← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) - ကျူးချွဲ (၁)

မှောင်မိုက်သော ညအမှောင်ထုထဲတွင် မထင်မှတ်ထားသော ဖြစ်ရပ်ဆိုးကြီးက ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်ရာ သက်ရှည်ခန်းမမှ လူများသည် သတိမမူမိကြသဖြင့် အချိန်မီတုံ့ပြန်နိုင်စွမ်း မရှိကြချေ။

ထိုမျက်စိတစ်မှိတ်အတွင်းမှာပင် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသော လမ်းမှန်ဂိုဏ်းသားများမှာ မိမိတို့၏ အသက်ကို ပဓာနမထားဘဲ လက်နက်များကို အသီးသီး ထုတ်ဖော်ကာ ခုန်အုပ် တိုက်ခိုက်ကြတော့သည်။

ကြိုတင်ပြင်ဆင်မှုမရှိသော ရန်သူကို အလစ်အငိုက် ဖမ်းယူတိုက်ခိုက်ခြင်းဖြစ်ရာ လမ်းမှန်ဂိုဏ်းသားများအတွက် အားသာချက်က အလွန်ပင် ကြီးမားလှပေသည်။

ထို့ပြင် ဤနေရာသို့ ရောက်ရှိလာသော လမ်းမှန်ဂိုဏ်းတပည့်များမှာ ဂိုဏ်းကြီးများ၏ ထူးချွန်ထက်မြက်သော ဆက်ခံသူများ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့၏ ကျင့်စဉ်အဆင့်မှာ ယွီယန်ဇီကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များကို မယှဉ်နိုင်သော်လည်း သာမန်ဂိုဏ်းသားများထက် များစွာသာလွန်နေလေသည်။

ထိုအခိုက်အတန့်မှာ ဆိတ်အုပ်ထဲသို့ ကျားတစ်ကောင် ဝင်လာသကဲ့သို့ပင်။ လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့မှာ တစ်ဦးနှင့်တစ်ဦး ရန်သူကဲ့သို့ သဘောထားခဲ့ကြရာ တိုက်ခိုက်ချိန်တွင် လက်တွန့်နေခြင်း အလျဉ်းမရှိကြချေ။

ညအမှောင်ထဲတွင် အလင်းတန်းမျိုးစုံက ရူးသွပ်စွာ တောက်ပနေပြီး အော်ဟစ်ငိုကြွေးသံများလည်း မပြတ်တမ်း ကြားနေရသည်။

သွေးညှီနံ့များမှာလည်း သေမင်းနွံတောအတွင်းသို့ ချက်ချင်းပင် ပျံ့လွင့်လာလေသည်။

ထိုအလင်းတန်းများထဲတွင် အနီးဆုံးရှိနေသော အလင်းတန်းမှာ စူးရှတောက်ပသော ကျောက်စိမ်းရောင် အလင်းတန်းပင် ဖြစ်၏။

၎င်းမှာ ချင်းယွင်ဂိုဏ်း လုံရှို့တောင်ထိပ်မှ တပည့်ဖြစ်သူ လင်းကျင်းယွီ၏ ကျန့်လုံဓားပင် ဖြစ်ပေသည်။

ယခင်က မိမိ၏ စွမ်းရည်ကို ထုတ်မပြခဲ့ဖူးသော ဤလူငယ်မှာ ယခုအခါတွင် ထင်ရှားသော ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။

ကျန့်လုံဓားက မိုးကြိုးသံကဲ့သို့ စူးရှသော မြည်သံကို ပေးလိုက်ကာ ကျောက်စိမ်းရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ပေါက်ကွဲထွက်သွားပြီး ၎င်း၏သခင်ကို အလင်းရောင်များဖြင့် လွှမ်းခြုံထားလေသည်။

သူသည် မဆိုင်းမတွပင် သက်ရှည်ခန်းမအဖွဲ့ထဲသို့ တိုးဝင်တိုက်ခိုက်တော့သည်။

၎င်းမှာ ညအမှောင်ထဲတွင် အလှပဆုံးသော အလင်းတန်းတစ်ခု ဖြစ်ပေသည်။

သူ၏မျက်လုံးများက အေးစက်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ စိတ်အားထက်သန်မှုများ လောင်မြိုက်နေကာ အေးစက်သော ဓားအလင်းအောက်တွင် ရန်သူ၏ သွေးကို သောက်သုံးရန် ဆာလောင်နေသကဲ့သို့ ရှိနေသည်။

ရှေ့ဆုံးရှိ သက်ရှည်ခန်းမမှ တပည့်အချို့မှာ ကျောက်စိမ်းရောင်အလင်းတန်း ဖြတ်သန်းသွားပြီးနောက် သွေးမိုးများအဖြစ် ပြောင်းလဲသွားကြလေသည်။

လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြေးဝင်လာကြသည်။

သို့သော် လင်းကျင်းယွီမှာ မိမိ၏ နောက်ကျောမှ တိုက်ခိုက်လာသူများကို ဂရုမစိုက်ဘဲ ရှေ့သို့ကြည့်ကာ လူအထူထပ်ဆုံး နေရာသို့ တိုးဝင်ပြီး လမ်းတွင်တွေ့သမျှကို သတ်ဖြတ်နေသဖြင့် သူ့ကို တားဆီးနိုင်သူ မရှိချေ။

သူသွားရာလမ်းတစ်လျှောက် သွေးများနှင့် အသားစများက ဖွာလန်ကြဲနေတော့သည်။

ကျန်ရှိသော လမ်းမှန်ဂိုဏ်းတပည့်များကလည်း ခဏအကြာတွင် မှီလာကြပြီး လက်နက်များဖြင့် သက်ရှည်ခန်းမမှ လူများကို အနီးကပ် တိုက်ခိုက်ကြလေသည်။

ရှုပ်ထွေးလှသော တိုက်ပွဲအတွင်း လင်းကျင်းယွီ၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားရသော ရှောင်ယိချိုင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“ဂျူနီယာညီလေးလင်း သတိထား”

သို့သော် လင်းကျင်းယွီမှာ မည်သူ၏ သတိပေးချက်ကိုမျှ နားမထောင်နိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သူသည် လုံရှို့တောင်ထိပ်၌ ပညာသင်ကြားနေသော လူငယ်လေးနှင့် လုံးဝခြားနားနေပြီ ဖြစ်သည်။

လက်ထဲတွင် ကျန့်လုံဓားကို ကိုင်ဆွဲထားကာ သူ၏ ခန္ဓာကိုယ်မှာ မိစ္ဆာများကို သတ်ဖြတ်သည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲနေပေသည်။

သက်ရှည်ခန်းမမှ လူအများအပြားက ဝိုင်းရံထားသော်လည်း သူကမူ နောက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ချေ။

ကျန့်လုံဓားမှာ ညအမှောင်ထဲတွင် ဝင်းလက်လှုပ်ရှားနေပြီး သွေးအမြောက်အမြား ပန်းထွက်လာကာ သူ၏ ဝတ်ရုံကို စွန်းထင်းသွားစေသည်။

အဆုံးတွင်မူ သက်ရှည်ခန်းမမှ လူများက သူ့နောက်သို့ လိုက်လံတိုက်ခိုက်နေကြသော်လည်း သူ၏ လမ်းကိုမူ မည်သူမျှ မပိတ်ရဲကြချေ။

လူတိုင်းမှာ အသက်လုကာ ထွက်ပြေးနေကြပြီး ဤရူးသွပ်နေသော မိစ္ဆာကောင်နှင့် ရင်မဆိုင်ရဲကြတော့ပေ။

ထိုအချိန်တွင် မှောင်မိုက်သော အနက်ရှိုင်းဆုံးနေရာမှ စူးရှသော အသံတစ်သံ ကြားလိုက်ရပြီး အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ အဝိုင်းပုံစံ လက်နက်တစ်ခုက ကောင်းကင်ယံမှ အလွန်မြန်သော အရှိန်ဖြင့် လည်ပတ်ဆင်းသက်လာပြီး လင်းကျင်းယွီ၏ ဦးခေါင်းကို ဦးတည်လိုက်သည်။

လင်းကျင်းယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လေထဲတွင် ဝဲပျံကာ ရန်သူများကို တိုက်ခိုက်နေသော ကျန့်လုံဓားက ချက်ချင်းပင် နောက်သို့ ပျံဝဲလာသည်။

သူက ဓားကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲကာ ကောင်းကင်ယံသို့ ထိုးတင်လိုက်ရာ ကျောက်စိမ်းရောင်အလင်းတန်းများမှာ တမဟုတ်ချင်း ကြီးမားလာပြီး လေထဲသို့ ခုန်တက်သွားသည်။

မထင်မှတ်ဘဲ ထိုအဝိုင်းပြားမှာ ပို၍ပင် စွမ်းအားကြီးမားလာကာ အဖြူနှင့် အနက်ရောင် အလင်းတန်းများ လင်းလက်လာပြီး တောက်ပသော ကျောက်စိမ်းရောင်အလင်းတန်းကို အတင်းအကျပ် ဖိနှိပ်လိုက်လေသည်။

လင်းကျင်းယွီ၏ မျက်နှာမှာ ပထမဆုံးအကြိမ်အဖြစ် ဖြူဖျော့သွားရသည်။ သက်ရှည်ခန်းမမှ ထိပ်သီးပညာရှင်တစ်ဦး ပေါ်ထွက်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ဤလက်နက်မှာ သာမန်ဟု ထင်ရသော်လည်း ကျန့်လုံဓား၏ ဓားအလင်းများကို လုံးဝဂရုမစိုက်ဘဲ အလွန်ပြင်းထန်သော ဖိအားများဖြင့် အောက်သို့ အရှိန်အဟုန်ဖြင့် ဖိချလာသည်။

ထိုအဝိုင်းပြားမှ ဖိအားများ တိုးလာသည်နှင့်အမျှ လင်းကျင်းယွီ၏ မျက်နှာမှာ ပို၍ပို၍ ဖြူဖျော့လာသည်။ ရုတ်တရက် သူက ဟိန်းဟောက်လိုက်ပြီး နောက်သို့ ခုန်ထွက်သွားလေသည်။

ခဏချင်းမှာပင် ထိုအဝိုင်းပြားက အရှိန်အဟုန်ဖြင့် ကျဆင်းလာကာ သူ အစောက ရပ်နေခဲ့သည့် နေရာတွင် တစ်လံခန့် ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်သွားစေသည်။

ဤတိုက်ခိုက်မှု၏ ရက်စက်ပုံမှာ ထိုသူ၏ အလွန်အမင်း ဒေါသထွက်နေမှုကို ပြသနေပေသည်။

လင်းကျင်းယွီ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားရာ နောက်ကွယ်ရှိ ချင်းယွင်ဂိုဏ်းတပည့်များက ဝင်ရောက်ဖမ်းယူရန် ကြိုးစားကြသော်လည်း လင်းကျင်းယွီမှာ သက်ရှည်ခန်းမလူအုပ်ထဲသို့ မဆင်မခြင် တိုးဝင်ခဲ့သဖြင့် သူ၏ ပတ်ပတ်လည်တွင် ရန်သူများသာ ရှိနေသည်။

သူ ကောင်းကောင်း မရပ်နိုင်မီမှာပင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ထက်ရှသော ဓားအသွား သုံးလေးလက်က သူ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်ကြသည်။

သွေးပူပူများမှာ စိမ့်စမ်းရေကဲ့သို့ ပန်းထွက်လာကာ သူ၏ ဝတ်ရုံကို နီရဲသွားစေသည်။ လင်းကျင်းယွီ၏ မျက်တောင်များမှာ တုန်လှုပ်သွားသော်လည်း သူ၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် နောက်ဆုတ်လိုခြင်း အလျဉ်းမရှိချေ။

သွေးစွန်းနေသော ကျန့်လုံဓားမှာ ပို၍တောက်ပလာကာ သူ၏ ခန္ဓာကိုယ်ကို လည်ပတ်နေပြီး ချက်ချင်းပင် အော်ဟစ်သံများ ကြားလိုက်ရသည်။

သက်ရှည်ခန်းမှ တပည့် သုံးလေးယောက်မှာ လက်ခြေများ ပြတ်တောက်ကာ သွေးများ အန်ထုတ်ပြီး နောက်သို့ လဲကျသွားကြသည်။ သူတို့မှာ အသက်ရှင်နိုင်မည့်ပုံ မရှိတော့ချေ။

ဤလူငယ်လေးတွင် ထိုမျှလောက်သော သတ္တိမျိုး ရှိသည်ကို လူတိုင်း မြင်တွေ့လိုက်ရသဖြင့် ခဏတာ မှင်တက်သွားကြရသည်။

မကြာမီ လမ်းမှန်ဂိုဏ်းသားများက ပြေးဝင်လာကြရာ သက်ရှည်ခန်းမ တပည့်များမှာ ဆက်လက် မတိုက်ခိုက်ရဲဘဲ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

လင်းကျင်းယွီ တိုက်ခိုက်ခံရသည့် နေရာတွင် ယွီယန်ဇီက ဖြည်းညှင်းစွာ ပေါ်ထွက်လာလေသည်။

သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး သူ၏ ပုံမှန်မြင့်မြတ်သော အသွင်အပြင်မှာ မည်သည့်နေရာသို့ ရောက်သွားသည် မသိတော့ချေ။

ဤအချိန်တွင် တိုက်ပွဲများမှာ တဖြည်းဖြည်း ရပ်တန့်သွားသည်။ သက်ရှည်ခန်းမ တပည့်များက ယွီယန်ဇီ၏ နောက်ကွယ်တွင် ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြပြီး လမ်းမှန်ဂိုဏ်းမှ လူငယ်တပည့်များကလည်း စုစည်းမိသွားကြသည်။

ရှောင်ယိချိုင်၊ ဖာရှန်း၊ လီရွှင်းတို့က ရှေ့ဆုံးတွင် ရပ်နေကြသည်။ ရှောင်ကျူးတောင်ထိပ်မှ ဝမ်မင်က လျှောက်လာပြီး လင်းကျင်းယွီ၏ ဒဏ်ရာများကို ပတ်တီးစီးကာ သွေးတိတ်အောင် ကူညီပေးလေသည်။ တစ်ချိန်တည်းမှာပင် သူမက တီးတိုး ပြောလိုက်လေသည်။

“မင်းကတော့လေ လူငယ်ဖြစ်ပြီး ဘာလို့ ကိုယ့်အသက်ကို တန်ဖိုးမထားရတာလဲ”

လင်းကျင်းယွီမှာ ဝမ်မင်ကို ထုံထျန်းတောင်ထိပ်တွင် အနည်းငယ်မျှသာ မြင်တွေ့ဖူးခဲ့ရာ သူမ၏ ရုတ်တရက်ဂရုစိုက်မှုကို ခံရသဖြင့် အံ့အားသင့်သွားရသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း သူသည် ထုံထျန်းတောင်ထိပ်ရှိ ဘိုးဘေးခန်းမအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုထံတွင် ပညာသင်ကြားခဲ့ပြီး မိမိ၏ ပါရမီနှင့် ခိုင်မာသော ဇွဲလုံ့လဖြင့်သာ နောက်ဆုံးတွင် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့ သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသမှုက လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး လူတိုင်းက သူ့ကို အထင်ကြီးလေးစားစွာ ကြည့်နေကြလေသည်။

သို့သော် ဂိုဏ်းတူအစ်မက ထိုသို့မေးလိုက်သောအခါ သူသည် မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသိဘဲ ဆွံ့အသွားရသည်။

ဝမ်မင်မှာ စိတ်နှလုံးကောင်းမွန်သူဖြစ်ရာ သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်တွင် သွေးများ စိုရွှဲနေသည်ကို မြင်သောအခါ တိုက်ပွဲခေတ္တနားချိန်တွင် ဝင်ရောက်ကူညီပေးခြင်း ဖြစ်သည်။

သို့သော် အခြေအနေမှာ စိုးရိမ်ရသဖြင့် သူမက ဒဏ်ရာကို သေချာစည်းနှောင်ပေးလိုက်ပြီး ပြောလိုက်သည်။

“ခဏနေရင် နောက်ထပ်တိုက်ပွဲတစ်ခု ရှိဦးမယ် ၊ မင်း သတိထားရမယ်နော်”

လင်းကျင်းယွီ၏ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ”

ဝမ်မင်က ပြုံးပြလိုက်ပြီး လုရွှယ်ချီ၏ ဘေးတွင် သွားရပ်လိုက်သည်။ လုရွှယ်ချီက လင်းကျင်းယွီကို တစ်ချက် ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မပြချေ။

သို့သော် သူမ၏ မျက်လုံးထဲတွင်မူ အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ရှိနေသည်။

သက်ရှည်ခန်းမဘက်တွင်မူ ယွီယန်ဇီ၏ မျက်နှာမှာ အေးစက်တင်းမာနေ၏။ သူ၏ တစ်ဖက်တည်းသော လက်ဖြင့် ယင်ယန်ကြေးမုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရာ အကြောများမှာ ထောင်ထွက်နေပေသည်။

လမ်းမှန်ဂိုဏ်းကို အလစ်အငိုက် တိုက်ခိုက်မည့် အစီအစဉ်မှာ လမ်းမှန်ဂိုဏ်းမှ လူငယ်များကြောင့် ပျက်ပြားသွားရသည်။

သူက တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ခဏတာအတွင်းမှာပင် သက်ရှည်ခန်းမမှာ လူအင်အား သုံးပုံတစ်ပုံခန့် ဆုံးရှုံးသွားကြောင်း တွေ့လိုက်ရသည်။

သို့သော် လမ်းမှန်ဂိုဏ်းဘက်တွင်မူ ထိခိုက်မှု လုံးဝနီးပါး မရှိချေ။ ဓားချက်အနည်းငယ် ခံလိုက်ရသော လင်းကျင်းယွီမှ ဠွဲ၍ ကျန်သူများမှာ ထိခိုက်မှု မရှိသလောက်ပင်။

လီရွှင်းက သက်ရှည်ခန်းမအဖွဲ့ကို ကြည့်ကာ မျက်လုံးများ ဝင်းလက်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုရှောင်မှာ တကယ့်ကို မြင်နိုင်စွမ်းရှိတာပဲ၊ ကျုပ် တကယ့်ကို လေးစားမိပါတယ်”

ရှောင်ယိချိုင်က ပြုံးလိုက်ပြီး ပြောသည်။

“တိုက်ဆိုင်သွားတာပါ။ နောင်မှာလည်း အစ်ကိုလီရဲ့ အကူအညီတွေကို အများကြီး လိုအပ်ဦးမှာပါ အစ်ကိုလီအနေနဲ့ ကျုပ်ကို လမ်းညွှန်ပြသပေးပါဦးမယ်လို့ မျှော်လင့်ပါတယ်”

လီရွှင်းမှာ ရှောင်ယိချိုင်ကို လျှော့မတွက်ရဲတော့ဘဲ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

“အစ်ကိုရှောင်ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ”

ဖာရှန်းကမူ ဒဏ်ရာရထားသော လင်းကျင်းယွီကို ခေတ္တမျှ ကြည့်နေပြီး အနားသို့သွားကာ စိတ်ပူကြောင်း ပြောရန် ကြံရွယ်သော်လည်း နောက်ဆုံးတွင် စိတ်ကို ထိန်းချုပ်လိုက်သည်။

ချင်းယွင်ဂိုဏ်းနှင့် ထျန်းယင်ကျောင်းတော် အဖွဲ့များ ဆုံတွေ့ပြီးကတည်းက နှစ်ဖက်လုံးမှာ အဆင်ပြေပြေ ရှိခဲ့သော်လည်း လင်းကျင်းယွီ တစ်ဦးတည်းသာလျှင် အစမှ အဆုံးအထိ ထျန်းယင်ကျောင်းတော် ရဟန်းများအပေါ် အလွန်အေးစက်စွာ ဆက်ဆံခဲ့သည်။

ယင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို လူတိုင်း စိတ်ထဲတွင် သိထားကြသော်လည်း မည်သူမျှ ဒဏ်ရာဟောင်းကို ပြန်မဆွလိုကြသဖြင့် ထျန်းယင်ကျောင်းတော် ရဟန်းများကပင် လင်းကျင်းယွီကို မသိမသာ ရှောင်ရှားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လင်းကျင်းယွီ ဒဏ်ရာရထားသဖြင့် ဖာရှန်းမှာ စိတ်ပူနေဆဲပင် ဖြစ်၏။ သူက လှည့်လိုက်ပြီး ရှောင်ယိချိုင်ကို တိုးတိုးလေး မေးလိုက်သည်။

“အစ်ကိုရှောင် ၊ မင်းတို့ ဂိုဏ်းတူညီလေးလင်းကျင်းယွီရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ဘူး မဟုတ်လား”

ရှောင်ယိချိုင်မှာ ဝမ်မင်က လင်းကျင်းယွီ၏ ဒဏ်ရာကို စည်းနှောင်ပေးနေသည်ကို မြင်ထားပြီးဖြစ်ရာ ဝမ်မင်ကို လှည့်ကြည့်လိုက်သည်။

All Chapters