အခန်း ၃၂၁
Vol. 33 Ch. 321
အခန်း(321)
အစ်မမာတစ်ယောက် သားဖြစ်သူကြောင့် ပြောစရာစကားပင် ပျောက်ဆုံးသွားရလေတော့၏။
ဤကလေးက ပုံမှန်ဆိုလျှင် မည်သည့်အလုပ်အကိုင်ပေါ်တွင်မျှ စိတ်အားထက်သန်မှု ရှိခဲ့သည်မဟုတ်ပေ။
ယခင်က သူမအနေဖြင့် သူ၏ဗီဇစိတ်က နှေးကွေးလွန်းသည်ဟု တွေးမိခဲ့ဖူးသည်။
သို့သော် တကယ်တမ်းတွင် သူက သူစိတ်ဝင်စားသည့်အရာနှင့် မဆုံတွေ့ခဲ့ရသေးခြင်း ဖြစ်ပုံရ၏။
ယခုအချိန်တွင် သူလုပ်ဆောင်ချင်သော အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
ထို့ကြောင့် သူ၏စိတ်ထဲရှိ စိတ်အားထက်သန်မှုအားလုံးက တရှိန်ထိုး ရုန်းကြွထွက်ပေါ်လာခဲ့သည်။
“ငါကတော့ ဒါတွေကို ဂရုစိုက်မနေဘူး၊ မင်းဘာသာမင်း မင်းအဖေကို သွားပြီးတော့ သေသေချာချာ ပြောပြလိုက်ဦး၊
အခု မင်းပြောတဲ့ စိတ်ကူးတွေကို ငါ ဘာမှမကြားမိသလိုပဲ နေလိုက်မယ်၊
ပြီးတော့ မင်းရဲ့ဦးလေးဝေ့ချင်းက မင်းကို သင်ပြသပေးဖို့ ဆန္ဒရှိမရှိဆိုတာကလည်း ငါနဲ့ မဆိုင်ဘူးနော်၊
ငါ့ကို ကြားထဲကနေ မင်းအတွက် ပြောပေးလိမ့်မယ်လို့တော့ လုံးဝ လာပြီးမမျှော်လင့်နဲ့”
ဝမ်တုန်က ခေါင်းကို နောက်တစ်ကြိမ် ပြန်ငုံ့လိုက်မိပြန်သည်။
သူ၏စိတ်ထဲတွင် မိခင်ဖြစ်သူကို ကြားခံအဖြစ် အသုံးပြုမည်ဟူသော စိတ်ကူးမျိုးက အမှန်တကယ်ပင် ရှိနေခဲ့၏။
အစ်မမာ၏ လက်ချောင်းများက တုန်ယင်နေခဲ့ရပြီး သူမ၏သားဖြစ်သူကို ညွှန်ပြလျက် ပြောလိုက်လေသည်။
“မင်း ကောင်စုတ်လေး၊ မင်းက မင်းအမေကိုပါ ပရိယာယ်ဆင်ဖို့ ကြံစည်နေသေးတယ်ပေါ့ ဟုတ်လား”
ဝမ်တုန်လည်း အခြေအနေ မကောင်းတော့ကြောင်းကို ရိပ်မိလိုက်သည်နှင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးလေတော့၏။
“မပြေးနဲ့”
အစ်မမာက နံရံတွင် ထောင်ထားသော တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး သူ၏ အနောက်မှ အမှီလိုက်လေတော့သည်။
သူမအနေဖြင့် ဝမ်တုန် ဆယ်ကျော်သက် အရွယ်သို့ ရောက်ရှိခဲ့ပြီးကတည်းက သူ့ကို ရိုက်နှက်ဆုံးမခြင်း မပြုခဲ့တော့ပေ။
သို့သော် ယခုအချိန်တွင် ဤကောင်စုတ်လေးကို သင်ခန်းစာတစ်ခုခုကို ပေးရန်အတွက် လိုအပ်နေပေပြီ။
ဝမ်တုန်တစ်ယောက် လမ်းကြားဆီသို့ ပြေးထွက်လာခဲ့လေ၏။
သို့သော် သူက လမ်းကြားသို့ ရောက်ရှိလာသည်နှင့် သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ရတော့သည်။
“ဦး.. ဦးလေးဝေ့.. ဦးလေးဝေ့ချင်း”
ဝမ်တုန်တစ်ယောက် ထိတ်လန့်အံ့ဩသွားရလေတော့၏။
တခြားလူတစ်ဦး၏ နောက်ကွယ်တွင် အတင်းအဖျင်းပြောဆိုနေမိချိန်တွင် ကာယကံရှင်ကိုယ်တိုင် ဘေးနား၌ လာရောက်နားထောင်နေခြင်းထက် ပို၍ အရှက်ရစရာကောင်းသော အခြေအနေမျိုးရှိနိုင်ပါဦးမည်လား။
သူ့အနေဖြင့် တဖက်လူထံတွင် တပည့်ခံချင်သည့် ဆန္ဒရှိနေပြီး အရာအားလုံးကို ပြင်ဆင်နေခဲ့ကြောင်းကို ကာယကံရှင်ကိုယ်တိုင်က ကြားသိသွားခဲ့ရခြင်းပင်။
ဤအခိုက်အတန့်တွင် ဝမ်တုန်၏ ခေါင်းထဲ၌ လူသားအသေးလေးနှစ်ဦးက အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ဦးက မည်သည့်စကားကိုမှမမေးမြန်းတော့ဘဲ ဤအရှက်ရစရာ အခြေအနေဆိုးကြီးမှ လွတ်မြောက်နိုင်ရန်အတွက် အမြန်ဆုံး ထွက်ပြေးရန် တိုက်တွန်းနေလေသည်။
တခြားတစ်ဦးက ချက်ချင်းပင် ဒူးထောက်လျက် ‘ကျွန်တော် ဦးလေးဆီမှာ တပည့်ခံချင်ပါတယ်’ ဟု ကျယ်လောင်စွာ အော်ဟစ်ရန်အတွက် လှုံ့ဆော်နေခဲ့သည်။
နောက်ဆုံးတွင် ဝမ်တုန်က မည်သည့်အရာကို မှမလုပ်ဆောင်နိုင်ခဲ့ပေ။
သူက နီရဲနေသော မျက်နှာအမူအရာဖြင့် စုဝေ့ချင်း၏ အရှေ့တွင် တောင့်တောင့်ကြီးသာ မတ်တတ်ရပ်နေခဲ့ရရှာတော့၏။
သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သော အစ်မမာကလည်း ဝမ်တုန်၏ နောက်ကွယ် နှစ်မီတာခန့်အကွာတွင် တုတ်ကို ကိုင်ဆောင်ထားလျက် ကြောင်အစွာ ရပ်တန့်သွားခဲ့ရသည်။
သူမက စုဝေ့ချင်းကို တစ်ချက်ကြည့်ရှုလိုက်ပြီး၊ ဝမ်တုန်ကို ပြန်ကြည့်လိုက်လေ၏။
သူမအနေဖြင့် မတိုင်မီ ပြောဆိုခဲ့သော စကားလုံးများကို ပြန်လည် စဉ်းစားကြည့်လိုက်ကာ အနည်းငယ် အနေခက်သကဲ့သို့ ခံစားလိုက်ရသည်။
သူမအနေဖြင့် မကောင်းသော စကားလုံးများကို ပြောဆိုခဲ့ခြင်းမျိုး မဟုတ်ပေ။
သို့သော် သူမတို့ ပြောဆိုနေသည့် ကာယကံရှင်ကိုယ်တိုင်က ကြားသွားခြင်းကြောင့် အလွန်ပင် ရှက်ရွံ့မိရ၏။
ထို့ကြောင့် အခြေအနေက ခဏမျှ တိတ်ဆိတ်အေးစက်သွားခဲ့ရလေတော့သည်။
…
“ဒါဆိုရင် ရှင် ဝမ်တုန်ကို တပည့်အဖြစ် တရားဝင်လက်ခံလိုက်တာပေါ့ ဟုတ်လား”
လီရှန်းက ထူးဆန်းသော မျက်နှာအမူအရာဖြင့် သူ့ကိုကြည့်၍ မေးမြန်းလိုက်လေ၏။
ဤလူ့တွင် မည်သည့်အချိန်ကတည်းက ဤမျှအထိ စိတ်နှလုံးကောင်း ရှိသွားရပါသနည်း။
ယခင်က စုဝေ့ယန်က စာပေသင်ယူချင်သည်ဟု ပြောခဲ့ချိန်က၊ သူက သင်ပြသပေးရန် အနည်းငယ်မျှပင် ဆန္ဒမရှိခဲ့ဖူးပေ။
စုဝေ့ချင်းက မျက်နှာသုတ်ပုဝါဖြင့် သူ၏မျက်နှာကို သန့်စင်လိုက်ရင်း ပြောလိုက်လေသည်။
“ဟုတ်တယ်၊ ဒါက သူ့ကို လက်မှုအတတ်ပညာတွေ သင်ပေးဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲလေ၊
ပြီးတော့ သူက အလုပ်ဆင်းတဲ့ အချိန်တွေကျရင် ကိုယ်တို့အတွက် ရှောင်လော်ကိုပါ ကူပြီး စောင့်ရှောက်ပေးလို့ရတာပေါ့”
စုဝေ့ချင်း၏ စိတ်ကူးက အမှန်တကယ်ကို ကောင်းမွန်လွန်း၏။
သူနှင့် လီရှန်းတို့နှစ်ဦးလုံးက သူတို့၏ စာပေလေ့လာမှုများဖြင့် အလွန်ပင် အလုပ်ရှုပ်ကြရတော့ပေလိမ့်မည်။
ရန်ရှောင်က ကလေးကို ကူညီ၍ ကြိုဆိုပေးနိုင်သည်ဟု ပြောသော်လည်း သူ့၌လည်း ကိုယ်ပိုင်ဘဝ ရှိသေးသည် မဟုတ်ပါလား။
သူတို့အနေဖြင့် ရန်ရှောင်အား ကလေးကို အမြဲ ပြုစုစောင့်ရှောက်ပေးရန်အတွက် ဆက်လက်၍ တောင်းဆိုနေ၍ မဖြစ်နိုင်ပေ။
အထူးသဖြင့် ရန်ရှောင်က ယခုအချိန်အထိ အိမ်ထောင်မကျသေးပါချေ။
ဤကဲ့သို့သော အချိန်မျိုးတွင် တပည့်တစ်ဦးကို လက်ခံလိုက်ခြင်းက အလွန်ကောင်းမွန်သော စဉ်းစားချက် ဖြစ်လေ၏။
ယနေ့ခေတ်ကာလတွင် တပည့်တစ်ဦးဟူသည်က သားတစ်ဝက်ကဲ့သို့ ဖြစ်သည်။
စုဝေ့ချင်းအနေဖြင့် သူ့ကို မိသားစုကိစ္စများတွင် ခိုင်းစေရန်အတွက် အပြစ်ရှိစိတ် အနည်းငယ်မျှပင် ခံစားရခြင်းမရှိပေ။
ထို့အပြင် ဝမ်တုန်က ရိုးသားအေးဆေးသော ကောင်လေးတစ်ဦး ဖြစ်သော်လည်း၊ စိတ်အာရုံကို တည်ငြိမ်အောင် ထားရှိနိုင်သူလည်း ဖြစ်သည်။
သူက ဝမ်တုန် ကိုယ်တိုင်ခေါက်ထားသော စက္ကူလေယာဉ်ပျံများနှင့် စက္ကူတင့်ကားများကို မြင်တွေ့ဖူး၏။
အမှန်အတိုင်း ပြောရလျှင် ဤကလေးငယ်တွင် ပါရမီဗီဇရှိသည်။
စဉ်းစားကြည့်လျှင် အစ်ကိုဝမ်ကိုယ်တိုင်က အဆင့် (၇) ရှိသော အလွန်ထူးချွန်သည့် လက်မှုပညာရှင်ကြီးတစ်ဦး ဖြစ်လေ၏။
အကယ်၍ ဝမ်တုန်သာ အတွေ့အကြုံများ ပိုမိုရရှိလာပြီး သူ၏ အရည်အချင်းများကို သေသေချာချာ သွေးနိုင်မည်ဆိုပါက၊ နောက်ပိုင်းတွင် အဆင့် (၈) သို့ တိုးမြှင့်ခြင်း ခံရရန်က မဖြစ်နိုင်သောအရာ မဟုတ်ပေ။
ဝမ်တုန်က အကောင်းဆုံးအဆင့်သို့ မရောက်ရှိနိုင်လျှင်ပင်၊ သူ၌ အစ်ကိုဝမ်၏ အရည်အချင်းတချို့က ထင်ဟပ်နေဆဲ ဖြစ်သည်။
သူ၏ သမီးဖြစ်သူအတွက် ကစားစရာများကို ပြုလုပ်ပေးနိုင်ရန်အတွက်၊ စုဝေ့ချင်းက စနစ်ထဲ၌ ကစားစရာ ပြုလုပ်နည်းနှင့် ပတ်သက်သော ဗဟုသုတအမြောက်အမြားကို သင်ယူခဲ့ဖူးသည်။
ယခုအချိန်တွင် ဝမ်တုန် ရောက်ရှိလာခဲ့ပြီ ဖြစ်၍၊ သူက သူ့ကို တစ်ဆင့်ချင်းစီသာ စနစ်တကျ သင်ပြသပေးရန် လိုအပ်၏။
ကျန်ရှိသော အချိန်များတွင် ဝမ်တုန်က စုရှောင်လော်နှင့်အတူ အချိန်ပိုမိုပေးလျက် ကစားနိုင်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် လီရှန်းက စုဝေ့ချင်းကို အလွန်ပင် ရက်စက်ပြီး အမြတ်ထုတ်တတ်သော လူတစ်ဦးအဖြစ် ခံစားလိုက်ရတော့၏။
သူက တခြားလူများ၏ ကလေးကို အသုံးပြုလျက် သူတို့၏ကလေးကို ပြုစုစောင့်ရှောက်ခိုင်းရန်အတွက် စိတ်ကူးမျိုး ရှိနေခဲ့သည် မဟုတ်ပါလား။
“အဲဒါက ဘာဖြစ်လို့လဲ၊ ကိုယ်က သူ့ကို တစ်ဆင့်ချင်းစီ သေသေချာချာ သင်ပေးဖို့ စီစဉ်ထားတာလေ၊ သူ အခုသင်ယူနေတဲ့ လက်ရှိဆရာကိုပဲ သွားမေးကြည့်လိုက်ပါ၊
သူက တပည့်ဖြစ်သူကို အတတ်ပညာတွေ သင်ပေးလိုက်ရင် သူ ထမင်းငတ်သွားမှာကို စိုးရိမ်လို့ အလုပ်တွေကို ကွယ်ရာမှာပဲ တိတ်တဆိတ် လုပ်ဆောင်နေတာ မဟုတ်ဘူးလား”
စုဝေ့ချင်းက ဤသို့ပြောဆိုရင်း စုတ်သပ်လိုက်ပြီး ခေါင်းကို ခါယမ်းပြရင်း ပြောလိုက်လေသည်။
“အဲဒါကြောင့်မို့လို့ ကောင်းမွန်တဲ့ အတတ်ပညာတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ရှားပါးလာရတာပေါ့၊
ဒီဆရာတွေက သူတို့ရဲ့ အတတ်ပညာတွေကို အရမ်းကာကွယ်ထားကြပြီး၊
တခြားလူတွေကို သင်ပေးဖို့ ငြင်းဆန်နေကြတာလေ၊ သူတို့က သူတို့ရဲ့ တူသားအရင်းတွေကိုပဲ သင်ပေးချင်ကြတာ၊
တကယ်လို့ အဲဒီတူသားတွေက ပါရမီမပါဘူးဆိုရင်တော့ အဲဒီအတတ်ပညာက ဒီအတိုင်းပဲ ကွယ်ပျောက်သွားရတော့တာပဲ”
သူက တချို့သော ဆရာများက စိတ်ရင်းမမှန်ကြကြောင်းကို ခံစားလိုက်မိသည်။
စရိုက်လက္ခဏာပိုင်းကို စမ်းသပ်စစ်ဆေးရမည်ဆိုသည်က မှန်ကန်သော်လည်း၊ စမ်းသပ်မှု ပြီးဆုံးသွားသည့်အချိန်တွင် ကလေးများကို စစ်မှန်သော အတတ်ပညာတချို့ကို သင်ပြသပေးသင့်သည် မဟုတ်ပါလား။
သို့သော် ဆရာအများစုက သူတို့၏ တပည့်များကို တန်ဖိုးနည်း လုပ်အားပေးများကဲ့သို့သာ သဘောထားကြသည်။
နှစ်အနည်းငယ်မျှ ခိုင်းစေပြီးနောက် အပေါ်ယံဗဟုသုတတချို့ကိုသာ သင်ပေးလျက် ပြန်လည်စေလွှတ်တတ်ကြ၏။
ထို့အပြင် တချို့သော တပည့်များကလည်း စိတ်ရင်းမရိုးသားကြပေ။
ရဲဘော်လော်ယွီရှို့က ပြောပြဖူးသည်။ တပည့်ဖြစ်သူက ဆရာ၏ လျှို့ဝှက်ချက်နည်းလမ်းများကို ခိုးယူသင်ယူသွားခဲ့ပြီးနောက်၊ ဆရာ၏ ဆိုင်ဘေးနားမှာတင် တထေရာတည်း တူညီသော ဆိုင်တစ်ဆိုင်ကို ထပ်မံဖွင့်လှစ်ခဲ့ဖူးသည်ဟူ၍ပင်။
သေသေချာချာ ပြန်လည်၍ စဉ်းစားကြည့်ပြီးနောက် လီရှန်းလည်း စုဝေ့ချင်း၏ လုပ်ဆောင်ချက်က ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။
“ရှင် အရင်တုန်းက ကစားစရာ လုပ်နည်းတွေကို သင်ခဲ့တဲ့ စာအုပ်ထဲမှာ ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြင်ဆင်တဲ့ နည်းလမ်းတွေအကြောင်းပါရှိတဲ့ စာအုပ်တစ်အုပ်လည်းပါတာကို ကျွန်မ မှတ်မိနေသေးတယ်”
“အင်း”
စုဝေ့ချင်းက ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်လေသည်။
“တကယ်လို့ သူ့ကို ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးနိုင်မယ်ဆိုရင် နောက်ပိုင်းကျရင် သူက နန်းတော်ပြတိုက်ထဲက ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြင်ဆင်ပေးနိုင်တဲ့သူတောင် ဖြစ်လာနိုင်တယ်၊
အရင်က နန်းတော်ပြတိုက်ထဲက အဖိုးတန်ပစ္စည်း အတော်များများ ပျက်စီးခဲ့ရတယ်လို့ ကိုယ် ကြားဖူးတယ်၊ အခုအချိန် ပြည်သူတွေကို လူသိရှင်ကြား ဖွင့်လှစ်ပြသခြင်း မပြုသေးပေမဲ့ အဲဒါတွေအားလုံးက သမိုင်းဝင် အမွေအနှစ်တွေပဲလေ၊
နိုင်ငံတော်အနေနဲ့ အဲဒီပစ္စည်းတွေ ပျက်စီးယိုယွင်းသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး၊တစ်နေ့နေ့ကျရင်တော့ သေချာပေါက် ပြန်လည်ပြင်ဆင်ကြရမှာပဲ”
အကယ်၍ သူသာ စာပေပညာရပ်အပေါ် အလွန် စွဲလမ်းနှစ်သက်စိတ် မရှိခဲ့ဖူးပါက သူကိုယ်တိုင်ပင် ထိုသင်ရိုးညွှန်းတမ်းကို သင်ယူမိလိမ့်မည်။
တစ်ဖက်တွင်တော့ ဝမ်တုန်အနေဖြင့် အောင်မြင်စွာဖြင့် တပည့်အဖြစ် ခံယူခွင့်ရရှိခဲ့လေပြီ။
သို့သော် ပထမဆုံးနေ့မှာပင် သူ၏ဆရာ့ထံမှ လက်တွေ့ကျလွန်းသော သင်ရိုးညွှန်းတမ်း စာအုပ်တစ်အုပ်ကို ရရှိခဲ့လေသည်။
ထိုစာအုပ်က ဂျီဩမေတြီစာအုပ် ဖြစ်လေ၏။
ဝမ်တုန် : “...”
စုဝေ့ချင်းက တည်ကြည်လေးနက်သော လေယူလေသိမ်းဖြင့် ပြောလိုက်လေသည်။
“မင်းသာ ကစားစရာ ပြုလုပ်တဲ့ အတတ်ပညာကို ကောင်းကောင်းမွန်မွန် တတ်မြောက်ချင်တယ်ဆိုရင်၊
ဂျီဩမေတြီ ပညာရပ်ကို သေချာပေါက် သင်ယူထားဖို့ လိုအပ်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းက တစ်သက်လုံး ငါပုံစံထုတ်ပေးထားတဲ့ ကစားစရာတွေကိုပဲ လိုက်ပြီး တပ်ဆင်နေလို့ ဘယ်ရပါ့မလဲ၊
မင်း စာကို ကြိုးကြိုးစားစား လေ့လာသရွေ့ ဒီအတတ်ပညာကို အမြဲတမ်း ပိုင်ဆိုင်ထားနိုင်လိမ့်မယ်၊
ဒါပေမဲ့ အခြေခံကျတဲ့ ပုံစံထုတ်လုပ်မှုတွေကိုတော့ မင်းကိုယ်တိုင်ပဲ လုပ်ဆောင်ရမှာ”
ထို့ကြောင့် ဂျီဩမေတြီ ပညာရပ်ကို ပိုင်နိုင်စွာ တတ်မြောက်ထားခြင်းက နောက်ပိုင်း ဒီဇိုင်းများကို ရေးဆွဲသည့်အချိန်တွင် အလွန် အထောက်အကူ ဖြစ်စေနိုင်ပေလိမ့်မည်။
ဝမ်တုန်က ဤစာအုပ်ကို အိမ်သို့ သယ်ဆောင်လာခဲ့ချိန်တွင် အဖေဖြစ်သူ၏ သရော်လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း ခဏအကြာတွင် အားပေးခဲ့လေ၏။
အစ်ကိုဝမ်က ဝမ်တုန်၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
“ဒါက မင်းရဲ့ဆရာ ပေးအပ်လိုက်တဲ့ တာဝန်ဖြစ်တာမို့လို့ မင်း သေချာပေါက် ကြိုးကြိုးစားစား လေ့လာရမယ်”
*