အခန်း (၁၄၅+၁၄၆)
Vol. 15 Ch. 145+146
အပိုင်း ၁၄၅ + ၁၄၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရှေ့ဘက်၌ မြစ်ကြီးတစ်စင်းက လမ်းပိတ်နေပြီး အနောက်ဘက်၌ စစ်သည်တစ်သောင်းကျော် ပါဝင်သည့် စစ်တပ်ကြီးက ချဉ်းကပ်လာနေ၏။ ဤသည်မှာ မျှော်လင့်ချက်မဲ့သွားသည့် အခြေအနေပင်။
လမ်း၏ တစ်ဖက်တစ်ချက်စီ၌ ထူထပ်သည့် သစ်တောကြီးများက ဖုံးလွှမ်းနေပြီး လွတ်မြောက်ရန် လမ်းစ မရှိနေပေ။
မိုင်အနည်းငယ် အကွာ၌ လူတစ်သောင်းကျော် ပါဝင်သည့် သူပုန်စစ်တပ်က စက်ဝိုင်းခြမ်းပုံစံ နေရာယူထားကြ၏။ သူတို့က တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဝိုင်းရံထားမှုကို ဖြည်းညှင်းစွာ တင်းကျပ်လာကြသည်။
ဆိုလွန်က သူ၏ လူများကို မြင်းများအား စွန့်ပစ်ရန် အမိန့်ပေးလိုက်ပြီး မိသားစု စစ်သည်များအားလုံးကို ချီကျန်းတောင်ထွတ်ပေါ်သို့ တက်ရန် အမိန့်ပေးလိုက်သည်။
တစ်နာရီ ကြာပြီးနောက် ပင်လယ်ရေမျက်နှာပြင် အထက် ပေရာဂဏန်းခန့် မြင့်သော တောင်ထိပ်သို့ သူတို့ ရောက်ရှိလာကြ၏။
တောင်ထိပ်မှ ငုံ့ကြည့်လိုက်သောအခါ စစ်သည်တစ်သောင်းကျော် ပါဝင်သည့် သူပုန်စစ်သားများ၏ အမည်းရောင် အုပ်စုကြီးက တောင်ခြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့က ယင်ကောင်တစ်ကောင်ပင် လွတ်မြောက်၍ မရနိုင်လောက်အောင် ချီကျန်းတောင်ထွတ်ကို တင်းကျပ်စွာ ဝိုင်းရံထားကြ၏။
ဆိုမုနှင့် အခြား မိသားစုစစ်သည်များက မျှော်လင့်ချက်မဲ့စွာဖြင့် တောင်ထိပ်၌ ရပ်နေကြသည်။ ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေသည့် ရင်ဖြင့် အောက်ဘက်ရှိ သူပုန်စစ်တပ်ကို သူတို့ ငုံ့ကြည့်နေကြ၏။
တောင်ပေါ် မတက်မီက တောင်ပေါ်သို့ မသွားရန် ဆိုမုက ပြင်းပြင်းထန်ထန် အကြံပေးခဲ့သည်။ တောင်ထိပ်သို့ ပြေးခြင်းက အချိန်အနည်းငယ် ရနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် လမ်းပိတ်နေသည့် နေရာ၌ ပိတ်လှောင်လိုက်ခြင်းသာ ဖြစ်သည်။
လူတစ်ရာကျော် ပါဝင်သော သူတို့၏ အဖွဲ့သည် အင်အားစုစည်းကာ ရန်သူ့စစ်ကြောင်း၏ နေရာတစ်ခုတည်းကို ဖောက်ထွက်ပြီး သခင်ကြီး ဆိုဟန်ရီနှင့် ပူးပေါင်းရန် ထျန်းရွှေမြို့သို့ အလျင်အမြန် သွားသင့်သည်ဟု သူက ယုံကြည်ထား၏။
သို့သော် ဆိုလွန်က သူ၏ အကြံပြုချက်ကို ပယ်ချလိုက်သည်။ အရင်ကဲ့သို့ပင် ဆိုလွန်က ဘာမှ ရှင်းမပြဘဲ အမိန့်ပေးခဲ့၏။ အမိန့်မနာခံလိုသူတိုင်း ထွက်သွားနိုင်ပြီး သူပုန်များကို လက်နက်ချနိုင်သည်ဟုသာ ရိုးရှင်းစွာ ပြောခဲ့သည်။
လုံးဝ မျှော်လင့်ချက် မဲ့သွားသဖြင့် ဆိုမုနှင့် အခြားသူများက ဆိုလွန်၏ အနောက်မှ တောင်ထိပ်သို့ လိုက်လာကြ၏။
ဤသေစေနိုင်သော ထောင်ချောက်ထဲသို့ သူတို့ကိုယ်တိုင် ကျဆင်းသွားသည်ကို ကြည့်ရင်း စကားတစ်ခွန်းကိုသာ သူတို့ တွေးမိကြသည်။ အရည်အချင်း မရှိသည့် ခေါင်းဆောင်က စစ်သားထောင်ပေါင်းများစွာကို သေပွဲဝင်စေလိမ့်မည်။
လက်ရှိ ဆိုလွန်သည် အရင်က အသုံးမကျသော မိန်းမလိုက်စားသူထက် မပိုဘူးဟု သူတို့ ရင်ထဲ၌ ခံစားနေရ၏။
ထိုစဉ်က ဆိုလွန်သည် မိန်းမများနှင့် မိသားစု နာမည်ဖျက်ရန်ကိုသာ ဂရုစိုက်ခဲ့သော်လည်း အနည်းဆုံးတော့ သူက ဉာဏ်ကောင်းဟန် မဆောင်ခဲ့သလို ရူးကြောင်ကြောင် အမိန့်များလည်း မပေးခဲ့ပေ။ သူ၏ လတ်တလော အလွန်ကောင်းမွန်သော စာမေးပွဲ ရလဒ်များက သူ့ကို မျက်ကန်း ယုံကြည်မှုများသာ ပြည့်နှက်စေလေပြီ။
လက်ရှိ ဆိုလွန်က ပို၍ တက်ကြွနေပုံ ပေါ်သော်လည်း တကယ်တမ်း၌ သူတို့ကိုရော မိသားစု တစ်ခုလုံးကိုပါ မျှော်လင့်ချက်မဲ့သည့် အခြေအနေဆီသို့ ခေါ်ဆောင်သွားနေခြင်း ဖြစ်၏။
တောင်ထိပ်၌ ဘာမှ မရှိပေ။ ရေမရှိသလို သစ်ပင်လည်း မရှိသလောက်ပင်။ ကျောက်တုံးများသာ ရှိသည်။
အောက်ဘက်၌ လူတစ်သောင်းအပြည့်ရှိသည့် သူပုန်စစ်တပ်က သူတို့၏ စစ်ကြောင်းများကို စတင် တည်ဆောက်နေကြ၏။ သူတို့က သစ်ပင်များကို ခုတ်လှဲကာ ရိုးရှင်းသော သစ်သားစခန်း တစ်ခုကို တည်ဆောက်ကြသည်။
ဧရာမ ဒူးလေးကြီးများကို နေရာချထားလိုက်၏။ စစ်သားများက သူတို့၏ လက်နက်များကို စတင် သွေးနေကြပြီး အချိန်မရွေး တောင်ပေါ်သို့ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
ဆိုမုက ရှေ့သို့ တက်လာပြီး လေးနက်စွာ ပြောလိုက်သည်။ "သခင်လေး... သူပုန်စစ်တပ်ရဲ့ အစီအစဉ်က မတည်ငြိမ်သေးဘူး။ ကျွန်တော်တို့ ဒီအခွင့်အရေးကို ယူပြီး အောက်ကို ဆင်းတိုက်ရင် တစ်ဝက်လောက် သေသွားရင်တောင် သခင်လေးကို ကာကွယ်ပြီး လွတ်မြောက်အောင် ကူညီပေးနိုင်ပါသေးတယ်။"
ဆိုလွန်က ခေါင်းရမ်းလိုက်၏။ "မလိုဘူး။"
ဆိုမု မအောင့်နိုင်တော့ဘဲ အသံမြှင့်ကာ ပြောလိုက်သည်။ "ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ။"
"စောင့်မယ်။"
ဆိုမု မျက်မှောင်ကျုံ့သွားသည်။ "ဘာကိုစောင့်ရမှာလဲ။ သေဖို့လား။"
ဆိုလွန်က ခပ်အေးအေးပင် ဆိုလိုက်၏။ "ဆိုဟန်ရီ လာတာကို စောင့်မယ်။"
ဆိုမုမှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွား၏။ ဤသခင်လေးသည် ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် အစောပိုင်းက သခင်ကြီး ဆိုဟန်ရီနှင့် သွားဆုံရန် ငြင်းဆန်ခဲ့သည်။
ယခုတော့ သခင်ကြီး ဆိုဟန်ရီ လာပြီး သူတို့ကို ကယ်တင်မည်ဟု တကယ်ကြီး မျှော်လင့်နေသည်လား။ အတိတ်က သူ၏ ရွေးချယ်မှုများကို နောက်ဆုံးတော့ နောင်တရနေပြီလား။
ဆိုမုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းရမ်းလိုက်သည်။ "သခင်လေး... သခင်ကြီး ဆိုဟန်ရီ လာမှာ မဟုတ်ဘူး။ ဘယ်သူမှ ကျွန်တော်တို့ကို လာကယ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာ ရှိနေမှန်းတောင် ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။"
ဆိုလွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ "ဆိုဟန်ရီက ငါတို့ကို လာကယ်မယ်လို့ ဘယ်သူပြောလဲ။ သူလာသတ်မှာ။"
ဆိုမု၏ မျက်နှာကြီး နီရဲသွားသည်။ "မဖြစ်နိုင်တာ။ သခင်လေးက သခင်ကြီး ဆိုဟန်ရီကို မနှစ်မြို့တာ ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ သစ္စာစောင့်သိမှုကိုတော့ စော်ကားလို့ မရဘူး။ ဆယ်နှစ်တိုင်တိုင် သူက ဆိုမိသားစုအပေါ် လုံးဝ မြှုပ်နှံထားခဲ့တာ။ ဆိုမိသားစုအတွက် သူ သွေးထွက်သံယို ဘယ်လောက်တောင် ဖြစ်ခဲ့လဲဆိုတာ တွေးကြည့်ပါ။ ဒီလို စကားမျိုးက သူ့ရဲ့ နှလုံးသားကိုသာမက ကျွန်တော်တို့ရဲ့ နှလုံးသားကိုပါ ချိုးဖျက်ပစ်လိုက်တာပဲ။"
ဆိုလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းနဲ့ ပြိုင်ငြင်းမနေတော့ဘူး။ သိပ်မကြာခင် အဖြေပေါ်လာလိမ့်မယ်။"
ဆိုမုကမူ လှည့်ထွက်သွား၏။ အကယ်၍ ဆက်နေပါက သူ ကျိန်ဆဲမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဆိုလွန်သည် သူ၏ သခင် ဖြစ်သော်လည်း ဤကဲ့သို့ အပုပ်ချသည့် စကားများကို ပြောဆိုခြင်းမှာ လုံးဝ လက်ခံနိုင်စရာ မရှိပေ။
သခင်ကြီး ဆိုဟန်ရီသာ မရှိလျှင် ထျန်းရွှေမြို့သည် ကြာမြင့်စွာကတည်းက ကျဆုံးသွားလောက်ပြီ ဖြစ်၏။
သို့မဟုတ်ပါက ဆိုလွန် တစ်ယောက် တော်ဝင်မြို့တော်၌ မာနကြီးသော သူဌေးသား တစ်ယောက်အဖြစ် မည်သို့ သက်တောင့်သက်သာ နေနိုင်မည်နည်း။
ယခုအခါ ကျေးဇူးတင်မည့်အစား သခင်ကြီး ဆိုဟန်ရီအား အသရေဖျက်နေ၏။ ဤသည်မှာ လုံးဝ သည်းခံနိုင်စရာ မရှိပေ။
ဆိုလွန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ဆိုဟန်ရီကို ထျန်းရွှေမြို့ရှိ အရာရှိများက အလွန် လေးစားကြမှန်း သူ သိသော်လည်း ဤမျှအထိ လေးစားကြသည်ကို သူ မသိခဲ့ပေ။
ဤအရာရှိများက ဆိုဟန်ရီကို ကယ်တင်ရှင် တစ်ဦးသဖွယ် ၊ ကောင်းကင်ကြီးကို ထောက်ပင့်ပေးထားသည့် ခိုင်မာသော မဏ္ဍိုင်ကြီး တစ်ခုသဖွယ် သဘောထားကြ၏။
ဤအရာရှိများသာ သူနှင့် ဆိုဟန်ရီ ကြားတွင် ရွေးချယ်ရမည်ဆိုလျှင် သူတို့က ဆိုဟန်ရီကိုသာ နှစ်ခါ ပြန်မတွေးဘဲ ရွေးချယ်ကြမည် ဖြစ်သည်။
လက်ရှိ သူတို့သည် တော်ဝင်မြို့တော်၌ ကျန်ရစ်ခဲ့သည့် မိသားစုစစ်သည်များသာ ဖြစ်၏။ ထျန်းရွှေမြို့ရှိ အရာရှိများဆိုလျှင် ဆိုဟန်ရီကို အသက်ရှင်နေသော နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်နေကြလောက်ပေမည်။
ဆိုမုက အော်ဟစ်လိုက်သည်။ "ဆိုမိသားစု စစ်သည်တွေ အားလုံး စုကြ။"
ချက်ချင်းပင် စစ်သည် တစ်ရာကျော်က သပ်ရပ်သည့် တန်းစီမှုများ ပြုလုပ်လိုက်ကြ၏။
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ "ဆိုမု... မင်း ဘာလုပ်နေတာလဲ။"
ဆိုမု အံကြိတ်လိုက်သည်။ "သခင်လေး... သခင်လေးရဲ့ အမြင်မှာ သခင်ကြီး ဆိုဟန်ရီရဲ့ သစ္စာစောင့်သိမှုတောင် မေးခွန်းထုတ်စရာ ဖြစ်နေတာပဲ။"
"ဒါဆို ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကလည်း သခင်လေးအတွက် ဘာမှ အဓိပ္ပါယ် မရှိလောက်ဘူး။ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို အခု သွေးနဲ့ သက်သေပြမယ်။ ညီအစ်ကိုတို့ တိုက်ကြ။ ကျွန်တော်တို့ ရန်သူတွေကို အတူတူ ဆွဲခေါ်သွားပြီး သေကြမယ်။ ကျွန်တော်တို့ရဲ့ ဂုဏ်ကျက်သရေကို သွေးနဲ့ သက်သေပြမယ်။"
"သတ်... သတ်... သတ်..." တစ်ပြိုင်နက်တည်းမှာပင် စစ်သည် တစ်ရာကျော်က သူတို့၏ ဓားများကို ညီညာစွာ ဆွဲထုတ်လိုက်ကြ၏။
ဆိုလွန် သက်ပြင်းချလိုက်သည်။ "မင်းတို့ရဲ့ သစ္စာစောင့်သိမှုကို ငါ ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ပါဘူး။"
ဆိုမုက လက်သီးဆုပ်လိုက်၏။ "သခင်ကြီး ဆိုဟန်ရီကို သံသယဝင်တာက ကျွန်တော်တို့ကို သံသယဝင်တာပဲ။ ညီအစ်ကိုတို့... မင်းတို့ထဲက ဘယ်နှစ်ယောက်ကို သခင်ကြီး ဆိုဟန်ရီ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့လဲ။"
"ကျွန်တော်... ကျွန်တော်... ကျွန်တော်..."
မိသားစုစစ်သည်တိုင်းက သူတို့၏ လက်များကို မြှောက်လိုက်ကြ၏။
ဆိုမုက ပြတ်သားစွာ ဆက်ပြောသည်။ "သခင်ကြီး ဆိုဟန်ရီက ဆိုမိသားစုရဲ့ မွေးစားသား ဖြစ်နိုင်ပေမဲ့ သူက ကျွန်တော်တို့ စစ်သည်တွေရဲ့ အစစ်အမှန် ခေါင်းဆောင်ပဲ။ ဒီက ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းကို သူက လေ့ကျင့်ပေးခဲ့တာ။"
"ကျွန်တော်တို့ အားလုံးက သူ့ကို အသက်အကြွေး တင်နေကြတယ်။ သူ့ရဲ့ သစ္စာစောင့်သိမှုကို သခင်လေးက သံသယဝင်နေမှတော့ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကိုလည်း သံသယဝင်တာပဲ။ အခု... သခင်ကြီး ဆိုဟန်ရီကို စော်ကားလိုက်တဲ့ သခင်လေးရဲ့ စကားတွေကို ဆေးကြောဖို့ ကျွန်တော်တို့ရဲ့ အသက်တွေကို အသုံးပြုမယ်။"
ဆိုဟန်ရီ၏ သစ္စာစောင့်သိမှုကို ဆိုလွန် မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်ရခြင်းက စစ်သည်များ၏ မျက်နှာအမူအရာများကို လုံးဝ ပြောင်းလဲသွားစေသည်။
သူတို့အတွက် ဆိုဟန်ရီသည် ခေါင်းဆောင်နှင့် စံပြပုဂ္ဂိုလ် တစ်ဦးသာမက သူတို့၏ မှီခိုရာ ၊ သူတို့ အင်အား၏ အဓိကပင် ဖြစ်၏။
ဆိုဟန်ရီနှင့် သွားဆုံရန် ဆိုလွန် ငြင်းဆန်ခဲ့စဉ်က အစောပိုင်းတွင် သူတို့ စိတ်ရှုပ်ထွေးခဲ့ကြသည်။ သို့သော် ယခုအခါ ဆိုလွန်က သူ့အား သစ္စာဖောက် တစ်ဦးအဖြစ် အသရေဖျက်သည်ကို ကြားလိုက်ရခြင်းက သူတို့ကို အလွန်တရာ ဒေါသထွက်သွားစေ၏။
သခင်ကြီး ဆိုဟန်ရီက ဆိုမိသားစုအတွက် အသက်ကိုပင် စွန့်စားခဲ့၏။ လက်ရှိအချိန်၌ သူ အပြင်းအထန် ဒဏ်ရာရနေပြီး အသက်ရှင်မည်လား ဆိုသည်မှာပင် မသေချာသေးပေ။ ထိုသို့တိုင်အောင် ဆိုလွန်က ကျေးဇူးကန်းရုံသာမက မနာလိုမှုဖြင့် သူ့အား အသရေဖျက်နေသေးသည်လော။
ဤမျှ နှလုံးသားမဲ့ပြီး ရက်စက်သော သခင်မျိုးကို သူတို့ အလိုမရှိပေ။
ဆိုမုက သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ "သခင်လေး... သေရမှာကြောက်ရင် ဒီမှာနေပြီး လက်နက်ချလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ သေတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ဖြစ်နိုင်ရင် သခင်ကြီး ဆိုဟန်ရီကို တောင်းပန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ဆိုမု အော်ဟစ်လိုက်သည်။ "တိုက်ကြ..." ထို့နောက် သူက ဦးဆောင်လိုက်၏။ သူ၏ အနောက်တွင် မိသားစုစစ်သည် တစ်ရာကျော်နှင့်အတူ သူက တောင်အောက်သို့ တိုက်ရိုက် ဆင်းသွားသည်။
ဆိုလွန်က ဓားကို ဆွဲထုတ်ကာ သေးငယ်သော သစ်ပင်တစ်ပင်ကို ခက်ထန်စွာ ခုတ်ပိုင်းလိုက်ပြီး ဟိန်းဟောက်လိုက်သည်။ "ရပ်စမ်း..."
သို့သော် ဆိုမုက သူ့ကို လျစ်လျူရှုလိုက်သည်။ ဝမ်းနည်းမှုနှင့် ဒေါသတို့၏ တွန်းအားကြောင့် သူက စစ်သည်များကို ရူးသွပ်စွာ ဆက်လက် ဦးဆောင်သွားပြီး ရန်သူများနှင့်အတူ သေဆုံးရန် ဆုံးဖြတ်ထား၏။
တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ သူပုန်စစ်တပ်က တောင်ထိပ်မှ ဆူညံပွက်လောရိုက်မှုကို သတိထားမိသွား၏။ သူတို့က သပ်ရပ်သော တန်းစီမှုများကို အမြန် ပြုလုပ်လိုက်ကြသည်။ လေးကိုင်သမားနှင့် ဒူးလေးသမား တစ်ထောင်ကျော်က သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ ပစ်ခတ်ရန် အသင့်ပြင်လိုက်ကြသည်။
လူတစ်ရာကျော်သာ ပါဝင်သော အဖွဲ့၏ တိုက်ခိုက်မှုကို မြှားတစ်သုတ်တည်း ပစ်ခတ်ခြင်းက လုံးဝ သုတ်သင်ပစ်နိုင်လိမ့်မည် ဖြစ်၏။
ရုတ်တရက် ဆိုနင်ပင်းက သူမ၏ ဓားကို ဆွဲထုတ်ကာ လည်ပင်း၌ တေ့ထားလိုက်ပြီး အော်ဟစ်လိုက်သည်။ "အခုချက်ချင်း ရပ်ကြ။ မဟုတ်ရင် ရှင်တို့ ရှေ့မှာတင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မယ်။"
မိသားစုစစ်သည်များက ဆိုနင်ပင်းကို အမြဲတမ်း ချစ်ခင်လေးစားခဲ့ကြ၏။ သူမ၏ လည်ပင်းရှိ ဓားကို မြင်လိုက်ရသောအခါ သူတို့ ချက်ချင်းပင် ရပ်တန့်သွားကြသည်။
ဆိုမုက အမြန် ဒူးထောက်ချလိုက်သည်။ "သခင်မလေး... ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့။ သခင်မလေးကို သေဖို့ ကျွန်တော်တို့ ဖိအားပေးတယ်လို့ သခင်ကြီးသာ သိသွားရင် အကြိမ်တစ်သောင်း သေရင်တောင် ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ပေးဆပ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။"
ဆိုနင်ပင်းက မျက်ရည်ဝဲသွားသည်။ "ရှင်တို့ အားလုံး သခင်ကြီး ဆိုဟန်ရီကို ချစ်ကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မလည်း သူ့ကို ယုံကြည်သလို ချစ်လည်း ချစ်တယ်။ သူ ကျွန်မတို့ကို ဘယ်တော့မှ သစ္စာဖောက်မယ်လို့ ကျွန်မ မယုံဘူး။"
ဆိုမုက ခေါင်းငုံ့လိုက်သည်။ "သခင်မလေး... ကျွန်တော်တို့က မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ရောက်နေပါပြီ။ သခင်လေးက သခင်လေးပါပဲ။ သူ့ကို အပြစ်တင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိပါဘူး။ သခင်ကြီး ဆိုဟန်ရီနဲ့ သွားဆုံဖို့ သူ ငြင်းဆန်တုန်းကလည်း ကျွန်တော်တို့ သူ့ကို အပြစ်မတင်ခဲ့သလို ၊ ဒီလမ်းပိတ်နေတဲ့ နေရာကို ခေါ်လာတုန်းကလည်း အပြစ်မတင်ခဲ့ပါဘူး။"
"ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က ဒူးထောက်ပြီး အသက်ရှင်နေရမယ့်အစား မတ်တတ်ရပ်ပြီးတော့ပဲ သေချင်ပါတယ်။ သခင်ကြီး ဆိုဟန်ရီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကျွန်တော်တို့ အသက်တွေကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။"
အပိုင်း ၁၄၅ + ၁၄၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team