← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) - ဓားခုတ်ကောင် (၁)

ကွေ့လိသည် သူ့ကို အကဲခတ်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်ကာ ပြောလိုက်၏။

“စွန့်ပစ်ချောက်ကမ်းပါးကိစ္စပြီးကတည်းက မင်းက ငါ့ကို နောက်တစ်ကြိမ် အံ့ဩအောင် လုပ်လိုက်ပြန်ပြီပဲ”

“...မင်းက ဒီလိုမျိုး သူရဲကောင်းဆန်ဆန် မိန်းမလှလေးကို ကယ်တင်တဲ့အလုပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ထားမိဘူး”

ခွေးရိုင်းတာအိုဆရာမှာ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိ၏။ သူ သတိပြန်ဝင်လာချိန်တွင်မူ ကွေ့လိနှင့် ရှောင်ဟွေ့မှာ ရှေ့မှ မြူနှင်းများကြားထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။

ခွေးရိုင်းတာအိုဆရာသည် ထိုလမ်းဘက်သို့ ကြည့်ကာ ဒေါသတကြီး ခုန်ပေါက်လျက် မြေပြင်ကို ဆောင့်နင်းကာ ပြောလိုက်သည်။

“တောက်... မင်းတို့အဖေ ငါက တစ်သက်လုံး လူဆိုးလုပ်လာတာ... ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး... ပြီးတော့ ဟိုမိန်းကလေးက မိန်းမလှလေးလို့ ပြောလို့ရလား... ဟင်”

ခွေးရိုင်းတာအိုဆရာသည် ခေါင်းကို ကုတ်လျက် မျက်မှောင်ကြုတ်ကာ ရပ်နေ၏။ အတော်ကြာမှ တီးတိုးရေရွတ်ကာ ပြောလိုက်သည်။

“တကယ်တော့ အဲဒီမိန်းကလေးက ကြည့်လို့ကောင်းသားပဲ”

ဤသို့ ပြောလိုက်ပြီးနောက် ခွေးရိုင်းတာအိုဆရာသည် အံ့ဩသွားပြီး ခေါင်းကို အပြင်းအထန် ခါယမ်းကာ ဆဲဆိုလိုက်လေသည်။

ထို့နောက် ရှေ့သို့ ပျောက်ကွယ်သွားသော ကွေ့လိကို မီရန် ခြေလှမ်းကျဲကြီးများဖြင့် လိုက်သွားရာ မကြာမီမှာပင် ထူထပ်လာသော ညမှောင်ရီကြားတွင် ပျောက်ကွယ်သွားတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ကောင်းကင်မှာ တဖြည်းဖြည်း မှောင်အတိ ကျလာချေပြီ။ အမှောင်ထုသည် အရာရာကို ဝါးမြိုရန် ဖြည်းညင်းစွာ ကျရောက်လာလေသည်။

သေမင်းနွံတော၏ အခြားတစ်ဖက်တွင်မူ...

မိစ္ဆာဂိုဏ်းမှ ချန်ရှန်းခန်းမ၏ ခေါင်းဆောင် ယွီရန်ဇီသည် ဝတ်ရုံဖြူကို ဆင်မြန်းလျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်နေ၏။

စိမ့်တော၏ ညလေညင်းမှာ တိုက်ခတ်နေသဖြင့် သူ၏ဝတ်ရုံစများမှာ လွင့်ပျံနေလေသည်။ သူ၏ အရှိန်အဝါမှာ နတ်ဘုရားတစ်ပါးနှယ် ခန့်ညားလှပေသည်။

သို့သော် သူ၏ ဘယ်ဘက်လက်နေရာတွင် ဟာလာဟင်းလင်း ဖြစ်နေသော ဝတ်ရုံလက်စမှာမူ ရှင်းမပြတတ်သော ဟာသတစ်ခုကဲ့သို့ ဖြစ်နေ၏။

ချင်းယွင်တောင် တိုက်ပွဲတွင် သူသည် ကမ္ဘာပေါ်တွင် အထူးခြားဆုံးဓားဖြစ်သော ကျူးရှန်းဓား၏ ဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

ညလေမှာ အေးစိမ့်နေပြီး လေထုထဲတွင် စောစောက ရွာထားသော မိုးကြောင့် စိုထိုင်းဆများ ကျန်ရှိနေသေး၏။ အမှောင်ထုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော်လည်း သူ၏ ပုံရိပ်မှာမူ ထင်ထင်ရှားရှား ရှိနေလေသည်။

သူ၏ နောက်ကွယ်ရှိ အမှောင်ထုထဲတွင်မူ အသက်ရှူသံအချို့ကို သဲ့သဲ့ကြားနေရ၏။ ထိုသူများမှာ သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြသော ဂိုဏ်းသားများပင် ဖြစ်သည်။

မိစ္ဆာဂိုဏ်း၏ ချန်ရှန်းခန်းမမှာ လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က စတင်ကျော်ကြားခဲ့ခြင်း ဖြစ်ပြီး ယခု ယွီရန်ဇီ လက်ထက်တွင်မူ သတ္တမမြောက် မျိုးဆက်သို့ ရောက်ရှိနေဖြစ်သည်။

၎င်းတို့သည် ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့သော်လည်း ဤခမ်းနားမှု၏ နောက်ကွယ်တွင် ချန်ရှန်းခန်းမ ရင်ဆိုင်နေရသော အန္တရာယ်ကို ယွီရန်ဇီထက် ပိုသိသူမရှိချေ။

ဆက်ခံမည့်သူ မရှိခြင်းပင်။

လွန်ခဲ့သော ဆယ်နှစ်က ချင်းယွင်တိုက်ပွဲတွင် ယွီရန်ဇီသည် အခြားသော အင်အားကြီး မိစ္ဆာဂိုဏ်းခွဲ သုံးခု၏ ရွေးချယ်မှုဖြင့် ခေါင်းဆောင်ဖြစ်ခဲ့သည်။

ထိုအချိန်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း ချန်ရှန်းခန်းမ၏ အကျော်ကြားဆုံး အချိန်ပင် ဖြစ်၏။ ယွီရန်ဇီမှာလည်း မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေခဲ့သည်။

ထို့အပြင် သူ့ထံတွင် နှစ်ပေါင်းရာချီ ပျိုးထောင်ထားသော ထူးချွန်ထက်မြက်သည့် တပည့်ရင်း အများအပြားလည်း ရှိခဲ့သေး၏။

ထိုစဉ်က ယွီရန်ဇီသည် ဤလောကတွင် သူ့ကို တားဆီးနိုင်မည့်အရာ မရှိတော့ဟု ထင်မှတ်ခဲ့သည်။ တစ်ချက်တည်းနှင့်ပင် ချင်းယွင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ယုံကြည်ခဲ့၏။

သူ၏ စွမ်းဆောင်ရည်နှင့် တပည့်များ၏ အစွမ်းကြောင့် နောက်ထပ် နှစ်ပေါင်းရှစ်ရာတွင် ချန်ရှန်းခန်းမသည် ဒုတိယမြောက် သွေးသန့်စင်ဂိုဏ်း ဖြစ်လာမည်ဖြစ်ပြီး သူကိုယ်တိုင်မှာလည်း ဒုတိယမြောက် ဟေရှင်းအဘိုးအို ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့လေသည်။

သို့သော် ထိုခမ်းနားသော အိမ်မက်များအားလုံးမှာ ချင်းယွင်တောင်ပေါ်ရှိ ကျူးရှန်းဓားအောက်တွင် ရေပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားခဲ့ရ၏။

သူကိုယ်တိုင် ကျူးရှန်းဓားဝင်္ကပါအတွင်း၌ ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး စွမ်းအားများလည်း များစွာ လျော့ပါးသွားခဲ့ရသည်။

ချန်ရှန်းခန်းမမှာ ရှေ့တန်းမှ တိုက်စစ်ဆင်ခဲ့ရသဖြင့် သူ၏ ထူးချွန်သော တပည့်များမှာလည်း ရှေ့တန်း၌ပင် သေကျေခဲ့ရလေသည်။

ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များနှင့် တိုက်ခိုက်ရာတွင် ဂိုဏ်းသားတစ်ဝက်ခန့် သေဆုံးခဲ့ပြီး ကျူးရှန်းဓားဝင်္ကပါ စတင်ချိန်တွင်မူ ကျန်ရှိနေသော တပည့်များမှာလည်း အတုံးအရုံး ကျဆုံးခဲ့ရပြန်သည်။

အနည်းငယ်မျှသော သူများသာ လွတ်မြောက်ခဲ့ပြီး တစ်ဂိုဏ်းလုံးမှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရ၏။

ဤလောကတွင် အရာရာကို အလွယ်တကူ ရနိုင်သော်လည်း အရည်အချင်းရှိသူကို ရရှိရန်မှာမူ အခက်ခဲဆုံး ဖြစ်သည်။ အထူးသဖြင့် မိမိကိုယ်တိုင် ပျိုးထောင်ထားပြီး ယုံကြည်စိတ်ချရသော သူမျိုးဖြစ်သည်။

ဤဆယ်နှစ်အတွင်း ယွီရန်ဇီသည် အစွမ်းကုန် ကြိုးစားခဲ့သဖြင့် ချန်ရှန်းခန်းမမှာ တဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့သော်လည်း သူ၏ စိတ်ထဲတွင်မူ အရိပ်မည်းကြီးမှာ ပိုမိုကြီးထွားလာခဲ့သည်။

ချင်းယွင်တိုက်ပွဲမှာ ချန်ရှန်းခန်းမ၏ အဓိကအင်အားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ယွီရန်ဇီသာ အစွမ်းမထက်ခဲ့လျှင် သူ၏ဂိုဏ်းကို ချောင်းမြောင်းနေသော ရန်သူများကို နှိမ်နင်းနိုင်ခဲ့မည် မဟုတ်ချေ။

အထူးသဖြင့် လွန်ခဲ့သော ခုနစ်နှစ်က သူသည် တပည့်များ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ ဂိုဏ်းဌာနချုပ်ကို အခြားအင်အားကြီး သုံးဂိုဏ်းနှင့် ဝေးရာ ဤသေမင်းနွံတောသို့ အတင်းအကျပ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။

သို့သော် လွန်ခဲ့သော တစ်လခန့်က မိစ္ဆာဂိုဏ်းအတွင်း အားပြိုင်မှုများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နောက်ဆုံး ကျန်ရှိနေသော သွေးသန့်စင်ဂိုဏ်းမှာလည်း သရဲဘုရင်ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ကာ အားလုံးမှာ ကိုယ့်နေရာကိုယ် ယူထားကြပြီ ဖြစ်သည်။

တဒင်္ဂ တိတ်ဆိတ်သွားသော ငြိမ်းချမ်းမှုအပြီးတွင် နောက်ထပ် ပြင်းထန်သော တိုက်ပွဲကြီးမှာ အင်အားကြီး လေးဂိုဏ်းအကြား မကြာမီဖြစ်ပွားတော့မည်ဟု ယွီရန်ဇီ ခံစားနေရ၏။

အမှန်စင်စစ် မိစ္ဆာဂိုဏ်းသားများ၏ စိတ်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာက မိစ္ဆာဂိုဏ်းကို စုစည်းပြီး တစ်လောကလုံးကို သိမ်းပိုက်ခဲ့သော ဟေရှင်းအဘိုးအို၏ ပုံရိပ်မှာ ထာဝရ ဒဏ္ဍာရီတစ်ခု ဖြစ်နေဆဲပင်။

သို့သော် ဒဏ္ဍာရီမှာ ဒဏ္ဍာရီသာ ဖြစ်သည်။ ယခုအချိန်တွင် ချန်ရှန်းခန်းမနှင့် ယွီရန်ဇီအတွက် အခြေအနေမှာ အလွန်တရာ ဆိုးရွားနေ၏။

၎င်းတို့၏ အင်အားမှာ အကန့်အသတ် ရှိနေသဖြင့် အခြားဂိုဏ်းငယ်များကို သိမ်းပိုက်ရာတွင် ဝင်မပါနိုင်ခဲ့ချေ။

ထို့ကြောင့်ပင် အခြားအင်အားကြီး သုံးဂိုဏ်းနှင့် ၎င်းတို့အကြား ခြားနားချက်မှာ ပိုမိုကြီးမားလာခဲ့သည်။ ဤကိစ္စမှာ ယွီရန်ဇီ၏ စိတ်ကို လေးလံစေပြီး အိပ်မပျော်နိုင်အောင် ဖြစ်နေရ၏။

ထိုစဉ်မှာပင် ကောင်းကင်က မျက်နှာသာပေးသကဲ့သို့ ချန်ရှန်းခန်းမ အနီးရှိ သေမင်းနွံတောအတွင်း၌ ရတနာတစ်ခု ပေါ်ထွန်းမည့် နိမိတ်များ ပြလာလေသည်။

ယွီရန်ဇီမှာ အတိုင်းမသိ ဝမ်းသာသွား၏။ အကယ်၍သာ ချင်းယွင်ဂိုဏ်း၏ ကျူးရှန်းဓားကဲ့သို့ ရတနာမျိုးကို ရရှိခဲ့လျှင် ချန်ရှန်းခန်းမ၏ ရှင်သန်မှုမှာ ပြဿနာရှိတော့မည် မဟုတ်ဘဲ နယ်မြေချဲ့ထွင်ရန် အခွင့်အလမ်းများပင် ရလာနိုင်ချေရှိသည်။

ထို့ကြောင့်ပင် ချန်ရှန်းခန်းမသည် ဤစိမ့်တောအတွင်းရှိ ရတနာကို ၎င်းတို့ပိုင်ဆိုင်သည့်အရာဟု သတ်မှတ်ထားပြီး အခြားသူများကို အဝင်မခံတော့ချေ။

သို့သော် သတင်းမှာ ပေါက်ကြားသွားခဲ့သဖြင့် ရက်ပိုင်းအတွင်းမှာပင် လောကတစ်ခုလုံးကို လှုပ်ခတ်သွားစေကာ လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းမှ ပညာရှင်များ တစ်ဦးပြီးတစ်ဦး စိမ့်တောအတွင်းသို့ စုပြုံရောက်ရှိလာကြလေသည်။

ယွီရန်ဇီမှာ ထိတ်လန့်ဒေါသထွက်ခဲ့ရသော်လည်း ယခုမူ နောက်ဆုတ်၍ မရတော့ချေ။

ထို့ကြောင့် ချန်ရှန်းခန်းမ၏ အင်အားအားလုံးကို စိမ့်တောအတွင်းသို့ ဖြန့်ကြက်ထားပြီး တစ်ဖက်မှ ရတနာကို ရှာဖွေကာ တစ်ဖက်မှလည်း ကျူးကျော်လာသူများကို သတ်ဖြတ်ရန် အမိန့်ပေးထား၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချန်ရှန်းခန်းမ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူများမှာ ဒါဇင်နှင့်ချီရှိနေပြီး ၎င်းတို့ထဲတွင် လမ်းမှန်ဂိုဏ်းသားများသာမက အခြားမိစ္ဆာဂိုဏ်းခွဲများမှ တပည့်များလည်း ပါဝင်လေသည်။

မိမိဂိုဏ်း ရှင်သန်ရေးအတွက် ယွီရန်ဇီမှာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။

ယနေ့ညတွင် ယွီရန်ဇီသည် ဂိုဏ်းသားများထံမှ လျှို့ဝှက်သတင်းတစ်ခုကို လက်ခံရရှိခဲ့၏။ လမ်းမှန်ဂိုဏ်းသား တစ်စုမှာ စိမ့်တောအစပ်ရှိ ချောက်ကြီးအနီးတွင် စခန်းချနေပြီး ထိုနေရာ၌ ညအိပ်ရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

ကင်းထောက်များထံမှ သတင်းများ တရစပ်ရောက်ရှိလာပြီးနောက် ယွီရန်ဇီ၏ မျက်နှာမှာ ပိုမိုအေးစက်လာလေသည်။ ထိုသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း သူ ကောင်းကောင်း သိနေ၏။

၎င်းတို့မှာ ချင်းယွင်ဂိုဏ်း၏ လူငယ်ထူးချွန်တပည့်များ ဖြစ်ကြသည်။

အစပိုင်းတွင် ဒါဇင်ဝန်းကျင်သာ ရှိသော်လည်း နောက်ပိုင်းတွင် ဖန်ရှန်းတောင်ကြားနှင့် ထျန်းယင်းကျောင်းတော်မှ လူများပါ ရောက်ရှိလာသဖြင့် အရေအတွက်မှာ အလွန်များပြားလာလေသည်။

ယွီရန်ဇီသည် မျက်မှောင်ကြုတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ အဝေးသို့ လှမ်းကြည့်နေ၏။

အတော်ကြာမှ နောက်ကွယ်ရှိ အမှောင်ထုထဲမှ ခြေသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ပိန်ပါးပြီး ထက်မြက်ပုံရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးမှာ ယွီရန်ဇီအနားသို့ လျှောက်လာ၏။

ယွီရန်ဇီသည် ချက်ချင်း လှည့်ကြည့်လိုက်လေရာ ဤသူမှာ အဆင့်အတန်း မြင့်မားသူဖြစ်ကြောင်း သိသာလှပေသည်။

ထိုသူမှာ မုန့်ကျိ ဖြစ်ပြီး ယွီရန်ဇီ၏ ထူးချွန်သော တပည့်တစ်ဦး ဖြစ်သည်။ သူသည် ချင်းယွင်တိုက်ပွဲမှ လွတ်မြောက်လာခဲ့သည့် အနည်းငယ်သော သူများထဲမှ တစ်ဦးဖြစ်သဖြင့် ယွီရန်ဇီ၏ အယုံကြည်ရဆုံးသူလည်း ဖြစ်၏။

ယွီရန်ဇီ ဆုံးဖြတ်ချက် မချနိုင်ဘဲ စောင့်ဆိုင်းနေခြင်းမှာလည်း ဤသူ ပြန်လာသည်ကို စောင့်နေခြင်းပင်။

မုန့်ကျိမှာ ဦးညွှတ်လိုက်သော်လည်း ယွီရန်ဇီက ခေါင်းယမ်းပြကာ ပြောလိုက်သည်။

“ထားလိုက်ပါ... ထုံးတမ်းစဥ်လာတွေ လုပ်မနေနဲ့တော့... ဘယ်လိုလဲ”

ဤမေးခွန်းမှာ ရုတ်တရက်ဆန်သော်လည်း မုန့်ကျိက ယွီရန်ဇီ ဆိုလိုသည်ကို ကောင်းစွာ သိနေ၏။ သူက တိုးတိုးလေး ပြန်ဖြေလေသည်။

“တပည့်တော် လူတွေကိုခေါ်ပြီး နွံတောရဲ့ အခြားတစ်ဖက်က ရေနက်မြောင်းနဲ့ မြင်းဖြူမြစ်တလျှောက်ကို ရှာဖွေခဲ့ပါတယ်...”

“ဒါပေမဲ့ သရဲဘုရင်ဂိုဏ်း၊ ဝမ်တုမျိုးနွယ်စုနဲ့ ဟေဟွမ်းဂိုဏ်းတို့ အလုံးအရင်းနဲ့ ရောက်လာတဲ့ အရိပ်အယောင် မတွေ့ရပါဘူး... အောက်ခြေအဆင့် ဂိုဏ်းသားတချို့ပဲ တွေ့ရလို့ ရှင်းပစ်လိုက်ပါပြီ”

All Chapters