အခန်း (၁၄၉+၁၅၀)
Vol. 15 Ch. 149+150
အပိုင်း ၁၄၉ + ၁၅၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုဟန်ရီ၏ မျက်လုံးတို့က ကျဉ်းမြောင်းသွား၏။ သူက အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ဆိုမိသားစုကို သစ္စာဖောက်တယ် ဟုတ်လား။ အရင်ဆုံး ဆိုမိသားစုက ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မေးသင့်တယ်။ အိမ်စေတစ်ယောက်လိုလေ။ ဒီနှစ်တွေ တစ်လျှောက်လုံး ထျန်းရွှေမြို့နဲ့ ဆိုမိသားစုက ဘယ်လိုရပ်တည်နိုင်ခဲ့လဲ။ ဒါ အားလုံးက ငါ့ကြောင့်ပဲ။"
"စစ်ပွဲတိုင်းကို ငါ တိုက်ခိုက်ခဲ့ပြီး လူတွေရဲ့ နှလုံးသားကို ငါ သိမ်းပိုက်ခဲ့တယ်။ အဲဒီ အမှိုက်ကောင် ဆိုလွန်ကတော့ မိသားစုကို ဖျက်ဆီးပြီး မိန်းမတွေနဲ့ ပျော်ပါးတာကလွဲရင် ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူလို အရည်အချင်းမရှိတဲ့ အရူးက ဆိုမိသားစုနဲ့ ထျန်းရွှေမြို့ရဲ့ သခင် ဖြစ်လာတယ်။ ငါက ဒီလောက် ထူးချွန်နေတာတောင် ဆိုမိသားစုအတွက် အလုပ်လုပ်ပေးနေရတဲ့ မြင်းတစ်ကောင် ၊ နွားတစ်ကောင်လိုပဲ ဆက်ဆံခံခဲ့ရတယ်။"
ထိုစကားကို ကြားသည့်အခါ ဆိုမိသားစုစစ်သည်များ lဒေါသထွက်သွားကြသည်။
ဤသည်က သူတို့သိထားသည့် ဖြောင့်မတ်ပြီး ပြည့်စုံလှသော သခင်ကြီး ဆိုဟန်ရီ ဟုတ်ပါသေးသလော။ သဘောထားသေးသိမ်ပြီး ကျေးဇူးကန်းလွန်းလှ၏။
ဆိုမိသားစုသာ မရှိလျှင် သူသည် သာမန်ကျွန်တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။ မှန်သည်။ သူ၏ သိုင်းပညာပါရမီက လူတစ်သောင်း၌ တစ်ယောက်သာ ရှိသော်လည်း မြို့စားကြီး ဆိုလုံက သူ့ကို လေ့ကျင့်ပေးရန် အရင်းအမြစ်အားလုံးကို ပုံအောပေးသည်ကိုမူ သူ မေ့နေ၏။
နှစ်ပေါင်းများစွာတိုင် မြို့စားကြီး ဆိုလုံက သူ့ကို သွေးသားရင်းဖြစ်သည့် ဆိုလွန်ထက်ပင် ပို၍ ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ဆိုနင်ပင်းက အေးစက်စွာ ပြောလိုက်၏။ "ဆိုဟန်ရီ... ရှင်က ကျွန်မတို့ ရှင့်ကို ကျွန်တစ်ယောက်လို ၊ ပြင်ပလူတစ်ယောက်လို ဆက်ဆံခဲ့တယ်လို့ ပြောနေတာလား။ ရှင့်ကို ကောင်းကောင်း ဆက်ဆံတယ်ဆိုတာ ရှင့်ရဲ့ ရွံစရာကောင်းတဲ့ အပြုအမူတွေကို ကျွန်မ လက်ခံပြီး အရှက်ခွဲခံပြီး ရှင့်မိန်းမ ဖြစ်လာရမယ်လို့ ဆိုလိုတာလား။"
ထိုစကားများက မိသားစုစစ်သည်များကို ပို၍ပင် တုန်လှုပ်သွားစေသည်။ ဆိုဟန်ရီက တကယ်ကြီး ထိုမျှ အရှက်မရှိသည့် တောင်းဆိုမှုကို လုပ်ရဲသလော။ ဆိုနင်ပင်းက သူ၏ မွေးစားညီမ ဖြစ်ပြီး ဆိုဟန်ရီ၌ ဇနီးတစ်ယောက် ရှိနှင့်ပြီးသား ဖြစ်၏။ ထိုတိရစ္ဆာန်က သခင်မလေး ဆိုနင်ပင်းကို သူ၏မိန်းမအဖြစ် သိမ်းပိုက်ရန် တကယ်ကြီး ရဲတင်းသလော။
မည်မျှပင် အရှက်မရှိလိုက်သည်နည်း။ စစ်သည်များ၏ နှလုံးသားထဲ၌ လှပကာ နတ်သမီးလေးတစ်ပါးကဲ့သို့ မြင့်မြတ်လှသည့် ဆိုနင်ပင်းနှင့် မည်သည့်ယောက်ျားကမှ ထိုက်တန်မှု မရှိချေ။
ဆိုမုမှာ အလွန်တရာ ရှက်ရွံ့သွား၏။ သခင်လေး ဆိုလွန်၌ ကြီးမားသည့် အမြော်အမြင်နှင့် နက်ရှိုင်းသော ဉာဏ်ပညာရှိပြီး ဆိုဟန်ရီ၏ သစ္စာဖောက်မှုကို အစကတည်းက မြင်ယောင်ထားခဲ့သည်။
သို့သော် သူတို့က အလွန် မိုက်မဲကြ၏။
သခင်လေး ဆိုလွန်၏ ဉာဏ်ပညာကို သံသယဝင်ကာ အကြိမ်ကြိမ် အမိန့်ဖီဆန်ခဲ့ကြသည်။ ထိုသည်က ခွင့်လွှတ်၍ မရနိုင်သည့် ပြစ်မှုတစ်ခုပင်။
ဆိုမုက ဆိုလွန်အနားသို့ လျှောက်သွားကာ ဒူးထောက်ချလိုက်သည်။ "သခင်လေး... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် သခင်လေးကို သံသယ မဝင်ခဲ့သင့်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ။"
ဆိုလွန်က သူ့ကို ထူမပေးချေ။ တည်ငြိမ်စွာ ပြောလိုက်၏။ "ပထမအကြိမ်အနေနဲ့ ငါ မင်းတို့ကို ခွင့်လွှတ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မယ်။"
ဆိုမုက ကြမ်းပြင်နှင့် ခေါင်းကို ဆောင့်ကာ အရိုအသေပေးလိုက်သည်။ "နားလည်ပါပြီ။ ဒီအချိန်ကစပြီး သခင်လေးကို ဘယ်တော့မှ ထပ်ပြီး သံသယမဝင်တော့ပါဘူး။ သခင်လေးရဲ့ အမိန့်တွေကို ခြွင်းချက်မရှိ နာခံပါ့မယ်။"
တစ်ချိန်တည်းမှာပင် အခြားသော မိသားစုစစ်သည်များ အားလုံးက ဆိုလွန်ရှေ့၌ ညီညာစွာ ဒူးထောက်ချလိုက်ကြပြီး အပြစ်ကို ဝန်ခံရန် အရိုအသေပေးလိုက်ကြ၏။
ထိုသည်ကို မြင်သောအခါ ဆိုဟန်ရီ၏ ဒေါသများ ပေါက်ကွဲထွက်သွားပြီး မနာလိုမှုများဖြင့် ရူးသွပ်သွားရသည်။ ဤမိသားစုစစ်သည်များက သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ခဲ့ကြဖူး၏။
ယခုအခါ ဆိုလွန်က သူတို့၏ လေးစားမှုကို ရယူသွားသည်။ သူ သည်းမခံနိုင်တော့ချေ။ လုံးဝကို သည်းမခံနိုင်တော့ပေ။
ဆိုဟန်ရီက အေးစက်စွာ ပြောလိုက်၏။ "ဆိုလွန်... မင်းက ငါ့ခေါင်းကို နင်းပြီး တာဝန်ယူနိုင်လောက်တဲ့အထိ အရမ်း တော်နေတယ်လို့ ထင်နေတာလား။ ဒါဆိုရင်လည်း ငရဲပြည်ကျမှ သူတို့ မင်းအပေါ် ဆက်ပြီး သစ္စာစောင့်သိပါစေတော့။"
ဆိုဟန်ရီက သူ၏ ထက်မြက်သည့် ဓားကို ခက်ထန်စွာ ဆွဲထုတ်လိုက်သည်။
ဆိုလွန်က တည်ငြိမ်စွာ မေးလိုက်၏။ "ဆိုဟန်ရီ... ဘာပဲဖြစ်ဖြစ် ငါတို့က ဒီမှာ သေချာပေါက် သေရတော့မှာဆိုတော့ အမှန်တရားကို ပြောပြပါ။ ဦးလေး ယန်နူကို မင်း သတ်ခဲ့တာလား။ အစ်မ ဟုန်ရီကိုရော မင်း သတ်ခဲ့တာလား။"
ဆိုဟန်ရီ၏ မျက်နှာက တွန့်လိမ်သွားသည်။ သူက ခေါင်းကို မော့ကာ မာနတကြီး ပြောလိုက်၏။ "ယောက်ျားတစ်ယောက်က အောင်မြင်ဖို့အတွက် ရက်စက်ရမယ်လေ။ ဘာဖြစ်လဲ။"
ဆိုလွန်က အေးစက်စွာ ဆိုသည်။ "ဒါဆို ဒီနေ့ မင်း ငါတို့ အားလုံးကို သတ်မယ်။ ပြီးရင် တပ်ကို ဦးဆောင်ပြီး ထျန်းရွှေမြို့ကို ပြန်သိမ်းပိုက်မယ်။ ထျန်းရွှေမြို့ရဲ့ ကယ်တင်ရှင်နဲ့ အိမ်ပြန်လာတဲ့ သူရဲကောင်းအဖြစ် ဟန်ဆောင်မယ်ပေါ့။"
ဆိုဟန်ရီက ရယ်မောလိုက်၏။ "တော်တယ်... လက်ရှိအချိန်မှာ မင်းနဲ့ မင်းသမီး ကျိနင်လောက်ပဲ ငါ့ရဲ့ အစစ်အမှန် မျက်နှာကို သိတယ်။ မင်းကို ငါ သတ်လိုက်တာနဲ့ ငါ လုပ်ခဲ့တာတွေကို ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး။ မင်းသမီး ကျိနင်အတွက်လား။ ငါက မင်းသား ကျိလီအပေါ် အပြည့်အဝ သစ္စာခံမယ်။ ပြီးရင် ငါတို့က မိသားစု တစ်စုတည်း ဖြစ်သွားမှာပဲ။"
ဆိုဟန်ရီ မှန်သည်။ သူပုန်စစ်တပ်မှာ အဝေး၌ တပ်စွဲထားသဖြင့် သူတို့၏ စကားများကို မကြားနိုင်ချေ။ ထို့အပြင် ဆိုဟန်ရီက သူတို့ကို ကျောခိုင်းထားခြင်း ဖြစ်၏။
ကျိနင်က ခေါင်းညိတ်လိုက်သည်။ "ရှင် ပြောတာ မှန်တယ်။ ဒီသစ္စာခံမှုကို ငါ လက်ခံတယ်။"
ဆိုလွန်က ဆက်မေး၏။ "မင်းက ငါ့အစ်မ ဆိုနင်ပင်းကို တပ်မက်နေတာ ကြာပြီပဲ။ သူ့ကိုရော မင်း ဘယ်လို လုပ်မလို့လဲ။"
ဆိုဟန်ရီက အေးစက်စွာ ပြောလိုက်သည်။ "သူ့နှလုံးသားကို မရရင်တောင် သူ့ခန္ဓာကိုယ်ကို ရယူမယ်။ သာမန်ပြည်သူတွေကတော့ သူ ငါနဲ့ လက်ထပ်လိုက်တယ်လို့ပဲ မြင်ကြမှာပဲ။"
ဆိုဟန်ရီက ဆိုနင်ပင်းကို စိုက်ကြည့်လိုက်၏။ "နင်ပင်း... ဒါတွေက မင်းဘာသာ မင်းဖန်တီးတာတွေပဲ။ ငါ့ကိုသာ လက်ခံရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။"
ထို့နောက် ဆိုဟန်ရီက ဓားကို မြင့်မြင့်မြှောက်လိုက်သည်။ "တိုက်ခိုက်ကြ။ ဆိုနင်ပင်းကလွဲပြီး ကျန်တဲ့လူ အားလုံးကို သတ်။ ဆိုလွန်ကို ငါ့အတွက် ချန်ထား။ သူ့ကို ငါ ကိုယ်တိုင် အပိုင်းပိုင်း ခုတ်ထစ်မယ်။"
သူက အမည်းရောင်သံချပ်ကာ စစ်သည် ရာဂဏန်းခန့်ကို ဦးဆောင်ကာ အဖျက်စွမ်းအားကြီးမားသည့် ဒီရေလှိုင်းတစ်ခုကဲ့သို့ ရှေ့သို့ ပြေးဝင်လာ၏။
ဆိုလွန်က အမိန့်ပေးလိုက်သည်။ "ချပစ်လိုက်။"
ချက်ချင်းပင် မိသားစုစစ်သည် တစ်ရာခန့်က အစောပိုင်းကတည်းက ပြင်ဆင်ထားသည့် ကျောက်တုံးကြီးများကို တွန်းချလိုက်ကြ၏။ ကြီးမားသော ကျောက်တုံး ရာဂဏန်းခန့်က ကြောက်မက်ဖွယ်ကောင်းသည့် အင်အားဖြင့် တောင်စောင်းမှ လိမ့်ဆင်းသွားကြသည်။
ထိုကျောက်တုံးများက ဆိုဟန်ရီနှင့် အမည်းရောင်သံချပ်ကာ စစ်သည်များကို ပြင်းထန်စွာ ဒဏ်ရာမရစေနိုင်သော်လည်း သူတို့၏ လမ်းကြောင်းကို အောင်မြင်စွာ ပိတ်ဆို့နိုင်လိုက်၏။
ဆိုလွန်က အားရပါးရ ရယ်မောလိုက်သည်။ "ဆိုဟန်ရီ... ငါ့အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးပဲကွာ။ မင်းသာ မရှိရင် ကျိနင်ရဲ့ လူတွေက လမ်းမှာတင် ငါ့ကို သတ်ပစ်လိုက်လောက်ပြီ။ ဒီနေ့ ငါ့ကိုယ်ငါ ငါးစာအဖြစ် သုံးတာ အကြောင်းပြချက် နှစ်ခု ရှိတယ်။ တစ်က လွတ်မြောက်ဖို့ ၊ နှစ်က မင်းရဲ့ မျက်နှာစစ်ကို ဖော်ထုတ်ဖို့ပဲ။ အခုတော့ ငါ လုံးဝ အောင်မြင်သွားပြီ။ ကျေးဇူးပဲ။"
အော်ဟစ်ပြောဆိုရင်းပင် ဆိုလွန်က နုကျန်းမြစ်ကို စီးမိုးထားသည့် တောင်ကမ်းပါးစွန်းဆီသို့ အရူးအမူး ပြေးသွားလိုက်၏။
ဆိုဟန်ရီနှင့် ကျိနင်တို့ တုန်လှုပ်သွားကြသည်။ ဤအသုံးမကျသည့် သောက်ဖျင်းကောင်က ချောက်ကမ်းပါးပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရလောက်အောင် တကယ်ကြီး သတ္တိရှိနေသည်လော။
ဤတောင်သည် ပေ ၁၈၀၀ ကျော် မြင့်ပြီး နုကျန်းမြစ်အထိ အောက်ဘက်အနက်မှာ ပေ ၂၄၀၀ နီးပါး ရှိ၏။ ပြုတ်ကျသွားသည့် မည်သူမဆို သေချာပေါက် သေဆုံးပေလိမ့်မည်။
အမြင့်ဆုံး အရှိန်ဖြင့် ပြေးသွားပြီးနောက် ကမ်းပါးစွန်းမှ ခုန်ချလိုက်သည်။ လေထဲ၌ ဆိုလွန် သူ၏ ကျောပေါ်ရှိ အိတ်ကြီးကို အင်အားသုံး၍ ဆွဲဖွင့်လိုက်၏။
ဘုန်းးး။
ကျယ်လောင်သည့် အသံနှင့်အတူ ကြီးမားသော လေထီးကြီးတစ်ခုက ချက်ချင်း ပွင့်လာပြီး ပြင်းထန်သည့် လေစီးကြောင်းများဖြင့် ဖောင်းကားသွားသည်။ လေပြင်းများက လေထီးထဲသို့ တိုးဝင်လာပြီး မြောက်ဘက်ဆီသို့ သူ့ကို အလျင်အမြန် သယ်ဆောင်သွား၏။
ထိုသည်ကို မြင်သည့်အခါ ရှိသူများမှာ လုံးဝ ဆွံ့အသွားကြသည်။ ရဲ့ကျင်းယွီမှာ တုန်လှုပ်သွားပြီး ဆိုနင်ပင်းမှာ အံ့အားသင့်သွား၏။ မိသားစုစစ်သည်များမှာ ကြည်ညိုအံ့ဩမှုကြောင့် တုန်ယင်နေကြသည်။
ဆိုလွန်က ကံကြမ္မာဟူသည့် သီချင်းကို တီးခတ်စဉ်က ပရိသတ်များ မည်သို့ ခံစားရသည်ကို နောက်ဆုံး၌ သူတို့ နားလည်သွားကြလေပြီ။
နောက်ဆုံး စာမေးပွဲ၌ ဆိုလွန်က မျက်စိမှိတ်လျက် ပစ်မှတ်တိုင်းကို ထိမှန်အောင် ပစ်ခတ်စဉ်က ပရိသတ်များ၏ တုန်လှုပ်မှုကိုလည်း သူတို့ သဘောပေါက်သွားကြ၏။ ဤအခိုက်အတန့်မှာ တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းလှသည်။
လူတစ်ယောက်က ပျံသန်းနေသည်။ တောင်ပံမပါဘဲ ပျံသန်းနေခြင်း ဖြစ်၏။
လူတစ်ရာခန့်က စစ်တပ်တစ်သောင်း၏ ဝိုင်းရံထားခြင်းကို ခံရသည်။ သူတို့၌ တောင်ပံများ ရှိနေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ နတ်ဘုရားတစ်ပါးပင် သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
အစပိုင်း၌ ဆိုလွန်က သူတို့ကို ကယ်တင်မည်ဟု ပြောစဉ်က မိသားစုစစ်သည်များ အားလုံးက တိတ်တဆိတ် လှောင်ပြောင်ခဲ့ကြ၏။ သို့သော် သူက တကယ်ကြီး လုပ်ပြနိုင်လေပြီ။
ကောင်းကင်ယံ အမြင့်ဆီမှ ဆိုလွန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါ့အမိန့်ကို နာခံကြ။ အားလုံးပဲ မြောက်ဘက် ကမ်းပါးစွန်းဆီကို ပြေးကြ။ ခုန်ချပြီး မကျခင် မင်းတို့ ကျောပေါ်က အိတ်တွေကို ခွန်အားသုံးပြီး ဆွဲဖွင့်လိုက်။"
တုန်လှုပ်မှုကို ကျော်လွှားပြီးနောက် ဆိုနင်ပင်းက ပထမဆုံး တုံ့ပြန်လိုက်၏။ သူမက အမြန်ဆုံး တွေးတောနိုင်သူ ဖြစ်သောကြောင့် မဟုတ်ဘဲ ဆိုလွန်၏ နောက်သို့လိုက်ရန် သူမ၏ အလိုအလျောက်သိစိတ်က တွန်းအားပေးနေသည့်အတွက် ဖြစ်သည်။
သူမက စတင် ပြေးသွားပြီး ကမ်းပါးမှ ခုန်ချကာ ကျောပိုးအိတ်ကို အင်အားသုံး၍ ဆွဲဖွင့်လိုက်၏။
ရွှမ်း... ကြီးမားသည့် လေထီးကြီးတစ်ခုက ပွင့်လာပြန်သည်။ ပြင်းထန်သည့် လေထဲ၌ လွင့်မျောကာ ဆိုနင်ပင်း၏ သွယ်လျသော ခန္ဓာကိုယ်လေးကို နုကျန်းမြစ်၏ မြောက်ဘက်ကမ်းဆီသို့ ဘေးကင်းစွာ သယ်ဆောင်သွား၏။
ကျန်ရှိနေသည့် မိသားစုစစ်သည်များကလည်း ချက်ချင်း စတင် ပြေးသွားကြပြီး ကမ်းပါးမှ ခုန်ချလိုက်ကြကာ ကျောပေါ်ရှိ ကြိုးများကို ဆွဲလိုက်ကြ၏။
ချက်ချင်းပင် လေထီးများက တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။ ဖန်တီးထားသည့် တောင်ပံများကဲ့သို့ လေထီးများက လေပြင်းကို ဖမ်းယူကာ ဆိုမိသားစု စစ်သည် တစ်ရာကျော်ကို ကောင်းကင်ယံမှဖြတ်၍ မြောက်ဘက်ကမ်းဆီသို့ သယ်ဆောင်သွားကြ၏။
လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ပေအနည်းငယ်ခန့် ရှိသည့်အတွက် စက္ကန့်အနည်းငယ်အတွင်းမှာပင် ပေဆယ်ဂဏန်းခန့်အထိ မျောလွင့်သွားစေသည်။
ဆိုဟန်ရီနှင့် သူ၏ အမည်းရောင်သံချပ်ကာ စစ်သည်များက ကျောက်တုံးကြီးများကို ဖြတ်ကျော်ကာ ကမ်းပါးစွန်းသို့ ရောက်ရှိလာချိန်၌ ဆိုလွန်မှာ နုကျန်းမြစ်ပေါ်၌ ပေရာဂဏန်းခန့် အဝေးသို့ ရောက်ရှိကာ မြင့်မားစွာ ပျံသန်းနေလေပြီ။ အခြားသော မိသားစုစစ်သည်များကလည်း ကောင်းကင်ယံမှဖြတ်၍ သူ့ အနောက်သို့ ကပ်ပါသွားကြ၏။
အမည်းရောင်သံချပ်ကာ စစ်သည်များမှာ လုံးဝ မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။
မှန်သည်။ တော်ဝင်မြို့တော်၌ အမ်ဘာသားရဲစစ်သည်များ ရှိသော်လည်း နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး၌ လူအနည်းငယ်ခန့်သာ ရှိ၏။
ထို့အပြင် အမ်ဘာသားရဲစစ်သည်များက ဘုရင်မင်းမြတ်၏ အမိန့်ကိုသာ နာခံကြသည်။ သာမန်ပြည်သူများက အမ်ဘာသားရဲများကို ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်မည် မဟုတ်သလို စီးနင်းနိုင်မည်လည်း မဟုတ်ပေ။
သို့သော် ယခုအခါ ဆိုလွန်က ပျံသန်းနိုင်သည့် ကိရိယာတစ်ရာကျော်ကို အံ့ဖွယ်တမန် ဖန်တီးနိုင်၏။
သူက ဦးဆောင်ကာ စစ်သည် တစ်သောင်း ဝိုင်းရံထားသည့် ထောင်ချောက်ထဲမှ လွတ်မြောက်ရန် ကောင်းကင်ယံဆီသို့ တိုက်ရိုက် ပျံတက်သွားခြင်း ဖြစ်သည်။
ကျိနင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏ လှပသည့် မျက်လုံးများက တုန်လှုပ်မှုကြောင့် ပြူးကျယ်သွား၏။
ဆိုလွန်က နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးပြလိုက်ပြန်သည်။ သူ ကံကြမ္မာကို တီးခတ်ခဲ့သည့် ညနှင့် မျက်စိမှိတ်လျက် ပစ်မှတ်တိုင်းကို ထိမှန်အောင် ပစ်ခတ်ခဲ့သည့် နေ့ရက်တို့ကဲ့သို့ပင် အံ့ဖွယ်တစ်ခုကို ဖန်တီးလိုက်ပြ ပြန်သည်။
ယနေ့၌ လုံးဝ လမ်းပိတ်နေသည့် အခြေအနေနှင့် ရင်ဆိုင်ရချိန်၌ သူ အောင်မြင်စွာ လွတ်မြောက်သွားသည်။ မည်သူကမှ စိတ်ကူးမယဉ်နိုင်သည့် နည်းလမ်းတစ်ခုကို အသုံးပြုကာ လူတိုင်း၏ မျက်စိရှေ့၌ နုကျန်းမြစ်ကို ဖြတ်၍ ပျံသန်းသွားခြင်း ဖြစ်၏။
"ဆိုဟန်ရီ... နောက်ခြောက်လ ကြာရင် မင်းကို ငါ အနိုင်ယူပြီး ထျန်းရွှေမြို့ကို ပြန်သိမ်းမယ်။"
"ကျိနင်... ငါ့စကားကို မှတ်ထား။ တစ်နေ့ကျရင် မင်းကို မသတ်ခင် ငါ အရင်ဆုံး Loe ပစ်မယ်။"
ဆိုလွန်၏ နောက်ဆုံး စကားသံများက ကောင်းကင်ယံမှ သဲ့သဲ့လေး ပဲ့တင်ထပ်လာ၏။
သူ၏ စကားများက ကျိနင်ကို ကြမ်းတမ်းစွာ နိုးထလာစေပြီး ညတိုင်း သူမ မက်ခဲ့သည့် အိပ်မက်ဆိုးများကို ပြန်လည် အမှတ်ရသွားစေသည်။ ထိုအိပ်မက်များထဲ၌ ဆိုလွန်က သူမကို ရက်စက်စွာ ဖျက်ဆီးခဲ့၏။
သူမကို ဖျက်ဆီးမည်ဟု သူ သတိပေးခဲ့ဖူးသော်လည်း အိပ်မက်ထဲရှိ နှိပ်စက်မှုများက ဆယ်ဆ ၊ အဆတစ်ရာမက ပို၍ ဆိုးရွားလှသည်။
ထို့နောက် ကျိနင် ရုတ်တရက် သဘောပေါက်သွား၏။ ဆိုလွန်က ပျံသန်းနိုင်သည့် ကိရိယာများကို ယခုမှ ပြုလုပ်ခြင်း မဖြစ်နိုင်ချေ။
တော်ဝင်မြို့တော်၌ ရှိနေစဉ်ကတည်းက ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ သူက တော်ဝင်မြို့တော်၌ ရှိနေစဉ်ကတည်းက ဆိုဟန်ရီ၏ ပုန်ကန်မှုကို ကြိုတင် ခန့်မှန်းထားပြီး ထောင်ချောက်ကို မျှော်လင့်ကာ လွတ်မြောက်မည့် လမ်းကြောင်းကို အတိအကျ စီစဉ်ထားခြင်း ဖြစ်၏။
ဆိုလွန်ကို မိပြီဟု တွေးကာ သူမ အလွန် ကျေနပ်နေခဲ့သည်။ သို့သော် သူမက ထိုအကောင်၏ ကြီးကျယ်ခမ်းနားလှသည့် အစီအစဉ်ကြီးထဲမှ အစိတ်အပိုင်းတစ်ခုအဖြစ် ကပြနေရခြင်းသာ ဖြစ်မည်ဟု မည်သူက ထင်ထားမည်နည်း။
တွက်ချက်မှုများက အပြစ်အနာအဆာ ကင်းမဲ့လွန်းလှပြီး ဉာဏ်ပညာမှာလည်း ကြောက်မက်ဖွယ် ကောင်းလွန်း၏။
သူမ၏ ထက်မြက်လှသည့် အကြံအစည်များနှင့် ပြီးပြည့်စုံသော အစီအစဉ်များကို ဂုဏ်ယူခဲ့သည်။ ထိုသို့တိုင်အောင် ဆိုလွန်က သူမ၏ ကိုယ်ပိုင်ကစားပွဲ၌ပင် သူမကို လွယ်လွယ်ကူကူ အနိုင်ယူသွား၏။
နောက်ထပ်တစ်ကြိမ် ဆိုလွန်၏ လက်ထဲ၌ သူမ လုံးဝ အပြတ်အသတ် ရှုံးနိမ့်သွားရပြန်လေပြီ။
ဤသည်က ကံကြမ္မာလော...။
ရုတ်တရက် ကျိနင်၏ အမြင်အာရုံများက မှောင်မိုက်သွားပြီး ပြင်းထန်သည့် မူးဝေမှုလှိုင်းလုံးကြီးတစ်ခုက ရိုက်ခတ်လာသည်။ သူမ အိပ်မပျော်သည်မှာ ရက်အတော်ကြာ ညအတော်ကြာ ရှိနေလေပြီ။
သူမ သူပုန်စစ်တပ်၏ တိုက်ခိုက်မှုကို လမ်းညွှန်ခဲ့ပြီး ဆိုဟန်ရီကို ပုန်ကန်ရန် ဖိအားပေးကာ နောက်ဆုံး၌ ဆိုလွန်ကို သတ်ရန် ခြုံခိုတိုက်ခိုက်မှုကို စီစဉ်ခဲ့၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ အားလုံး ကုန်ခမ်းသွားသည်။ စိတ်ဖိစီးမှုကြောင့် သွေးအန်ခဲ့ရသည့် နောက်ဆုံးအကြိမ်မှစ၍ လဝက်ပင် မပြည့်သေးချေ။
ယခုအခါ သူမ၏ ကြိုးစားအားထုတ်မှုများ အားလုံး အလဟဿ ဖြစ်သွားရုံသာမက ဆိုလွန်က သူမကို နောက်ထပ်တစ်ကြိမ် အရှက်ခွဲသွားပြန်လေပြီ။
ဖူးးး။
ကျိနင် သွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ချလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ လုံးဝ သတိလစ်သွား၏။
တစ်ချိန်တည်းမှာပင် ဆိုဟန်ရီတစ်ယောက် ကမ်းပါးစွန်း၌ အေးခဲသွားသကဲ့သို့ မတ်တတ်ရပ်နေသည်။ အဝေးမှ ပျောက်ကွယ်သွားသည့် ဆိုလွန်၏ ပုံရိပ်ကို သူ ငေးမောကြည့်နေမိ၏။
ရုတ်တရက် သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ပစ်ချလိုက်... သူတို့ကို ပစ်ချလိုက်..."
သို့သော် ဆိုလွန်မှာ အလွန် ဝေးကွာသွားလေပြီ။ ထို့အပြင် သူ၏ လူများမှာ ဓားသမားများသာ ဖြစ်ပြီး လေးသည်တော်များ မဟုတ်ကြချေ။ သူတို့ လေးနှင့် မြားများ ယူဆောင်လာခြင်း မရှိချေ။
သွေးမအန်သော်လည်း ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေသည့် ဒေါသတကြီး ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။
ဓားကို အရူးအမူး ဝှေ့ယမ်းကာ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။
"အားးးး ၊ ဆိုလွန်... မင်းကို ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်... မင်းကို ငါ အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်ကွ... အားးးး။"
အပိုင်း ၁၄၉ + ၁၅၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team