အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း (၄၂၃)
" အရှင်မင်းကြီး ချင်ရဲ့ စပါးကျီတွေက ပြည့်နေပေမယ့် စခန်းနှစ်ခုရဲ့ ကုန်ကျစရိတ်ကို မခံနိုင်ပါဘူး။ ဒီတစ်ခါ စစ်သေနာပတိချုပ်ဟွမ်ယိက စစ်သည်နှစ်သိန်းကို ဦးဆောင်ပြီး စစ်ရေးအောင်မြင်မှုတွေ ရယူနိုင်ပါ့လိမ့်မယ်။ ချင်ရဲ့ နိုင်ငံအင်အားကို ထိန်းသိမ်းဖို့အတွက် စစ်သေနာပတိချုပ် ဟွမ်ယိက ချူနိုင်ငံကို အောင်နိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဟွိုက်ကျွမ်းက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ အရင် ကျောက်နိုင်ငံကို ဖျက်ဆီးတုန်းက စခန်းကြီးနှစ်ခုကို စုစည်းခဲ့ပြီး လူပေါင်းရှစ်သိန်းကျော် ပါဝင်ခဲ့ပါတယ်။ ရိက္ခါပစ္စည်းတွေ ပို့ဆောင်တာ တကယ်ခက်ခဲခဲ့ပါတယ်။ စစ်သည်များလေ ထောက်ပံ့ရေးက ပိုခက်ခဲလေပါပဲ။ စစ်စခန်းတစ်ခုတည်းနဲ့ ချူနိုင်ငံကို ဖျက်ဆီးနိုင်မယ်ဆိုရင် ချင်အတွက် ကံကောင်းခြင်းပါပဲ။ အရှင်မင်းကြီး သေချာစဉ်းစားဖို့ တောင်းဆိုပါတယ်။ "
ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံပြောဆိုလိုက်ကြသည်။ သူတို့က ချူနိုင်ငံကို ဖျက်ဆီးရန် ဟွမ်ယိအား တာဝန်ပေးအပ်ချင်နေကြသည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံး၍ ခေါင်းခါလိုက်သည်။ သူတို့က ကျောက်ဖုန်း စစ်တပ်ကို ဦးဆောင်ပြီး နောက်ထပ်နိုင်ငံတစ်ခုကို ဖျက်ဆီးမည့် စွမ်းဆောင်မှုကို မရရှိစေကြချင်သည်မှာ ထင်ရှားသည်။ သူသာ အောင်မြင်သွားလျှင် သူ စစ်ဦးစီးချုပ် ဖြစ်လာမည်ကို ဘယ်သူမှတားဆီးနိုင်မည်မဟုတ်ပေ။
သို့သော် ကျောက်ဖုန်းက အစကတည်းက ထိုစစ်ဆင်ရေးအတွက် ယှဉ်ပြိုင်ရန် စိတ်ကူးမရှိခဲ့ပေ။ ချူနိုင်ငံက အင်အားကြီးမားပြီး ၎င်းကို ဖျက်ဆီးရန်အတွက် အင်အားသာလွန်ရန် လိုအပ်သည်။ ချင်၏ အထူးစစ်သည်တွေက ကြောက်စရာကောင်းသော်လည်း ချူနိုင်ငံကလည်း အားနည်းနေခြင်းမဟုတ်ပေ။
" ဝန်ကြီးကျောက် မင်းဘယ်လိုထင်လဲ။ " ရင်ကျန့်က အေးစက်သော အမူအရာနှင့် မေးလိုက်သည်။
" ကျွန်တော်မျိုးရဲ့ အမြင်ကလည်း အရင်အတိုင်းပါပဲ။ ချူနိုင်ငံကို ဖျက်ဆီးဖို့ဆိုရင် စစ်အင်အားက လုံးဝသာလွန်နေဖို့ လိုအပ်ပါတယ်။ ချူနိုင်ငံက ရှုပ်ထွေးနေပေမယ့် ချင်နိုင်ငံက တိုက်ခိုက်လာရင် ပြည်ပကျူးကျော်မှုဖြစ်တဲ့အတွက် သူတို့က ချင်နိုင်ငံကို အစွမ်းကုန် ခုခံကြမှာပါ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဒါက စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ အယူအဆပါ။ ကျွန်တော်မျိုးက ကြိုးစားကြည့်ချင်ပါသေးတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက မှားယွင်းပြီး ချူနိုင်ငံက ချင်ကို မခုခံနိုင်ဘူးဆိုရင် ဒါက ချင်နိုင်ငံအတွက် ကံကောင်းခြင်းပါပဲ။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။
ရင်ကျန့်က ဝန်ကြီးများကို တစ်ချက်ကြည့်ပြီးနောက် ကျောက်ဖုန်းကို ကြည့်လိုက်သည်။ ကျောက်ဖုန်းက ဤစစ်ဆင်ရေးကို စွန့်လွှတ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူက ကျောက်ဖုန်းကို နိုင်ငံတစ်ခုဖျက်ဆီးပြီး စစ်ဦးစီးချုပ်ရာထူးကို ရယူစေလိုသည်။
" ဝန်ကြီးဟွမ်က ဒီလောက်ယုံကြည်မှုရှိနေမှတော့ ငါက ဘယ်လိုလုပ်ခွင့်မပြုဘဲ နေနိုင်မှာလဲ။ ဒါပေမယ့် မင်းက သတိထားဖို့တော့ လိုတယ်။ ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးကို စိတ်မပျက်စေရပါဘူး။ " ဟွမ်ယိ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
ရင်ကျန့်၏ စကားများကို ကြားသောအခါ ဟွိုက်ကျွမ်းတို့ကလည်း သက်ပြင်းချနိုင်သွားသည်။
" နောက်ဆုံးတော့ ချူကို သိမ်းပိုက်မယ့်အခွင့်အရေးက ကျောက်ဖုန်းလက်ထဲမရောက်သွားဘူး။ ချူနိုင်ငံကျသွားရင် ချီနိုင်ငံပဲ ကျန်လိမ့်မယ်။ ချီနိုင်ငံကို တိုက်ရိုက်လက်နက်ချဖို့ ဖိအားပေးနိုင်တယ်။ ကျောက်ဖုန်းသာ ရာထူးတိုးသွားရင် ငါတို့အတွက် လုံးဝ မကောင်းနိုင်ဘူး။ " ဟွိုက်ကျွမ်းက တိတ်ဆိတ်စွာ တွေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက စံအိမ်မှာ သုံးလကြာအောင် လေ့ကျင့်နေခဲ့ရတာဖြစ်လို့ ဇာတိကို ပြန်ဖို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုတော့ စစ်ဆင်ရေးကို စစ်သေနာပတိချုပ်ဟွမ်ယိက ဦးဆောင်မှာဖြစ်လို့ ကျွန်တော်မျိုး စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော်မျိုး ဇာတိကို ပြန်ပြီး အနားယူဖို့ ခွင့်ပြုပေးစေချင်ပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်က ကျောက်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။
" ငါမင်းကို မင်းရဲ့ အိမ်မှာ သုံးလတောင် နားခွင့်ပေးထားတာလေ။ အခု နောက်ထပ် အိမ်ပြန်ချင်ပြန်ပြီလား။ ဒါက ဘာဖြစ်နေတာလဲ။ ရှန်းယန်မှာနေဖို့ အဲ့လောက်တောင် ဝန်လေးနေတာလား။ "
ကျောက်ဖုန်းကတော့ ရင်ကျန့်၏ လေသံကို ကျင့်သားရနေပြီဖြစ်သည်။ ကျန်းထိုင်နန်းဆောင်မှာဆိုလျှင် အမြဲတမ်း ထိုအတိုင်းသာ ဖြစ်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက စစ်သည်တစ်ယောက်ပါ။ စစ်မြေပြင်မှာ စစ်တပ်တွေကို ဦးဆောင်တာကလွဲရင် အခြားကိစ္စတွေကို ကျွန်တော်မျိုး စိတ်မဝင်စားပါဘူး။ အခု ကျွန်တော်မျိုးရဲ့ မိခင်က ဇာတိမှာပဲ နေနေတာမလို့ ကျွန်တော်မျိုးရဲ့ သားသမီးတွေကို ခေါ်ပြီး မိခင်ကို ပြုစုစောင့်ရှောက်ချင်ပါတယ်။ " ကျောက်ဖုန်းက စိတ်မကောင်းသော အမူအရာနှင့် ပြောလိုက်သည်။
ရင်ကျန့်က ကျောက်ဖုန်း၏ အမူအရာကို မြင်သောအခါ ရှချူးတွင် တစ်ယောက်တည်း နေခဲ့သော ရှတုန်အာကို သတိရသွားသည်။
" ငါ မင်းကို နှစ်လခွင့်ပေးလိုက်မယ်။ နှစ်လပြည့်ရင် ချက်ချင်း ပြန်လာရမယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဝမ်းသာသွားပြီး ပြန်ပြောလိုက်သည်။
ထိုအချိန်ကာလအတွင်း ပထမဆုံးအချက်မှာ ကျောက်ဖုန်းက သူ၏ သားသမီးများကို ခေါ်ပြီး မိခင်ကို ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ရှန်းယန်မှ ထွက်ခွာလာသည်ကို အခွင့်ကောင်းယူပြီး သူ၏ ကမ္ဘာငယ်ထဲသို့ လူများ ထည့်သွင်းရန် ရည်ရွယ်ထားသည်။
" ကျောက်ဖုန်းကို အပြစ်မတင်ပြန်ဘူး။ အရှင်မင်းကြီးက ကျောက်ဖုန်းကို အရမ်းအလျှော့ပေးလွန်းတယ်။ "
ရင်ကျန့်က ကျောက်ဖုန်းကို ဆူပူခြင်းမရှဘဲ တိုက်ရိုက်ခွင့်ပြုလိုက်သည်ကို မြင်သောအခါ အချို့လူများက မကျေမနပ်ဖြစ်သွားကြသည်။
အချိန်များကုန်လွန်လာပြီး ညီလာခံက ပြီးဆုံးသွားခဲ့သည်။ ကျောက်ဖုန်းက ထွက်သွားရန် ပြင်နေစဉ် ဟွမ်ယိက ချဉ်းကပ်လာသည်။
" စစ်သေနာပတိချုပ် စစ်ဆင်ရေးယှဉ်ပြိုင်မှုနဲ့ ပက်သက်ပြီး စိတ်ထဲမထားပါနဲ့။ " ဟွမ်ယိက ရင်းနှီးစွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ဟွမ်ယိက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်တို့အားလုံးက ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်တွေပဲ။ စစ်သေနာပတိချုပ်ဟွမ်ယိက ချူနိုင်ငံကို ဖျက်ဆီးပြီး စစ်ရေးအောင်မြင်မှုတွေ ရယူနိုင်ဖို့ ဆုတောင်းပေးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်း ဒေါသမထွက်သည်ကို မြင်သောအခါ ဟွမ်ယိက သက်ပြင်းချလိုက်သည်။
" စစ်သေနာပတိချုပ် ကျုပ်ပြောတဲ့စကားကို ခင်ဗျားယုံပါ့မလားမသိဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ တိုးပြီး အသံနိမ့်ကာ ပြောလိုက်သည်။
" ပြောပါ စစ်သေနာပတိချုပ်။ " ဟွမ်ယိက ပြန်ပြောလိုက်သည်။
" စစ်ဆင်ရေးမှာ အကြီးမားဆုံးတားမြစ်ချက်က ထောက်ပံ့ရေးပဲ။ ဒီအချက်ကို အထူးဂရုပြုရလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဒီကိစ္စကို သေချာပေါက် မှတ်သားထားပါမယ်။ သတိပေးတဲ့အတွက် စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ " ဟွမ်ယိက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ။ " ကျောက်ဖုန်းက ဘာမှထပ်မပြောတော့ပေ။
ချင်နိုင်ငံက ချူနိုင်ငံကို တိုက်ခိုက်သည့် သမိုင်းကြောင်းနှင့် ပက်သက်၍ ကျောက်ဖုန်းက အကြောင်းအရာတစ်ခုကို ရှင်းလင်းစွာ မှတ်မိနေသည်။ မီချီက ချင်နိုင်ငံကို သစ္စာဖောက်ခြင်းဖြစ်သည်။
ချင်နိုင်ငံက ချူနိုင်ငံကို တိုက်ခိုက်ချိန်တွင် မီချီက ချူနိုင်ငံနှင့် ဆက်သွယ်ထားသော ချန်ယင်မြို့ကို စောင့်ကြပ်ရန် စစ်သည်များကို ဦးဆောင်ခဲ့ပြီး ရိက္ခါနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းကို တာဝန်ယူခဲ့သည်။ နောက်ဆုံးတွင် သူက ချူနိုင်ငံဘက်သို့ တိုက်ရိုက်ကူးပြောင်းသွားပြီး ချူနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်လာခဲ့သည်။
၎င်းမှာ ချင်နိုင်ငံ၏ စစ်ဆင်ရေးတွင် ပထမဆုံးအကြိမ် အကြီးအကျယ်ရှုံးနိမ့်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ကျောက်ဖုန်း ယနေ့ သတိပေးရခြင်းမှာ ဟွမ်ယိအတွက်မဟုတ်ဘဲ ချင်၏ စစ်သည်များအတွက် ဖြစ်သည်။
သို့သေယ် ထိုအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ပြော၍ မရပေ။ အကြောင်းမှာ မီချီက ဖုစု၏ မိခင်ဘက်မှ အဘိုးဖြစ်ပြီး နန်းတွင်းတွင် တကယ်အာဏာရှိသူဖြစ်သည်။ ဝန်ကြီးကိုးပါးထဲမှ မဟုတ်သော်လည်း သူ၏ အဆင့်အတန်းက အလ်ခန်မြင့်မားသည်။ မဟုတ်လျှင် သူက ထိုသို့ အရေးပါသော နေရာကို တာဝန်ယူရမည်မဟုတ်ပေ။
" စစ်သေနယပတိချုပ် ခဏစောင့်ပါဦး။ " ကျောက်ဖုန်းက ခန်းမတံခါးနားသို့ ရောက်ချိန်တွင် ယွီလျောင်၏ အသံ ထွက်ပေါ်လာသည်။
" ရှောက်ဖူ ဘာကိစ္စရှိလို့လဲ။ " ကျောက်ဖုန်းက အံ့ဩသွားပြီး မေးလိုက်သည်။
" စစ်သေနာပတိချုပ် ဟိုဘက် ခဏလောက် လိုက်ခဲ့လို့ရမလား။ " ယွီလျောင်က ပြုံး၍ မေးလိုက်သည်။
" ရပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ယွီလျောင်က ခန်းမဘေးဘက်သို့ လျှောက်သွားပြီး ကျောက်ဖုန်းက နောက်မှ လိုက်သွားသည်။
" ဒီမှာ လူမရှိတော့ပါဘူး။ ရှောက်ဖူ ဘာကိစ္စရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" စစ်သေနာပတိချုပ် ကျုပ်ဆရာအကြောင်း ကြားဖူးလား။ " ယွီလျောင်က ပြုံးပြီး မေးလိုက်သည်။
" ဒါပေါ့။ ကွေ့ကူကျိရဲ့ နာမည်ကို ဒီကမ္ဘာမှာ ဘယ်သူကမသိဘဲနေမှာလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ကွေ့ကူကျိမျိုးဆက်တိုင်းက တပည့်နှစ်ယောက်စီရှိကြပြီး နိုင်ငံအသီးသီးတွင် သူတို့က အချင်းချင်း တိုက်ခိုက်ကြသည်။ အနိုင်ရသူက ကွေ့ကူကျိဘွဲ့ကို ခံယူကြပြီး မျိုးဆက်တစ်ခုစီတိုင်းတွင် တပည့်နှစ်ယောက် လက်ခံလေ့ရှိကြသည်။
" ဒါပေမယ့် ရှောက်ဖူက ဘာလို့ဒီလိုမေးတာလဲ။ " ကျောက်ဖုန်းက နားမလည်ဘဲ မေးလိုက်သည်။
" ကျုပ်ရဲ့ ဆရာက စစ်သေမာပတိချုပ်ကို တွေ့ချင်နေတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ကျုပ်ကိုလား။ ကွေ့ကူကျိက ကျုပ်ကို ဘာလို့တွေ့ချင်တာလဲ။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့