← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း(324)

ဝူလီက စိတ်ထဲ၌ အမှန်တကယ်ပင် မသက်မသာ ခံစားနေရသည်။

ယခုအချိန်တွင် သူတို့မိသားစုနှစ်ခုက အတူနေထိုင်ကြရသည့်အတွက် ဝူလီက ဘေးအိမ်၌ ဖြစ်ပျက်သမျှသော ကိစ္စအသေးအမွှားလေးများကိုပင် ကောင်းစွာသိရှိနေခဲ့သည်။

သူမက စုဝေ့မင်တို့ ဇနီးမောင်နှံက တတိယမိသားစုမှ ဇနီးမောင်နှံကို ကူညီထောက်ပံ့ပေးနေကြောင်းကို သတိထားမိသွားခဲ့၏။

သူမက လူကြီးများ၏ အရှေ့တွင် မည်သည့်စကားမှထုတ်ဖော်မပြောရဲသော်လည်း စိတ်ထဲ၌ အလွန်ပင် မကျေမနပ် ဖြစ်နေမိရသည်။

သူမက စုဝေ့ချင်းတို့ဇနီးမောင်နှံမှ မြို့တော်သို့ သွားခဲ့ကြသည့်တိုင်အောင် လူကြီးများက သူတို့ကို ကူညီရန်အတွက်သာ နည်းလမ်းများကို ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်သည်ဟု တွေးမိ၏။

ထို့ကြောင့် ယခင်က သူတို့ အတူနေထိုင်ချိန်တုန်းက လူကြီးများက စုဝေ့ချင်းတို့ဇနီးမောင်နှံကို မည်မျှအထိ ကူညီပေးခဲ့ဖူးသနည်းဟုပင် သံသယစိတ်များဖြင့် တွေးတောနေမိတော့သည်။

ဤသို့ဖြင်သ စုချန် နှင့် စုကျွင့်တို့ ကျောင်းမှ အိမ်သို့ ပြန်လည် ရောက်ရှိလာကြသည့်အချိန်တွင် ဝူလီ ၏ တည်တင်းနေသော မျက်နှာနှင့် မကျေမနပ် ဖြစ်နေသော အမူအရာများကို မြင်တွေ့လိုက်ကြရသည်။

ထို့ကြောင့် သူတို့က နောက်သို့လှည့်ပြန်လိုက်ကြပြီး ဘေးဘက်မှ အဘိုးအဘွားများ၏ အခန်းဆီသို့သာ ဦးတည်သွားကြတော့၏။

“အစ်ကို၊ အဒေါ်ဝူက ဘာဖြစ်လို့ ထပ်ပြီး စိတ်ဆိုးဒေါသထွက်နေရပြန်တာလဲ”

စုကျွင့်က လုံးဝစိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သူ၏အစ်ကိုဖြစ်သူကို ခပ်တိုးတိုး မေးမြန်းလိုက်လေသည်။

သူက အလွန်ပင်ဖျတ်လတ်တက်ကြွပြီး ပျော်ရွှင်တတ်သော ကောင်လေးတစ်ဦး ဖြစ်သောကြောင့် ကျောင်းတွင် ကျောင်းသားများနှင့် ဆရာသမားများအားလုံးက သူ့ကို ချစ်ခင်ကြ၏။

သူကအဆင်မပြေနိုင်သော တစ်ဦးတည်းသောသူက သူ၏မိထွေးသာ ဖြစ်သည်။

အကယ်၍ သူ၏မိထွေးကို လူကောင်းတစ်ယောက်ဟုပြောမည်ဆိုပါက သူမက အမှန်တကယ်ပင် ကောင်းမွန်လွန်း၏။

သူမက ဤညီအစ်ကိုနှစ်ဦးအတွက် ပျိုးထောင်ပေးရန်အတွက် သူမ၏ ကိုယ်ပိုင်ကလေးကိုပင် မယူဘဲ စတေးခဲ့သည့်အပြင် သူတို့ကိုလည်း အလွန်ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးခဲ့ဖူးသည်။

သို့သော် အကယ်၍ သူမကို ပေါင်းသင်းဆက်ဆံရခက်ခဲသော လူတစ်ဦးအဖြစ် ပြောမည်ဆိုပါကလည်း သူမက အမှန်တကယ်ပင် ထိုကဲ့သို့သောသူမျိုး ဖြစ်နေပြန်၏။

အကြောင်းမှာ သူမက အမြဲတစေ စိတ်ဆိုးဒေါသထွက်နေတတ်ပုံရသောကြောင့် ဖြစ်သည်။

“ငါလည်း မသိဘူး၊ ဒါပေမဲ့ ငါတို့ အမြန်သွားပြီး အဖေ့ကို သွားရှာကြရအောင်”

စုချန်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေ၏။

“အဒေါ်ဝူက အဖေ့ကို မြင်ရမှပဲ ပျော်ရွှင်နိုင်မှာ”

“အခုတော့ စာအုပ်တွေကို အိမ်မှာပဲ ထားခဲ့ကြတာပေါ့”

စုကျွင့်ကလည်း စုချန်၏ အကြံဉာဏ်ကို သဘောတူညီလိုက်လေ၏။

ထိုညီအစ်ကိုနှစ်ဦးက သူတို့၏ ကျောင်းလွယ်အိတ်များကို ဆိုဖာပေါ်သို့ ပစ်ချလိုက်ကြသည်။

ထို့နောက် အိမ်တံခါးအပြင်သို့ အလျင်အမြန် ပြေးထွက်ခဲ့ကြပြီး သုတေသနဌာနဆီသို့ ပြေးလာခဲ့ကြတော့၏။

စုဝေ့ဟိုင်က ယခုအချိန်တွင် သာမန်သုတေသနပညာရှင်တစ်ဦးအဆင့်မှ သုတေသနအုပ်စုခေါင်းဆောင်အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်းကို ခံထားရပြီး၊ စီမံကိန်းများကို စတင်ဦးဆောင်နေခဲ့လေသည်။

သူက သာမန်သုတေသနပညာရှင်များထက် စမ်းသပ်မှုများအပေါ် အချိန်ပိုမို၍ ပေးရလေ့ရှိ၏။

ယခင်က ကြီးမားသော စီမံကိန်းများကို မလုပ်ဆောင်ရသေးသည့်အချိန်က သူ့အနေဖြင့် တစ်လလျှင် တစ်ကြိမ် အိမ်သို့ ပြန်နိုင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် သုံးလလျှင် တစ်ကြိမ်မျှသာ အိမ်သို့ ပြန်နိုင်တော့၏။

ရှေးလူကြီးများ၏ ပြောစကားအတိုင်း ‘အဝေးမှာ နေရတာ ကြာလာရင် သံယောဇဉ်တွေ ပိုပြီးတိုးလာတတ်တယ်’ ဟူ၍ပင်။

ထို့အပြင် ဝူလီက ကလေးမွေးဖွားရန်အတွက် မည်သည့်ဖိအားမှ မရှိသည့်အပြင် လွန်ခဲ့သော နှစ်အနည်းငယ်တွင် စိုးရိမ်ပူပန်မှုကင်းမဲ့သော ဘဝမျိုးကို နေထိုင်ခဲ့ရ၏။

သူမ၏ လင်ပါသားနှစ်ဦးကလည်း သူမကို အလွန်ပင်ရိုသေလေးစားကြသည်။

ထို့ကြောင့် သူမက တစ်နေ့ထက်တစ်နေ့ ပိုမိုစိတ်ချမ်းသာလာပြီး ကိုယ်ခန္ဓာလည်း ပြည့်ဖြိုးဝဖြိုးလာခဲ့၏။

သူမက အသားအရေပြည့်ပြီး လှပနေခဲ့သည်။

ထို့အပြင် သူမ၏ မိခင်ဘက်မှ ကိစ္စရပ်များလည်း အားလုံးပြေလည်သွားခဲ့၏။

သူမတွင် စိုးရိမ်ပူပန်စရာများ မရှိတော့သောကြောင့် သူမ၏ မျက်နှာပေါ်တွင်လည်း သောကအရိပ်အယောင်မျှ ရှိမနေခဲ့ပေ။

ဝူလီတွင် ကိုယ်ပိုင်ကလေးမရှိသော်လည်း စုချန်နှင့် စုကျွင့်တို့က ကျေးဇူးသိတတ်သော ကလေးများ ဖြစ်ကြသည်။

သူတို့၏ မိထွေးဖြစ်သူတွင် မည်ကဲ့သို့သော အကြောင်းပြချက်မျိုး ရှိနေပါစေ နောက်ဆုံးတွင် အကျိုးကျေးဇူးကို ခံစားရသူများက သူတို့ညီအစ်ကိုနှစ်ဦးသာဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် သူတို့က ပုံမှန်အားဖြင့် ဝူလီနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်ကြလေ၏။

ထိုနှစ်ဦးက သုတေသနဌာနဆီသို့ ပြေးလာခဲ့ကြပြီး စုဝေ့ဟိုင်ကို လျင်မြန်စွာ ရှာဖွေခဲ့ကြသည်။

သို့သော် စုဝေ့ဟိုင်က လွန်ခဲ့သော နှစ်လနီးပါးခန့်ကတည်းက ဆံပင်မညှပ်ခဲ့ရသေးပေ။

ထို့ကြောင့် သူ၏ဆံပင်များကိုခေါင်းထိပ်တွင် သားရေကွင်းတစ်ခုဖြင့် စည်းနှောင်ထားခဲ့၏။

သူ၏ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကလည်း ထွက်ပေါ်နေခဲ့သောကြောင့် ချောမောခန့်ညားခြင်း မရှိတော့ပေ။

စုကျွင့်က မေးလိုက်လေသည်။ဝ

“အဖေ့က ဒီလိုရုပ်ရည်မျိုးဖြစ်နေတာဆိုတော့ အဒေါ်ဝူရဲ့ စိတ်ကို ပြန်ပြီး သိမ်းပိုက်နိုင်ပါဦးမလား မသိဘူး”

စုချန် : “...”

အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်၌လည်း သံသယတချို့ ရှိနေမိရသည်။

“မင်းတို့ ဘာဖြစ်လို့ ဒီကိုရောက်လာကြတာလဲ”

စုဝေ့ဟိုင်က သူ၏ ယခုအသွင်အပြင်က သားနှစ်ဦးအပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်ကို အနည်းငယ်မျှပင် သိရှိခြင်းမရှိပေ။

စုချန်က စကားမပြောရသေးမီမှာပင် စုကျွင့်က ကျယ်လောင်စွာ အော်ဟစ်လေတော့၏။

“အဖေ၊ အိမ်ကို အမြန်ပြန်သွားကြည့်လိုက်ဦး၊ အဖေ့ရဲ့ ဇနီးက ထပ်ပြီး စိတ်ဆိုးဒေါသထွက်နေပြန်ပြီ၊

ဒီတစ်ကြိမ်မှာ အဖေကိုယ်တိုင် အိမ်ပြန်ပြီး ချော့မော့မှ ရလိမ့်မယ် ထင်တယ်”

စုကျွင့်၏ အသံက အတော်လေး ကျယ်လောင်လွန်းသည့်အပြင် နေ့လည်စာစားရန် အလုပ်ဆင်းချိန်လည်းဖြစ်နေလေ၏။ သူ၏ အော်ဟစ်သံကြောင့် ဖြတ်သန်းသွားကြသော လုပ်ဖော်ကိုင်ဖက်အားလုံး ရယ်မောသွားကြရသည်။

“ခေါင်းဆောင်စု၊ အိမ်ကို အမြန်ဆုံး ပြန်သွားလိုက်ဦး၊ မဟုတ်ရင် ဇနီးသည်က စိတ်မချမ်းမသာ ဖြစ်နေပါဦးမယ်”

သူနှင့် ရင်းနှီးကြသော လူများက သူ့ကို စနောက်လိုက်ကြလေသည်။

“သွားစမ်းပါ၊ မင်းတို့ဘာသာမင်းတို့ ထမင်းသွားစားကြ”

စုဝေ့ဟိုင်က ပြန်ပြောလိုက်လေသည်။

သူက စုကျွင့်၏ စကားလုံးများကြောင့် ရှက်ရွံ့နေခြင်းမျိုးမရှိဘဲ၊ တခြားလူများက သူ့ကို ရယ်မောလှောင်ပြောင်ကြသည်ကို မလိုလားခြင်းမျှသာ ဖြစ်၏။

ထို့နောက် သူက သူ၏အငယ်ဆုံးသား၏ လည်ပင်းကို ဆွဲကိုင်လိုက်ရင်း ပြောလိုက်လေသည်။

“မင်းရဲ့အသံက တကယ်ကို ကျယ်လောင်လွန်းတာပဲ၊ မင်းအစ်ကိုဆီကနေ တည်ငြိမ်မှုရှိအောင် လေ့လာသင်ယူစမ်းပါ”

စုကျွင့်က နှုတ်ခမ်းကို စူပြီးပြောလိုက်လေသည်။

“ကျွန်တော် အစ်ကိုနဲ့ အသက်တူတဲ့အချိန်ကျရင် ပိုပြီးတော့ ရင့်ကျက်လာမှာပေါ့”

“မင်းကတော့.. မင်း ဒီလိုပြောနေခဲ့တာ နှစ်အတော်ကြာပြီ”

သူ၏ ဘဝသက်တမ်းတစ်ခုလုံးတွင် စုချန်ထက် အသက်ပိုမကြီးနိုင်သော စုကျွင့်ကတော့ မျက်လုံးကိုလှန်ကာ စုဝေ့ဟိုင်ကို လက်ဟန်ပြလျက် အနားသို့ ခေါ်လိုက်လေသည်။

စုဝေ့ဟိုင်ကလည်း ခေါင်းကိုကိုင်းပေးလိုက်လျှင် စုကျွင့်က စုဝေ့ဟိုင်၏ နားရွက်နားသို့ ကပ်လျက် ခပ်တိုးတိုး ကုန်းတိုက်လေသည်။

“ကျွန်တော်ကတော့ အဒေါ်ဝူ စိတ်ဆိုးဒေါသထွက်နေရတဲ့ ကိစ္စက တတိယဦးလေးနဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ် ထင်တယ်”

“ဘာတွေဖြစ်ခဲ့လို့လဲ”

စုဝေ့ဟိုင်က မျက်မှောင်ကြုတ်လိုက်မိသည်။

သူ အိမ်ကနေ ထွက်ခွာလာခဲ့သည်က ရက်ပိုင်းမျှသာ ရှိသေးသည်။ အဘယ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ် ပေါ်ပေါက်လာခဲ့ရသနည်း။

ထို့အပြင် တတိယမိသားစုမှ ဇနီးမောင်နှံနှစ်ဦးလုံးက ပေကျင်းသို့ သွားခဲ့ကြပြီ မဟုတ်ပါလား။

ဝူလီ၏ စိတ်တိုင်းမကျမှုက အဘယ်ကြောင့် တတိယမိသားစုထံသို့ ဆက်လက်၍ ရိုက်ခတ်နိုင်ရပါသနည်း။

ထိုကလေးနှစ်ဦးလုံးက ခေါင်းကို အတူ ခါယမ်းပြလိုက်ကြလေသည်။

သူတို့က သိရှိထားလျှင်ပင် မည်သည့်အရာမှ ထုတ်ဖော်ပြောဆိုကြလိမ့်မည် မဟုတ်ပေ။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိစ္စရပ်များ ပြီးဆုံးသွားသည့်အချိန်တွင် သူတို့ကို ကောလာဟလ သတင်းများ ဖြန့်ဝေသည်ဟု သေချာပေါက် အပြစ်တင်ကြလိမ့်မည် မဟုတ်ပါလား။ သူတို့က ထိုကဲ့သို့သော လူမျိုး မဟုတ်ကြပေ။

စုဝေ့ဟိုင်က မျက်မှောင်ကြုတ်လိုက်မိပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။

အမှန်အတိုင်း ပြောရလျှင် ဝူလီက အရာရာတိုင်းတွင် အလွန်ကောင်းမွန်သူတစ်ဦး ဖြစ်သော်လည်း သူမ၌ အနည်းငယ် ‘အတ္တဆန္ဒကြီးမားမှု’ ရှိနေသည်။

သူမက သူမကိုယ်သူမသာ ဂရုစိုက်ပြီး တခြားသူများကို လျစ်လျူရှုထားခြင်းမျိုး မဟုတ်ပေ။

သို့သော် မိသားစုဘဝ နေထိုင်မှုအတွင်း အကျိုးအမြတ်များနှင့် နစ်နာမှုများကို အလွန်တွက်ချက်တတ်လွန်းသည်။

သို့သော် စုဝေ့ဟိုင်က သူမ၏ အခြေအနေကို နားလည်ပေးနိုင်၏။

မည်သို့ပင်ဖြစ်စေ ယခင်က ဝူမိသားစု၏ အခြေအနေဆိုးများအရ အကယ်၍ ဝူလီသာ သူမအတွက်ဟူ၍ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ပါက၊ သူမသည်လည်း သူမ၏ အစ်မများကဲ့သို့ပင် တစ်နေ့တာလုံး ဝူပေါင်ရှန်း၏ ကိစ္စရပ်များဖြင့်သာ အလုပ်ရှုပ်နေခဲ့ရပေလိမ့်မည်။

လွန်ခဲ့သောနှစ်ကဆိုလျှင် သူမ၏ အစ်မ၏ ခင်ပွန်းဖြစ်သူက ကွာရှင်းပြတ်စဲရန်အတွက် အတင်းအကျပ် လိုက်လံဆွဲခေါ်ခဲ့ဖူးသည့် အဖြစ်အပျက်မျိုးပင် ပေါ်ပေါက်ခဲ့ဖူးသေးသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်ဆိုးကြီးထဲ၌ ကြီးပြင်းခဲ့ရရှာသောကြောင့် ဝူလီအနေဖြင့် ‘အတ္တဆန္ဒကြီးမား’ နေခြင်းကလည်း အံ့ဩစရာ မရှိတော့ပေ။

သို့သော်..

စုဝေ့ဟိုင်က ဝူလီအား စိတ်ခံစားချက်များကို အနည်းငယ် ပိုမိုလျှော့ချထားနိုင်ရန်အတွက် မျှော်လင့်နေဆဲပင်။

မည်သို့ပင်ဖြစ်စေ စုမိသားစုနှင့် ဝူမိသားစုတို့၏ အခြေအနေချင်းက ကွဲပြားခြားနားလွန်းသည့်အပြင် သူတို့ညီအစ်ကို သုံးဦးလုံးကလည်း မတူညီသော နယ်ပယ်အသီးသီးတွင် ကြိုးပမ်းလုပ်ကိုင်နေကြသူများ ဖြစ်ကြ၏။

နောက်ပိုင်းတွင် သူတို့က အချင်းချင်း ရန်ပွဲများ ဖြစ်ပွားကြလိမ့်မည် မဟုတ်သည့်အပြင် အပြန်အလှန် ကူညီစောင့်ရှောက်ပေးနိုင်ကြမည့်သူများ ဖြစ်ကြသည်။

သူက ဝူလီကို သူ၏ တတိယခယ်မကဲ့သို့ လူတိုင်းနှင့် အဆင်ပြေအောင် နေထိုင်ရန် မမျှော်လင့်ထားပေ။

သို့သော် ဝူလီအနေဖြင့် အရေးမပါသော ကိစ္စအသေးအမွှားလေးများကြောင့် ညီအစ်ကိုများအကြား အမုန်းပွားစရာ အခြေအနေမျိုးကို ဖန်တီးမိလိမ့်မည်ကိုလည်း မလိုလားပါချေ။

စုဝေ့ဟိုင်က သူ၏ အိပ်ဆောင်ထဲသို့ ပြန်ဝင်ကာ အဝတ်အစားများကို လဲလှယ်လိုက်ပြီးနောက် သူ၏ သားနှစ်ဦးကို ခေါ်ဆောင်ပြီး အိမ်သို့ အလျင်အမြန် ပြန်လာခဲ့ကြလေတော့၏။

မျှော်လင့်ထားခဲ့သည့်အတိုင်းပင်။ စုဝေ့ဟိုင် အိမ်ထဲသို့ ဝင်ရောက်လာသည်နှင့် ဝူလီက သူမ၏ မပျော်ရွှင်မှု အားလုံးကို ပစ်ချလိုက်လေသည်။

သူမ၏ အာရုံစိုက်မှု အားလုံးကို စုဝေ့ဟိုင်ထံသို့သာ ပုံအောလိုက်တော့၏။

စုချန်နှင့် စုကျွင့်တို့ကတော့ သက်ပြင်းတစ်ချက် ချလိုက်ကြကာ အချင်းချင်းပင် ကြည့်ရှုလိုက်ပြီး ဘေးခန်းသို့ ထွက်သွားခဲ့ကြလေ၏။

သူတို့က စုဝေ့ဟိုင်တို့ဇနီးမောင်နှံနှစ်ဦး၏ ချစ်ခင်တွယ်တာနေကြမည့် အချိန်များအတွင်း ကြားလူအဖြစ် အနှောင့်အယှက် မပြုရန် ဆုံးဖြတ်လိုက်ကြလေ၏။

*

All Chapters