အခန်း ၃၂၉
Vol. 33 Ch. 329
အခန်း(329)
အခုတော့ မင်း လုံးဝ ကြောင်အသွားပြီမလား။
စုဝေ့ချင်းက စိတ်ထဲမှ အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။
ထိုအမျိုးသားက သူ့ကိုယ်သူ ဟဲထန် ဟု ထုတ်ဖော်ပြောဆိုလိုက်သည့် အခိုက်အတန့်မှစ၍ စုဝေ့ချင်းအနေဖြင့် ဘေးဒုက္ခဆိုးကြီးက နောက်ဆုံး၌ အိမ်တံခါးဝအထိ ဆိုက်မြိုက်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရလေသည်။
သို့သော် ဟဲထန်အနေဖြင့် တစ်စုံတစ်ဦးက ရွှမ်ယန်တက္ကသိုလ်သို့ အောင်မြင်စွာ တက်ရောက်ခွင့်ကို ရရှိထားပါလျက်နှင့် ဤကျောင်းသို့ လာရောက်တက်ရောက်ခြင်းမရှိဘဲ တခြားနေရာသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟူ၍ မည်သည့်အချိန်တွင်မျှ ထင်မှတ်ထားခဲ့မိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း...
ဤကဲ့သို့သော ကိစ္စရပ်ကို လုံးဝ ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။
အနည်းဆုံးတော့ ဟဲထန်က အဘယ်ကြောင့် သူတို့၏အနောက်သို့ ဤမျှအထိ တကောက်ကောက် လိုက်လံနှောင့်ယှက်နေရသည်ဟူသော အကြောင်းရင်းကို သေချာပေါက် အဖြေရှာရလိမ့်မည်။
လီရှန်း ပြောဆိုခဲ့ဖူးသည့်အတိုင်းပင် သူမက ဟဲထန်ထံမှ မည်သည့်မေတ္တာတရားကိုမျှ မခံစားခဲ့ရပေ။
သို့သော် အကယ်၍ တစ်ဖက်လူက သူမကို နှစ်သက်ခြင်းမရှိပါက အဘယ်ကြောင့် သူမ၏နောက်သို့ ဤမျှအထိ ဇွဲကောင်းကောင်းဖြင့် လိုက်လံနှောင့်ယှက်နေရသနည်း။
လီရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဟဲထန် မရမက လိုချင်တောင့်တနေသော အရာက မည်သည့်အရာများ ဖြစ်နေမနည်း။
စုဝေ့ချင်းက ဤအချက်ကို စဉ်းစားတွေးတောရင်းဖြင့် လုံးဝ စိတ်ရှုပ်ထွေးနေမိရလေ၏။
မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာများကို လီရှန်းကို အမြန်ဆုံး အသိပေးပြောထားခြင်းက ပိုမို၍ ကောင်းမွန်နိုင်သည်။
ဤသို့တွေးတောမိလိုက်သည်နှင့် စုဝေ့ချင်းတစ်ယောက် အိမ်သို့ အလျင်အမြန်ပြန်ခဲ့လေ၏။
ကံကောင်းစွာဖြင့် လမ်းတွင်မည်သူတစ်ဦးနှင့်မျှ ဆုံတွေ့ခဲ့ခြင်းမရှိပေ။
သို့မဟုတ်ပါက တခြားလူများအနေဖြင့် သူ၏ အလောတကြီးအမူအရာကိုမြင်လျှင် သူ၏အိမ်၌ ကြီးမားသော ဘေးဒုက္ခတစ်ခုခုကို ပေါ်ပေါက်နေပြီဟု မှားယွင်း တွေးတောမိကြပေလိမ့်မည်။
သူ အိမ်ထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်မှသာ လီရှန်းက ယခုအချိန်အထိ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးအခြေစိုက်စခန်းထဲ၌ အတန်းတက်နေဆဲဖြစ်ကြောင်းကို သတိရလိုက်လေတော့သည်။
စုဝေ့ချင်း သက်ပြင်းတစ်ချက်ချမိသည်။ ဟဲထန်၏ ပြန်လည်ပေါ်ပေါက်လာမှုက သူ၏ စိတ်ခံစားချက်များကို အလွန်လှုပ်ခတ်သွားစေခဲ့သည် မဟုတ်ပါလား။
သူက ကျောင်းသို့ အလျင်အမြန် ပြန်သွားခြင်းမပြုတော့ဘဲ အိမ်ဝင်းထဲ၌ ငြိမ်သက်စွာ ထိုင်လိုက်ရင်း ဟဲထန်၏ ကိစ္စရပ်များကို သေသေချာချာ စဉ်းစားတွေးတောနေခဲ့၏။
သူနှင့် လီရှန်းတို့၏ အိမ်ထောင်ရေး ကိစ္စရပ်များက လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။
အကယ်၍ ဟဲထန်သာ လီရှန်းကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိချင်စိတ် ရှိနေမည်ဆိုပါက သူ၏ ပစ်မှတ်ကို ပြောင်းလဲလိုက်ရုံမျှဖြင့် စုဝေ့ချင်းကို လာရောက်ရှာဖွေနိုင်သည်။
ထိုအချိန်သို့ရောက်လျှင် လီရှန်းနှင့် စုရှောင်လော်တို့နှစ်ဦးလုံးက ဟဲထန်၏ မျက်စိအောက်သို့ ရောက်ရှိသွားကြရလိမ့်မည်။
ဤအခြေအနေမျိုးကို စုဝေ့ချင်း အဖြစ်မခံနိုင်ပေ။
ဒုတိယအချက်အနေဖြင့် ဟဲထန်၏ ရည်ရွယ်ချက်များက လုံးဝ တိကျရှင်းလင်းမှု မရှိပေ။
လီရှန်း အိမ်ထောင်မကျမီ အတိတ်ကာလတုန်းက သူ၏ နှောင့်ယှက်မှုများကို လိုက်လံပိုးပန်းခြင်းအဖြစ် ယူဆနိုင်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် လီရှန်းက အိမ်ထောင်ကျလျက် ကလေးတစ်ဦးကိုပင် ရရှိနေခဲ့လေပြီ။
သူက စိတ်စွဲလမ်းမှု အလွန်ပြင်းထန်လွန်းပြီး လောက၏ စည်းမျဥ်းများကို အနည်းငယ်မျှပင် ဂရုမစိုက်သော လူစားမျိုး ဖြစ်ကြောင်းကို သက်သေပြနေသည်။
ဤကဲ့သို့သော လူမျိုးနှင့် ကိုင်တွယ်ဖြေရှင်းရခြင်းက အမှန်တကယ့်ကို ခက်ခဲလွန်း၏။
အထူးသဖြင့် ယခုအချိန်တွင် စုရှောင်လော်က အသက်ငယ်ရွယ်သေးသည်။
အကယ်၍ ဟဲထန်သာ ဒေါသထွက်သွားခဲ့ရပြီး လီရှန်းကို ရှာဖွေတွေ့ရှိခြင်းမရှိသည့် အချိန်မျိုးတွင် ကလေးငယ်ကို ထိခိုက်နာကျင်အောင် လုပ်ဆောင်လာခဲ့မည်ဆိုပါက ..
ဤသို့ နက်နဲစွာ တွေးတောမိလိုက်သည့်အချိန်တွင် စုဝေ့ချင်း၏ စိတ်ထဲ၌ ပိုမို၍ မသက်မသာ ခံစားလိုက်ရလေတော့၏။
သူက မူလက ကျောင်းသို့ ပြန်သွားကာ ညပိုင်းကိုယ်ပိုင်စာလေ့လာချိန် တက်ရန်အတွက် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ကျောင်းသို့ပြန်သွားရန်အတွက်ကို လုံးဝ စိတ်မပါတော့ပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ညပိုင်းစာလေ့လာချိန် တက်ရောက်နေခြင်းက အကျိုးမထူးပါချေ။
စုဝေ့ချင်း ချက်ချင်းပင် ထရပ်လိုက်ပြီးနောက် ကျောင်းသို့ ပြန်သွားကာ သူ၏ အတန်းပိုင်ဆရာမထံတွင် ခွင့်တိုင်လိုက်လေ၏။
ထို့နောက်မှ သူက စက်ဘီးကို တံခါးအပြင်သို့ အလျင်အမြန်ပင် တွန်းထွက်ခဲ့သည်။
ယခုအချိန်တွင် ရန်ရှောင်က စုရှောင်လော်ကို ရန်ရှောင် သွားရောက်ကြိုဆိုပြီး ဖြစ်ပေလိမ့်မည်။
သူကိုယ်တိုင်က ပေကျင်းမြို့၌ သိကျွမ်းသူ အများအပြား ရှိမနေခဲ့ပေ။ တစ်ဖက်တွင်တော့ ရန်ရှောင်က စစ်တပ်ထဲ၌ စစ်မှုထမ်းဖူးသူတစ်ဦး ဖြစ်လေ၏။
ထို့ကြောင့် သူထံသို့ သွားရောက်လျက် ဤအခြေအနေများကို တိုင်ပင်ဆွေးနွေးခြင်းက ပိုကောင်းပေလိမ့်မည်။
တစ်ဖက်တွင် ဟဲထန်က လီရှန်းတစ်ယောက် ကျုံးရှန်တက္ကသိုလ်တွင် ရှိမနေခြင်းအပေါ် အံ့အားသင့်နေခဲ့သည်။
မြို့တော်သို့ မလာရောက်မီတွင် သူ နင်ပြည်နယ်သို့ ပထမဆုံး ပြန်သွားခဲ့လေ၏။
အဓိက ရည်ရွယ်ချက်မှာ တက္ကသိုလ်ဝင်ခွင့်ရသည့် သတင်းကောင်းကို မိဘများထံသို့ အကြောင်းကြားရန်အတွက် ဖြစ်လေသည်။
ဒုတိယအနေဖြင့် ကွယ်လွန်သူဇနီး ကျန်းယွဲ့၏ မိဘများရှိရာ ကျန်းကျားရွာသို့ သွားရောက်တွေ့ဆုံရန် ဖြစ်လေ၏။
ကျန်းယွဲ့က ဖျားနာ၍ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး မကွယ်လွန်မီ နှစ်လကျော်ခန့် အိပ်ရာထဲလဲနေခဲ့လေသည်။
သူတို့က ကလေးကိုကြည့်ရှုရန်အတွက် ပင်းချန်သို့ သွားရောက်ခဲ့ချိန်က ဟဲထန်ဘက်မှ ကျန်းယွဲ့အပေါ် အစစအရာရာဂရုတစိုက်ဖြင့် ပြုစုစောင့်ရှောက်နေသည်ကို မြင်တွေ့ခဲ့ရ၏။
ထို့ကြောင့် စိတ်ခုစရာများ ရှိခဲ့လျှင်ပင် အပြစ်တင်စရာအကြောင်းပြချက် မရှိခဲ့ပေ။
နောက်ဆုံးအချက်ကတော့ လီရှန်း၏ သတင်းကို စုံစမ်းရန်ပင်။
ဟဲထန်တွင် သဘောကျရသူ ရှိနေသည်ကို ဟဲထန်၏ မိဘများကသိရှိနေခဲ့သည်။
သို့သော် ထိုမိန်းကလေးက မည်သူဖြစ်ကြောင်းကို မသိခဲ့ကြပေ။
ယခုတစ်ခေါက် ဟဲထန် ပြန်လာပြီးနောက်မှသာ ဟဲထန်၏ စိတ်ထဲတွင် စွဲလမ်းနေရသူက စက်မှုယန္တယားစက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာ ကျန်းကျူးရိ၏ တူမဖြစ်ပြီး၊ လက်ရှိ နင်ပြည်နယ် ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်၏ တတိယချွေးမ ဖြစ်ကြောင်းကို သိရှိသွားကြလေတော့၏။
ဤအကြောင်းနှင့်ပတ်သက်၍ သူ၏ မိဘများက စိတ်ခံစားချက်များရှုပ်ထွေးနေကြသည်။
မည်သို့ပင်ဖြစ်စေ သူက သူတို့၏ သားအရင်းဖြစ်ပြီး ပေကျင်းရှိ တက္ကသိုလ်တစ်ခုတွင် တက်ရောက်ခွင့်ရရှိထားသောကြောင့် ပိုင်မားခရိုင်တွင် အကြာကြီး နေထိုင်သွားနိုင်မည်မဟုတ်ပေ။
သူ့ကို စိတ်ပြတ်သွားစေရန်အတွက်သာ သူတို့က ကူညီစုံစမ်းပေးခဲ့ကြလေ၏။
သို့သော် စုမိသားစု၏ တတိယသားနှင့် ချွေးမဖြစ်သူ နှစ်ဦးလုံးက ပေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားလိမ့်မည်ဟု သူတို့က မမျှော်လင့်ခဲ့ပေ။
ဤကိစ္စက ဟဲမိသားစု၏ မိဘများကို လုံးဝ အံ့အားသင့်ဆွံ့အသွားစေခဲ့၏။
ထိုသတင်းကို ရရှိသည်နှင့် ဟဲထန်တစ်ယောက် မြို့တော်သို့ သွားမည့် ရထားပေါ်သို့ ချက်ချင်းပင် တက်သွားခဲ့လေတော့၏။
တစ်ချိန်တည်းမှာပင် ဟဲထန်၏ မိခင်က မျက်နှာကို လက်ဖြင့်အုပ်၍ ငိုနေရှုာလေတော့သည်။
“တကယ့်ကို ဝမ်းနည်းစရာပဲ၊ ဒီကလေးရဲ့ အိမ်ထောင်ရေးက ဘာလို့ ဒီလောက်အထိ ကံဆိုးရတာလဲ၊
အစက ချီမိသားစုရဲ့ ငွေညှစ်တာကို ခံရတယ်၊ ပြီးတော့ ကျန်းမိသားစုက အဲဒီမိန်းကလေးရဲ့ လုပ်ကြံတာကို ခံရပြန်တယ်၊
အခု နောက်ဆုံး သူ ချစ်ရမယ့်သူကို တွေ့တော့ အဲဒီမိန်းကလေးက တခြားသူနဲ့ အိမ်ထောင်ကျပြီး ကလေးတောင် ရနေပြီ”
အဖေဟဲမှာတော့ စိတ်မကောင်းဖြစ်ရုံသာမက ဒေါသလည်း အလွန်ထွက်နေခဲ့သည်။
“သူကမှ တကယ့်ကို မရောင့်ရဲနိုင်တာ”
“ချီမိသားစုက မိန်းကလေးက ဘာများမှားလို့လဲ၊ သူ့ဘက်က စကားကို နားမထောင်လို့သာ အဲဒီအမျိုးသမီးလေးက အကြောင်းပြချက်မရှိဘဲ အသက်ဆုံးရှုံးခဲ့ရတာ၊ အဲဒါကလည်း အသက်တစ်ချောင်းပဲလေ”
ဟဲထန်၏ မိခင်လည်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေသည်။
မှန်ပေသည်။ချီမိသားစု၏ သမီးဖြစ်သူ အသက်ဆုံးရှုံးခဲ့ရလေ၏။
အကယ်၍ လီရှန်းသာ ယခုနေရာတွင် ရှိနေခဲ့ပါက ထိုချီမိသားစုမှ မိန်းကလေးဆိုသည်က ဟဲထန် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီးနောက် မကြာမီမှာပင် ကွယ်လွန်သွားခဲ့သည့် မိန်းကလေးဖြစ်ကြောင်းကို သိရှိသွားပေလိမ့်မည်။
“ဒီလိုဆိုရင်တောင် ရှင် ဟဲထန်ကို အပြစ်တင်လို့မရဘူး၊ သူက အစတည်းက အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောခဲ့သားပဲ”
ချီမိသားစုက မိန်းကလေးကသာ အကျင့်စာရိတ္တမကောင်းခြင်းဖြစ်ပေသည်။
“တကယ်လို့ ကျန်းယွဲ့သာ မရှိခဲ့ရင် ချီမိသားစုက မိန်းကလေးက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး”
အဖေဟဲက မည်သည့်စကားကိာမှမပြောတော့ပေ။ သူသည်လည်း အမေဟဲ၏ စကားကို သဘောတူနေသည်ပင်။
ဟဲထန် ထွက်ခွာသွားချိန်က ပိုင်မားခရိုင်က သေးငယ်သော ခရိုင်မြို့လေးတစ်ခုသာ ဖြစ်သော်လည်း ယခုအချိန်တွင် ပြည်နယ်မြို့တော်၏ ခရိုင်တစ်ခု ဖြစ်လာခဲ့လေသည်။
သူ၏ ဖခင်ကလည်း ခရိုင်အဆင့် ကေဒါအရာရှိမှ ပြည်နယ်အဆင့်အရာရှိ ဖြစ်လာခဲ့လေ၏။
ရာထူးက မပြောင်းလဲသော်လည်းပြည်နယ်မြို့တော်၏ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်တွင် ရှိနေခြင်းဖြစ်၍ ရာထူးတိုးမြှင့်ခံရခြင်းနှင့် တူညီပေ၏။
ဟဲထန်၏ မိဘများက သူပြန်လာခြင်းအပေါ် ပျော်ရွှင်ကြသော်လည်း အနည်းငယ်တော့ တွန့်ဆုတ်နေကြသည်။
အဓိက အကြောင်းရင်းက ကျန်းမိသားစု၏ အမြတ်ထုတ်ခြင်းကို မခံလိုကြခြင်းကြောင့်ဖြစ်သည်။
ဟဲထန် ကျေးလက်ဒေသသို့ မသွားမီအချိန်တွင် သူ၏ မိဘများက အလွန် စိုးရိမ်ပူပန်ခဲ့ကြရ၏။
ထို့ကြောင့် ငွေကြေးနှင့် ကူပွန်အမြောက်အမြားကို ပြင်ဆင်ပေးခဲ့ရုံသာမက ပင်းချန်တွင် အလုပ်တစ်ခုပါ စီစဉ်ပေးခဲ့ကြသေး၏။
သူ ထိုနေရာသို့ရောက်လျှင် အနုပညာအဖွဲ့တွင် အစီအစဉ်တင်ဆက်သူ ဖြစ်လာနိုင်သည်။
ဟဲထန်က ရုပ်ရည်ချောမောပြီး အသံချိုသာသူ ဖြစ်လေ၏။
စနစ်တကျ လေ့ကျင့်ပေးပါက နောက်ပိုင်းတွင် အဖွဲ့၏ ခေါင်းဆောင်ပင် ဖြစ်လာနိုင်သည်။
သို့သော် သူ ကျေးလက်ဒေသသို့ မသွားမီ နှစ်ရက်အလိုတွင် သူနှင့် ကျန်းမိသားစု၏ သမီးဖြစ်သူတို့ကြား၌ ‘မိန်းမလှလေးကို ကယ်တင်ခြင်း’ ပြကွက်တစ်ခု ဖြစ်ပွားခဲ့လေ၏။
အလွန်အေးမြလွန်းသော ဆောင်းရာသီတွင် ထိုနှစ်ဦးက အဘယ်ကြောင့်မှန်းမသိပါပဲ ပန်းခြံထဲ လှေစီးခဲ့ကြကာ နှစ်ယောက်လုံး ရေထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။
ထိုအချိန်က ရေကန်အနီးတွင် မည်သူမှ မရှိခဲ့ပေ။
ကမ်းစပ်ရှိ လူများမှ ပုံမှန်မဟုတ်သည့်အခြေအနေကို သတိပြုမိလိုက်သည့်အချိန်တွင် ဟဲထန်က သတိမေ့မြောနေသော ကျန်းယွဲ့ကို ကမ်းစပ်နားအထိ သယ်ဆောင်လာခဲ့လေပြီ။
*