အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း(326)
သူ ခဏမျှ သေသေချာချာ စဉ်းစားတွေးတောပြီးနောက် စက်မှုယန္တယားစက်ရုံတွင် ရှိနေသော ကျန်းကျူးရိ ထံသို့ ဖုန်းကို ထပ်မံဆက်သွယ်လိုက်ပြီး၊ အိမ်ဝယ်ယူမည့် ကိစ္စရပ်များကို အသိပေးပြောလိုက်ပြန်သည်။
“..ကျွန်တော် အကြီးဆုံးအစ်ကိုတို့ဆီကိုလည်း အကြောင်းကြားပြီးပါပြီ၊
အခု ဦးလေးကိုပါ အသိပေးတယ်ဆိုတာက ဦးလေးအနေနဲ့လရ်း သေသေချာချာ စဉ်းစားတွေးတောနိုင်အောင်လို့ပါ၊
တကယ်လို့ ဦးလေးတို့ဘက်ကလည်း အိမ်ဝင်းလေးတစ်ခုလောက်က ဝယ်ယူချင်တဲ့ ဆန္ဒရှိမယ်ဆိုရင်ကျွန်တော် ကျောင်းပိတ်ရက်တွေကျရင် အပြင်ကိုထွက်ပြီး ရှာဖွေပေးပါ့မယ်”
စုဝေ့ဟိုင်က ထိုအိမ်ဝင်းမှာ ကျန်းရိကော်ပိုင်ဆိုင်သော ပစ္စည်းဖြစ်ကြောင်းကို သိရှိသော်လည်း၊ ကျန်းမိသားစုမှ တခြားသူများက
သိရှိကြခြင်း မရှိပေ။
ဤကဲ့သို့သော သီးသန့်အခြေအနေမျိုးတွင် စုဝေ့ချင်းအနေဖြင့် ဖုန်းထဲ၌ တိုက်ရိုက်ထုတ်ဖော်ပြောဆိုရန် မသင့်တော်ပေ။
ထို့ကြောင့် သူက အပြင်ထွက်၍ အိမ်ရှာဖွေပေးမည်ဟုသာ လှည့်ပတ်ပြောဆိုလိုက်လေ၏။
ကျန်းကျူးရိလည်း ထိုအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သို့သော် သူ၏ သားများကို ပြန်လည်တွေးတောမိလိုက်လေ၏။
“ငါ့မိသားစုအတွက်ကတော့ ထားလိုက်ပါတော့၊ ငါ့မှာ သားသုံးယောက် ရှိတာလေ၊ တကယ်လို့ တစ်ယောက်တည်းအတွက်ပဲ အိမ်ဝယ်ပေးလိုက်မယ်ဆိုရင်လည်း မကောင်းဘူးလေ၊
ဒီတော့ ဘယ်သူ့အတွက်မှ မဝယ်ပေးတာကပဲ ပိုပြီးတော့ ကောင်းမွန်လိမ့်မယ် ထင်တယ်”
အကယ်၍ သူသာ သူ၏ သားသုံးယောက်လုံးအတွက် တစ်ဦးလျှင် အိမ်တစ်လုံးစီ ဝယ်ပေးနိုင်မည်ဆိုပါက ပြဿနာမရှိပေ။
သို့သော် အဓိကအချက်က သူ၏အိတ်ကပ်ထဲ၌ ငွေကြေးပမာဏ ဤမျှအထိ များပြားစွာရှိမနေခဲ့ပေ။
တခြားသော မောင်နှမများ၏ အခြေအနေများကို ကြည့်မည်ဆိုပါကလည်း၊ ကျန်းကျူးပင်းက ဝေးလံလွန်းသော စစ်တပ်ထဲ၌ ရှိနေဆဲပင်။
ကျန်းကျူးရိအနေဖြင့် ကျန်းကျူးပင်းက မြို့သို့ ပြန်လည်၍ ရောက်ရှိလာနိုင်လိမ့်မည်ဟု မည်သည့်အချိန်မျှ မတွေးတောခဲ့ဖူးပေ။
ကျန်းရှင်းမင်ကလည်း လွန်ခဲ့သော နှစ်အတော်ကြာကတည်းက သူ၏ ယောက္ခမမိသားစုကိုသာ ကူညီထောက်ပံ့ပေးနေခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် အလွန်ပင် ဆင်းရဲနွမ်းပါးလွန်း၏။ ယခုအချိန်တွင်တော့ သူ၏ ယောက္ခမမိသားစုဝင်များက အလုပ်အကိုင်များပြန်လည်ရရှိခဲ့ကြပြီ ဖြစ်လေ၏။
ထို့ကြောင့် သူ၏ ငွေကြေးအနည်းငယ်ကို ပြန်လည်စုဆောင်းနေရဆဲဖြစ်၍ အိမ်ဝယ်ယူရန်အတွက် လုံးဝ မတတ်နိုင်ပေ။
အိမ်ဝယ်ယူရန်အတွက် အလားအလာ အရှိဆုံးသူများက ယန်အန်းကော်တို့ ဇနီးမောင်နှံသာ ရှိပေလိမ့်မည်။
သို့သော် ယန်အန်းကော်၏ အလုပ်အကိုင်က အစိုးရစနစ်ထဲ၌ ရှိနေခြင်းဖြစ်သောကြောင့် သူ၏နာမည်ဖြင့် မြို့တော်၌ အိမ်ခြံမြေ ပိုင်ဆိုင်ထားရန် မသင့်တော်ပေ။
အကယ်၍ တစ်စုံတစ်ဦးက သူ့ကို အဂတိလိုက်စားမှုဖြင့် တိုင်တန်းလာခဲ့မည်ဆိုပါက ကြီးမားလွန်းသော ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်သည်။
စုဝေ့ချင်းက အကြံပြုစကား ပြောလိုက်လေ၏။
“ကျွန်တော်နဲ့ ရှန်းရှန်းတို့ ဒီရက်ပိုင်း မြို့တော်အနှံ့ လျှောက်လှမ်းကြည့်ရှုခဲ့ကြတာလေ၊
နောက်ပိုင်းကျရင် ဒီနေရာမှာ ကြီးမားလွန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးတွေ သေချာပေါက် ရှိလာလိမ့်မယ်”
“ငါတို့ကတော့ ထပ်ပြီးတော့ကြီး ကြီးမားမား ဖွံ့ဖြိုးတိုးတက်ဖို့ မမျှော်လင့်တော့ပါဘူး”
စုဝေ့ချင်းတစ်ယောက် ဖျောင်းဖျပြောဆို၍ မပြီးသေးမီမ ကျန်းကျူးရိက ငြင်းဆန်လိုက်လေသည်။
“တကယ်လို့ ငါ့ရဲ့သားတွေမှာ အရည်အချင်း ရှိကြမယ်ဆိုရင်တော့ သူတို့ဘာသာသူတို့ပဲ ဝယ်ယူကြပါစေ၊ တကယ်လို့ သူတို့မှာ အရည်အချင်း မရှိကြဘူးဆိုရင်လည်း အိမ်ဝယ်ထားလိုက်ရင် နေရာဖြုန်းတီးတာပဲ ရှိမှာပေါ့၊ သူတို့အတွက် မလိုအပ်ပါဘူး”
ထို့အပြင် ယနေ့ခေတ်ကာလတွင် မည်သည့်မိသားစုမှ အလွန်ချမ်းသာကြွယ်ဝနေကြသည် မဟုတ်ပေ။
စုဝေ့ချင်းတို့ ဇနီးမောင်နှံကိုယ်တိုင်၌လည်း ငွေကြေးအလုံအလောက် ရှိနေကြခြင်းမဟုတာပါချေ။ သူတို့အနေဖြင့် ဤအိမ်ဝင်းကို ဝယ်ယူနိုင်ရန်အတွက် တခြားလူများ၏ အကူအညီကို သေချာပေါက် ရယူကြရဦးမည် မဟုတ်ပါလား။
ဝေ့ချင်းက ဖုန်းနှစ်ကြိမ် ဆက်သွယ်ခဲ့ပြီးနောက် ငွေတစ်ယွမ်ကျော်ခန့် ကုန်ကျခဲ့သည်။ သူက ငွေကြေးကို ပေါ့ပေါ့ပါးပါးပင် ပေးချေလိုက်လေ၏။
ကောင်တာနောက်တွင် ထိုင်နေသော ဝန်ထမ်းအမျိုးသမီးကတော့ ထိုငွေကြေးပမာဏကိုမြင်လျှင် မနှမြောဘဲ မနေနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်ကာလတွင် ကြေးနန်းရိုက်ခြင်း သို့မဟုတ် စာရေးသားပေးပို့ခြင်းတို့က ဖုန်းဆက်သွယ်ခြင်းထက် စရိတ် သက်သာသည်။
ဖုန်းဆက်သွယ်ခြင်း၏ တစ်ခုတည်းသောအဆင်ပြေမှုက ပိုမိုလျင်မြန်ခြင်းသာ ဖြစ်သည်။
အကယ်၍ အမှန်တကယ့်ကို အရေးကြီးလွန်းသော ကိစ္စရပ်မျိုး ရှိလာပါက ဖုန်းဆက်ခြင်းက ပိုမို၍ အဆင်ပြေလွန်း၏။
သို့သော် ဤအမျိုးသားက ဖုန်းထဲ၌ အချိန်အတော်ကြာအောင် ပေါ့ပေါ့ပါးပါး နှုတ်ဆက်စကားများသာ ပြောဆိုနေခဲ့လေ၏။ အရေးကြီးလွန်းသည့် အလုပ်မျိုး ပါရှိမနေခဲ့ပေ။
ဒီလူက တကယ့်ကို အိမ်ထောင်မှုမနိုင်နင်းတဲ့သူပဲ...
စုဝေ့ချင်း အိမ်သို့ပြန်ရောက်သည့်အချိန်တွင် သားအမိနှစ်ဦးလုံးက ပြန်မရောက်ကြသေးပေ။
သူက ပစ္စည်းများကို အမြန်ချထားလိုက်ပြီးနောက် ထမင်းဟင်းများကို ချက်ပြုတ်တော့၏။သူ ဟင်းချက်ပြီးသည်နှင့် သားအမိနှစ်ဦးကို သွားရောက်ကြိုဆိုရန်အတွက် စက်ဘီးကို အလျင်အမြန်ပင် တွန်းထွက်ခဲ့လေသည်။
တိုက်ဆိုင်စွာပင် ဝမ်တုန်အလုပ်လုပ်ရာစက်ရုံသို့ စစ်တပ်မှ အနားပေးလိုက်သော စစ်သုံးထရပ်ကားအုပ်စုတစ်စု ရောက်ရှိလာခဲ့၏။
ဤရက်ပိုင်းအတွင်း ယာဉ်မောင်းများအားလုံးက သူတို့၏ကားများကို ယူဆောင်ကာ အသည်းအသန် ပြင်ဆင်နေကြရသည်။
ထို့ကြောင့် ဝမ်တုန်ကဲ့သို့သော တပည့်သင်တန်းသားများက အလုပ်အရှုပ်ဆုံးလူများ ဖြစ်လာခဲ့ရတော့၏။
မည်သို့ပင်ဖြစ်စေ သင်တန်းသားအရေအတွက် နည်းပါးသည့်အတွက် ဝါရင့်ဆရာများကလည်း ကားများပြင်ဆင်သည့်အချိန်တွင် သူတို့၏အကူအညီကို လိုအပ်နေခဲ့သည်။
ထို့ကြောင့် ဝမ်တုန်တစ်ယောက် စုရှောင်လော်ကို သွားရောက်ကြိုဆိုရန်အတွက် အချိန်မအားတော့ပေ။
ကံကောင်းစွာဖြင့် ရန်ရှောင်၏ အလုပ်ဌာနက လစာနည်းပါးသော်လည်း အလွန်ပင်ပေါ့ပါးအေးဆေးလွန်းသော အလုပ်မျိုး ဖြစ်သည်။
ထို့ကြောင့် သူက လီရှန်း၏အကူအညီတောင်းမှုကို ရရှိလိုက်သည့်အချိန်တွင် ချက်ချင်းပင် သဘောတူညီခဲ့၏။
သူက မွန်းလွဲပိုင်းတွင် ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက်များကို အသိပေးပြီးနောက် မူလတန်းကျောင်းသို့ သွားပြီး စုရှောင်လော်ကို ကြိုဆိုကာ သူ၏ရုံးခန်းဆီသို့ ခေါ်ဆောင်လာခဲ့တော့သည်။
ထိုဝဝကစ်ကစ်နှင့် မိန်းကလေးငယ်လေးက အမှန်တကယ့်ကို လှပလွန်းလွန်း၏။
သူမက သူမ၏ ဖောင်းကစ်နေသောလက်လေးဖြင့် ဘောပင်ကို ကိုင်ဆောင်ပြီး အိမ်စာများကို အလွန်ပင် အာရုံစိုက်လျက် လုပ်ဆောင်နေတတ်သည်။
ရန်ရှောင်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ နှိမ့်ချထားတတ်သူမျိုး မဟုတ်ပေ။
အလုပ်ဆင်းချိန်သို့ ရောက်သည့်အချိန်တွင် တစ်စက်ရုံလုံးရှိ ဝန်ထမ်းအားလုံးက ရန်ရှောင်၌ ဉာဏ်ပညာထက်မြက်လွန်းသော ပါရမီရှင်တူမလေးတစ်ယောက် ရှိနေကြောင်းကို သိရှိသွားကြတော့သည်။
ရုံးထဲတွင် ခဏမျှ ဂုဏ်ယူကြွားဝါခဲ့ပြီးနောက် ရန်ရှောင်က စုရှောင်လော်ကို ဆေးပညာလေ့ကျင့်ရေးအခြေစိုက်စခန်းဆီသို့ အေးဆေးတည်ငြိမ်စွာ ခေါ်ဆောင်လာခဲ့လေ၏။
တိုက်ဆိုင်စွာပင် အခြေစိုက်စခန်း၏ အိမ်တံခါးဝ၌ စုဝေ့ချင်းနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့ကြလေသည်။
စုရှောင်လော်က စုဝေ့ချင်းကို မြင်တွေ့လိုက်ရသည်နှင့် စက်ဘီးပေါ်၌ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူမ၏ တင်ပါးအသေးလေးက စက်ဘီးရှေ့ဘားပေါ်၌ ဘယ်ပြန်ညာပြန် လှုပ်ရမ်းနေခဲ့တော့သည်။
ကံကောင်း၍ ရန်ရှောင်က ခွန်အားဗလ တောင့်တင်းခဲ့သည်။
သို့မဟုတ်ပါက ဤကဲ့သို့ လှုပ်ရှားမှုကြောင့် သူမနှင့် စက်ဘီးပါ အတူ လဲကျသွားနိုင်သည်။
“စုရှောင်လော်!”
စုဝေ့ချင်းက ထိတ်လန့်တကြားဖြင့် လှမ်း၍ အော်ဟစ်လိုက်မိသည်။
“အဖေ”
စုရှောင်လော်က အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ စက်ဘီးလက်ကိုင်ကိုသာ ဆက်လက်၍ ဆုပ်ကိုင်ထားခဲ့သည်။
ရန်ရှောင်က ခြေထောက်များကို မြေပြင်ပေါ်သို့ချလိုက်ရင်း၊ စုရှောင်လော်၏ခေါင်းကို စိတ်ပျက်စွာဖြင့် ပုတ်ပေးလိုက်ပြီး ပြောလိုက်လေ၏။
“သမီး၊ နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား၊ ဦးဦးက လက်ချော်ပြီး ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”
ဤသို့ပြောဆိုပြီးနောက် သူက ခြေလှမ်းအကျယ်ကြီး လှမ်းလျက် စက်ဘီးပေါ်မှ ဆင်းလိုက်လေသည်။
ထို့နောက်မှ သူက စုရှောင်လော်ကို မြေပြင်ပေါ်သို့ ပွေ့ချပေးလိုက်တော့၏။
စုရှောင်လော်က သူမ၏ ခြေထောက်လေးများ မြေပြင်သို့ ရောက်ရှိသွားသည်နှင့် စုဝေ့ချင်းထံသို့ လျင်မြန်စွာ ပြေးဝင်သွားလေတော့သည်။
စုရှောင်လော်က သူမ၏ ဖခင်ဖြစ်သူ စုဝေ့ချင်းကို အလွန်ပင် လွမ်းဆွတ်နေခဲ့ရှာ၏။
စုဝေ့ချင်းက သူမကို ပွေ့ချီလိုက်ပြီးနောက် သူမက သူ၏လည်ပင်းကို တင်းကြပ်စွာ သိုင်းဖက်လိုက်ပြီး လုံးဝပြန်မလွှတ်တော့ဘဲ သူမ၏ ချိုသာလွန်းသော နှုတ်ခမ်းလေးဖြင့် အဆက်မပြတ် ပြောဆိုတော့သည်။
“အဖေ၊ သမီး အဖေကို တကယ်ကို လွမ်းနေတာ၊ မနေ့တုန်းက ဆရာမဖန်က သမီးကို သမီးရဲ့အဖေက ဘာဖြစ်လို့ ဒီရက်ပိုင်း သမီးကို လာမကြိုတာလဲ လို့ မေးတယ်လေ၊
အဲဒါနဲ့ သမီးက ဆရာမဖန်ကို သမီးရဲ့ အဖေက တက္ကသိုလ်ကျောင်းသား ဖြစ်လို့ ကျောင်းတက်နေရတာပါ လို့ ပြန်ပြောလိုက်တယ်”
စုရှောင်လော်က ဆရာမဖန်၏ လေယူလေသိမ်းအတိုင်း လိုက်လံတုပလျက် သူမ၏ ချိုသာလွန်းသော ကလေးငယ်အသံဖြင့် ပြောဆိုနေခဲ့လေ၏။
စုဝေ့ချင်းလည်း သူမ၏စကားများကို ကြားလိုက်ရသည့်အချိန်တွင် စိတ်နှလုံးထဲ၌ အရည်ပျော်ကျမတတ် ခံစားလိုက်ရလေတော့သည်။
သူက စုရှောင်လော်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလျက် ခပ်တိုးတိုး ပြောလိုက်လေ၏။
“အဖေလည်း ရှောင်လော်ကို လွမ်းတာပေါ့၊ ဒီရက်ပိုင်း အဖေ ကျောင်းက ပြန်လာတိုင်း ရှောင်လော်ကို နေ့တိုင်း လာကြည့်တယ်လေ၊
ဒါပေမဲ့ ရှောင်လော်က အိပ်ပျော်နေခဲ့တာဆိုတော့ အဖေ လာတာကို မသိဘူး”
“ဒါဆိုရင်လည်း အဖေ၊ နောင်ကျရင် ရှောင်လော် ဘယ်တော့မှ စောစောမအိပ်တော့ဘူး၊ အဖေ ပြန်လာမှပဲ အတူ အိပ်တော့မယ်နော်”
ရန်ရှောင် : “...”
“တော်လောက်ပါပြီ၊ ကျွန်တော်လည်း ဒီမှာ အသက်ရှင်လျက် အကောင်းကြီး ရှိနေပါသေးတယ်၊
မင်းတို့ သားအဖနှစ်ယောက်ရဲ့ သံယောဇဉ်ကြီးမားမှုကို ဘာမှကန့်ကွက်စရာမရှိပေမဲ့ ကျွန်တော့်ကိုတော့ ဒီအတိုင်း ပစ်ပယ်မထားကြပါနဲ့ဦး”
ရန်ရှောင်က ဤမျှအထိ ချစ်ခင်ပြနေကြသော သားအဖနှစ်ဦး၏ ပုံစံကို ကြည့်ရှုရင်း ဆွံ့အစွာဖြင့် ပြောလိုက်လေသည်။
“ဦးဦးရန်က တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ”
စုရှောင်လော်က ရန်ရှောင်ကို နှာမှုတ်ပြလိုက်ပြီးနောက် စုဝေ့ချင်း၏ လက်မောင်းကို ပြန်လည်၍ ပွေ့ဖက်လိုက်ပြီး စကားထပ်မံမပြောတော့ပေ။
ထိုသည်က စုဝေ့ချင်းနှင့် ရန်ရှောင်တို့ စကားပြောဆိုနိုင်ရန်အတွက် နေရာချန်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ စုဝေ့ချင်းက ပြုံးပြီး ပြောလိုက်လေ၏။
“ဒီရက်ပိုင်းအတွင်း တကယ့်ကို အားနာစရာကောင်းအောင် ဒုက္ခပေးမိပြီ၊ ဝမ်တုန်က လတ်တလော စက်ရုံမှာ အလုပ်ရှုပ်နေလို့ အချိန်မအားဘူးဖြစ်နေတာ
ဒီကိစ္စတွေ နည်းနည်း ငြိမ်သက်သွားတာနဲ့၊ အဲဒီကလေးက ရှောင်လော်ကို ကူပြီး ကြိုပေးနိုင်မှာပါ”
“မင်းကတော့ ဘာလို့ ဒီလောက်အထိ အားနာစရာကောင်းအောင် ပြောနေရတာလဲ၊
ကျွန်တော်ရဲ့ အလုပ်ဌာနက တိတ်ဆိတ်ပြီး လူသိနည်းတဲ့ ရုံးခန်းအသေးလေးပဲ၊ တစ်နေ့လုံး လုပ်စရာအလုပ်လည်း ဘာမှမရှိပါဘူး၊
ရှောင်လော် အဲဒီကို လာတာက ပိုတေုင် ကောင်းသေးပါတယ်၊ ရုံးခန်းလေးလည်း ပိုပြီးတော့ စည်ကားသက်ဝင်လာတာပေါ့”
ရန်ရှောင်က စုရှောင်လော်ကို အမှန်တကယ်ပင် ချစ်ခင်မိ၏။
အထူးသဖြင့် ရုံးက လုပ်ဖော်ကိုင်ဖက်များက သူမကြောင့် သူ့ကို မနာလိုအားကျနေကြသည်ကို မြင်ရသည့်အချိန်တွင် ပို၍ သဘောကျမိလေသည်။
သူက သူမကို သူ၏ သမီးအရင်းဖြစ်စေချင်မိသည်အထိပင်။
ဤကဲ့သို့သော ပါရမီရှင်သမီးလေးသာ ရှိမည်ဆိုပါက သူ၏ အတိတ်က စစ်တပ်မှ အပေါင်းအဖော်ဟောင်းများပင်လျှင် သူ့ကို သေချာပေါက် မနာလို ဖြစ်ကြပေလိမ့်မည်။
ဤအကြောင်းကို တွေးတောမိလိုက်သည်နှင့် သူက စုရှောင်လော်၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
“နောက်ပိုင်းကျရင် ဦးဦး အပြင်ထွက်ရင် သမီးကို လှေစီးဖို့ ခေါ်သွားပေးမယ်နော်”
သူမကို ခေါ်ပြီး သူ့ရဲ့ ရဲဘော်ဟောင်းတွေဆီ သွားကြွားရမယ်!
*