အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း(322)
ဝမ်တုန်က အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။
သို့သော် အဖေဖြစ်သူ၏ တည်ကြည်လေးနက်လွန်းသော လေသံနှင့် သူ၏အဖေကိုယ်တိုင်က အဆင့် (၇) အလုပ်သမားတစ်ဦးဖြစ်သည်ဟူသော အချက်ကြောင့် ချက်ချင်းပင် ယုံကြည်စိတ်ချသွားခဲ့ရပြီး ဂျီဩမေတြီပညာရပ်ကို ကြိုးပမ်းလေ့လာလေတော့၏။
သို့သော် သူ၏အဖေဖြစ်သူက သူ့ထံသို့ တောင်းဆိုချက်တစ်ခုကို ထုတ်ပြန်ခဲ့သေးသည်။
ထိုတောင်းဆိုချက်က သူ၏ ပုံမှန်အလုပ်ဆင်းချိန်များကို လုံးဝ ပျက်ကွက်ခြင်း မရှိစေရန်ဖြစ်လေ၏။
ကံကောင်းစွာဖြင့် တပည့်သင်တန်းသားများအနေဖြင့် တခြားဝေးလံသောနေရာများသို့ သွားရောက်လုပ်ကိုင်ရန် မလိုအပ်ပေ။
သူတို့၏ ဆရာများက အပြင်သို့ အလုပ်သွားလုပ်သည့် အချိန်တိုင်း၊ သူတို့က စက်ရုံထဲ၌သာ ရှိနေကြောင်းကို အချက်ပြမှတ်တမ်း တင်ထားရန်သာ လိုအပ်၏။တခြားသော လုပ်ဆောင်စရာများ မရှိပေ။
ထို့ကြောင့် ဝမ်တုန်က ယခုအချိန်တွင် ဂျီဩမေတြီပညာရပ်ကို လေ့လာခြင်း၌ စိတ်အာရုံကို အပြည့်အဝ မြှုပ်နှံထားနိုင်ခဲ့လေ၏။
“ကစားစရာလုပ်တာက တကယ်ပဲ ဒီလောက်အထိ ဗဟုသုတတွေ အများကြီး လိုအပ်လို့လား”
အစ်မမာက ဂျီဩမေတြီစာအုပ်ကို လှမ်းကြည့်လိုက်ပြီး မျက်စိပင် ပြာဝေသွားတော့၏။
ထိုစာလုံးတန်းကြီးများမှာ သူမ နားမလည်နိုင်သော စာများကဲ့သို့ဖြစ်နေပြီး ကြည့်ရှုရုံမျှဖြင့်ပင် ခေါင်းမူးနောက်စေသည်။
“မဟုတ်ပါဘူး၊ သူ့ကို စနောက်နေတာ”
အစ်ကိုဝမ်က နှာခေါင်းရှုံ့၍ ပြောလိုက်လေ၏။ သူက အလုပ်သမားတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးသည်။
သို့သော် ကစားစရာသင်တန်းသားတစ်ဦးက ဂျီဩမေတြီပရာကို သင်ယူရန် လိုအပ်ကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေ၏။
သို့သော် သူက တားဆီးပိတ်ပင်လိမ့်မည် မဟုတ်ပေ။
စုဝေ့ချင်းက ဝမ်တုန်ကို တပည့်အဖြစ် တရားဝင်လက်ခံလိုက်ပြီဖြစ်၍၊ သူတို့ကြားတွင် ဆရာတပည့် ရေစက် ရှိသွားခဲ့လေပြီ။
နောက်ပိုင်းကျရင် အကူအညီလိုအပ်လာခဲ့ပါကလည်း စုဝေ့ချင်းအနေဖြင့် သူ့ကို တိုက်ရိုက် ငြင်းဆန်လိမ့်မည် မဟုတ်တော့ပေ။
အရေးကြီးဆုံးအချက်မှာ ဂျီဩမေတြီကို လေ့လာခြင်းက ပန်းမန်စိုက်ပျိုးခြင်းနှင့် ငှက်မွေးခြင်းတို့ထက် ပိုမိုကောင်းမွန်၏။
ဝမ်မိသားစုက ချမ်းသာကြွယ်ဝခဲ့ဖူးသည်။ အတိတ်တုန်းကတော့ ကံဆိုးမှုမှတစ်ဆင့် ကံကောင်းခြင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ဖူးသည်။
သို့သော် အစ်ကိုဝမ်က သူ၏သားများ လမ်းမှားသို့ ရောက်ရှိသွားမည်ကို အမြဲတစေသတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ရလေ၏။
သူ၏ သားများက စနစ်တကျဖြင့် ကြီးပြင်းလာခဲ့ကြပြီး တပည့်သင်တန်းသားများ ဖြစ်လာခဲ့ကြသည်။
သို့သော် အရိုးသားဆုံးဖြစ်သော ဤအငယ်ဆုံးသားလေးကတော့ အရင်းရှင်များ၏ အလေ့အကျင့်ဆိုးအားလုံးကို ဆက်ခံမိနေခဲ့လေသည်။
အစ်ကိုဝမ်က သူ၏အငယ်ဆုံးသားကို ထူးခြားသည့် အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်လာရန် မမျှော်လင့်ခဲ့ပေ။
သူက စုဝေ့ချင်းအနေဖြင့် ဝမ်တုန်၏ စိတ်နေသဘောထားများကို လမ်းမှားမှ လမ်းမှန်သို့ ပြန်လည်တည့်မတ်ပေးနိုင်ရန်သာ မျှော်လင့်မိ၏။
“နောက်ပိုင်းကျရင် မင်း အချိန်ရရင် ရသလို စုမိသားစုဆီကို သွားပြီးတော့ ကူညီပေးလိုက်ဦး၊ သူတို့က ငယ်ရွယ်တဲ့ဇနီးမောင်နှံတွေဆိုတော့ ကိစ္စအတော်များများကို သေသေချာချာ သိဦးမှာ မဟုတ်ဘူး”
အစ်ကိုဝမ်က အစ်မမာဘက်ကိုလှည့်ကြည့်လိုက်ရင်း ညွှန်ကြားလိုက်လေသည်။
အစ်မမာက သူ့ကို ပြန်ကြည့်လိုက်သည်။
“ဒါကို ရှင့်ဘက်က ပြောနေစရာ လိုလို့လား”
အစ်ကိုဝမ်က သူ၏နားရွက်အနောက်တွင် ညှပ်ထားသော စီးကရက်ကို ဖြုတ်ယူလိုက်ပြီး၊ နှာခေါင်းဝ၌ အနံ့ခံကြည့်ရှုလိုက်လေသည်။
သို့သော် မီးညှိ၍ သောက်သုံးရန် နှမြောလွန်းသောကြောင့်
ထိုစီးကရက်ကို နားရွက်နောက်သို့သာ ပြန်ညှပ်ထားလိုက်ပြန်သည်။
“ရှင်ကတော့.. အဲဒီစီးကရက်ကို နေ့တိုင်း အဖိုးတန်ရတနာတစ်ခုလို သဘောထားနေတာပဲ၊
သောက်ရင်လည်း သောက်၊ ဒါမှမဟုတ်ရင်လည်း သိမ်းထားလိုက်ပါလား၊ ဘာဖြစ်လို့ နားရွက်နောက်မှာပဲ အမြဲတမ်း ညှပ်ထားရတာလဲ”
“မင်း ဘာမှမသိပါဘူး၊ ဒါက သီးသန့်ပံ့ပိုးပေးတဲ့ အဖိုးတန်စီးကရက်ပဲ”
သူက စီးကရက်ပေါ်ရှိ တံဆိပ်အမှတ်အသားကို ညွှန်ပြလျက် ပြောလိုက်လေ၏။
“မြင်လား၊ ပန်ဒါတံဆိပ်”
သူက ဤကဲ့သို့သော ဂုဏ်ပြစရာ ပစ္စည်းမျိုးကို သုံးစွဲရန် နှမြောမိသည်။
ထိုနေ့က သူ စုမိသားစု၏ အံဆွဲထဲ၌ ဤကဲ့သို့သော စီးကရက်ဗူး အနည်းငယ် ရှိနေသည်ကို အမှတ်မထင် မြင်တွေ့ခဲ့ရဖူး၏။
မိသားစုထဲတွင် စစ်တပ်၌ စစ်မှုထမ်းနေသူရှိခြင်းက အမှန်တကယ်ပင် ကွဲပြားခြားနားလွန်းသည်။
သူတို့က ဤကဲ့သို့သော သီးသန့်ထောက်ပံ့သည့်စီးကရက်များကိုပင် ရရှိနိုင်ကြသည် မဟုတ်ပါလား။
အစ်မမာက မျက်လုံးလှန်လိုက်မိသည်။
သူမအတွက်တော့ ဤစီးကရက်များက စိတ်ဝင်စားဖွယ်ရာ ရှိမနေခဲ့ပေ။
စုဝေ့ချင်း ကျောင်းစတက်ပြီး သုံးရက်ကြာပြီးနောက်တွင် လီရှန်းလည်း ဆရာကြီးရန်ကျိမင်ထံမှ အကြောင်းကြားချက်တစ်ခုကို ရရှိခဲ့သည်။
ထိုအကြောင်းကြားစာတွင် ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးအခြေစိုက်စခန်းရှိ သင်တန်းသားအားလုံးက ရောက်ရှိလာခဲ့ကြပြီ ဖြစ်ကြောင့း ဖော်ပြထားလေ၏။
အခြေချပြီးနောက်တွင် ကျောင်းကို တရားဝင် စတင်ဖွင့်လှစ်တော့မည်ပင်။
လီရှန်းက ကျောင်းကို သတင်းပို့ပြီးသား ဖြစ်သောကြောင့် ဒုတိယအကြိမ် ထပ်မံသတင်းပို့ရန် မလိုအပ်တော့ပေ။
သို့သော် သင်ရိုးညွှန်းတမ်း စာအုပ်များကို သွားရောက်ထုတ်ယူရန် လိုအပ်သေးသည်။
ယခု အသစ်ပြုစုထားသော သင်ရိုးညွှန်းတမ်း စာအုပ်များတွင် ဆန်းပြားလွန်းသော မျက်နှာဖုံးများ မရှိကြသေးပေ။
ထိုစာအုပ်တို့တွင် စက္ကူ မျက်နှာဖုံးများသာ ရှိကြပြီး၊ စာအုပ်နာမည်များကို နီရဲသော စုန့်အရေးအသားပုံစံဖြင့် ပုံနှိပ်ထားကြသည်။
ထို့ကြောင့် ထိုခေတ်ကာလ၏ ထူးခြားလွန်းသော ရိုးရှင်းသည့် အလှတရားတစ်ခုကို ထင်ဟပ်နေခဲ့၏။
ဤသင်ရိုးညွှန်းတမ်းများမှာ ဆရာများ ပြန်လည်၍ ရောက်ရှိလာပြီးနောက် တစ်ညတာမျှအပင်ပန်းခံလျက် ပြုစုခဲ့ကြခြင်း ဖြစ်သည်။
ရန်ကျိမင်မှာတော့ စစ်တပ်ထဲ၌ ရှိနေချိန်ကတည်းက ဤစာအုပ်များကို ပြုစုခဲ့သည်ဖြစ်၍ ခြောက်လမက ကြာမြင့်ခဲ့လေပြီ။
ယခုတစ်ကြိမ် ပြန်လည်ရောက်ရှိလာပြီးနောက်တွင်လည်း၊ သူက အချိန်အတော်ကြာ အခန်းအောင်းလျက် ပြုစုခဲ့ရသေးသည်။
လီရှန်းအနေဖြင့် ယခင်က ရန်မိသားစုအိမ်သို့ စာပေသင်ယူရန်အတွက် သွားရောက်သည့် အချိန်တိုင်း ဆရာကြီးရန်ကျိမင်က တစ်နေ့ထက်တစ်နေ့ ပိုမို၍ ပိန်လာသည်ကို မြင်ခဲ့ရသည်။
ရန်ရှောင်မှာတော့ အပြင်ပန်းတွင် ကြမ်းတမ်းသော ပုံစံမျိုးရှိသော်လည်း ဧည့်ခန်းထဲ၌ ဖြစ်စေ၊ မီးဖိုချောင်ထဲ၌ ဖြစ်စေ အလွန်ပင် ထူးချွန်ထက်မြက်သူဖြစ်သည်။
သူက အရသာရှိလွန်းသော ဟင်းလျာများကို ချက်ပြုတ်တတ်ပြီး၊ ဆရာကြီးရန်ကျိမင်
အတွက်လည်း နေ့တိုင်း စွပ်ပြုတ်များ ပြုလုပ်ပေးလေ့ရှိ၏။
နှမြောစရာကောင်းစွာဖြင့် ဆရာကြီးရန်ကျိမင်က သူ၏ စွမ်းအင်အားလုံးကို အသုံးပြုလျက် ကလေးများကို ပျိုးထောင်ရန် ကြိုးပမ်းနေခဲ့သည်။
“ ကလေးအတွက်စိတ်မပူနဲ့၊ ရန်ရှောင်က သူရဲ့ အလုပ်ဌာနဆီမှာ သတင်းပို့ပြီးပါပြီ၊ အဲဒီနေရာက မူလတန်းကျောင်းနဲ့ အတော်လေး နီးတယ်၊ မင်းတို့နှစ်ယောက်ရဲ့ အတန်းချိန်ဇယားတွေကို သူ့ဆီကို တစ်စောင်စီ ပေးထားလိုက်ကြပေါ့၊
တကယ်လို့ မင်းတို့ အဆင်မပြေဘူးဆိုရင် သူက ကလေးကို သူရဲ့အလုပ်ဌာနဆီကို အရင်ဆုံး သွားကြိုထားလိမ့်မယ်၊
ပြီးမှ အိမ်အပြန်လမ်းမှာ တစ်ခါတည်း ခေါ်လာခဲ့လို့ ရတာပဲလေ”
ဆရာကြီးရန်ကျိမင်က လီရှန်းအတွက် အရာအားလုံးကို ကြိုတင်၍ စီစဉ်ပေးထားခဲ့၏။
လီရှန်းက ပြုံးလိုက်မိလေ၏။
“ဒါဆိုရင်တော့ ရဲဘော်ရန်ကို အတော်လေး အားနာစရာ ဖြစ်ဝပြီ”
“ပြဿနာမရှိပါဘူး၊ ကျွန်တော့်ရဲ့ အလုပ်ဌာနက အလုပ်မရှုပ်ဘူး၊ ပြီးတော့ ကျွန်တော့်ရဲ့ ရုံးခန်းကလည်း တိတ်ဆိတ်ပါတယ်၊ ကျွန်တော် ကလေးကို အဲဒီကို ခေါ်သွားပြီး အိမ်စာတွေ ကူလုပ်ပေးလို့ ရတာပဲ၊
မူလတန်းကျောင်းသားတစ်ယောက်ကို စာပြပေးဖို့ကတော့ ကျွန်တော့်အတွက် အခက်အခဲမရှိနိုင်ပါဘူး”
ရန်ရှောင်အနေဖြင့် သူ၏လက်များကို ပွတ်သပ်လိုက်ပြီး ထိုမူလတန်းကျောင်းသူလေးကို စာသင်ပြသပေးချင်စိတ်များက ပေါက်ပွားလာခဲ့သည်။
ထို့အပြင် စုရှောင်လော်က အလွန်ပင် ဉာဏ်ပညာထက်မြက်သူဖြစ်ပြီး၊ ရန်ရှောင်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ နှိမ့်ချထားတတ်သူမျိုး မဟုတ်ပေ။
ထို့ကြောင့် သူက ဤပါရမီရှင်ကလေးငယ်လေးကို သူ၏ လုပ်ဖော်ကိုင်ဖက်များအကြား၌ ဂုဏ်ယူဝင့်ကြွားချင်နေခဲ့သည်။
ဤနည်းအားဖြင့် သူ၏ တည်ရှိမှုကို လူအများအကြား၌ ဖုံးကွယ်ထားနိုင်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ထင်စေရလိမ့်မည်။ တခြားလူများက သူ့အပေါ် အလွယ်တကူ သံသယဝင်ခြင်းမှလည်း တားဆီးနိုင်လိမ့်မည်။
အပေါ်ယံတွင် သူက ယဉ်ကျေးမှုဗျူရိုမှ အရာရှိတစ်ဦး ဖြစ်သော်လည်း တကယ်တမ်းတွင် သူက အမျိုးသားလုံခြုံရေးဗျူရို၏ လျှို့ဝှက်တာဝန်များကို ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည်။
လာမည့် နှစ်အနည်းငယ်အတွင်း ကြီးမားလွန်းသော ကိစ္စရပ်များစွာကို ကိုင်တွယ်ဖြေရှင်းရမည့်သူလည်း ဖြစ်၏။
“ကျွန်မတို့ရဲ့ ဝေ့ချင်းက မောင်လေးတစ်ယောက်ကိုလည်း တပည့်အဖြစ် မွေးစားထားသေးတယ်၊
အဲဒီကလေးကလည်း အချိန်ရရင် ရသလို အိမ်ကအလုပ်တွေကို လာပြီး ကူလုပ်ပေးနေတာလေ၊ ဒါကြောင့် ရဲဘော်ရန်ရဲ့ အလုပ်တွေကို အများကြီးတော့ မသက်ရောက်စေနိုင်လောက်ပါဘူး”
လီရှန်းက စုဝေ့ချင်း တပည့်တစ်ဦးကို လက်ခံလိုက်သည်ဟု ထုတ်ဖော်ပြောဆိုရန် အနည်းငယ်ရှက်ရွံ့နေသည်။
ထို့ကြောင့် မောင်လေးတစ်ယောက်ကို မွေးစားထားသည်ဟုသာ လှည့်ပတ်ပြောဆိုလိုက်ခြင်း ဖြစ်၏။
ရန်ရှောင်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်လေသည်။
“အဲဒါဆိုရင်တော့ ပိုပြီးတော့တောင် အဆင်ပြေသွားတာပေါ့”
စာအုပ်များကို ရရှိခဲ့ပြီး စုရှောင်လော်အတွက် ကိစ္စရပ်များကို ပြင်ဆင်ပြီးနောက်၊ လီရှန်းက အိမ်သို့ ပြန်လာခဲ့ပြီး ညစာချက်ပြုတ်ရန် ပြင်ဆင်လေတော့သည်။
စုဝေ့ချင်းက ကျောင်း၌ ညပိုင်း ကိုယ်ပိုင်စာလေ့လာချိန်သို့ တက်ရောက်ရမည်ဖြစ်သောကြောင့် စားသောက်ဆောင်၌သာ စားသောက်ရန် စီစဉ်ထားခဲ့၏။
သူမအနေဖြင့် သားအမိနှစ်ဦးအတွက်သာ ချက်ပြုတ်ရန် လိုအပ်သည်။
စုရှောင်လော်ကို ဝမ်တုန်က သူ အလုပ်ဆင်းချိန်တွင် အိမ်သို့ ကူညီခေါ်ဆောင်လာပေးပေလိမ့်မည် ။
လီရှန်း ဆန်ပြုတ်ကို ချက်ပြုတ်ပြင်ဆင်ပြီးခါစ အချိန်မှာပင် ဝမ်တုန်က စုရှောင်လော်ကို ပွေ့ချီလျက် ပြန်လည်၍ ရောက်ရှိလာခဲ့၏။
“မင်းတို့နှစ်ယောက်လုံး လက်ဆေးပြီး ထမင်းလာစားကြတော့”
လီရှန်းက တူကို ကိုင်ဆောင်လိုက်ရင်း ပြောလိုက်လေသည်။
“မင်းရဲ့ဆရာက မင်းအတွက် စာကြည့်ခန်းထဲမှာ အိမ်စာတချို့ ချန်ထားပေးခဲ့တယ်နော်၊
ထမင်းစားပြီးရင် သွားလုပ်လိုက်ဦး၊ ပြီးတော့ ရှောင်လော်၊ ဒီနေ့ သမီးရဲ့ အိမ်စာတွေရော ဘယ်လိုလဲ”
“သမီး စောစောကတည်းက အားလုံး ပြီးစီးအောင် လုပ်ထားပြီးပါပြီ”
စုရှောင်လော်က သူမ၏ ကျောင်းလွယ်အိတ်ကို ချထားလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြေးဝင်လာခဲ့ပြီး ညစာစားရန်အတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့လေ၏။
“ဗိုက်ဆာနေပြီလား”
လီရှန်းက အသားတုံးတစ်ခုကို စုရှောင်လော်၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်လေသည်။
စုရှောင်လော်က သူမ၏နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် အသားတုံးကို လျင်မြန်စွာ ဝါးမြိုလိုက်ရင်း ပြောလိုက်လေ၏။
“အမေ၊ သမီး ဒီနေ့မွန်းလွဲပိုင်း ဒုတိယအတန်းချိန်တုန်းက ဗိုက်အတော်လေး ဆာလာခဲ့တာ၊
ဆရာမဖန်က ပြောတာတော့ သမီးတို့ ကျောင်းမှာ နို့မှာသောက်လို့ ရတယ်တဲ့၊ အမေ သမီးတို့လည်း နို့မှာကြမလား”
“ဒါဆို မှာကြမယ်လေ”
လီရှန်း ခေါင်းညိတ်ပြလိုက်လေသည်။
*