အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း(325)
အချိန်အတော်ကြာ ခွဲခွာနေခဲ့ကြရသောကြောင့် ထိုဇနီးမောင်နှံနှစ်ဦးကြားတွင် နူးညံ့သိမ်မွေ့မှုများကသာ အဓိကဦးစားပေး ဖြစ်နေခဲ့သည်။
သူတို့ခဏတာမျှချစ်ခင်စွာအတူရှိနေပြီးနောက် စုဝေ့ဟိုင်က ဝူလီကို အဘယ်ကြောင့် စိတ်ဆိုးဒေါသထွက်နေရသနည်းဟု မေးမြန်းလိုက်လေတော့၏။
ဝူလီက ချက်ချင်းပင် စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။
“အဲဒီကလေးနှစ်ယောက်က ရှင့်ဆီကို ထပ်ပြီး တိုင်တန်းပြောဆိုလိုက်ကြပြန်ပြီပေါ့ ဟုတ်လား”
“ဒါကိုဘာဖြစ်လို့ တိုင်တန်းပြောဆိုတယ်လို့ ခေါ်ရမှာလဲ၊ သူတို့က မင်းအတွက် စိုးရိမ်ပူပန်ပေးနေကြတာပါ”
စုဝေ့ဟိုင်က သူ၏ သားနှစ်ဦးအတွက် အလျင်အမြန်ပင် ကူညီပြီး စကားပြောပေးလိုက်လေ၏။
“ကောင်းပါပြီ၊ ရှင်က ရှင့်ရဲ့ သားတွေကို ဂရုစိုက်တတ်တာကို ကျွန်မသိပါတယ်၊ ကျွန်မ ဘာမှ ထပ်ပြီး မပြောတော့ဘူး”
ဝူလီက စုဝေ့ဟိုင်၏ ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် ဘေးသို့စောင်းကာ လှဲလျောင်းလိုက်ရင်း သူမ၏ စိတ်ထဲရှိ ဒေါသများကို ထုတ်ဖော်လေတော့၏။
အကယ်၍ စုဝေ့ဟိုင်အနေဖြင့် ဝူလီနှင့် ပတ်သက်၍ အကျေနပ်ဆုံးသော အချက်တစ်ခု ရှိမည်ဆိုပါက ဤအချက်ပင် ဖြစ်ပေလိမ့်မည်။
ဝူလီက စုဝေ့ဟိုင်နှင့် အတူရှိနေသည့် အချိန်တိုင်းး လုံးဝ ပွင့်လင်းရိုးသားသူတစ်ဦး ဖြစ်၏။
သူမက သူ၏ရှေ့တွင် အရာအားလုံးကို အလွန်ပင် ရိုးသားစွာ ထုတ်ဖော်ပြောဆိုတတ်သည်။
စုဝေ့ဟိုင်အနေဖြင့် အစပိုင်းတွင် ဝူလီက လီရှန်း၏ ဟန်ဆောင်မှုများနှင့် လော်ယွီရှို့၏ ဘက်လိုက်မှုများအကြောင်းကို ပြောဆိုသည်ကို ကြားရသည့်အချိန်တွင် အလွန်ပင် ထိတ်လန့်သွားရပြီး ဒေါသလည်း ထွက်ခဲ့ဖူး၏။
သူက သူ့ဇနီး၏ ရဲတင်းလွန်းသော အပြုအမူများကြောင့် ထိတ်လန့်ခဲ့ရပြီး၊ သူမ၏ အလွန် စိတ်ကူးယဉ်ဆန်သော အတွေးများကြောင့်လည်း ဒေါသထွက်ခဲ့ရဖူးသည်။
သို့သော် တဖြည်းဖြည်းချင်းဖြင့် သူ၏ဇနီးသည်က သူ့အပေါ် ဤမျှအထိ အကြွင်းမဲ့ ယုံကြည်စိတ်ချစွာဖြင့် ရင်ဖွင့်ပြောဆိုတတ်ခြင်းအပေါ် ကျေးဇူးတင်မိလာခဲ့သည်။
အကယ်၍ သူမသာ သူမ၏ အတွေးအားလုံးကို စိတ်ထဲ၌သာ မြှုပ်နှံထားခဲ့မည်ဆိုပါက နောက်ပိုင်းတွင် ထိုမကျေနပ်မှုတို့က သေချာပေါက် ပေါက်ကွဲထွက်လာကြလိမ့်မည်။
စုဝေ့ဟိုင်က ဝူလီကို ပွေ့ဖက်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင်ရှိနေသည့်အကြောင်းကို ပြောပြလိုက်လေသည်။
သူတို့ညီအစ်ကို သုံးဦးလုံးက နောက်ပိုင်းတွင် အချင်းချင်း အပြန်အလှန် ကူညီစောင့်ရှောက်ပေးကြလိမ့်မည်။
ဝူလီ၏ စိတ်ဆိုးဒေါသထွက်နေမှုနှင့် ပတ်သက်၍လည်း သူက ပေါ့ပါးစွာပင် ပြောလိုက်လေ၏။
“..တကယ်တော့ ကိုယ်တို့ မောင်နှမ လေးယောက်လုံး ဒီနေ့ခေတ်ကာလမှာ ဒီလောက်အထိ အောင်မြင်မှုတွေ ရရှိနေကြတာက ကိုယ်တို့ရဲ့ မိဘနှစ်ဦးလုံးရဲ့ ပြုစုပျိုးထောင်ပေးမှုတွေကြောင့်ပဲ
နောက်ပိုင်းကျရင် ကိုယ်ကလည်း အချိန်အများစုကို ဓာတ်ခွဲခန်းထဲမှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပြီး ကိုယ့်ရဲ့ ဒုတိယညီတို့ မိသားစုကလည်း စစ်တပ်ထဲမှာပဲ ရှိနေတော့မှာလေ၊
ဒါကြောင့် အဖေနဲ့အမေက နောက်ပိုင်းကျရင် ဝေ့ချင်းတို့ ဇနီးမောင်နှံနဲ့အတူ အချိန်ပိုမို ကုန်ဆုံးကြရလိမ့်မယ်ထင်တယ်၊
အဖေနဲ့အမေက ဘယ်သူ့ကိုပဲ ကူညီဖို့ ရွေးချယ်ပါစေ၊ ကိုယ်တို့ဘက်က စိတ်မကျေမနပ်နဲ့ ညည်းတွားမနေသင့်ဘူး၊
ပြီးတော့ အဖေနဲ့အမေက တစ်သက်လုံး ဖြောင့်မတ်ရိုးသားပြီး နေထိုင်လာခဲ့ကြတာလေ၊ သူတို့ စုဆောင်းထားသမျှ ငွေကြေးနည်းနည်းဆိုတာ သူတို့ရဲ့ ပုံသေလစာတွေထဲကပါပဲ၊
သူတို့က နောက်ထပ် ဘယ်လောက်အထိ ကူညီပေးနိုင်ဦးမှာမို့လို့လဲ”
ဝူလီလည်း ဤအခြေခံသဘောတရားကို နားလည်ပါသော်လည်း ယောက္ခမများ၏ ဘက်လိုက်တတ်မှုအပေါ်၌ စိတ်ဆိုးဒေါသထွက်နေဆဲပင်။
“မင်း စောင့်ကြည့်လိုက်ပါဦး၊ တတိယညီနဲ့ သူ့ဇနီးက ဒီငွေတွေကို အလကားတော့ သေချာပေါက် ယူကြမှာမဟုတ်ဘူး”
စုဝေ့ဟိုင်က သူ၏ ညီများက မည်ကဲ့သို့သော လူမျိုးဖြစ်ကြောင်းကို ကောင်းစွာ သိရှိထား၏။
စုဝေ့ချင်းက ပေါ့ပေါ့ပါးပါးနေတတ်ပုံရသော်လည်း စစ်မှန်သော တရားမျှတမှုစိတ် ရှိသည်။
ဝူလီက ထိုစကားကို မယုံကြည်သော်လည်း စုဝေ့ဟိုင်၏ ယုံကြည်ချက်ကိုလည်း ရိုက်ချိုးပစ်ချင်စိတ်မရှိခဲ့ပေ။
သို့သော် စုဝေ့ဟိုင်၏ ယုံကြည်ချက်က ခဏတာ စိတ်ကူးပေါက်ရုံသက်သက်မျိုး မဟုတ်ပါချေ။
သေချာပေ၏။ နောက်တစ်ကြိမ် စုဝေ့ချင်း ဖုန်းဆက်လာသည့်အချိန်တွင် ငွေကြေးကိစ္စရပ်များကို ပြောလာခဲ့လေတော့သည်။
ဝူလီက နားကို အစွမ်းကုန် စွင့်ထားခဲ့သည့်အတွက် ဖုန်းလိုင်း၏ တခြားတစ်ဖက်မှ စုဝေ့ချင်း၏ ပြောဆိုသံကို ကြားလိုက်ရလေ၏။
“အဖေနဲ့အမေကတော့ တကယ်ပါပဲ၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး၊ ပြီးတော့ ရှောင်လော်ပါပေါင်းမှ လူသုံးယောက်တည်း ရှိတာလေ၊
ကျွန်တော်တို့လည်း ဒီလွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငွေတချို့ကို စုဆောင်းထားမိတယ်.. ကျွန်တော်တို့ ပေကျင်းမှာ ငတ်ပြတ်သွားမှာကို သူတို့က စိုးရိမ်နေကြတာလား မသိဘူး”
စုဝေ့ဟိုင်က ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
“ အဖေနဲ့အမေက ရှောင်လော် ဗိုက်ဆာလို့ ပိန်လှီသွားမှာကို စိုးရိမ်နေကြတာပဲလေ”
“တော်စမ်းပါ၊ ရှောင်လော်က တကယ်ကို ပျော်ရွှင်နေတာ၊သူမက ရှန်းရှန်းနဲ့အတူ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးအခြေစိုက်စခန်းဆီကို လိုက်သွားတာလေ၊
အဲဒီက ဆရာအဘိုးတွေအားလုံးက သူမကို အဖိုးတန်ရတနာလေးတစ်ခုလို သဘောထားပြီး ချစ်ခင်နေကြတာ”
အဓိကအချက်က ထိုဆရာကြီးများက စုရှောင်လော်ကို သူမ၏ ရည်မှန်းချက်အား ‘နောက်ပိုင်းကျရင် လူသားတွေကို ကယ်တင်နိုင်မဲ့ ဆရာဝန်ကြီးတစ်ဦး ဖြစ်လာစေဖို့’ အတွက် အတင်းအကျပ် လှည့်ဖျားပြောဆိုနေကြခြင်း ဖြစ်သည်။
နှမြောစရာကောင်းစွာဖြင့် စုရှောင်လော်၏ စိတ်နှလုံးက သံမဏိကဲ့သို့ မာကျောလွန်းသောကြောင့်၊ သူမက လေယာဉ်ပျံများနှင့် အမြောက်များကို ဆောက်လုပ်မည့်အရေးကိုသာ စိတ်အာရုံစိုက်နေခဲ့ရှာသည်။
ထိုဆရာကြီးများက ထမင်းစားသည့် အချိန်တိုင်းတွင် သူမကို စနောက်တတ်ကြ၏။
သူတို့အနေဖြင့် သူမကို စုဝေ့ချင်းအား အမှီမလိုက်နိုင်ဘဲနေမည်ဟုပြောကာ ပိုမိုကြိုးစားအားထုတ်ရန် ပြောဆိုတတ်ကြလေသည်။
သို့သော် သူတို့ မသိရှိကြသည်မှာ ရွှမ်ယန်တက္ကသိုလ်၌ တက်ရောက်နေသော စုဝေ့ချင်းက သိပ္ပံပညာရပ်များကို သင်ယူနေခြင်း လုံးဝမဟုတ်ဘဲ စာပေပညာရပ်များကိုသာ သင်ယူနေခြင်း ဖြစ်လေ၏။
လတ်တလောတွင် သူက စာပေပညာရပ်ဌာနထဲ၌ လှုပ်ခတ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။
ဆန်းပြားလွန်းသော ကဗျာတချို့ကို ရေးသားခဲ့သောကြောင့် ကျောင်းထဲ၌ ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ရုံမျှမက သူ့ကို လေးစားအားကျကြသော အမျိုးသမီး အတန်းဖော်တချို့ပင် ရှိနေခဲ့၏။
စုဝေ့ချင်းက ထိုအမျိုးသမီးအတန်းဖော်များ၏ ကိစ္စများကို ကျောင်း၌ပင် အပြတ်ရှင်းလင်းခဲ့လေသည်။
သူက ပါးစပ်မှလည်း သူ၏ ဇနီးသည်အကြောင်းကိုသာ တတွတ်တွတ် ပြောဆိုလေ့ရှိပြီး ဇနီးအပေါ် ထားရှိသော လေးစားချစ်ခင်မှုများကို အမြဲဖော်ပြနေတတ်၏။
သူက တစ်ကမ္ဘာလုံးတွင် သူ၏ ဇနီးသည်ကသာ အကောင်းဆုံးဖြစ်ကြောင်းနှင့်၊ တခြားသော မိန်းကလေးများက သူ၏မျက်စိထဲတွင် အလှပြရုပ်သက်သက်သာ ဖြစ်ကြောင်းကို အသိပေးချင်နေပုံရသည်။
သူက သူ၏ ခန္ဓာကိုယ်ပေါ်တွင် “
အိမ်ထောင်ရှိပြီးသား” ဟူသော ဆိုင်းဘုတ်ကြီးကိုပင် ချိတ်ဆွဲထားချင်နေလေ၏။
“ဒါနဲ့လေ အကြီးဆုံးအစ်ကို၊ ကျွန်တော် အရင်ရက်ပိုင်းကတောင်မှ ဦးလေးကျန်းနဲ့ ဆက်သွယ်ခဲ့သေးတယ်၊
သူက ပေကျင်းမှာရှိတဲ့ အိမ်ဝင်းတွေကို နောက်ပိုင်းကျရင် အသုံးချတော့မှာ မဟုတ်ဘူးလို့ ပြောတယ်၊
အဲဒါကြောင့် ကျွန်တော် တွေးထားတယ်၊ နောက်ပိုင်းကျရင် အကြီးဆုံးအစ်ကိုလည်း ပေကျင်းကို အလုပ်ပြောင်းရွှေ့လာနိုင်သလို၊ ဒုတိယအစ်ကိုလည်း အသက်ကြီးလာရင် မြို့တော်ဆီကို ပြောင်းရွှေ့လာတာမျိုးလည်းဖြစ်နိုင်တာပဲမလား၊
ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်လုံးက ဦးလေးကျန်းရဲ့ အိမ်ဝင်းတွေကို အကုန်လွှဲပြောင်းယူလိုက်ကြရင်ရော.. အကြီးဆုံးအစ်ကို ဘယ်လိုထင်လဲ”
စုဝေ့ဟိုင်တစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် မျက်လုံးများပင် ပြူးကျယ်သွားရလေတော့၏။
“မင်းကတော့ တကယ်ကို ရဲတင်းလွန်းတာပဲ”
ဒါရိုက်တာဝမ်၏ အိမ်ဝင်းကြီးတစ်ခုပင်လျှင် အလွန်အမင်းကြီးမားလွန်းခြင်းမဟုတ်သော်လည်း လုံးဝ သေးငယ်လွန်းခြင်းလည်း မဟုတ်ပေ။
ညီအစ်ကို သုံးဦးအတွက် တစ်ဦးလျှင် အိမ်ဝင်းနှစ်ဆင့်စီ ခွဲဝေယူကြမည်ဆိုလျှင်ပင် လုံလောက်လွန်း၏။
ဒါကို သူက ခြံဝင်းအကုန်လုံးကိုလိုချင်နေတာလား။
ဒါက အတကယ်ကို ရဲတင်းလွန်းတဲ့ပတွေးပဲ။
“ဒီတော့ ဘာလို့လဲ၊ ကျွန်တော် မြို့တော်ကို ရောက်တော့ သိလိုက်တာတွေရှိတယ်၊
ဒီလို အိမ်မျိုးက ဘဝမှ တစ်ကြိမ်တစ်ခေါက်ပဲ ရရှိနိုင်မယ့် ကြီးမားတဲ့ အခွင့်အရေးကောင်းတစ်ခုပဲ၊
အကြီးဆုံးအစ်ကိုမှာလည်း သားနှစ်ယောက် ရှိနေတာပဲလေ၊ ပြီးတော့ ဒုတိယအစ်ကို့ကလည်း ကလေးတစ်ယောက်တည်းနဲ့ပဲ ပြီးဆုံးသွားမှာ မဟုတ်ဘူး၊
အစ်ကိုတို့နှစ်ယောက်လုံးမှာ သားတွေ ရှိကြတာဆိုတော့၊ အိမ်ကိစ္စတွေကို အမြန်ဆုံး ကြိုတင်ပြီး ပြင်ဆင်ထားသင့်တယ်”
စုဝေ့ချင်းက သူ၏အကြီးဆုံးအစ်ကိုကို အထပ်ထပ်တိုက်တွန်းလိုက်ရင်း ပြောလိုက်လေသည်။
“ကျွန်တော့်မှာ သမီးတစ်ယောက်တည်းပဲ ရှိတာဆိုပေမဲ့လည်း၊ ကျွန်တော်ကိုယ်တိုင်လည်း တခြား အိမ်ဝင်း နှစ်ခု၊ သုံးခုလောက်ကို မျက်စိကျထားပြီးပြီ”
“ ဒါနဲ့ စကားမစပ်.. ကျွန်တော် အခုမှ သတိရတယ်၊ အကြီးဆုံးအစ်ကို.. အရင်တုန်းက ကျွန်တော့်ရဲ့ စာမူတွေကို ထုတ်ဝေရေးတိုက်ဆီ ပို့ပေးလိုက်တယ်မလား၊ အခု သူတို့ဘက်က ဘယ်လိုပြန်ကြားချက်မျိုး ရရှိပြီလဲ”
“ဒီလောက်အလျှင်အမြန်တော့ သတင်းထူးမှာ မဟုတ်သေးဘူးလေ၊
မင်း ရေးထားတဲ့ စာလုံး အရေအတွက်က အရမ်းများတယ်
တခြားလူတွေက တစ်လုံးချင်းစီ အသေးစိတ် ဖတ်ရှုနေကြရတာဆိုတော့ အချိန်ယူရဦးမှာပေါ့”
စုဝေ့ချင်းလည်း ထိုအကြောင်းကိုကြားလိုက်ရသည့်အချိန်တွင် စိတ်ပျက်သွားရသည်လား သို့မဟုတ် စိတ်သက်သာရာရသွားသည်လားဆိုသည်ကို သေသေချာချာ ခွဲခြား၍ မရနိုင်ပေ။
အတိုချုပ်ပြောရလျှင် သူ၏ စာမူ ငြင်းပယ်ခြင်း မခံရသေးခြင်းသည်ပင် အောင်မြင်မှုတစ်ခု မဟုတ်ပါလား။
စုဝေ့ဟိုင်လည်း အိမ်ကိစ္စအပေါ်တွင် အမှန်တကယ်ပင် စိတ်ဝင်စားမှု ရှိနေခဲ့၏။
စုဝေ့ချင်းပြောဆိုခဲ့သည့်အတိုင်းပင်။ သူ၌ သားနှစ်ယောက် ရှိသည်။
သူကိုယ်တိုင်က သူ၏ ဘဝသက်တမ်းတစ်ခုလုံးကို နင်ရှ ပြည်နယ်ရှိ ဆေးဝါးစက်ရုံ၏ သုတေသန ဓာတ်ခွဲခန်းထဲ၌သာ ကုန်ဆုံးရမည် ဖြစ်သော်လည်း သူ၏ သားများကတော့ ထိုသို့ မဖြစ်နိုင်ပေ။သူတို့၌လည်း ကြီးမားသော ရည်မှန်းချက်များက ရှိကြသည်။ ထို့အပြင် စုချန်နှင့် စုကျွင့်တို့က နောက်ပိုင်းတွင် တောက်ပသော အနာဂတ်များကို ပိုင်ဆိုင်နိုင်ကြရန်နှင့်၊ တတိယမိသားစုမှ ဇနီးမောင်နှံနှစ်ဦးကဲ့သို့ ပေကျင်းမြို့ရှိ တက္ကသိုလ်ကြီးများသို့ တက်ရောက်ခွင့် ရရှိနိုင်ကြရန် သူ မျှော်လင့်တောင့်တမိ၏။
“ဒါပေမဲ့ အဲဒီအိမ်ဝင်းကြီးတွေက တကယ့်ကို ဈေးကြီးလွန်းတယ်”
စုဝေ့ဟိုင်၏ စိတ်ထဲ၌ အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲပင်။
“အကြီးဆုံးအစ်ကို၊ သေသေချာချာ ပြန်တွေးတောကြည့်ပါဦး၊
တကယ်လို့ ကျွန်တော့်မှာ ငွေကြေးလိုအပ်ချက် ရှိလာမယ်ဆိုရင်တော့၊
ကျွန်တော်က ရှန်းရှန်းရဲ့ မိသားစုဆီကနေ အရင်ဆုံး ငွေတချို့ချေးယူထားလိုက်မယ်လေ၊
အကြီးဆုံး အစ်ကိုတို့ဘက်ကတော့၊ အကြီးဆုံးအစ်ကိုတို့ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော် စောင့်ဆိုင်းနေပါ့မယ်”
ရှင်းလင်းပြောပြရန် လိုအပ်သမျှသော ကိစ္စရပ်အားလုံးကို ပြောဆိုပြီးနောက် စုဝေ့ချင်းက ဖုန်းကို ချလိုက်လေတော့သည်။
*