အခန်း ၃၃၀
Vol. 33 Ch. 330
အခန်း(330)
ပိုင်မားခရိုင်က အလွန်သေးငယ်သော ခရိုင်မြို့လေး ဖြစ်သော်လည်း ဆေးဝါးစက်ရုံကို ဤနေရာတွင် တည်ဆောက်ထားသောကြောင့်သာ လူသိများပြီး လူဦးရေက အတော်လေး ထူထပ်လေ၏။
ထို့ကြောင့် သူတို့နှစ်ဦး၏ကိစ္စကို လူအများအပြားသိသွားကြလေတော့လေသည်။
ထို့နောက်တွင် ပြင်းထန်စွာ ဖျားနာခြင်း၊ ပြန်လည်ကျန်းမာလာခြင်း၊ ကျေးလက်ဒေသသို့ သွားခြင်းတို့ ဖြစ်လာခဲ့လေ၏။
ဟဲထန်၏ မိဘများက ကျန်းယွဲ့ကို အလွန်မုန်းတီးကြသောကြောင့် ကျန်းယွဲ့က ကွယ်လွန်သွားခဲ့လျှင်ပင် သူမကို သူတို့၏ ချွေးမအဖြစ် အသိအမှတ်မပြုခဲ့ကြပေ။
“မင်းလည်းသိပါတယ်၊ ဟဲထန်ရဲ့ အခြေအနေအရဆိုရင်.. သူက ဇနီးသည်တွေကို ကံဆိုးစေမဲ့ကြမ္မာပါလာတာမျိုး ဖြစ်နေမလား”
အဖေဟဲက ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် လေသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်လေ၏။
“တော်လိုက်တော့ အယူသီးတာတွေ လျှောက်ပြောမနေနဲ့တော့၊ ကျွန်မတို့ သားက အနာဂတ်မှာတောက်ပလာမဲ့ တက္ကသိုလ်ကျောင်းသားပဲ”
အမေဟဲက သူမ၏ သားဖြစ်သူအပေါ် မကောင်းပြောသည့်စကားကို ခွင့်မလွှတ်နိုင်ပေ။
မြို့တော်သို့ ရောက်ရှိပြီးနောက် ဟဲထန်က ပထမဆုံး တက္ကသိုလ်တွင် ကျောင်းအပ်ခဲ့သည်။
ထို့နောက် မရပ်နားဘဲ လီရှန်းကို ချက်ချင်း လိုက်လံရှာဖွေခဲ့လေ၏။
သို့သော် ကံမကောင်းစွာဖြင့် သူ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ပေ။ ကျောင်းတွင် လီရှန်းဟု အမည်ရှိသူပင် မရှိကြောင်း ကျောင်းဂိတ်စောင့်က ပြောခဲ့လေ၏။
ဟဲထန်အနေဖြင့် ဂိတ်ဝရှိ အဘိုးအိုက နားကြားမှားခြင်းလားဟုတွေးမိသည်။ မည်သူက တက္ကသိုလ်ဝင်ခွင့်ရပြီးမှ ကျောင်းမတက်ဘဲ နေပါမည်နည်း။
သို့မဟုတ်...
ထို စုမျိုးရိုးက သူမကို ကျောင်း ဆက်မတက်ခိုင်းခြင်းလား။
ဟဲထန်က မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားလေ၏။
အကယ်၍ လီရှန်းသာ တက္ကသိုလ်မတက်ခဲ့ပါက သူ့အတွက် ပို၍ပင် အဆင်ပြေလိမ့်မည်။
သူမအနေဖြင့် ကျောင်းမတက်ရန်အတွက် သဘောတူခဲ့လျှင်ပင် စိတ်ထဲတွင်တော့ နာကျည်းမှုကို ခံစားနေရပေလိမ့်မည်။
သူ လုပ်ရမည့်အရာမှာ သူမကို ထိုစုမျိုးရိုး ကွာရှင်းပြတ်စဲခိုင်းရန်သာ ဖြစ်ပေ၏။
ဟဲထန်က မျက်ခုံးကို ပင့်လိုက်ပြီး နောက် မြို့တော်တက္ကသိုလ်ရှိ သူ၏ အဆောင်သို့ ပြန်လာခဲ့လေသည်။
သူက ထိုင်လိုက်သည်နှင့် သူ၏ အဆောင်ဖော်က သူ့ကို မျက်စိမှိတ်ပြကာ ပြောလာ၏။
“ဟေ့.. ငါတို့ အတန်းခေါင်းဆောင် ဟုန်မေ့က အောက်မှာ မင်းကို စောင့်နေတယ်နော်”
“လီဟုန်မေ့လား၊ သူက ငါ့ကို ဘာကိစ္စရှိလို့လဲ”
ဟဲထန်က အပြစ်ကင်းစင်သော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်လေသည်။
“သူက မင်းကို ရေကန်ဘေးမှာ လမ်းလျှောက်ဖို့ ဖိတ်ချင်နေတာ ထင်တယ်၊
ပြောရရင် ငါတို့ အတန်းခေါင်းဆောင်က တကယ်ကို ဇွဲကောင်းတာပဲ၊ အစ်ကိုဟဲက အကြိမ်ကြိမ် ငြင်းခဲ့တာတောင်..”
အပြင်မှ ဝင်လာသော တခြားအမျိုးသားတစ်ဦးက ဝင်ပြောလိုက်လေသည်။
ဟဲထန်က နှုတ်ခမ်းကိုတင်းတင်းဝေ့လိုက်သည်။
“သူက ငါ့နဲ့စာပေအကြောင်းကို ဆွေးနွေးချင်တာ ဖြစ်မှာပါ”
သူက စာအုပ်မှစာမျက်နှာများကို အသာပွတ်သပ်ရင်း လွမ်းဆွတ်မှု အရိပ်အယောင်များဖြင့် ပြောလိုက်လေသည်။
“ငါ့ဇနီး ကွယ်လွန်ခဲ့တာ တစ်နှစ်တောင် မပြည့်သေးဘူး၊ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို ပြောဖို့က စောလွန်းပါသေးတယ်၊
ပြီးတော့ အတန်းခေါင်းဆောင်လီနဲ့ ငါက သာမန် အတန်းဖော်တွေ သက်သက်ပဲ၊ ကျေးဇူးပြုပြီးတော့ ငါတို့ကို စနောက်မနေကြပါနဲ့တော့၊ အတန်းခေါင်းဆောင် လီက ငယ်ရွယ်ပြီး ထက်မြက်မိန်းကလေးလေ၊
မင်းတို့ရဲ့ ပေါ့ပေါ့ဆဆ ပြောဆိုမှုတွေက သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ်”
“ကောင်းပြီ၊ ကောင်းပြီ၊ မင်းကတော့ သူတော်စင်ကြီးပါပဲ၊ ငါတို့ကတော့ သာမန်လူတွေလေ၊ အမြန်အောက်ဆင်းသွားပါတော့၊ အချိန်ဆွဲမနေနဲ့တော့”
ဟဲထန်က အဆောင်ဖော်များ၏ ဆွဲထူခြင်းကို ခံရပြီး တံခါးအပြင်သို့ တွန်းထုတ်ခြင်းကို ခံလိုက်ရလေ၏။
သူက စိတ်ပျက်စွာဖြင့် တံခါးကို အကြိမ်အနည်းငယ်ခေါက်ခဲ့သော်လည်း၊ သူ၏ အဆောင်ဖော်က ခေါင်းမာလွန်းကာ တံခါးကို လုံးဝ မဖွင့်ပေးခဲ့ပေ။
ထို့ကြောင့် သူက အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ရသည့်အမူအရာဖြင့် အောက်ထပ်သို့ ဆင်းကာ သူတို့၏ အတန်းခေါင်းဆောင် လီဟုန်မေ့ကို သွားရောက်ရှာဖွေရတော့သည်။
မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မသိရသော်လည်း လီဟုန်မေ့၏ မျက်နှာအမူအရာက သိပ်မကောင်းပေ။
သူမ၏မျက်နှာက ဖျော့တော့၍ အပြာရောင်သန်းနေခဲ့သည်။
“ဟဲထန်”
လီဟုန်မေ့က ဟဲထန်ကို မြင်သည့်အချိန်တွင် သူမ၏ မျက်ဝန်းများက တောက်ပလာပြီး အနားသို့ အပြေးအလွှား ရောက်ရှိလာခဲ့လေ၏။
ဟဲထန်က သူမ၏ မျက်နှာကို ကြည့်ပြီး အံ့အားသင့်လျက်မေးမြန်းလိုက်လေ၏။
“ဟုန်မေ့၊ ဘာဖြစ်လို့လဲ၊ မင်း ပုံစံက အရမ်းနွမ်းနယ်ပြီး အားနည်းနေသလိုပဲ၊ နေမကောင်းဘူးလား”
“ငါ့ဗိုက်က ပြန်အောင့်လာလို့ပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က နင်ပေးလိုက်တဲ့ဆေးက တကယ့်အစွမ်းထက်တယ်၊
ဒီနေ့ ငါ နင့်ဆီကနေ အဲဒီဆေးလေး နည်းနည်းလောက် ထပ်ပေးလို့ရမလားလို့ လာမေးတာပါ”
ပြောရင်းနှင့်ပင် ပြင်းထန်သော နာကျင်မှုတစ်ခုက သူမကို ရိုက်ခတ်သွားပုံရပြီး လီဟုန်မေ့က သူမ၏ ဗိုက်ကိုနှိပ်ကာ မြေပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
မကြာမီမှာပင် သူမ၏ နဖူးပြင်ထက်၌ ချွေးစေးများပင် ထွက်ပေါ်လာလေတော့၏။
“မစိုးရိမ်ပါနဲ့၊ ငါ့ဆီမှာ နည်းနည်းကျန်သေးတယ်၊ ဒါပေမဲ့ ဒီဆေးက သာမန် အကိုက်အခဲပျောက်ဆေး သက်သက်ပဲနော်၊ မင်း ဆေးရုံကိုသွားပြီး သေသေချာချာ စစ်ဆေးဖို့လိုတယ်၊ ဒီဆေးကိုပဲ ဆက်တိုက် သောက်နေလို့ မဖြစ်ဘူး”
ဟဲထန်က သူ၏ အိတ်ကပ်ထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်ပြီး လီဟုန်မေ့၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ သူမကို ပန်းခြံကျောက်ခုံတန်းပေါ်တွင် ထိုင်နိုင်ရန် တွဲပေးလိုက်လေသည်။
လီဟုန်မေ့က ဆေးလုံးတစ်လုံးကို လျင်မြန်စွာ ထုတ်ယူပြီးနောက် ရေပင် သောက်ချိန်မရဘဲ တစ်လုံးတည်းဖြင့် မျိုချလိုက်လေ၏။
သူမက မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုဆေးလုံးက သူမ၏ နာကျင်မှုကို လျင်မြန်စွာ သက်သာစေရုံသာမက ရေနွေးပူပူထဲတွင် စိမ်နေရသကဲ့သို့ ခန္ဓာကိုယ်ကို နွေးထွေးသွားစေသည်။
သူမ၏ မူလက ညိုမွဲဖျော့တော့ပြီး အပြာရောင်သန်းနေသော မျက်နှာပြင်ထက်၌ သွေးရောင်များက ပြန်လည်၍ လွှမ်းမိုးလာခဲ့လေ၏။
သူမက ခေတ္တမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက်၊ ခေါင်းကို ပြန်မော့ကြည့်ပြီး ဟဲထန်ကို တောက်ပစွာပြုံးပြလိုက်လေသည်။
“ ကျေးဇူးတင်ပါတယ် ဟဲထန်၊ ဒီဗိုက်အောင့်တဲ့ ရောဂါက ငါ့ရဲ့ ရောဂါဟောင်းပဲ၊
ငါ အရင်က အကိုက်အခဲပျောက်ဆေးတွေ အများကြီး သောက်ခဲ့ဖူးပေမဲ့ တစ်ခုမှ အစွမ်းမပြခဲ့ဘူး၊
ဒါပေမဲ့ နင့်ရဲ့ ဒီဆေးကတော့ တကယ်ကို အစွမ်းထက်တာပဲ”
“ဒီဆေးက ငါတို့ခရိုင်ရဲ့ ဆေးဝါးစက်ရုံက ထုတ်တာလေ၊ ပေကျင်းမှာတော့ မရောင်းဘူး၊
အဓိကကတော့ ငါတို့ပြည်နယ်ကိုပဲ အဓိက ဖြန့်ဖြူးတာ၊ တကယ်လို့ မင်း လိုချင်တယ်ဆိုရင် ငါ့မိဘတွေကို ပုလင်းနည်းနည်းလောက် ပို့ပေးဖို့ ပြောပေးပါ့မယ်”
ဟဲထန်ကလည်း စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်လေ၏။
လီဟုန်မေ့က လျင်မြန်စွာပင် ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ဒါဆိုရင်တော့ နင့်ကို အားနာရတော့မှာပဲ ဟဲထန်”
“ကိစ္စမရှိဘူး၊ မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်၊ ဒါနဲ့.. မင်း ဗိုက်အောင့်တာနဲ့ ပတ်သက်ပြီး ဆေးရုံကို သွားပြဖူးလား”
“အိုး မပြောပါနဲ့တော့၊ ငါ ဆရာဝန်ကြီးတွေ အများကြီးနဲ့ ပြသခဲ့ဖူးပါတယ်၊ အဲဒီနှစ်တွေတုန်းက ဆရာဝန်တွေ အားလုံး ကျေးလက်ဒေသကို ထွက်ခွာသွားကြတာလေ
ငါ ရိုးရာကုထုံးတွေကို တောင်းခံဖို့ ကျေးလက်ဒေသအထိတောင် သွားခဲ့ဖူးတယ်”
“မင်း တကယ့်ကို ဒုက္ခခံခဲ့ရတာပဲ”
“ဟုတ်တယ်၊ နိုင်ငံခြားမှာဆိုရင် လူတစ်ယောက်ရဲ့ ဗိုက်ထဲက ရောဂါလက္ခဏာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ စက်ကိရိယာမျိုး ရှိတယ်လို့တောင် ငါကြားဖူးတယ်၊
ငါတို့နိုင်ငံမှာတော့ ဘယ်တော့မှ အဲဒီလိုမျိုး ရှိလာမလဲမသိဘူး၊ ရှိလာတဲ့အချိန်ကျရင် ငါ့ရဲ့ ဗိုက်အောင့်ရတဲ့ အကြောင်းရင်းကို သိရအောင် ပထမဆုံး သွားရောက်စစ်ဆေးရမယ်”
“အမှန်ပဲ”
လီဟုန်မေ့အနေဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပြောင်းလဲမှုများဖြစ်နေသည်ကို သတိမပြုမိပါချေ။
သူမက အသက်နှစ်ဆယ်အရွယ်သာ ရှိသေးသော်လည်း သူမ၏ ဆံပင်များကြားတွင် ငွေမှင်ရောင် ဆံခြည်မျှင်များ ရှိနေခဲ့လေသည်။
ဟဲထန်က ထိုဆံပင်များကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်ခဲ့သကဲ့သို့ သူ၏ အကြည့်ကို အေးစက်စွာ လွှဲဖယ်လိုက်လေသည်။
*
စုဝေ့ချင်းက ယဉ်ကျေးမှုအနုပညာဌာနသို့ ရောက်ရှိလာခဲ့လေ၏။
အထဲဘက်တွင် ရန်ရှောင်က ရေနွေးကြမ်းတစ်ခွက်ကို ကိုင်ကာ သတင်းစာကို ဖတ်ရှုနေခဲ့လေသည်။
သူ၏ စာရေးစားပွဲနှင့် မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် ကလေးငယ်တချို့က ခေါင်းချင်းဆိုင်လျက် အိမ်စာများကို အတူ လုပ်ဆောင်နေကြလေ၏။
သူတို့ထဲတွင် စုရှောင်လော်က အငယ်ဆုံးနှင့် အရပ်အပုဆုံး ဖြစ်သော်လည်း သူမ အသုံးပြုနေသော ပြဋ္ဌာန်းစာအုပ်က အတန်းအကြီးဆုံး ဖြစ်ပဆသည်။
သူမက ကလေးတစ်ဦးသာဖြစ်သော်လည်း အိမ်စာများကို မယုံကြည်နိုင်လောက်အောင် မြန်ဆန်စွာ လုပ်ဆောင်နိုင်လေ၏။
ကလေးများက စာကိုအာရုံစိုက်နေကြသေးကြောင့် စုဝေ့ချင်းရောက်လာသည့်အချိန်တွင် မည်သူကမှ သတိမပြုမိကြပေ။
ရန်ရှောင်က ရုတ်တရက် ခေါင်းကိုမော့ကြည့်လာခဲ့သည်။ သူ၏ မျက်ဝန်းများက နက်မှောင်လွန်းသောကြောင့် စုဝေ့ချင်းပင် မသိစိတ်ဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်မိခဲ့လေ၏။
သူ့အနေဖြင့် ကြောက်ရွံ့သွားခြင်းကြောင့် မဟုတ်ဘဲ အနည်းငယ် ထိတ်လန့်သွားခြင်းသာ ဖြစ်သည်။
သူက မည်သည့်အမှားကိုမှမလုပ်ခဲ့ပါဘဲ ထိုရုတ်တရက် အကြည့်ကြောင့် သူ၏နှလုံးသားက တုန်လှုပ်သွားရလေ၏။
ရန်ရှောင်ကတော့ တစ်ဖက်လူက စုဝေ့ချင်း ဖြစ်နေကြောင်းကို မြင်လျှင် အံ့အားသင့်သွားရပြီး၊ သတင်းစာကို လျင်မြန်စွာ ချလိုက်ကာ အပြင်သို့ ထွက်၍ မေးမြန်းလိုက်လေ၏။
“မင်းမှာ ညဘက် ကိုယ်ပိုင်စာကြည့်ချိန်ရှိနေတာ မဟုတ်ဘူးလား၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”
စုရှောင်လော်ကို ကျောင်းမှ ကြိုဆိုရန်အတွက် တာဝန်ပေးအပ်ခြင်းကို ခံထားရကတည်းက ရန်ရှောင်က စုဝေ့ချင်း၏ အတန်းအချိန်ဇယားကို အလွန် ရှင်းလင်းစွာ မှတ်မိနေခဲ့လေ၏။
“ကလေးတွေ အားလုံးက အိမ်စာလုပ်နေကြတာ၊ မင်း ခဏလောက် စောင့်ချင်သလား၊ ဒါမှမဟုတ် ရှောင်လော်ကို ခေါ်သွားတော့မှာလား”
စုဝေ့ချင်းက ခေါင်းခါပြလျက် ပြောလိုက်လေသည်။
“အလျင်မလိုပါဘူး၊ ဒီနေ့က မင်းကို လာရှာတာ၊ ကျွန်တော့်ဆီမှာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့လို့.. ကျွန်တော့်ကို ကူညီပြီး တွေးတောပေးလို့ ရမလား၊
ကျွန်တော့်မှာက မြို့တော်မှာဆွေမျိုးတွေ၊ သူငယ်ချင်းတွေလည်း မရှိဘူး၊ဘေ မင်းနဲ့ပဲ နည်းနည်းလောက်ရင်းနှီးတာ၊
မင်းရဲ့ အလိုလိုသိစိတ်က အရမ်း တိကျတယ်လို ပြောခဲ့ဖူးတယ်မလား၊ ဒါကြောင့်မို့လို့ မင်းဆီကို လာခဲ့တာပါ”
ညဘက် ကိုယ်ပိုင်စာကြည့်ချိန်ကို ဖျက်ပြီး လာရှာတာဆိုတော့ ဒီကိစ္စက အရေးကြီးတဲ့ပုံပဲ။
ရန်ရှောင်ကလည်း မသိစိတ်ဖြင့် လေးနက်သွားခဲ့ရသည်။
တခြားလူများ ကြားသွားခြင်းမှ ကာကွယ်ရန်အတွက် သူတို့နှစ်ဦးက ရုံးခန်းထဲသို့ ပြန်မသွားရန်အတွက် ဆုံးဖြတ်လိုက်ကြလေ၏။
*