← Chapters

အခန်း (၁၄၁+၁၄၂)

Vol. 15 Ch. 141+142

အခန်း (၁၄၁+၁၄၂)

Vol. 15 Ch. 141+142

အပိုင်း ၁၄၁ + ၁၄၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကွေ့ရှင်းဖူတစ်ယောက် ဆိုမိသားစု အပေါ် မည်သို့သော ကြီးမားသည့် ကျေးဇူးကြွေး ရှိခဲ့သည်နည်း။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က လင်ဟိုင်မြို့၏ ယခင်မြို့စားကြီး ရုတ်တရက် လုပ်ကြံခံရကာ သေဆုံးသွားသည်။ ထိုအချိန်၌ တရားဝင်ဆက်ခံသူ ကွေ့ရှင်းဖူမှာ ဝေးလံသည့် နေရာသို့ ခရီးထွက်နေခဲ့၏။

သူ အိမ်ပြန်ရောက်လာချိန်၌ သူ၏အစ်ကိုကြီးက မြို့စားသစ်အဖြစ် ကြေညာထားပြီးဖြစ်ကာ ကွေ့ရှင်းဖူ၏ သစ္စာခံများအားလုံးကို အမြစ်ပြတ် ရှင်းလင်းပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့အပြင် တော်ဝင်မိသားစုထံမှ တရားဝင်ခွင့်ပြုချက်ရရန် အစ်ကိုဖြစ်သူက တော်ဝင်မြို့တော်သို့ လူလွှတ်ထား၏။ တော်ဝင်မိသားစုကသာ ခွင့်ပြုလိုက်ပါက မြို့စားနေရာရခြင်းမှာ အတည်ဖြစ်သွားပေလိမ့်မည်။

အနာဂတ်အန္တရာယ်များကို ရှင်းလင်းရန် အစ်ကိုဖြစ်သူက ကွေ့ရှင်းဖူကို သတ်ရန် လုပ်ကြံသူများ စေလွှတ်သည်။ သို့သော် ယုံကြည်ရသည့် ကျွမ်းကျင်သူများက အသက်စွန့် ကာကွယ်ပေးခြင်းကြောင့် ကွေ့ရှင်းဖူ လင်ဟိုင်မြို့မှ သီသီလေး လွတ်မြောက်လာခဲ့၏။

အသက်ရှင်လွတ်မြောက်သော်လည်း ကွေ့ရှင်းဖူတစ်ယောက် အရာအားလုံးကို ဆုံးရှုံးရပြီး သွားစရာနေရာ မရှိတော့ပေ။ ထိုအခါ တော်ဝင်အကယ်ဒမီမှ သူ၏အချစ်ဆုံးသူငယ်ချင်း ဆိုလုံကို သတိရသွားသည်။

ထို့အတွက်ကြောင့် ဆိုလွန်၏ဖခင်ဖြစ်သူ မြို့စားကြီး ဆိုလုံထံ အကူအညီတောင်းရန် ထျန်းရွှေမြို့သို့ ထွက်ပြေးလာခဲ့၏။

ထိုအချိန်က ဆိုလုံ တစ်ယောက် မြို့စားကြီးဖြစ်လာသည်မှာ နှစ်နှစ်ခန့်သာ ရှိသေးသည်။ သူအနေဖြင့် ကွေ့ရှင်းဖူ၏ အကူအညီတောင်းခံမှုကို လွယ်လွယ်ကူကူပင် လျစ်လျူရှုထားနိုင်၏။

အဘယ်ကြောင့်ဆိုသော် နက်ရှိုင်းသည့် ခင်မင်မှုဆိုသည်မှာ ကိုယ်ကျိုးစီးပွား၏ ရှေ့မှောက်၌ အရေးမပါသောကြောင့်ပင်။

သို့သော် ဆိုလုံက တရားမျှတမှုဘက်မှ ရပ်တည်ကာ အခြားသော မြို့စားကြီးများကို ဆက်သွယ်ခဲ့သည်။ တရားမဝင် အာဏာသိမ်းသည့် အစ်ကိုဖြစ်သူအား တရားဝင်အသိအမှတ် မပြုရန် ဘုရင်မင်းမြတ်ထံသို့ တောင်းဆိုလွှာကို အတူတကွ ပူးတွဲတင်ပြခဲ့ကြ၏။

ထို့အပြင် ဆိုလုံက ကွေ့ရှင်းဖူအား နယ်မြေတစ်ခု ၊ စစ်သည် ထောင်ပေါင်းများစွာနှင့် ရွှေဒင်္ဂါး နှစ်သောင်းတို့ကိုပါ ငှားရမ်းပေးလိုက်သေးသည်။

ဆိုလုံ ထောက်ပံ့ပေးသည့် နယ်မြေ ၊ စစ်သည်များနှင့် ငွေကြေးတို့ကို အားကိုးကာ ကွေ့ရှင်းဖူ ပြန်လည် ထကြွလာခဲ့၏။ လင်ဟိုင်မြို့သို့ ပြန်လာကာ မြို့စားကြီးရာထူးကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကွေ့ရှင်းဖူနှင့် ဆိုလုံတို့ နှစ်ယောက်သား သွေးသောက်ညီနောင်များ ဖြစ်လာကြ၏။ သွေးသားရင်းချာများထက်ပင် ပို၍ နီးကပ်ကြသည်။ ထို့အပြင် ကလေးနှစ်ယောက် မွေးစအရွယ်ကတည်းကပင် လက်ထပ်ပေးရန် စီစဉ်ခဲ့ကြ၏။

ဤသည်မှ တစ်ဆင့် ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့၏ စေ့စပ်မှု ဖြစ်တည်လာခဲ့သည်။

ကွေ့ရှင်းဖူတင်နေသည့် ကျေးဇူးကြွေးမှာ အလွန်တရာ နက်ရှိုင်းလှ၏။

အတိတ်က ကွေ့ရှင်းဖူ ဆိုလုံထံ အကူအညီတောင်းစဉ်က ဆိုမိသားစုသည် နှစ်ခါ မစဉ်းစားဘဲ သဘောတူကာ စစ်သည်များ ၊ ငွေများနှင့် နယ်မြေကို ငှားရမ်းပေးခဲ့၏။

ယခုအခါ ဆိုလွန်၏ အကျပ်အတည်းမှာ ထိုစဉ်က ကွေ့ရှင်းဖူ၏ အခြေအနေနှင့် အတိအကျနီးပါး တူညီနေသည်။

ထို့ကြောင့် ယခုလက်ရှိအချိန်၌ ကွေ့ရှင်းဖူသည် ဤကျေးဇူးကို ပြန်ဆပ်သင့်၏။

ဆိုလွန်က သူ့ထံမှ စစ်သည်များ ၊ ငွေကြေးနှင့် နယ်မြေ ငှားရမ်းခြင်းမှာ လုံးဝ တရားမျှတမှု ရှိသည်။ အကယ်၍ ကွေ့ရှင်းဖူကသာ ငြင်းဆန်ပါက တစ်တိုင်းပြည်လုံး၏ ပြစ်တင်ရှုတ်ချခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

သို့သော် ဆိုလွန်က လူတို့၏ အဆိုးရွားဆုံး အခြေအနေများကို အမြဲတမ်း တွေးထားတတ်၏။ သူ၏အစ်မ ပြောသလိုပင် လူအများစုမှာ အောင်မြင်နေချိန်၌ ပို၍ကောင်းအောင် ဝိုင်းကူတတ်ကြသော်လည်း ဒုက္ခရောက်နေချိန်၌ ကူညီပေးသူမှာ အလွန် ရှားပါးလှသည်။

ဖခင်ဖြစ်သူ ဆိုလုံကဲ့သို့ တရားမျှတပြီး သဘောထားကြီးသူများမှာ အလွန် ရှားပါး၏။

ထို့ကြောင့် လင်ဟိုင်မြို့ ခရီးစဉ်အတွက် ဆိုလွန်၏ အစီအစဉ်က အကူအညီတောင်းခံရန် မဟုတ်ဘဲ အတင်းအကျပ် ဖိအားပေးရန် ဖြစ်သည်။

ကွေ့ချင်းရှောင်းကို လက်ထပ်ရန်ဖြစ်စေ ၊ ငွေနှင့် စစ်သည်များ ငှားရမ်းရန်ဖြစ်စေ သူတို့ သဘောတူရမည်ပင်။ သူတို့ ကူညီရန် ဆန္ဒမရှိလျှင်... လုပ်ပေးလာစေရန် သူ အတင်းအကျပ် ဖိအားပေးရမည်သာ...။

**--**--**--**--**--**--**--**

တော်ဝင်မြို့တော်မှ ထွက်ခွာပြီးနောက် ဆိုလွန်တို့ အဖွဲ့သည် နေ့ရောညပါ မနားတမ်း ခရီးနှင်ခဲ့၏။ မိုင်နှစ်ရာတိုင်း၌ မြင်းပြောင်းစီးကာ လင်ဟိုင်မြို့သို့ အမြန်ဆုံး ဦးတည်သွားလိုက်ကြသည်။

တော်ဝင်မြို့တော်မှ ထွက်ခွာလာစဉ်ကတည်းက သူတို့ကို စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော မျက်လုံးများကို ဆိုလွန် သတိထားမိ၏။

ထိုလုပ်ကြံသတ်ဖြတ်သူများက ဆိုလွန်၏အဖွဲ့ကို တိုက်ခိုက်ချင်ကြသည်။ သို့သော် ကျိလီထံမှ အမိန့်မရသေးသောကြောင့် မလှုပ်ရှားကြပေ။

ကျိလီက ဆိုလွန်နှင့်ထားရှိသည့် သဘောတူညီချက်ကို အမှန်တကယ် လိုက်နာနေခြင်းလော။ မဟုတ်ချေ... ကျိလီမှာ တင်းကျပ်သည့် စည်းမျဉ်းများကို လိုက်နာတတ်သူ မဟုတ်ပေ။

လမ်းတစ်လျှောက် ဆိုလွန်ကို မသတ်သည့် အကြောင်းရင်းမှာ သူ သတိပေးချက် ခပ်ရေးရေးတစ်ခုကို ရရှိထားသောကြောင့် ဖြစ်၏။

ထိုသတိပေးချက်မှာ နှုတ်ဖြင့်ပြောဆိုခြင်း မရှိသော်လည်း ကျိလီ၏ ထက်မြက်သည့် အာရုံဖြင့် သေချာပေါက် ခံစားသိရှိနေနိုင်သည်။

ထို့အတွက်ကြောင့် လမ်းတစ်လျှောက် သေစေနိုင်သော ထောင်ချောက်များကို အထပ်ထပ် ချထားသော်လည်း တိုက်ခိုက်ရန် နောက်ဆုံးအမိန့်ကို သူ မပေးသေးပေ။

သို့သော် ဆိုလွန်ကို သတ်မည့်သူ ရှိသေး၏။ ဆိုဟန်ရီပင်။ ကျိလီက ဆိုလွန်ကို မသတ်နိုင်သော်လည်း ဆိုဟန်ရီကမူ သတ်နိုင်၏။

ထို့အတွက်ကြောင့် ဆိုလွန်သည် မြင်းစီးသူရဲ တစ်ရာကို ဦးဆောင်ကာ နေ့ရောညပါ ခရီးဆက်သည်။ သုံးရက်နှင့် နှစ်ည အကြာ၌ မိုင်ပေါင်း နှစ်ထောင်ကျော်ကို ခရီးပေါက်လေပြီ။

သို့သော် ထိုမိုင်နှစ်ထောင်တစ်လျှောက်လုံး ဆိုလွန်၏ အဖွဲ့ကို မျက်လုံးများစွာက စိုက်ကြည့်နေကြပြီး တည်နေရာအတိအကျကို သတင်းပို့ရန် သတင်းပို့ငှက်များကို အဆက်မပြတ် စေလွှတ်နေကြ၏။

ဆိုလွန်၏ အဖွဲ့၌ လမ်းမကြီးပေါ်တွင် မြင်းစီးလာသူ လူတစ်ရာကျော် ပါဝင်နေသည့်အတွက် တော်ဝင်မြို့တော်မှ ထွက်ခွာလာကတည်းက အနီးကပ် စောင့်ကြည့်ခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ လှုပ်ရှားမှုများကို လျှို့ဝှက်ထားရန်မှာ မဖြစ်နိုင်ပေ။

တော်ဝင်မြို့တော်မှ ထွက်ခွာလာပြီးနောက် စတုတ္ထမြောက်နေ့ ညနေစောင်း၌ ဆိုလွန်က အဖွဲ့ကို ဦးဆောင်ကာ ပိုင်ယွင်ကောင်တီ အတွင်းသို့ ဝင်ရောက်လာ၏။

ဤနေရာမှာ လင်ဟိုင်မြို့နှင့် မိုင်နှစ်ရာသာ ကွာဝေးတော့သည်။

မြောက်ဘက်သို့ မိုင်နှစ်ရာ ဆက်သွားပါက နုကျန်းမြစ်ကို ရောက်မည်ဖြစ်၏။ နုကျန်းမြစ်ကို ဖြတ်ကူးလိုက်သည်နှင့် ယောက္ခမလောင်း၏ နယ်မြေဖြစ်သည့် လင်ဟိုင်မြို့သို့ ရောက်ရှိသွားပေလိမ့်မည်။

သို့သော် ရန်သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်အားလုံးက ထိုနောက်ဆုံး မိုင်နှစ်ရာအတွင်း၌ ပုန်းကွယ်နေသည်။

ဆိုလွန်က အဖွဲ့ကို ဦးဆောင်ကာ ပိုင်ယွင်ကောင်တီ စခန်းသို့ ဝင်ရောက်ပြီး မြင်းများလဲလှယ်ကာ နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်လိုက်၏။

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "မောင်လေး... လမ်းတစ်လျှောက်လုံး အစ်မတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးပဲ။"

ဆိုလွန်က ခေါင်းညိတ်လိုက်သည်။

ဆိုနင်ပင်းက မျက်မှောင်ကျုံ့လိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် နင် အဖွဲ့ကနေခွဲထွက်ပြီး လင်ဟိုင်မြို့ထဲ ရုပ်ဖျက် ခိုးဝင်သွားသင့်တယ်။"

ဆိုလွန်အတွက် ထိုသို့လုပ်ခြင်းက များစွာ ပို၍ လုံခြုံမည်ဖြစ်ကြောင်း မှန်ကန်၏။ သို့သော် သူ ထိုသို့ မလုပ်နိုင်ပေ။ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီကို မစွန့်ပစ်သွားနိုင်သလို မိသားစုစစ်သည်များကိုလည်း စွန့်ပစ်မသွားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ပြန်လည်ထကြွရန်အတွက် သူ၏ တစ်ခုတည်းသော အခြေခံအုတ်မြစ် ဖြစ်သောကြောင့်ပင်။

**--**--**--**--**--**--**--**

ဆိုလွန် မြေပုံကို ဖြန့်ချလိုက်ပြီး နောက်ဆုံး မိုင်နှစ်ရာ အကွာအဝေးကို စိုက်ကြည့်လိုက်သည်။

ပိုင်ယွင်ကောင်တီမှ လင်ဟိုင်မြို့အထိ ပင်မလမ်းမကြီး တစ်ခုတည်းသာ ရှိ၏။ မြင်းတပ်ဖွဲ့ဖြစ်သည့်အတွက် ဤလမ်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။

ဆိုလွန်က ကလောင်တံကို ထုတ်ကာ မြေပုံပေါ်ရှိ လမ်းကြောင်းကို ရေးဆွဲလိုက်သည်။ လမ်းသည် မြောက်ဘက်သို့ သွားပြီး နုကျန်းမြစ်၌ အဆုံးသတ်၏။ နုကျန်းမြစ် တစ်ဖက်ကမ်းမှာ လင်ဟိုင်မြို့ ဖြစ်သည်။

လင်ဟိုင်မြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့ လုံခြုံသွားပေလိမ့်မည်။

သို့သော် ကျိနင်က ဤနောက်ဆုံး မိုင်နှစ်ရာအတွင်း ချုံခိုတိုက်ခိုက်ရန် သေချာပေါက် ကြိုးစားပေလိမ့်မည်။ မျှော်လင့်ထားသည့်အတိုင်းပင် အနည်းဆုံး လူတစ်သောင်းခန့်ရှိသော စစ်တပ်ကြီးက လွတ်မြောက်၍ မရနိုင်သည့် ပိုက်ကွန်ကို အရှေ့၌ ချထားပြီး ဖြစ်၏။

အောင်မြင်စွာ ဖောက်ထွက်ပြီး လင်ဟိုင်မြို့သို့ ဝင်ရောက်နိုင်ရန် စစ်ရေးအင်အား သက်သက်ကို အားကိုး၍ မရနိုင်ပေ။ ဉာဏ်ပညာကို အားကိုးရမည် ဖြစ်၏။ ယခုအခါ ဆိုလွန်နှင့် ကျိနင်တို့ကြား ဉာဏ်ရည်ယှဉ်ပြိုင်ရမည့် တိုက်ပွဲအချိန် ရောက်လာလေပြီ။

ဆိုလွန်က မြေပုံကို ကြည့်ကာ တွေးတောလိုက်၏။

မိုင်နှစ်ရာ ပင်မလမ်းမကြီး တစ်လျှောက်၌ ကျိနင်က သူ့ကို ချုံခိုတိုက်ခိုက်ရန် မည်သည့်နေရာကို ရွေးချယ်မည်နည်း။

ပထမအချက်အနေဖြင့် သူမ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မည် မဟုတ်ဘဲ သူပုန်စစ်တပ် အယောင်ဆောင်ကာ ချုံခိုတိုက်ခိုက်ပေလိမ့်မည်။ ထို့အပြင် အရေးအကြီးဆုံးမှာ ဆိုဟန်ရီကို အသုံးပြုကာ သေချာပေါက် သတ်ခိုင်းမည် ဖြစ်၏။

ဆိုလွန်အားသတ်ပြီးသည်နှင့် ဆိုဟန်ရီတစ်ယောက် ပြန်လှည့်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်သွားပြီး ကျိလီ၏ သစ္စာခံ ခွေးတစ်ကောင်သာ ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုအချက်က ဆိုလွန် အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နေပြန်သည်။

ထိုအချက်ကို အသုံးပြု၍ ချုံခိုတိုက်ခိုက်မည့် နေရာအတိအကျကို ခန့်မှန်းနိုင်လိုက်၏။ နောက်ဆုံး၌ ဆိုလွန်က ကလောင်တံထိပ်ဖျားကို တောင်တစ်တောင်ပေါ်တွင် ရပ်တန့်လိုက်၏။

ထိုတောင်ကို ချီကျန်းတောင်ထွတ်ဟု ခေါ်သည်။ ထိုတောင်သည် ပင်မလမ်းမကြီး၏ မြောက်ဘက်အစွန်၌ တည်ရှိ၏

ဆိုလွန်က ထိုတောင်ကို ဝိုင်း၍ စက်ဝိုင်းတစ်ခုကို ဖိဆွဲလိုက်သည်။ မှန်၏။ နောက်ဆုံး ချုံခိုတိုက်ခိုက်မည့် နေရာက ဤနေရာ ဖြစ်သင့်သည်။ ဤနေရာ၌ သေချာပေါက် ရှိရမည်။

ဆိုနင်ပင်း ပြောသည်မှာ မှန်၏။ သူသာ ရုပ်ဖျက်ပြီး ပင်မအဖွဲ့မှ ထွက်ခွာသွားပါက လင်ဟိုင်မြို့ထဲသို့ လုံခြုံစွာ ခိုးဝင်သွားနိုင်သည်။

သို့သော် ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ ကျိနင်နှင့် အမြင့်ဆုံး ရင်ဆိုင်ရမည့် ဤပွဲ၌ လုံခြုံစွာ လွတ်မြောက်ရန် လိုအပ်ရုံသာမက ဆိုဟန်ရီ၏ စရိုက်အမှန်ကိုလည်း ဖော်ထုတ်ရန် လိုအပ်၏။

ဤနောက်ဆုံးအချက်က အထူးအရေးကြီးသည်။

အဘယ်ကြောင့်ဆိုသော် မိသားစုစစ်သည်များ၏ ရင်ထဲရှိ ဆိုဟန်ရီ၏ အဆင့်အတန်းမှာ အလွန် မြင့်မားနေပြီး သူ ဆိုလွန်ထက်ပင် သာလွန်နေသောကြောင့် ဖြစ်၏။

သူ့ကိုယ်ကို ငါးစာအဖြစ် အသုံးပြုကာ အသက်စွန့်ခြင်းဖြင့် ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်နိုင်ပေလိမ့်မည်။

ဆိုနင်ပင်း ၊ ရဲ့ကျင်းယွီနှင့် အခြား မိသားစုစစ်သည်များအားလုံးတို့က ထျန်းရွှေမြို့နယ်မြေအတွင်းသို့ ဝင်ရောက်ကာ ဆိုဟန်ရီနှင့် ပြန်လည်ဆုံတွေ့ချင်သည့် ပြင်းပြသော ဆန္ဒများ ရှိနေကြောင်း ဆိုလွန် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

အိမ်ပြန်ပြီး တစ်ချက်လောက် ကြည့်ချင်နေသည့် စိုးရိမ်တကြီး အလျင်လိုမှုများကို သူ သေချာပေါက် ခံစားသိရှိနိုင်၏။ ဆိုဟန်ရီအပေါ် ထားရှိသည့် နက်ရှိုင်းသော ယုံကြည်မှုနှင့် မှီခိုအားထားမှုများကိုလည်း သူ ခံစားနိုင်သည်။

ထိုအခိုက်၌မှာပင် အပြင်ဘက်မှ မိသားစုစစ်သည်ခေါင်းဆောင် ဆိုမုက လှမ်းအသိပေးလာ၏။ "သခင်လေး... သတင်းပို့စရာ ရှိပါတယ်။"

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝင်လာခဲ့။"

ဆိုမုက ဝင်လာကာ ဒူးတစ်ဖက် ထောက်လိုက်၏။ "သခင်လေး... စေ့စပ်ထားသူ မိသားစုဆီက အကူအညီတောင်းဖို့ ကျွန်တော်တို့ကို လင်ဟိုင်မြို့ထဲ ခေါ်သွားမလို့လား။"

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "အင်း..."

အပိုင်း ၁၄၁ + ၁၄၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters