါပေမဲ့ သူတို့ ပစ်မှတ်ကို ထိပါ့မလားဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။"

ထိုစကားကို ကြားလိုက်ရသောအခါ အတွင်းရေးမှူးကျောက်က မျက်လုံးအသာဝေ့ကြည့်ရင်း ဆိုလိုက်သည်။

"ဪ... ဒီလိုလား။ ဒါလေးပဲကို မင်းတို့က ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေကြတာလဲ။"

"ဒိုင်း!"

သူသည် စိတ်မလှုပ်ရှားပါဘူးဟု ဆိုနေသော်လည်း တကယ့်လက်တွေ့တွင်မူ ဒီလိုသေနတ်သံများကို အနီးကပ်ကြားနေရပါက မည်သူမဆို ရင်မတုန်ဘဲ နေနိုင်ရန် ခက်ခဲလှပေသည်။

"ဒါဆိုရင်လည်း မင်းတို့အားလုံး ဘာလို့ ဒီမှာ ရပ်ပြီးကြည့်နေကြတာလဲ။ တောင်ပေါ်တက်ပြီး သွားမကြည့်ကြဘူးလား။"

ကောမာဇီသည် ထိုသူကို အမှန်တကယ် မျက်မှောင်ကြုတ်၍ ကြည့်လိုက်ချင်မိသည်။

"အတွင်းရေးမှူးကျောက်... အဲဒီစိတ်ကူးမျိုး လုံးဝ မတွေးပါနဲ့။ ကျွန်တော့်မရီးက အခုမှ စသင်နေတဲ့သူလေ။ တကယ်လို့ ပစ်မှတ်လွဲပြီး ကျွန်တော်တို့ကို လာမှန်ရင် ဘယ်လိုလုပ်မလဲ။"

ထိုစကားကို ကြားလိုက်ရသည့်အခါ အတွင်းရေးမှူးကျောက်လည်း အံ့အားသင့်သွားပြီး အပျော်သဘော သွားရောက်ကြည့်ရှုချင်သည့် စိတ်များ ချက်ချင်းပင် လွင့်ပြယ်သွားတော့၏။

'မသွားတာပဲ ကောင်းပါတယ်လေ... အပျော်သဘော သွားကြည့်ရုံနဲ့တော့ အသက်အန္တရာယ်မကြုံချင်ပါဘူး။'

ထို့နောက်တွင်တော့ သူသည်လည်း တောင်အောက်မှ လူအုပ်ကြီးနှင့်အတူ ရင်တထိတ်ထိတ်ဖြင့်သာ ဆက်စောင့်ဆိုင်းနေခဲ့တော့သည်။

အဖွဲ့ခေါင်းဆောင် ရောက်ရှိလာသည့်အခါ လူတစ်စုလုံး တောင်ပေါ်သို့ မော့ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်၏။

"မင်းတို့ ဘာတွေကို ဝိုင်းကြည့်နေကြတာလဲ။"

"သေနတ်သံ ကြားလိုက်ရသလိုပဲ။ စက်ရုံမှူးကျိုးက တောင်ပေါ်တက်ပြီး သေနတ်ပစ်နေတာလား။"

ကောမာဇီက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း ပြန်ဖြေလိုက်သည်။

"စက်ရုံမှူးကျိုးက သူ့မိန်းမကို သေနတ်ပစ်သင်ပေးနေတာလေ။ တကယ်ကို အားကျဖို့ကောင်းလိုက်တာ... ကျွန်တော်လည်း အစ်ကိုယဲ့ရဲ့ မိန်းမပဲ ဖြစ်လိုက်ချင်တော့တယ်။"

ထိုစကားကြောင့် ဘေးနားတွင် ရပ်နေသော ထန်ရှောင်မင်တစ်ယောက် အူလှိုက်သဲလှိုက် ရယ်မောမိသွားတော့သည်။

အဖွဲ့ခေါင်းဆောင်သည်လည်း ဒီလူသည် ဘယ်လောက်အထိ ကြောင်တောင်တောင် နိုင်လဲဆိုသည်က်ို သိပြီးသားဖြစ်သည့်တိုင် ယခုလို ပြောင်စပ်စပ်စကားမျိုး ပြောလာလိမ့်မည်ဟုတော့ မတွေးထားခဲ့မိပေ။

သူက ကောမာဇီကို တစ်ချက် စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင်လည်း မင်းတို့အားလုံး ဘာလို့ ဒီမှာ ကြောင်တောင်တောင်နဲ့ လာရပ်ကြည့်နေကြတာလဲ။ သွားစရာရှိတာသွားပြီး လုပ်စရာရှိတာ လုပ်ကြစမ်းပါ။ မွန်းလွဲပိုင်း နားချိန်လေးက ခဏလေးပဲရတာကို... မင်းတို့မှာ အင်အားတွေ အဲဒီလောက်တောင် ပိုလျှံနေကြတာလား။"

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

All Chapters