အခန်း ၇၀
Vol. 7 Ch. 70
အပိုင်း ၇၀
"ငါတို့ တောကြက်အမွေးတစ်ပင်လောက်တောင် မြင်ရပါ့မလား မသိဘူး။ ကြည့်စမ်း... သူတို့ နောက်တစ်ချက် တောင် ထပ်ပစ်လိုက်ပြန်ပြီ။"
အတွင်းရေးမှူးကျောက်၏ စကားအဆုံးတွင် ကောမာဇီက ရယ်မောလိုက်လေသည်။"အတွင်းရေးမှူးကျောက်...ဒီစကားက နည်းနည်းတော့ လှောင်ပြောင်သလို ဖြစ်နေပြီနော်။"
အတွင်းရေးမှူးကျောက်က သူ့ကို မျက်လုံးစောင်းကြည့်လိုက်ရင်း ဆိုလိုက်သည်။"ခုနက ဘယ်သူက အရင်လှောင်ပြောင်နေတာလဲ။ အခုကျမှ ငါ့ကိုလာပြီး ပြောနေတယ်။ မင်းက အရင် လှောင်ပြောင်နေခဲ့တာပါ။"
"ဘာပဲဖြစ်ဖြစ်... ငါတို့ ဒီမှာပဲ ရပ်ပြီး ဘာမှမဟုတ်တာကို ဝိုင်းကြည့်နေရတာ တကယ်ကို ပျင်းစရာကောင်းလာပြီ၊ ကဲ... သွားကြစို့။"
သူတို့ကိုယ်တိုင် သေနတ်ပစ်ကျင့်နေရခြင်း မဟုတ်သော်လည်း ရွာသားများ၏ စိတ်ဝင်စားမှုကတော့ ထိပ်ဆုံးတွင် ရှိနေဆဲပင်။
အကယ်၍ ကျိုးယဲ့သာ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ သေနတ်ပစ်သင်ပေးနေခြင်းမျိုးဆိုလျှင် ပိုပြီးတော့ ကောင်းပေလိမ့်မည်။
လူအုပ်ကြီးသည် မခွာချင်ခွာချင်ဖြင့် လူစုခွဲသွားကြသော်လည်း တောင်ပေါ်မှ သေနတ်ပစ်နေကြသည့် ထိုလူနှစ်ဦးက တောင်အောက်မှ သူတို့ကို လှမ်းကြည့်နေခဲ့သည်ကိုတော့ သတိမပြုမိခဲ့ကြပေ။
ဘေးမှ ဝိုင်း၍ကြည့်နေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ယခုမှ အသစ်သင်ယူနေသော လူတစ်ယောက် သေနတ်ပစ်သည့်အခါ ကျည်ဆန်က မည်သည့်နေရာကို သွားမှန်မည်မှန်း မည်သူမှ မသိနိုင်ပေ။ အကယ်၍ မတော်တဆ လာမှန်လျှင် ဒုက္ခရောက်သွားနိုင်၏။
မွန်းလွဲပိုင်း ရွာသားအားလုံး ဝက်စာမြက်ရိတ်ရန်အတွက် တောင်ပေါ်တက်ရန် ပြင်ဆင်နေကြချိန်တွင် တောင်ပေါ်မှ လူနှစ်ယောက် ပြန်ဆင်းလာသည်ကို လှမ်းမြင်လိုက်ကြရသည်။
ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ ဇနီးမောင်နှံ တောင်ပေါ်ကနေ ပြန်ဆင်းလာကြခြင်း ဖြစ်သည်။
ကျန်းမန်မန်ကတော့ ပထမဦးဆုံးအကြိမ် သေနတ်ပစ်ခွင့်ရခဲ့သည့်အတွက် တကယ်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေလေသည်။
အထူးသဖြင့် သူမ၏ ခြင်းတောင်းထဲတွင် တောကြက်အနည်းငယ် ပါလာခဲ့ပြီး ထိုတောကြက်၏ တန်ဖိုးနှင့် ကျည်ဆန်၏တန်ဖိုး ဘယ်ဟာက ပိုပြီး စျေးကြီးလဲဆိုသည်ကိုတော့ သူမ သေချာမတွေးတတ်ပေ။
သို့တိုင်အောင် သူမ တကယ်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ရသည်ကတော့ အမှန်ပင်။
သူမသည် ကျည်ဆန်အမြောက်အမြားကို ဆက်တိုက်ပစ်ခတ်ခဲ့ရာ တောင်တစ်တောင်လုံးမှတိရစ္ဆာန်များအားလုံးကိုပင် အကုန်ချေမှုန်းပစ်နိုင်လောက်သည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။
တောင်ပေါ်မှ ဆင်းလာချိန်တွင် ရွာသားအားလုံးက သူမ၏ ခြင်းတောင်းကို စိုက်ကြည့်နေကြသည်ကို သတိပြုမိသဖြင့် သူမလည်း ပြုံးလိုက်ပြီး ဘာမှဖုံးကွယ်မထားတော့ဘဲ အသာအယာ ထုတ်ပြလိုက်တော့သည်။
"ကျွန်မတို့ တောကြက် သုံးကောင် ပစ်ရခဲ့တယ်၊ ဒါပေမဲ့ ကျည်ဆန် ၃၀ တော့ ကုန်သွားပါတယ်။။"
"ဟား... မတန်လိုက်တာ!"
"အကြီးအကျယ်ကို ရှုံးတာပဲ!"
'သူတို့က တကယ်ကို တွက်ချက်တတ်ကြတာပဲ။'
'ကျည်ဆန် ၃၀ ကုန်တာကို တောကြက် သုံးကောင်တည်းပဲ ရတယ်တဲ့။ ကျွတ်... ကျွတ်... ကျွတ်။'
အသင်းခေါင်းဆောင်သည်လည်း ခေါင်းကို တရစပ် ခါယမ်းနေမိတော့သည်။
ဤအခြေအနေမျိုးဆိုလျှင် ခွေးတောင်မှ ခေါင်းခါမိပေလိမ့်မည်။
"ကြည့်ရတာတော့...ပညာတတ်လူငယ်ကျန်းက သေနတ်ပစ်တာနဲ့ မကိုက်ညီဘူးထင်တယ်။ နောက်ပိုင်း သေနတ် ဆက်မပစ်တော့တာ ပိုကောင်းပါလိမ့်မယ်။"
ကျည်ဆန် အတောင့်တစ်ရာသာ ရှိသည်ကို ဤသို့အကုန်ဖြုန်းတီးပစ်လိုက်လျှင် နောက်တစ်ကြိမ် အန္တရာယ်နှင့် ကြုံရသည့်အခါ မလွယ်ကူနိုင်ပေ။
အဖွဲ့ခေါင်းဆောင်သည် အရာရာတိုင်းကို လိုက်ပြီး ပူပန်ပေးနေရလေပြီ။
တစ်ပြိုင်နက်တည်းမှာပင် သူသည် အမှန်တကယ်က်ို နှမြောတသ ဖြစ်နေမိသည်။ ကျည်ဆန်အရေအတွက်မှာ တစ်ရာသာရှိပြီး ယခုဆိုလျှင် ထက်ဝက်နီးပါးလောက် ကုန်ဆုံးသွားခဲ့လေပြီ။
'စက်ရုံမှူးကျိုးက သူ့မိန်းမကို ဒီလောက်တောင် အလိုလိုက်ပြီး ချစ်တတ်မှန်း ငါ ဘာလို့ အရင်က သတိမထားမိခဲ့တာပါလိမ့်။'
'ကျည်ဆန်ကုန်သွားတာကို နှမြောနေတာ ငါတစ်ယောက်တည်းပဲလား။'
ကောမာဇီသည်လည်း ထိုတောကြက် သုံးကောင်ကို ဆက်၍ပင် မကြည့်ရဲတော့ပေ။
"မရီးရယ်... မရီးရဲ့ သေနတ်ပစ်လက်စွမ်းကလည်း တကယ်ကို အားကိုးလို့မရပါလား။ အစ်ကို... အဲဒါဆို မနက်ဖြန်ကျရင် ကျွန်တော့်ကိုပဲ သေနတ်ပစ်သင်ပေးပါလား။"
သူ၏ပုံစံကို ကြည့်ပြီး ကျိုးယဲ့က ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ်မှာတင် အသင်းခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြင့် လှမ်းအော်လိုက်လေသည်။
"တော်ပါတော့ကွာ!"
"တကယ်လို့ တောရိုင်းတိရစ္ဆာန်တွေ ရွာထဲကို ရောက်လာတဲ့အချိန်ကျ ကျည်ဆန်တွေ အကုန်ကုန်နေရင် မင်းတို့ ဘာလုပ်ကြမလဲဆိုတာ ငါ့ကိုပြောပါဦး။ အဲဒီကျမှ ကြည့်ကြသေးတာပေါ့။"
တကယ်ကို မတွေးဝံ့စရာပင်။
ကျည်ဆန်ပေါင်း ၃၀ ကုန်မှ တောကြက် သုံးကောင်တည်း ရသည်ဆိုသည့် အတွေးတစ်ခုတည်းကပင် သူမ၏ ရင်ကို တဆစ်ဆစ် နာကျင်စေရန် လုံလောက်နေခဲ့သည်။ မတွေးချင်တော့ပေ။
ကျန်းမန်မန်လည်း ဘာပြန်ပြောရမှန်းမသိဘဲ အဖွဲ့ခေါင်းဆောင် ညည်းညူရင်း ထွက်ခွာသွားသည်ကို ကြည့်ကာ သဘောကျနေမိပြီး ကျိုးယဲ့နှင့် အကြည့်ချင်း ဆုံလိုက်သည်။
"ရှင်က ကျွန်မကို တောင်အောက်နားတင် ပစ်ခိုင်းလို့ပေါ့။ တကယ်လို့ ကျွန်မတို့သာ တောင်အထဲဘက်ကို ပိုပြီး နက်နက်ရောက်အောင် ဝင်သွားခဲ့ရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ တောကြက် သုံးကောင်တည်းပဲ ရတယ်လေ။"
ကျိုးယဲ့က ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက် တွန့်ပြလိုက်ရင်း ပြောလိုက်သည်။
"တကယ်လို့ တောင်အထဲဘက်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ တိုးလို့ ကိုယ်က မင်းကို မကာကွယ်နိုင်ရင် ဘယ်လိုလုပ်မလဲ။"
"ဘေးကင်းလုံခြုံဖို့က ပထမဦးစားပေးပဲလေ မိန်းမရဲ့။"
"ကောင်းပါပြီ! နောက်တစ်ခေါက်ကျရင်တော့ ပိုပြီး အထဲဘက်ကို သွားကြမယ်၊ အဲ့လိုဆိုရင်တော့ ရပြီမလား။"
သူမ၏ စကားကို ကြားလိုက်ရပြီးနောက် ကျိုးယဲ့နှင့် သူမတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြင်နာစွာ စိုက်ကြည့်မိလိုက်ကြပြန်သည်။
ကောမာဇီကတော့ ဘေးမှနေ၍ ကြိတ်ရယ်မောနေမိပြီး ရင်ထဲတွင်လည်း အနည်းငယ် အားကျမိနေခဲ့သည်။
သူ့ကိုယ်သူ ပြန်၍ ပတ်ပတ်လည် ကြည့်လိုက်သည့်အခါ ဘေးနားတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသဖြင့် 'ငါလည်းပဲ အမြန်ဆုံး တစ်ယောက်ယောက်နဲ့ တွေ့လိုက်ရင် ကောင်းမလား မသိဘူး' ဟု တွေးမိသွား၏။
မဟုတ်သေး... သူသည် ထန်ရှောင်မင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထန်ရှောင်မင်ကမူ သူ့ကို မျက်လုံးအသာဝေ့ကာ မျက်စောင်းထိုး၍ ကြည့်လိုက်လေသည်။
အင်း...အောင်သွယ်ပေးသည့်သူနှင့် သွားတွေ့လိုက်ခြင်းက ပိုကောင်းလိမ့်မည်။
ထို့နောက် သူသည် ကျိုးယဲ့ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး အကူအညီတောင်းခံသည့် အကြည့်မျိုးကို ပေးလိုက်သည်။
'အစ်ကိုယဲ့ကတော့ ငါ ဘာကို ဆိုလိုချင်လဲဆိုတာကို နားလည်ပေးနိုင်မှာပါ။'
ကျိုးယဲ့သည် သူ ဘာကို ဆိုလိုသည်လဲဆိုသည်ကို ကောင်းကောင်း သဘောပေါက်လိုက်သဖြင့် ရယ်ချင်စိတ်ကို အောင့်ထားရင်း 'စိတ်ချလိုက်စမ်းပါ' ဟူသော အကြည့်မျိုးဖြင့် ပြန်လည်တုံ့ပြန်ပေးလိုက်သည်။
ယောက်ျားအချင်းချင်းကြားတွင်မူ အကြည့်တစ်ချက်တည်းနှင့်တင် အပြန်အလှန် အချက်ပြ ဆက်သွယ်နိုင်ပေသည်။
အမှန်တော့... ယောက်ျားနှင့် မိန်းမကြားတွင်လည်း အကြည့်တစ်ချက်တည်းနှင့် အရာရာကို ဆက်သွယ်နားလည်နိုင်ကြ၏။
ကျန်းမန်မန်သည် အိမ်သို့ ပြန်ရောက်သည်နှင့် ဘဲဥများကို ဆက်လက်၍ သားဖောက်ရန်အတွက်သာ အာရုံစိုက်နေခဲ့ပြီး ကျိုးယဲ့ကမူ ဝက်စာမြက်ရိတ်ရမည့် သူမ၏ ဝေစုအလုပ်များကိုပါ တစ်ခါတည်း အပြတ်ရှင်းပေးလိုက်သည်။
သူသည် လုဟုန်ကျွမ်း သူ့ကို လာရောက်စကားစမြည် ပြောဆိုရန် ကြိုးပမ်းသမျှကို လုံးဝ လျစ်လျူရှုထားခဲ့သလို၊ တစ်ခါတစ်ရံတွင်လည်း အေးစက်စက်နှင့် ဒေါသတကြီး ငေါက်ငမ်းကာ နှင်ထုတ်ပစ်လေ့ရှိသည်။
အခွင့်အရေးရတိုင်း ဘေးမှ လာရောက်ရန်စတတ်သော ဝမ်တန်တန်လည်း ရှိနေသေး၏။
"မဟုတ်ဘူးလေ... ငါ ပြောချင်တာက နင့်ကို ကျန်းမန်မန်က ဘာအကျိုးအမြတ်တွေများ အများကြီး ပေးထားလို့လဲ။"
"ဘာလို့ နင်က ငါ့ကိုပဲ တစ်နေ့ခင်းလုံး မျက်စိဒေါက်ထောက် လိုက်ပြီး စောင့်ကြည့်နေရတာလဲ။"
"နင်ကိုယ်တိုင်ရော လိုက်ကြည့်နေရတာ မမောဘူးလား။"
"ငါ ပြောပြီးပြီပဲလေ... ပညာတတ်လူငယ်တွေ နေထိုင်တဲ့ စခန်းထဲက ဘယ်မိန်းကလေးကိုမှ မိုက်မဲတဲ့ အလုပ်တွေ ထပ်လုပ်နေတာမျိုး ငါ မမြင်ချင်တော့ဘူးလို့။"
"အခု ငါတို့စခန်းမှာ မိန်းကလေးဆိုလို့ ငါတို့နှစ်ယောက်တည်း ကျန်တော့တာလေ။ ငါကတော့ ဘယ်တော့မှ မိုက်မဲတဲ့အလုပ်တွေ လုပ်မှာမဟုတ်ဘူး၊ နင်လည်း မိုက်မဲတဲ့အလုပ်တွေ လျှောက်မလုပ်တာ အကောင်းဆုံးပဲ။"
လုဟုန်ကျွမ်းတစ်ယောက် တကယ်ကို ဒေါသပုန်ထနေရတော့သည်။
သူမသည် ဝမ်တန်တန်၏ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံနေရသဖြင့် ဘာတစ်ခုမှ လှုပ်ရှား၍ မရနိုင်ဘဲ ဖြစ်နေ၏။
ဆွန်းတာ့ကျူးက အဝေးမှနေ၍ ဤအခြေအနေကို လှမ်းကြည့်နေခဲ့ပြီး လုဟုန်ကျွမ်း၏ အခက်အခဲကို သတိပြုမိသွားကာ အိမ်ပြန်ရောက်သည်နှင့် ကျောက်ချိုင်ဟွားကို ထိုအကြောင်း ပြန်ပြောပြလိုက်သည်။
ကျောက်ချိုင်ဟွားက ခဏကြာ စဉ်းစားကြည့်ပြီးနောက် ခေါင်းခါပြရင်း ပြောလိုက်သည်။
"သူတို့ကို ထားလိုက်ပါတော့။ နောက်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြန်စတော့မှာမို့လို့ သူတို့လည်း မြို့ပေါ်ကို ဖြည်းဖြည်းချင်း ပြန်ကြရတော့မှာပဲ။"
"အဲဒီအချိန်ကျရင် ကျွန်မလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေမလို့။"
ဆွန်းတာ့ကျူးက သူမကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်ကာ မေးလိုက်သည်။"မင်းလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေမလို့လား။ စာမေးပွဲဖြေပြီး ဘာလုပ်မလို့လဲ။"
"နောက်လာမဲ့နှစ်ပေါင်း ဆယ်နှစ်လောက်အတွင်းမှာ ဘယ်အလုပ်က ပိုက်ဆံရမလဲဆိုတာ မင်း ကောင်းကောင်းသိနေတာပဲ မဟုတ်လား။ ကိုယ်တို့ တစ်ခါတည်း စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာကြတာပေါ့။"
"ဘာကိစ္စ တက္ကသိုလ်ဝင်စာမေးပွဲကို အပင်ပန်းခံ ဖြေနေဦးမှာလဲ။"
သူသည် ဤသို့ပြောရင်းနှင့် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆိုလိုက်သည်။"ဒါနဲ့... မင်းက စာမေးပွဲမှာ ဘာမေးခွန်းတွေ မေးမလဲဆိုတာကိုရော ကြိုသိနေတာလား။"
"ဒါဆိုရင်... ကိုယ်တို့ စာမေးပွဲမေးခွန်းတွေကို ကြိုပြီးချရေးထားလို့ရတာပေါ့။ အဲဒါဆိုရင် မင်း စာမေးပွဲမှာ ပထမအဆင့်ရမှာ သေချာတယ်။"
ဆွန်းတာ့ကျူးသည် သူ၏ စိတ်ကူးထဲတွင် ပေါ်လာသော ပုံရိပ်များကို တွေးတောရင်း လောဘဇောဖြင့် ပြုံးမိနေသည်။
ကျောက်ချိုင်ဟွားတစ်ယောက် ခဏတာ ဆွံ့အသွားရ၏။ သူမအနေဖြင့် မေးခွန်းများကို သိရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းတို့ကို သူ့အတွက် ချရေးပေးရန်တော့ လုံးဝ စိတ်ကူးမရှိချေ။
သူမသည် အတင်းပြုံးလိုက်ရင်း ပြောလိုက်သည်။"ဟုတ်တယ်နော်။ အဲဒီလိုလုပ်တာကလည်း အဆင်ပြေတာပဲ။"
ကျန်းမန်မန်ကတော့ ထိုလူနှစ်ဦး ဘာတွေ ကြံစည်တွေးတောနေကြလဲဆိုသည်ကို တစ်ခုမျှ မသိသလို၊ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
သူမတွင် ခိုင်လုံသော စာပေဗဟုသုတများ ရှိနေပြီးသား ဖြစ်သည်။ ယခုအချိန်တွင် သူမ အလိုချင်ဆုံးအရာမှာ အိမ်မှ ဘဲဥလေးများ ဘယ်အချိန်တွင် သားပေါက်လာမလဲဆိုသည်ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
ဒီအတိုင်း အိမ်တွင် အားအားလပ်လပ်နေနေမည့်အတူတူ ဘဲမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်လိုက်သည်က ပိုပြီး အကျိုးရှိပေလိမ့်မည်။
အကယ်၍ ဘဲပေါက်လေးများသာ အောင်အောင်မြင်မြင် သားပေါက်လာနိုင်ခဲ့လျှင် ထိုဘဲပေါက်လေးများသည် နောက်ဆုံးတွင် 'ဘဲကင်' ဖြစ်လာကြလိမ့်မည်။
ထိုမျှမကသေးဘဲ ဘဲသားကို အပိုင်းပိုင်းဖြတ်ပြီး ဘဲလည်ပင်း၊ ဘဲလျှာ၊ ဘဲခြေထောက် စသည်ဖြင့်လည်း ပြုလုပ်ရောင်းချနိုင်သေး၏။
ထို့နောက် တရုတ်ပြည်တွင် အလွန်ကျော်ကြားသော 'ကျိုးဟေးယာ'အမှတ်တံဆိပ် ဘဲတောင်ပံစပ်စပ်များကဲ့သို့လည်း ပြုလုပ်နိုင်သေးသည်။
'ဟားဟားဟား... ကျိုးယဲ့ရဲ့ မျိုးရိုးအမည်ကလည်း 'ကျိုး' ဆိုတော့... ဒီ 'ကျိုးဟေးယာ' ဆိုတဲ့ နာမည်က တကယ်ကို ကွက်တိပဲ။'
သူမတစ်ယောက်တည်း စိတ်ကူးယဉ်ပြီး ကြိတ်၍ ရယ်မောနေသည်ကို ကျိုးယဲ့ တွေ့သွားသည့်အခါ သူသည်လည်း စူးစမ်းလိုစိတ်ဖြင့် သူမအနားသို့ တိုးကပ်လာခဲ့တော့သည်။
"မိန်းမ... တစ်ယောက်တည်း ဘာတွေ သဘောကျပြီး ရယ်နေတာလဲ။"
ကျန်းမန်မန်က ဘဲဥလေးကို အသာအယာ တို့ထိလိုက်ရင်း ပြုံးလျက် ဆိုလိုက်သည်။
"နောက်ပိုင်းကျရင် ကျွန်မတို့တွေ 'ကျိုးဟေးယာ' လုပ်ငန်းတစ်ခု ဖြစ်လာမလားလို့ တွေးနေတာလေ။"
"ကျိုးဟေးယာ ဟုတ်လား။"
ကျိုးယဲ့၏ ပထမဦးဆုံးသော တုံ့ပြန်မှုမှာ သူမကို မရိုးသားသော မျက်လုံးမျိုးဖြင့် စိုက်ကြည့်လိုက်ခြင်း ဖြစ်သည်။
"အဲဒီလုပ်ငန်းကြီးကို မလုပ်ခင်...အရင်ဆုံး ကိုယ်တို့နှစ်ယောက် ကျိုးယဲ့အသေးစားလေး ရအောင် အရင် ကြိုးစားကြည့်ကြမလား။"
သူမကို လာရောက်၍ ကလိထိုးကာ ကျီစယ်နေသောကြောင့် ကျန်းမန်မန်တစ်ယောက် ယားယံလွန်း၍ တွန့်လိမ်နေရတော့သည်။
နောက်ဆုံးတွင်မူ သူမ၏ ရုန်းကန်မှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရပြီး ကျိုးယဲ့အသေးစားလေး ရရှိရေးအတွက် သူက သူမကို ခုတင်ပေါ်သို့ ဆွဲခေါ်သွားခြင်းကိုသာ ခံလိုက်ရတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ ဘဲဥခွံလေးများပေါ်တွင် အက်ကြောင်းလေးများ စတင် ထင်ဟပ်လာခဲ့လေပြီ။
ထို့နောက်တွင်မူ အက်ကြောင်းလေးမှာ ပိုပွင့်ဟလာပြီး အထဲမှ အမည်းရောင် နှုတ်သီးလေးတစ်ခု ထွက်ပေါ်လာခဲ့၏။
'ဟင်... အမည်းရောင် အမွှေးအတောင်တွေပါလား။'
'ဝိုး... ကြည့်ရတာ ဒီ 'ကျိုးဟေးယာ' ကတော့ တကယ်ကို လူကြိုက်အများဆုံး အရောင်းရဆုံး ဖြစ်လာတော့မှာ သေချာတယ်။'
ဘဲပေါက်လေးတစ်ကောင် တင်မကဘဲ ကျန်သည့်အကောင်များကရော ဘယ်လောက် ပေါက်လာကြဦးမည်လဲ။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့အနက်မှ တစ်ကောင်တည်းသာ အမည်းရောင် ဖြစ်နေပြီး ကျန်သည့် အကောင်များအားလုံးမှာမူ ဝါဝင်းသော အမွေးလေးများဖြင့် ဖြစ်နေသည်။
ထိုအခါမှ သူမလည်း စိတ်သက်သာရာ ရသွားတော့၏။ အကောင်အားလုံးသာ မည်းမှောင်ပြီး ကြည့်မကောင်းသည့် ဘဲအုပ်ကြီး ဖြစ်သွားရင် ခက်ရဦးမည်။
ဘဲပေါက်လေးများကို ကြည့်ရှုပြီးနောက် ကျန်းမန်မန်သည် ဘေးနားရှိ ငန်းဥလေးများဆီသို့ ဆက်လက်၍ သွားကြည့်လိုက်သည်။
ငန်းပေါက်လေးများသည် ဘဲပေါက်လေးများထက် ရက်အနည်းငယ်ခန့် နောက်ကျပြီးမှ သားပေါက်လာခဲ့သော်လည်း ကံကောင်းသည်မှာ ၎င်းတို့ထဲမှ တစ်ကောင်တည်းသာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူမတို့ဇနီးမောင်နှံ၏ ပထမဦးဆုံးအကြိမ်အဖြစ် လက်တွေ့သားဖောက်ခြင်း ဖြစ်သော်လည်း အောင်မြင်မှုနှုန်းက အတော်လေး ကောင်းမွန်လှ၏။
သူမ အမြဲ မျှော်လင့်တောင့်တနေခဲ့ရသည့် ငန်းဖြူလေးသည်လည်း နောက်ဆုံးတွင်တော့ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး တကယ်ကို ဖြူစင်သန့်ရှင်းလှသည်။
ယခုလောလောဆယ်တွင် သူမ မြင်တွေ့နေရသည်မှာ ရွှေဝါရောင် အမွေးနုလေးများသာ ဖြစ်သော်လည်း အဓိကကတော့ အမည်းရောင် အမွေးအမျှင်များ လုံးဝ ပါမနေခြင်းပင်။
ငန်းဖြူတစ်အုပ်နှင့် ဘဲပေါက်လေးတစ်အုပ်အကြောင်းကို တွေးမိရုံဖြင့် သူမသည် အတိုင်းထက်အလွန် ပျော်ရွှင်နေမိတော့သည်။
"ဒီဘဲပေါက်လေးတွေနဲ့ ငန်းပေါက်လေးတွေ အကုန် သားပေါက်လာပြီးရင် သူတို့ကို ဝက်မွေးမြူရေးခြံထဲမှာပဲ ထည့်ပြီး မွေးကြမှာလား။"