← Chapters

အခန်း (၁၄၃+၁၄၄)

Vol. 15 Ch. 143+144

အခန်း (၁၄၃+၁၄၄)

Vol. 15 Ch. 143+144

အပိုင်း ၁၄၃ + ၁၄၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုမုက မေးခွန်းထုတ်လိုက်သည်။ “သခင်လေး... သခင်ကြီး ဆိုဟန်ရီနဲ့ သွားဆုံဖို့ ထျန်းရွှေမြို့နယ်မြေထဲ ဘာလို့ မဝင်ရတာလဲ ကျွန်တော် နားမလည်တော့ဘူး။ မြို့စားကြီး ကွေ့ရှင်းဖူက သခင်လေးရဲ့ ယောက္ခမ ဖြစ်ပေမဲ့ တကယ်တမ်းတွေးရရင် အပြင်လူ တစ်ယောက် ဖြစ်နေတုန်းပဲ။ သခင်ကြီး ဆိုဟန်ရီကမှ သခင်လေးရဲ့ အစ်ကိုကြီး ဖြစ်ပြီး မှီခိုအားထားရမယ့်သူပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ကလည်း သူ့ကို ကြည့်လာကြသည်။ သူတို့က ဆိုလွန်၏ အမိန့်ကို ခြွင်းချက်မရှိ နာခံကြသော်လည်း ဆိုလွန်တစ်ယောက် ဆိုဟန်ရီနှင့် သွားမဆုံသည့် အကြောင်းရင်းကို ရင်ထဲ၌ တွေးတောနေမိကြ၏။

ဆိုမုက လေးနက်စွာ ဆက်ပြောသည်။ “သခင်လေးနဲ့ သခင်ကြီး ဆိုဟန်ရီတို့ကြားက ဆက်ဆံရေး မကောင်းဘူးဆိုတာ ကျွန်တော် သိပါတယ်။ အရင်တုန်းက သခင်လေး ကြိုးစားအားထုတ်မှု မရှိလို့သာ သူ ဒေါသထွက်ရတာပါ။ အခု သခင်လေး ပြောင်းလဲသွားပြီဆိုတော့ သူ သေချာပေါက် ဝမ်းသာနေမှာပါ။”

“မိသားစုရဲ့ အခြေအနေကို ရင်ဆိုင်ရတဲ့အခါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို ဘေးဖယ်ထားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ညီအစ်ကိုတွေ စည်းလုံးရင် သံမဏိကိုတောင် ဖြတ်တောက်နိုင်တယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ။ ကိုယ့်အစ်ကိုအရင်းကို မရှာဘဲ ဘာလို့ အပြင်လူကို သွားရှာရတာလဲ ကျွန်တော် နားမလည်တော့ဘူး။”

သို့သော် ဆိုလွန်က အေးစက်စွာ ပြောလိုက်သည်။ “မင်း နားလည်ဖို့ မလိုဘူး။ အမိန့်နာခံဖို့ပဲ လိုတယ်။”

ဆိုမု၏ မျက်နှာ ရှုံ့မဲ့သွားပြီး သူ၏ မျက်လုံးများက စိတ်ပျက်မှုများဖြင့် မှေးမှိန်သွား၏။ သူ၏သခင် ဆိုလွန်သည် ကျောင်းဆင်းစာမေးပွဲ၌ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အလွန်တရာ မောက်မာနေတော့သည်။ ကိုယ်ရေးကိုယ်တာ ခံစားချက်များဖြင့် လုပ်ရပ်များကို ဆုံးဖြတ်ခြင်းမှာ မိုက်မဲလွန်းလှ၏။

ဆိုလွန်က သူ့အား စိုက်ကြည့်လိုက်သည်။ “မင်း လက်မခံနိုင်ဘူးဆိုရင် အချိန်မရွှေး ထွက်သွားလို့ရတယ်။”

ဆိုမု၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူ ဒူးထောက်ကာ ခေါင်းငုံ့လိုက်သည်။ “ကျွန်တော်တို့ မိသားစုက ဆိုမိသားစုကို မျိုးဆက်အဆက်ဆက် အလုပ်အကျွေး ပြုခဲ့တာပါ။ ဆို မျိုးရိုးနာမည်ကိုတောင် ခံယူထားတာလေ။ ကျွန်တော် ဘယ်ကို သွားရဦးမှာလဲ။ အဆိုးဆုံးကတော့ ဒီမှာပဲ အသက်စွန့်လိုက်ရုံပေါ့။”

ထို့နောက် သူ လှည့်ထွက်သွား၏။ သူ၏ ရင်ထဲ၌ ဝမ်းနည်းမှု ၊ ဒေါသနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။

အပြင်ဘက်သို့ ရောက်သွားပြီးနောက် အခြား စစ်သည်ခေါင်းဆောင် အချို့က သူ့ထံ အလျင်စလို ချဉ်းကပ်လာကြသည်။ “ဘယ်လိုနေလဲ... သခင်လေးက သခင်ကြီး ဆိုဟန်ရီနဲ့ သွားဆုံဖို့ သဘောတူရဲ့လား။”

ဆိုမုက ခါးသီးစွာ ပြုံးလိုက်သည်။ “ဟက်...။ ငါတို့က... သေဖို့ စောင့်နေရုံပဲ ရှိတော့တယ်။ မိသားစု ရှင်သန်ရေးထက် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို ပိုပြီးအလေးထားနေတယ်။”

**--**--**--**--**--**--**--**

အခန်းတွင်း၌ ဆိုနင်ပင်းက တုံ့ဆိုင်းနေပြီးနောက် နူးညံ့စွာ မေးလိုက်သည်။ “မောင်လေး... အစ်မက မောင်လေးကို ခြွင်းချက်မရှိ ယုံပြီး နာခံပါတယ်။ ဒါပေမဲ့ မောင်လေး ဘာတွေ တွေးနေလဲ အစ်မကို ပြောပြလို့ ရမလား။”

ဆိုလွန်က မြေပုံပေါ်ရှိ ပုံဆွဲထားသည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်တော်တို့ လင်ဟိုင်မြို့နဲ့ မိုင်နှစ်ရာ ဝေးသေးတယ်။ ဒီနောက်ဆုံး မိုင်နှစ်ရာအတွင်းမှာ ကျွန်တော်တို့ကို ချုံခိုတိုက်ခိုက်ဖို့ အနည်းဆုံး လူတစ်သောင်းလောက်ရှိတဲ့ စစ်တပ်ကြီးကို ကျိနင် စီစဉ်ထားပြီးပြီ။”

ထိုစကားကို ကြားသောအခါ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့၏ မျက်နှာများ ဖြူရော်သွားကြ၏။

ဆိုလွန်ကမူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “ကျွန်တော် လုပ်မယ့် အစီအစဉ်က အစ်မတို့ကို သူ့ရဲ့ ထောင်ချောက်ထဲ တိုက်ရိုက် ခေါ်သွားဖို့ပဲ။ အဲဒီနောက် သူ အောင်ပွဲခံနေတဲ့ အချိန်ကျမှ လွတ်မြောက်အောင် လုပ်ပြီး လင်ဟိုင်မြို့ထဲ ဝင်သွားမယ်။ အစ်မ ကျင်းယွီ... ကျွန်တော် တောင်းထားတဲ့ ပစ္စည်းတွေကို သေချာ ပြင်ဆင်ထားပြီးပြီလား။”

ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့... ကျွန်မ သေချာပေါက် ပြင်ဆင်ထားပြီးပါပြီ သခင်လေး။”

ထိုပစ္စည်းများကို မည်သည့်နေရာ၌ အသုံးပြုရမည်ကို သူမ မသိသော်လည်း ထိုအရာများအတွက် ရွှေဒင်္ဂါး ရာနှင့်ချီ အသုံးပြုထားရ၏။

ထို့နောက် ရဲ့ကျင်းယွီသည်လည်း မေးခွန်းထုတ်လိုက်သည်။ .ဒါပေမဲ့... ကျွန်မတို့ သခင်ကြီး ဆိုဟန်ရီနဲ့ ဘာလို့ သွားမပေါင်းတာလဲ သခင်လေး။”

ဆိုနင်ပင်းသည်လည်း သူမ၏ လှပသည့် မျက်လုံးများကို ပြူးကျယ်ကာ ဆိုလွန်ကို စိုက်ကြည့်လာ၏။

ဆိုလွန်က ယာယီ တိတ်ဆိတ်သွားသည်။ ထို့နောက် လေးနက်စွာ ပြောလိုက်၏။ “ဆိုဟန်ရီက ကျွန်တော်တို့ကို သစ္စာဖောက်သွားပြီ။ သူက ရှေ့မှာ ကျွန်တော့်ကို သတ်ဖို့ စောင့်နေတယ်။ ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ ဒီသေစေနိုင်တဲ့ ထောင်ချောက်ကို ကျွန်တော်တို့ရဲ့ ရှင်သန်ရာ လမ်းကြောင်းအဖြစ် ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနေပြန်တယ်”

ဆိုနင်ပင်း တစ်ယောက် ဆွံ့အသွားရ၏။ မိသားစုအပေါ် ထားရှိသည့် ဆိုဟန်ရီ၏ သစ္စာစောင့်သိမှုက အရိုးထဲထိ စွဲမြဲနေခြင်း ဖြစ်သည်။ သူ သစ္စာဖောက်မည်ကို သူမ လုံးဝ မယုံနိုင်ပေ။

သို့သော် ဆိုလွန်မှာ သူမ အယုံရဆုံးနှင့် အချစ်ရဆုံးသူ ဖြစ်နေပြန်သည်။

ရဲ့ကျင်းယွီကလည်း မျက်လုံးပြူးသွားသည်။ “ဟင်... သေ... သေချာလို့လား သခင်လေး။ သခင်လေးနဲ့ သခင်ကြီး ဆိုဟန်ရီတို့ အဆင်မပြေဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့... ဆိုမိသားစုအပေါ် ထားတဲ့ သူ့ရဲ့ သစ္စာစောင့်သိမှုကို တစ်လောကလုံး သိထားကြတာပဲလေ။”

ဆိုလွန် ခေါင်းရမ်းလိုက်ပြီး ပြန်မဖြေပေ။ သူ၏ စိတ်က အမှောင်ကျနေပြီး လူတို့၏ အဆိုးရွားဆုံး အခြေအနေများကို အမြဲတမ်း တွေးထားတတ်၏။

ထို့အပြင် ပူးပေါင်းကြံစည်မှုများနှင့် ပတ်သက်၍ ထက်မြက်သည့် အာရုံခံစားမှု ရှိသည်။ ဤသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ ကျိလီနှင့် ကျိနင်တို့ကလည်း ထိုအာရုံခံစားမှုကို ပိုင်ဆိုင်ထားကြ၏။

တစ်ခုတည်းသော ကွာခြားချက်မှာ ကျိနင်၏ ဆုံးဖြတ်ချက်များက တစ်ခါတစ်ရံ၌ သူမ၏ ခံစားချက်များကြောင့် ဝေဝါးသွားတတ်ခြင်းပင်။

ဆိုလွန်က သက်ပြင်းချလိုက်သည်။ “ဟူး... ကျွန်တော် ရှင်းပြနေစရာ မလိုပါဘူး။ မနက်ဖြန်ကျရင် အမှန်တရားကို အစ်မတို့ မြင်တွေ့ရလိမ့်မယ်။ ရသလောက် အနားယူကြ။ ပြီးရင် လင်ဟိုင်မြို့ဆီကို မြောက်ဘက်အတိုင်း ဆက်သွားမယ်။”

**--**--**--**--**--**--**--**

လေးနာရီ ကြာပြီးနောက် ဆိုလွန်က မိသားစုစစ်သည်များကို ဦးဆောင်ကာ ပိုင်ယွင်ကောင်တီမှ ထွက်ခွာလာပြီး ပင်မလမ်းမကြီး တစ်ခုတည်းအတိုင်း မြောက်ဘက်သို့ ဦးတည်သွားလိုက်ကြသည်။

**--**--**--**--**--**--**--**

မိုင်တစ်ရာ အကွာအဝေးရှိ စစ်တပ်စခန်း တစ်ခု၌ ငှက်နက်တစ်ကောင်က ကျိနင်၏ လက်ပေါ်သို့ ဆင်းသက်လာသည်။ သူမက ငှက်၏ခြေထောက်၌ ချည်ထားသည့် လျှို့ဝှက်စာကို ယူကာ ကုဒ်ဖြင့် ဝှက်ထားသည့် သတင်းကို ဖတ်ရှုလိုက်ပြီးနောက် စာကြည့်ခန်းတွင်းသို့ ပေါ့ပေါ့ပါးပါး လျှောက်သွား၏။

“ဆိုလွန်က ကျွန်မတို့ရဲ့ ထောင်ချောက်ထဲ ဝင်လာပြီ။”

အနီးအနား၌ အမည်းရောင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို သူမ လှည့်ကြည့်လိုက်သည်။ “ကျွန်မတို့ရဲ့ ပစ်မှတ်က ပိုက်ကွန်ထဲ ဝင်လာပြီ။ သခင်ကြီး လှုပ်ရှားရမယ့် အချိန်ရောက်ပြီ။ သခင်ကြီး တုံ့ဆိုင်းမနေဘူး မဟုတ်လား။”

သံချပ်ကာဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ “ကျွန်တော့်မှာ ရွေးချယ်စရာ ရှိသေးလို့လား။”

ဤအမျိုးသားမှာ သိသာလှစွာပင် ဆိုဟန်ရီ ဖြစ်၏။

မင်းသမီး ကျိနင်က ကလောင်တံကို ကောက်ကိုင်လိုက်ပြီး နံရံပေါ်ရှိ မြေပုံကြီးကို ကြည့်ကာ သီးခြား တောင်ထွတ်တစ်ခုကို ဝိုင်း၍ စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။

“ဟက်... ဒီနေရာ... ချီကျန်းတောင်ထွတ်က ဆိုလွန် သေရမယ့် နေရာပဲ။ ပိုက်ကွန်ကို ပိတ်ဖို့ စစ်တပ်ကို အမိန့်ပေးလိုက်။ သခင်ကြီး ဆိုဟန်ရီ အမဲလိုက်ရ လွယ်ကူသွားအောင် ကျွန်မတို့ရဲ့ သားကောင်ကို ချီကျန်းတောင်ထွတ်ဆီ မောင်းနှင်သွားလိုက်။”

မိန်းမစိုး လီကျူးက ခေါင်းငုံ့လိုက်သည်။ “အမိန့်တော်အတိုင်းပါ မင်းသမီး။”

ထို့နောက် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွား၏။ ချက်ချင်းပင် စစ်ရေးအမိန့်များစွာကို စေလွှတ်လိုက်သည်။

**--**--**--**--**--**--**--**

လက်ရှိအချိန်၌ ကောင်းကင်ယံမှသာ ငုံ့ကြည့်နိုင်မည်ဆိုပါက အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

ပိုင်ယွင်ကောင်တီမှ လင်ဟိုင်မြို့သို့ သွားသည့် ပင်မလမ်းမကြီး တစ်ခုတည်းပေါ်၌ လူတစ်ရာပါဝင်သော အဖွဲ့တစ်ဖွဲ့သည် မြောက်ဘက်သို့ အလျင်အမြန် မြင်းနှင်သွားကြ၏။ လမ်းမကြီး တစ်ခုလုံးပေါ်၌ သူတို့သာ ရှိပြီး အခြားလူတစ်ယောက်၏ အရိပ်မျှပင် မတွေ့ရပေ။

သို့သော် သူတို့၏ အနောက်ဘက် မိုင်ဆယ်ဂဏန်းအကွာ၌ ကြီးမားသော စစ်တပ်ကြီးက လွတ်မြောက်၍ မရနိုင်သည့် ပိုက်ကွန်ကို ရက်လုပ်နေပြီး သူတို့ကို အလွှာလိုက် ဝိုင်းရံထားကြသည်။

လူတစ်သောင်းအပြည့်ရှိသည့် စစ်တပ်ကြီးက တင်းကျပ်စွာ ပိတ်ဆို့လာပြီး ဆိုလွန်၏ အဖွဲ့ကို ကြိုတင်စီစဉ်ထားသည့် ထောင်ချောက်ထဲသို့ မောင်းနှင်နေကြ၏။

ချီကျန်းတောင်ထွတ်... ဆိုလွန်အတွက် ကျိနင် ရွေးချယ်ပေးထားသည့် သင်္ချိုင်းဖြစ်၏။ သူမ၏ အမြင်၌ သူမချထားသော ပိုက်ကွန်ထဲမှ နတ်ဘုရားတစ်ပါးပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

**--**--**--**--**--**--**--**

ထိုစဉ် ဆိုလွန်၏ အဖွဲ့သည် အရှိန်မကျစေရန် လူတစ်ယောက်ကို မြင်းနှစ်ကောင်ဖြင့် တစ်လှည့်စီ စီးကာ ပြင်းပြင်းထန်ထန် ခရီးနှင်နေကြ၏။

ပတ်ဝန်းကျင်က ငြိမ်းချမ်းနေပြီး ရန်သူတစ်ယောက်ကိုမှ မမြင်ရပေ။ သို့သော် လေထုထဲ၌ အသက်ရှူရခက်ခဲစေသည့် မွန်းကြပ်ဖွယ် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ရှိနေ၏။

သူတို့ မမြင်နိုင်သည့် နောက်ကျောဘက်၌ လူတစ်သောင်းကျော် ပါဝင်သော စစ်တပ်ကြီးက တဖြည်းဖြည်း ပိတ်ဆို့လာပြီး သူတို့ကို လုံးဝ ဝိုင်းရံထားသည့် နက်ရှိုင်းသော ပိုက်ကွန်ကြီးတစ်ခု ဖန်တီးထားကြ၏။

သုံးနာရီ မပြည့်မီ အချိန်အတွင်း၌မှာပင် သူတို့ မိုင်နှစ်ရာကို ခရီးပေါက်သွားလေပြီ။ ယခုအချိန်၌ အဟုန်ပြင်းစွာ စီးဆင်းနေသည့် မြစ်ရေများ၏ ဟိန်းဟောက်သံများ ယကိုပင် သူတို့ ကြားနေရ၏။

အရှေ့ဘက်၌ နုကျန်းမြစ် ရှိ၏။ နုကျန်းမြစ်ပေါ်ရှိ ကြိုးတံတားကို ဖြတ်ကူးလိုက်သည်နှင့် လင်ဟိုင်မြို့ထဲသို့ ရောက်ရှိသွားမည်ဖြစ်ပြီး လုံခြုံသွားပေလိမ့်မည်။

သို့သော် ဆိုလွန်၏ မျက်လုံးများက အရှေ့ဘက် မလှမ်းမကမ်းရှိ သီးခြားဖြစ်နေသော တောင်ကုန်းတစ်ခုပေါ်၌ ရပ်တန့်နေ၏။ ထိုနေရာမှာ ချီကျန်းတောင်ထွတ် ဖြစ်ပြီး ကျိနင် သူ့အတွက် ရွေးချယ်ပေးထားသည့် သင်္ချိုင်းပင်။

ရုတ်တရက် အရှေ့ဘက်မှ မျှော်လင့်ချက်မဲ့ကာ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ “အားးး နုကျန်းမြစ်ပေါ်က ကြိုးတံတား ဖျက်ဆီးခံထားရပြီ။ ငါတို့ ကူးလို့ မရတော့ဘူး။ သွားပါပြီ... ငါတို့တော့ သွားပါပြီ။”

ဆိုလွန်တို့၏ အဖွဲ့က နုကျန်းမြစ်၏ တောင်ဘက်ကမ်းစပ်သို့ အမြင့်ဆုံး အမြန်နှုန်းဖြင့် အပြေးအလွှား သွားလိုက်ကြသည်။ မှန်ပေ၏။ ကြိုးတံတားကြီးမှာ လုံးဝ ဖျက်ဆီးခံထားရလေပြီ။

ချောက်ကမ်းပါးအောက် ပေရာဂဏန်းခန့်၌ အဟုန်ပြင်းသော မြစ်ရေများက ပြေးလွှားနေသည့် မြင်းရိုင်းများကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ ဒေါသတကြီးဖြင့် စီးဆင်းနေကြ၏။ မည်သည့် သင်္ဘောကမှ ဖြတ်ကူးနိုင်မည် မဟုတ်ချေ။

ကျယ်ပြောလှသော နုကျန်းမြစ်ကြီးကို ဖြတ်၍ ကြည့်လိုက်လျှင် သူတို့၏ ခရီးပန်းတိုင်ဖြစ်သည့် လင်ဟိုင်မြို့ကို မြင်တွေ့နိုင်၏။

နုကျန်းမြစ်မှာ ပေသုံးရာကျော် ကျယ်ဝန်းပြီး ဆိုလွန်နှင့် လင်ဟိုင်မြို့ကြား၌ ဖြတ်ကျော်၍ မရနိုင်သော သဘာဝ ကျုံးကြီးတစ်ခုအဖြစ် တည်ရှိနေသည်။

ကင်းထောက်တစ်ယောက်က ရုတ်တရက် မျက်နှာပျက်လျက် အပြေးအလွှား ပြန်ရောက်လာသည်။ “သခင်လေး... ကျွန်တော်တို့ အနောက်ဘက်မှာ ကြီးမားတဲ့ ရန်သူ့စစ်တပ်ကြီးကို တွေ့တယ်။ သူတို့က နူဒန် သူပုန်တပ်ရဲ့ အလံတွေကို လွှင့်ထူထားပြီး အမြန် ချဉ်းကပ်လာနေကြတယ်။ ဆယ်မိုင်တောင် မဝေးတော့ဘူး။”

ဆိုလွန် မျက်မှောင်ကျုံ့လိုက်၏။ “အင်အား ဘယ်လောက်ရှိလဲ။”

ကင်းထောက်က တံတွေးမြိုချလိုက်သည်။ “အုပ်စုလိုက် အများကြီးပဲ။ ရေတွက်လို့ မရနိုင်လောက်အောင် များတယ်။”

ချက်ချင်းပင် သူတို့အားလုံး မျှော်လင့်ချက် မဲ့သွားကြ၏။ မျှော်လင့်ချက် ကင်းမဲ့ခြင်းအပြင် ဆိုမုနှင့် အခြားသူများ၏ ရင်ထဲ၌ အဆုံးအစမဲ့ ဝမ်းနည်းမှုနှင့် ဒေါသများကိုပါ ခံစားလိုက်ရသည်။

သူတို့၏ သခင် ဆိုလွန်မှာ သူ့သဘောအတိုင်း လုပ်ဆောင်၏။ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် သခင်ကြီး ဆိုဟန်ရီနှင့် သွားဆုံရန် ငြင်းဆန်ပြီး မြောက်ဘက် လင်ဟိုင်မြို့သို့ သွားရန်သာ ခေါင်းမာမာဖြင့် အတင်းအကျပ် စီစဥ်သည်။

ယခုအခါ အရှေ့ဘက်ရှိ တံတားမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကာ နုကျန်းမြစ်က သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး အနောက်ဘက်မှလည်း သူပုန်စစ်တပ်က ချဉ်းကပ်လာနေပြီ ဖြစ်၏။ သေချာပေါက် သေရမည့် မျှော်လင့်ချက်မဲ့ အခြေအနေ၌ သူတို့ ပိတ်မိသွားကြလေပြီ။

ဆိုလွန် ရင်ထဲမှ လှောင်ပြုံး ပြုံးလိုက်၏။ “ဟက်... ဒီတော့ မင်းက ပိုက်ကွန်ကို ပိတ်လိုက်ပြီပေါ့။” ကျိနင်နှင့် ရင်ဆိုင်ရမည့် အထွတ်အထိပ်ပွဲစဥ်က တရားဝင် စတင်တော့လေမည်။

ဆိုလွန် လက်ဟန်ပြလိုက်သည်။ “အားလုံး မြင်းပေါ်က ဆင်းကြ။ တောင်ပေါ် တက်မယ်။”

အနီးအနားရှိ ချီကျန်းတောင်ထွတ်ကို သူ လက်ညှိုးထိုးပြလိုက်၏။

ထိုနေရာမှာ သူ ဆိုလွန်၏ သင်္ချိုင်းအဖြစ် ကျိနင် ရွေးချယ်ပေးထားသည့် မြေနေရာပင်။ ဆိုဟန်ရီ သူ့ကို လာသတ်မည့် နေရာလည်း ဖြစ်သည်။

သူ အသက်ရှင်မည်လော... သို့မဟုတ် သေဆုံးရမည်လော။ ဤသေစေနိုင်သော ထောင်ချောက်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်ခြင်းဖြင့်သာ အသက်ရှင်ရန် အခွင့်အရေးကို ရှာဖွေနိုင်ပြီး ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်ကာ ဆိုဟန်ရီ၏ သစ္စာဖောက်မှုကို ဖော်ထုတ်နိုင်မည် ဖြစ်၏။ အရာအားလုံးက ဤအချိန်လေးအပေါ်၌သာ မူတည်နေလေပြီ။

အပိုင်း ၁၄၃ + ၁၄၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နုကျန်းမြစ်ရဲ့ တိုက်ရိုက်တရုတ် အဓိပ္ပါယ်က ဒေါသမြစ်ပါဗျ။

All Chapters