အခန်း (၁၄၇+၁၄၈)
Vol. 15 Ch. 147+148
အပိုင်း ၁၄၇ + ၁၄၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုနင်ပင်းက လှပသည့် မျက်လုံးများဖြင့် ဆိုလွန်ကို စိုက်ကြည့်လိုက်သည်။ “ကျွန်မ စကားပြောလို့ မပြီးသေးဘူး။ ကျွန်မ သခင်ကြီး ဆိုဟန်ရီကို လုံးဝ ယုံတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံတာထက်တောင် ပိုသေးတယ်။”
“ဒါပေမဲ့...”
“ကျွန်မ ဆိုလွန်ကိုလည်း ယုံတယ်။ သူက ကျွန်မ ကာကွယ်ရမယ့်သူ မောင်လေးတင် မဟုတ်ဘူး။ သူက ကျွန်မရဲ့ သခင်ပဲ။ သူ့ကို ကျွန်မ အပြည့်အဝ ယုံတယ်။ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်မှုက တခြားဘယ်သူ့ထက်မဆို ပိုကြီးတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို အခွင့်အရေး တစ်ခုလောက် ပေးလိုက်ပါ။”
ဆိုလွန်က ဆိုနင်ပင်းအနားသို့ လျှောက်သွားပြီး လက်ထဲမှ ဓားကို ယူလိုက်ကာ ဆိုမုနှင့် မိသားစုစစ်သည်များ အားလုံးကို ကြည့်လိုက်၏။
ဆိုလွန်က ဆိုမုကို ပြောလိုက်၏။ “အခု မင်းတို့ ငါ့ကို မယုံတာ နားလည်ပေးလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အတိတ်က အပြုအမူတွေကြောင့် ငါက ယုံဖို့ မထိုက်တန်ဘူးလေ။ ဒါပေမဲ့ ဆိုမု... မင်းရဲ့ လုပ်ရပ်တွေက ပုန်ကန်တဲ့ အဆင့်ကို ရောက်နေပြီ။”
ဆိုမုက ဓားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ “ကျွန်တော် ပုန်ကန်နေတယ်လို့ သခင်လေး ထင်ရင် ကျွန်တော့် ခေါင်းကိုသာ ခုတ်ဖြတ်လိုက်ပါ။ ပြီးရင် ကျွန်တော့် သွေးတွေက နီသလားဆိုတာ ကြည့်လိုက်ပါ။”
ဆိုလွန်က ခက်ထန်စွာ ပြောလိုက်၏။ “မင်းတို့ ငါ့ကို မယုံတာ နားလည်ပေးလို့ ရပါတယ်လို့ ငါ ပြောပြီးပြီလေ။ ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ် ဖြစ်ဖို့ ငါ မျှော်လင့်တယ်။”
ဆိုလွန်က ဆိုမု လက်ထဲမှ ဓားကို ယူလိုက်ပြီး ပြန်ပေးလိုက်၏။ ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဆိုမု... သိပ်မကြာခင် အဖြေပေါ်လာလိမ့်မယ်။ မင်းပြောတဲ့ သခင်ကြီး ဆိုဟန်ရီ လာနေပြီ။ အချိန်တန်လို့ ငါ သူ့ကို မတရား စွပ်စွဲမိတာဆိုရင် မင်း ငါ့ခေါင်းကို ခုတ်ဖြတ်နိုင်တယ်။”
ဆိုလွန်က ဆက်ပြောလိုက်သည်။ “မင်းတို့က ဆိုမိသားစုရဲ့ စစ်သည်တွေ ဖြစ်ပြီး ငါ့အမိန့်ကို နာခံမယ်ဆိုရင် ဝမ်းနည်းနေဖို့ အချိန်မရှိဘူး။ ရန်သူ့စစ်ကြောင်းကို ဖောက်ထွက်ဖို့ ငါ မင်းတို့ကို ဦးဆောင်မယ်။ လင်ဟိုင်မြို့ဆီ ထွက်ပြေးလွတ်မြောက်ဖို့ ငါ မင်းတို့ကို ခေါ်သွားမှာမို့ ဒီမှာ အချိန်မဖြုန်းကြနဲ့တော့။”
ထိုစကားကို ကြားသည့်အခါ သူတို့အားလုံးက မယုံနိုင်စွာဖြင့် ဆိုလွန်အား ကြည့်လိုက်ကြ၏။ လွတ်မြောက်ချင်နေသည်လော။ ရူးသွားပြီလော။
သူတို့က လက်ရှိ၌ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေသို့ ရောက်နေကြလေပြီ။ လူတစ်ရာကျော်ခန့်မှာ ရန်သူတစ်သောင်းကျော်၏ ဝိုင်းရံထားခြင်းကို ခံထားရပြီး တောင်ထွတ်မြင့်ကြီးပေါ်၌ ပိတ်မိနေကြ၏။
တောင်ပံများ ရှိနေလျှင်ပင် ပျံသန်း၍ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခုအခါ နတ်ဘုရား တစ်ပါးပင် သူတို့ကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။
ထိုသို့တိုင်အောင် သူတို့၏ သခင်လေးက လွတ်မြောက်ရန်အကြောင်း ပြောနေသေး၏။
ဆိုလွန်ကမူ သူတို့ကို လျစ်လျူရှုလိုက်သည်။ တောင်ထိပ်ရှိ လေပြေကို ခံစားရန် မျက်စိမှိတ်လိုက်ပြီး စိတ်ထဲ၌ စတင် တွက်ချက်လိုက်၏။
ဤနေရာသည် ပင်လယ်နှင့် သိပ်မဝေးပေ။ ပေရာဂဏန်းခန့် မြင့်သည့် တောင်ထိပ် ဖြစ်ပြီး လေတိုက်ခတ်လေ့ရှိသည်။ ထို့အပြင် နွေနှောင်းပိုင်း ဖြစ်သောကြောင့် လေသည် တောင်မှ မြောက်သို့ တိုက်ခတ်နေ၏။
**--**--**--**--**--**--**--**
လေတိုက်နှုန်းမှာ အဆင့် ၅ ဝန်းကျင်ရှိပြီး အဆင့် ၆ သို့ မရောက်သေးဘဲ တစ်စက္ကန့်လျှင် ၁၀၈ ပေခန့် ရှိမည်ဟု ဆိုလွန် ခန့်မှန်းလိုက်သည်။ လေမှာ သိပ်မပြင်းသော်လည်း လုံလောက်နေပြီ ဖြစ်၏။
တောင်၏ အမြင့်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၉၆၈ ပေခန့် ရှိပြီး အောက်ဘက်ရှိ နုကျန်းမြစ်က ၃၉၄ ပေခန့် ကျယ်ဝန်းသည်။ လုံလောက်လေပြီ။
လုံလောက်သည်ထက်ပင် ပိုနေလေပြီ။ တော်ဝင်မြို့တော်၌ ရှိစဉ်က ဆိုလွန် ဤသည်ကို အကြိမ်ကြိမ် တွက်ချက်ဖူး၏။ လေတိုက်နှုန်းကို ခံစားရန် တောင်ထွတ်မြင့်များပေါ်သို့ သွားဖူးပြီး လက်ရှိ ဤနေရာရှိ အခြေအနေမှာ စိတ်ကူးထားသည်ထက်ပင် များစွာ ပိုကောင်းနေသည်။
ဆိုလွန်က အော်ဟစ်လိုက်သည်။ “အားလုံးပဲ ကျောပိုးအိတ်တွေကို လွယ်ထားပြီး ငါ့အမိန့်ကို စောင့်ကြ။”
**--**--**--**--**--**--**--**
တစ်နာရီ ကြာပြီးနောက် တစ်ကိုယ်လုံး အမည်းရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ဆိုဟန်ရီက သူပုန်စစ်တပ်၏ ပင်မစခန်းအတွင်းသို့ မြင်းစီး၍ ဝင်ရောက်လာ၏။
အမည်းရောင် စကတ်နှင့် ရွှေရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော မင်းသမီး ကျိနင်၏ အစောင့်အရှောက်အဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။
နူဒန်က သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသည့် ဆိုဟန်ရီကို သံသယဖြင့် ကြည့်လိုက်သည်။ ထိုသူမှာ မည်သူမည်ဝါမှန်း မသိသဖြင့် မင်းသမီး ကျိနင်၏ ကိုယ်ပိုင် သက်တော်စောင့်ဟုသာ ရိုးရှင်းစွာ ယူဆလိုက်၏။
နူဒန်က ရှေ့သို့ တက်လာပြီး သတင်းပို့လိုက်သည်။ “သခင်မလေး... ဆိုလွန်နဲ့ တခြားသူတွေ တောင်ထိပ်မှာ လုံးဝ အဝိုင်းခံထားရပါပြီ။ သူတို့ ပြေးစရာလမ်း မရှိတော့ပါဘူး။”
ကျိနင်က ခေါင်းညိတ်လိုက်ပြီး ဆိုဟန်ရီကို ကြည့်လိုက်သည်။ “ရှင် စွမ်းဆောင်ပြရမယ့် အလှည့် ရောက်ပြီ။”
ဆိုဟန်ရီက ရိုသေစွာ အရိုအသေပေးလိုက်ပြီး လက်ထဲရှိ ဓားကို ဆုပ်ကိုင်လိုက်၏။
မင်းသမီး ကျိနင်က သူမ၏ ဖြူရော်နေသည့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ခေါ်ဆောင်လာသည့် လက်ရွေးစင် အမည်းရောင်သံချပ်ကာ စစ်သည် ရာဂဏန်းခန့် ရှေ့သို့ တက်လာကြ၏။
ထိုသူတို့၏ သံချပ်ကာများမှာ ဆိုဟန်ရီ၏ သံချပ်ကာနှင့် တစ်ထပ်တည်း တူညီနေကြသည်။
သူမ အေးစက်စွာ အမိန့်ပေးလိုက်သည်။ “တောင်ပေါ်တက်ပြီး ဆိုနင်ပင်းကလွဲလို့ ကျန်တဲ့သူ အားလုံးကို သတ်လိုက်။”
ချက်ချင်းပင် ဆိုဟန်ရီ၏ ဦးဆောင်မှုအောက်၌ အမည်းရောင်သံချပ်ကာ စစ်သည် ရာဂဏန်းခန့်က ဓားများကို ဆွဲထုတ်ကာ တောင်ပေါ်သို့ တက်သွားကြ၏။
လီကျူး၏ ကာကွယ်မှုအောက်၌ ကျိနင်သည်လည်း တောင်ပေါ်သို့ တက်သွားလိုက်သည်။ ဆိုလွန် သေဆုံးသွားသည်ကို သူမကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ချင်နေ၏။
**--**--**--**--**--**--**--**
“….”
တစ်ချိန်တည်းမှာပင် သူပုန်စစ်တပ် ပင်မစခန်းမှ စစ်ပွဲစည်သံများ ပဲ့တင်ထပ်လာသည်။
တောင်ခါးပန်း၌ တက်လာနေသည့် အမည်းရောင်သံချပ်ကာ စစ်သည်များကို မြင်တွေ့လိုက်ရသောအခါ ကင်းထောက်အချို့က အော်ဟစ်လိုက်ကြသည်။ “သူတို့ တိုက်ခိုက်လာပြီ။”
ထို့နောက် သတင်းပို့ရန် တောင်ထိပ်သို့ အလျင်အမြန် ပြေးတက်သွားကြ၏။
ဆိုမုက ဓားကို ခက်ထန်စွာ ဆွဲထုတ်ရင်း အော်ဟစ်လိုက်သည်။ “စစ်သည်တွေ အားလုံး အသင့်ပြင်ထား။”
မိသားစုစစ်သည် တစ်ရာကျော်ကလည်း ထိပ်တိုက်ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် ဓားများကို ဆွဲထုတ်လိုက်ကြ၏။
ဆိုလွန်ကမူ တောင်ထိပ်၌ ရပ်ကာ အောက်ဘက် အဝေးဆီသို့ ငုံ့ကြည့်နေသည်။
အောက်ဘက်၌ အမည်းရောင်သံချပ်ကာ စစ်သည် ရာဂဏန်းခန့်က တိုက်ခိုက်ရေး စစ်ကြောင်းကို ဖွဲ့စည်းကာ တောင်ပေါ်သို့ တည်ငြိမ်စွာ တက်လာကြ၏။ တန်းစီမှုများမှာ စည်းကမ်းရှိပြီး ညီညာလှသည်။
သူတို့က မျက်နှာများကို ဖုံးကွယ်ထားရန် အမည်းရောင်သံချပ်ကာနှင့် အမည်းရောင် ဝါးမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။ ဆိုလွန် မှတ်မိနိုင်သည့် တစ်ဦးတည်းသော သူမှာ အမည်းရောင် စကတ်ဖြင့် မင်းသမီး ကျိနင်သာ ဖြစ်၏။
သူတို့က တောင်ထိပ်နှင့် ၃၂၈ ပေခန့် အကွာသို့ ရောက်သောအခါ မင်းသမီး ကျိနင်က လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်သည်များ အားလုံး ရပ်တန့်သွားကြသည်။
ဆိုမုက အေးစက်စွာ ပြောလိုက်၏။ “သခင်လေး... သခင်လေး ပြောတဲ့ သခင်ကြီး ဆိုဟန်ရီက ဘယ်မှာလဲ။ အောက်က မျက်နှာဖုံးစွပ်ထားတဲ့ တစ်ယောက်ယောက်ကို လက်ညှိုးထိုးပြီး သူက သခင်ကြီး ဆိုဟန်ရီပါလို့ အခိုင်အမာ ပြောတော့မလို့လား။”
ဆိုလွန်က အောက်ဘက်ရှိ အမည်းရောင်သံချပ်ကာ စစ်သည်များကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မင်းသမီး ကျိနင်... ကျွန်တော်တို့ နောက်ဆုံးတွေ့ပြီးကတည်းက မင်းသမီး နေကောင်းမယ်လို့ မျှော်လင့်ပါတယ်။”
ကျိနင်က လှောင်ပြုံး ပြုံးလိုက်သည်။ “ဟက်... မတွေ့ရတာ ကြာပြီပဲ။ ဒါပေမဲ့ နင့်ရဲ့ မျက်လုံးတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မြင်နိုင်သွားတာလဲ။”
ဆိုလွန်က ပြုံးစစဖြင့် တုံ့ပြန်လိုက်၏။ “မင်းသမီးရဲ့ ကျောက်စိမ်းလေးလို လှပတဲ့ ခန္ဓာကိုယ်ကို မြင်ရဖို့အတွက် ကောင်းကင်ဘုံက ကျွန်တော်ရဲ့ အမြင်အာရုံကို ကုသပေးလိုက်တာ ဖြစ်မယ်။”
ကျိနင်မှာ ဒေါသကြောင့် တုန်ယင်သွားသည်။ “အိပ်မက် ဆက်မက်နေလိုက်။ ဒီနေ့က ငါတို့ နောက်ဆုံးတွေ့ရခြင်းပဲ။ ဆိုလွန်... ဒီတစ်ခါတော့ နင် ပြေးစရာလမ်း မရှိတော့ဘူး။ နင် သေချာပေါက် သေရမယ်။”
ဆိုလွန်က သက်ပြင်းချလိုက်၏။ “ဟုတ်ပါတယ်။ ကျွန်တော်က အခု မျှော်လင့်ချက်မဲ့နေတဲ့ လမ်းပိတ်နေတဲ့ အခြေအနေကို ရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော် မသေခင် တောင်းဆိုချက် တစ်ခုလောက် ခွင့်ပြုပေးနိုင်မလား။”
ကျိနင်က နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်... နင့် အိပ်မက်ထဲမှာပဲ တောင်းဆိုလိုက်... အခု ငါက နင် နာနာကျင်ကျင် သေသွားတာကို ကြည့်ပြီး ငါ့ရင်ထဲက အမုန်းတရားတွေကို ကျေနပ်ချင်ရုံပဲ။”
ဆိုလွန်က ညင်သာစွာ ပြောလိုက်၏။ “ကျိနင်... တစ်ချိန်က ကိုယ် မင်းကို အရမ်း ချစ်တာပါ။ ကိုယ် မသေခင် ဒီတောင်းဆိုချက် တစ်ခုလေးကိုတောင် ခွင့်မပြုပေးနိုင်ဘူးလား။”
ထိုစကားကို ကြားသည့်အခါ ကျိနင်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး စိတ်အစဉ်က ကမောက်ကမ ဖြစ်သွား၏။
ဆိုလွန်က ယုယကြင်နာစွာဖြင့် ပြောလိုက်သည်။ “ကိုယ့်ရဲ့ တောင်းဆိုချက်က အရမ်း ရိုးရှင်းပါတယ်။ ကိုယ်က အမှန်တရားကို သိပြီးမှ သေချင်တာ။ ကိုယ် အယုံကြည်ရဆုံး အစ်ကိုက ကိုယ့်ကို သတ်မယ့်သူ ဟုတ်မဟုတ် ကိုယ် သိချင်တယ်။ မင်းရဲ့ ဘေးနားက လူကို မျက်နှာဖုံး ချွတ်ခိုင်းလို့ ရမလား။”
ထိုစကားကို ကြားသောအခါ ကျိနင်၏ ဘေး၌ ရှိနေသည့် ဆိုဟန်ရီ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွား၏။ ဤသည်က ဆိုးရွားလှသည်။ သူသာ မျက်နှာဖုံး ချွတ်လိုက်ပြီး ဆိုနင်ပင်း မြင်သွားမည်ဆိုလျှင်... ထိုမိန်းကလေးကို သူ မည်သို့လုပ်ပြီး လက်ထပ်နိုင်တော့မည်နည်း။ ဆိုနင်ပင်းက သူ့ကို အရိုးထဲစွဲသည်အထိ သေချာပေါက် မုန်းတီးသွားပေလိမ့်မည်။
ကျိနင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခဏတာ တွေးတောလိုက်ကာ ဆိုဟန်ရီကို ကြည့်လိုက်သည်။
“မျက်နှာဖုံးကို ချွတ်လိုက်။”
ဆိုဟန်ရီက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “မဖြစ်ဘူး... ကျွန်တော်သာ မျက်နှာဖုံး ချွတ်လိုက်ရင်...။”
ကျိနင်က ရယ်မောလိုက်သည်။ “ရှင်က ဘာကို ကြောက်နေတာလဲ။ ဒီကလူ အားလုံးက ငါ့လူတွေချည်းပဲ။ အဆိုးဆုံးက ရှင် တောင်ထိပ်ပေါ်က လူအားလုံးကို သတ်လိုက်ရုံပဲ။ အချိန်တန်ရင် ရှင်က ဆိုမိသားစုရဲ့ ကယ်တင်ရှင် ဖြစ်နေဦးမှာပဲ။”
ဆိုဟန်ရီက ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး... ဒါပေမဲ့ ဆိုနင်ပင်းကရော... သူ့ကို ကျွန်တော် လက်ထပ်ရမယ်။ သူ့ကိုသာ မလက်ထပ်ရရင် ကျွန်တော်က ထျန်းရွှေမြို့ရဲ့ သခင်အဖြစ် တရားဝင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။”
ကျိနင်က ပခုံးတွန့်လိုက်သည်။ “ဒါက ရိုးရှင်းပါတယ်။ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်။ အသက်ရှင်နေတဲ့ အလောင်းကောင် တစ်လောင်းကိုလည်း ရှင် လက်ထပ်လို့ ရတာပဲ။ သူ စိတ်လွတ်သွားတာနဲ့ ဘယ်လျှို့ဝှက်ချက်ကိုမှ ဖော်ထုတ်နိုင်မှာ မဟုတ်တော့ဘူး။”
ဆိုဟန်ရီ ရင်လေးသွား၏။ ဆိုနင်ပင်းသည် သူ အချစ်ရဆုံး မိန်းကလေး ဖြစ်သည်။ ထိုမိန်းကလေးကို ဒုက္ခိတဖြစ်အောင် လုပ်ရမည်လော။ အသက်ရှင်လျက် အလောင်းကောင်အဖြစ် ပြောင်းလဲပစ်ရမည်လော။ သူ မလုပ်ရက်နိုင်ပေ။
ကျိနင်က မျက်မှောင်ကြုတ်လိုက်သည်။ “ရှင့်မှာ တခြား ရွေးချယ်စရာ မရှိဘူး။”
ဆိုဟန်ရီက အံကြိတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ခွေးကောင် ဆိုလွန်ရဲ့ တောင်းဆိုချက်လေး တစ်ခုကြောင့်ပဲလား။”
ကျိနင်က ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ ရှင်သာ မျက်နှာဖုံး ချွတ်လိုက်ရင် အခြေအနေတွေက အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ်လို့ ငါ ထင်လို့ပဲ။”
ဆိုဟန်ရီ မလှုပ်မယှက် ရပ်နေသည်ကို မြင်သည့်အခါ ကျိနင်က အေးစက်စွာ ပြောလိုက်၏။ “အခုချက်ချင်း လုပ်လိုက်။ ပြီးရင် တောင်ထိပ်ပေါ်က လူတိုင်းကို သတ်ပစ်ပြီး ဆိုနင်ပင်းကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်။ ရှင့်အတွက် ပျော်ပါးဖို့ သူ့ရဲ့ လှပတဲ့ မျက်နှာလေးနဲ့ ကျောက်စိမ်းလေးလို ခန္ဓာကိုယ်က ရှိနေဦးမှာပဲ... ပြီးရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်။”
ဆိုဟန်ရီက အသက်ပြင်းပြင်း ရှူလိုက်ရာ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
ထိုစဉ် တောင်ထိပ်ပေါ်၌ ဆိုနင်ပင်း ၊ ရဲ့ကျင်းယွီ ၊ ဆိုမုနှင့် မိသားစုစစ်သည်များ အားလုံးက သူ့ကို စိုက်ကြည့်နေကြ၏။
ဆိုဟန်ရီက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မျက်နှာဖုံးကို ခက်ထန်စွာ ဆွဲခွာလိုက်ရာ ခန့်ညားသည့် စစ်သည်တစ်ဦးနှင့်တူသော မျက်နှာ ပေါ်ထွက်လာသည်။
ချက်ချင်းပင် တောင်ပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။
ဆိုနင်ပင်း ၊ ဆိုမုနှင့် မိသားစုစစ်သည်များ အားလုံးမှာ သူတို့ မြင်တွေ့နေရသည့် အရာကို မယုံနိုင်ဘဲ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အေးခဲသွားကြသည်။ သူတို့ အားထားရသည့် စံပြပုဂ္ဂိုလ်ကြီးက တကယ်ကြီး သစ္စာဖောက်သွားလေပြီ။
ရှိနေသည့် မိသားစုစစ်သည်များမှာ ရင်ထဲ၌ ပြင်းထန်စွာ စုတ်ဖြဲခံရသော နာကျင်မှုကို ခံစားလိုက်ရ၏။ ဆိုဟန်ရီသည် သူတို့၏ စံပြပုဂ္ဂိုလ် ၊ သူတို့၏ မဏ္ဍိုင်ကြီး ဖြစ်သည်။ သို့သော် ယခုအခါ ထိုမဏ္ဍိုင်ကြီးက လုံးဝ ပြိုကျသွားလေပြီ။
ဤသည်က မည်သို်လုပ်ပြီး ဖြစ်နိုင်မည်နည်း။ မည်သို့လုပ်ပြီး ဤသို့ ဖြစ်ရသနည်း။
သခင်ကြီး ဆိုဟန်ရီ တကယ် သစ္စာဖောက်လိမ့်မည်ဟု ယုံရမည့်အစား သူတို့ သေလိုက်ချင်ကြ၏။ သို့သော်လည်း ခါးသီးသည့် အမှန်တရားမှာ မျက်စိရှေ့၌ ရှိနေသည်။
တစ်ဖက်၌မူ ဆိုနင်ပင်းမှာ အစပိုင်း၌ အံ့အားသင့်သွားပြီးနောက် အလျင်အမြန် တည်ငြိမ်သွား၏။ ရင်ထဲ နက်နက်ရှိုင်းရှိုင်း၌ သေးငယ်သည့် ဝမ်းမြောက်မှုလေး တစ်ခုကိုပင် ခံစားလိုက်ရသည်။
ဆိုလွန် မှန်ကန်နေပြီး တခြားလူအားလုံး မှားယွင်းနေသည့်အတွက် ဝမ်းသာနေခြင်း ဖြစ်၏။ ထိုအခိုက် သူမ မည်မျှအထိ ဘက်လိုက်မိသလဲ ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ ဆိုလွန်နှင့် ယှဉ်လိုက်ပါက နှလုံးသားထဲရှိ ဆိုဟန်ရီ၏ နေရာသည် လုံးဝ တန်ဖိုးမရှိပေ။
မိသားစုစစ်သည်များ၏ ခေါင်းဆောင် ဆိုမုကမူ ဖြစ်ပျက်နေသည်ကို မယုံနိုင်သေးပေ။ တုန်ယင်နေသည့် အသံဖြင့် မေးလိုက်၏။ “သခင်ကြီး ဆိုဟန်ရီ... သခင်ကြီးက ဆိုမိသားစုကို တကယ်ကြီး သစ္စာဖောက်လိုက်တာလား။ ကျွန်တော်တို့ကို တကယ်ကြီး သတ်တော့မှာလား။”
အပိုင်း ၁၄၇ + ၁၄၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team