← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄) - ကျူးချွဲ (၂)

ဝမ်မင်က နားလည်သွားပြီး ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။ ထိုအခါမှ ရှောင်ယိချိုင်မှာ စိတ်သက်သာရာ ရသွားပြီး ဖာရှန်းကို ပြန်ပြောလိုက်သည်။

“ဂျူနီယာညီလေးလင်းရဲ့ ဒဏ်ရာတွေက မပြင်းထန်ပါဘူး။ စိတ်မပူပါနဲ့”

ဖာရှန်းက ဦးညွှတ်ကာ လက်အုပ်ချီပြီး ဘုရားစာ ရွတ်ဆိုလိုက်လေသည်။

ရှောင်ယိချိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူကာ ရှေ့သို့ ကြည့်လိုက်သည်။ သူက ပြတ်သားကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

“စီနီယာယွီယန်ဇီ ခင်ဗျားကိုလည်း စီနီယာတစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။ ပြီးတော့ သက်ရှည်ခန်းမကလည်း မိစ္ဆာဂိုဏ်းရဲ့ အင်အားကြီး ဂိုဏ်းလေးဂိုဏ်းထဲက တစ်ခုပဲ”

“ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလို ညစ်ပတ်တဲ့ နည်းလမ်းမျိုးကို သုံးနိုင်ရတာလဲ။ လောကမှာ ရယ်စရာ ဖြစ်သွားမှာကို မကြောက်ဘူးလား”

ယွီယန်ဇီက ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့လို လမ်းမှန်ဂိုဏ်းလို့ ခေါ်နေတဲ့ ကောင်တွေကရော။ ငါတို့ကို ခြုံခိုတိုက်ခိုက်ခဲ့တာပဲ မဟုတ်လား။ အခုတော့ ရှက်စရာမရှိ ဒီမှာ လာပြီး လေသံအကျယ်ကြီးနဲ့ စကားပြောရဲသေးတယ်ပေါ့လေ”

ရှောင်ယိချိုင်၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိဘဲ ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

“ကျွန်တော်တို့က လူငယ်တွေဖြစ်ပြီး ဂျူနီယာတွေပဲ ရှိသေးတယ်။ ထို့ပြင် ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေထဲကို ရောက်နေတာ”

“ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်တော်တို့ကို ဒုက္ခပေးချင်နေတဲ့ ယုတ်မာကောက်ကျစ်တဲ့ လူတွေကိုတော့ သတိထားစောင့်ကြည့်နေရမှာပေါ့။ ဒါပေမဲ့ ပေါ်လာတဲ့သူက ... ဟဲဟဲ ခင်​ဗျား ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူးဗျ”

ရှောင်ယိချိုင်မှာ ယွီယန်ဇီထက် အသက်အများကြီး ငယ်သော်လည်း သူ၏ စကားပြော ထက်မြက်မှုကြောင့် စကားအနည်းငယ်ဖြင့်ပင် ယွီယန်ဇီကို သွေအန်မတတ် ဖြစ်စေခဲ့သည်။

ယွီယန်ဇီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှေ့သို့ ခုန်အုပ်လိုက်ရာ သူ၏ နောက်ကွယ်ရှိ သက်ရှည်ခန်းမ လူများကလည်း သူတို့၏ ဂိုဏ်းချုပ် တိုက်ခိုက်သည်ကို မြင်ပြီး ရှေ့သို့ ပြေးဝင်လာကြသည်။

ရှောင်ယိချိုင်နှင့် အခြားတပည့်များက ယွီယန်ဇီကို ဝိုင်းရံလိုက်ကြပြီး ကျန်ရှိသော သူများမှာလည်း တိုက်ပွဲများကို ပြန်လည် စတင်လိုက်ကြတော့သည်။

အမှန်စင်စစ် ယွီယန်ဇီ၏ ကျင့်စဉ်အဆင့်အရ သူသည် ရှောင်ယိချိုင်၏ ရန်စမှုကို ထိုမျှလောက် အလွယ်တကူ ဒေါသထွက်လိမ့်မည် မဟုတ်ချေ။

သို့သော် သက်ရှည်ခန်းမ၏ ကျန်ရှိသော အင်အားအနည်းငယ်မှာလည်း အလဟဿ ဆုံးရှုံးနေရသည်ကို မြင်သောအခါ သူသည် အလွန်အမင်း နာကျင်ပြီး ဒေါသထွက်နေရခြင်း ဖြစ်သည်။

ထို့ပြင် ရှောင်ယိချိုင်၏ စကားများမှာ ကြမ်းတမ်းသော စကားလုံးများ မပါသော်လည်း စကားလုံးတိုင်းမှာ သူ၏ အနာဟောင်းကို ထိုးဆွနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ဘေးရှိ မုန့်ကျိမှာ အသိစိတ် အနည်းငယ် ရှိနေဆဲဖြစ်ပြီး သူ့ကို တားဆီးချင်နေသော်လည်း ယွီယန်ဇီမှာ ရှေ့သို့ တိုးဝင်သွားပြီ ဖြစ်သည်။

သက်ရှည်ခန်းမ ဂိုဏ်းချုပ်ရာထူးကို နှစ်ပေါင်း တစ်ရာကျော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်မှာ ယွီယန်ဇီတွင် အမှန်တကယ်ပင် စွမ်းရည်ရှိသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်က ချင်းယွင်တိုက်ပွဲတွင် သူ၏ ဘယ်ဘက်လက်ကို ဆုံးရှုံးခဲ့ပြီး စွမ်းရည်များစွာ လျော့နည်းသွားသော်လည်း ရှောင်ယိချိုင် တစ်ဦးတည်းနှင့် တိုက်ခိုက်မည်ဆိုပါက သူသည် လုံးဝ အရှုံးပေးမည် မဟုတ်ချေ။

သို့သော် ထိုသို့သော တစ်ဦးချင်း တိုက်ပွဲမျိုးမှာ ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အလယ်တွင် ရှောင်ယိချိုင် ၊ ဘယ်ဘက်တွင် ဖာရှန်းနှင့် ညာဘက်တွင် လီရွှင်းတို့ရှိနေပြီး လမ်းမှန်ဂိုဏ်း၏ လူငယ်မျိုးဆက်သစ်များထဲမှ ဤအထူးချွန်ဆုံး သုံးဦးမှာ ယွီယန်ဇီ၏ လမ်းကို ပိတ်ဆို့ကာ ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။

ယွီယန်ဇီမှာ မိမိ၏ စွမ်းအားများကို စုစည်းကာ လက်တစ်ဖက်တည်းဖြင့် သုံးဦးကို ရင်ဆိုင်နေသည်။ သူ၏ လက်ထဲမှ ယင်ယန်ကြေးမုံမှာ ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

တစ်ခါတစ်ရံတွင် အနက်ရောင် ၊ တစ်ခါတစ်ရံတွင် အဖြူရောင် တောက်ပလာကာ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ထုတ်လွှတ်နေသည်။

ရှောင်ယိချိုင်နှင့် အခြားသူများ၏လက်နက် အလင်းတန်းများကို ကြေးမုံက ပိတ်ဆို့ထားခြင်းနှင့် ယွီယန်ဇီက ဖယ်ထုတ်ပစ်ခြင်းများ ပြုလုပ်နေသဖြင့် မည်သူမျှ သူ့အနားသို့ မကပ်နိုင်ကြချေ။

ထို့ပြင် ယင်ယန်ကြေးမုံ၏ အဖြူရောင်ဘက်ခြမ်းကို လှန်လိုက်သောအခါ ၎င်းမှာ မှော်လက်နက်များ၏ တိုက်ခိုက်မှုကို သခင်ဖြစ်သူထံသို့ ပြန်လည် ရောင်ပြန်ဟပ်စေလေသည်။

သူတို့ သုံးဦးမှာ ဤမှော်လက်နက်တွင် ထိုသို့သော ထူးဆန်းသည့် စွမ်းရည်ရှိလိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့် ပြင်းထန်သော ဒဏ်ရာများ ရလုနီးပါး ဖြစ်ခဲ့ရသည်။

လီရွှင်း၏ ဘယ်ဘက်လက်မှာ မိမိ၏ ကိုယ်ပိုင်မှော်လက်နက်ဖြစ်သော ကျိုယန်ပေတံဖြင့် တစ်ချက် ခြစ်မိသွားရာ သူသည်လည်း ယွီယန်ဇီကဲ့သို့ လက်တစ်ဖက်ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။

ထို့ကြောင့် သူတို့ သုံးဦးမှာ မပေါ့ဆရဲတော့ဘဲ ဂရုတစိုက် ပြန်လည် တိုက်ခိုက်ကြလေသည်။ ယွီယန်ဇီမှာ တစ်ဦးတည်းနှင့် သုံးဦးကို ရင်ဆိုင်နေရပြီး လမ်းမှန်ဂိုဏ်းမှ ထူးချွန်သော ပါရမီရှင် သုံးဦးကို ရင်ဆိုင်နေရသော်လည်း အသာစီးကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။ သူ၏ စွမ်းရည်နှင့် စွမ်းအားများမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။

သို့သော် ယွီယန်ဇီ ကိုယ်တိုင်မှာ စွမ်းအားကြီးသော်လည်း သူ၏ လက်အောက်မှ လူများမှာမူ ထိုသို့ မဟုတ်ချေ။ လမ်းမှန်ဂိုဏ်းမှ ပါရမီရှင် တပည့်များကို ရင်ဆိုင်ရာတွင် တပည့်တစ်ဦးချင်းစီ၏ မှော်လက်နက်များမှာ ထူးကဲလှသည်။

သက်ရှည်ခန်းမဘက်တွင် လူအင်အား ပိုများသော်လည်း တဖြည်းဖြည်းနှင့် ရှုံးနိမ့်လာကြသည်။

တိုက်ခိုက်ရာတွင် အနည်းငယ် ပိုမိုကြင်နာတတ်သော ထျန်းယင်ကျောင်းတော် ရဟန်းများမှအပ ချင်းယွင်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့မှာ ပင်လယ်ကဲ့သို့ နက်ရှိုင်းလှသော ရန်ငြိုးများ ရှိနေကြသဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုများမှာ သေလောက်အောင် ပြင်းထန်လှသည်။

ဖန်ရှန်းတောင်ကြားမှာလည်း ချင်းယွင်ဂိုဏ်းနှင့် မခြားနားချေ။ ယွီယန်ဇီမှာ ထိုသုံးဦး၏ နှောင့်ယှက်မှုကို ခံနေရသဖြင့် အသာစီးရနေသော်လည်း လွတ်အောင် မရုန်းနိုင်ဘဲ ရှိနေသည်။

သူသည် တိုက်ခိုက်နေရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မုန့်ကျိနှင့် အခြားလူအနည်းငယ်ကသာ ခုခံရန် ကြိုးစားနေကြပြီး ကျန်ရှိသော သာမန်တပည့်များမှာ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေကြကာ ထိခိုက်သေဆုံးသူမှာလည်း တစ်ဝက်ကျော်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

မုန့်ကျိက တစ်ချက် ခုတ်လိုက်ပြီး ရှေ့မှ ဖန်ရှန်းတောင်ကြား တပည့်ကို နောက်သို့ ဆုတ်သွားအောင် ပြုလုပ်လိုက်သည်။ သူ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်ပေါက်နေကာ ယွီယန်ဇီကို ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။

“ဂိုဏ်းချုပ်”

ယွီယန်ဇီက အံကြိတ်လိုက်သည်။ သူမကျေနပ်သော်လည်း နောက်ဆုံးတွင်မူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက သက်ရှည်ခန်းမ၏ နောက်ဆုံးလက်ကျန် အင်အားများပင် ဤနေရာ၌ ကုန်ဆုံးသွားလိမ့်မည် ဖြစ်၏။ သူသည် အခြားရွေးချယ်စရာ မရှိသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အားလုံး အရင်ဆုတ်ကြ၊ ငါ နောက်ကနေ ကာကွယ်ပေးမယ်”

ထိုသို့ ပြောလိုက်သည်နှင့် သက်ရှည်ခန်းမ တပည့်များမှာ သူတို့၏ နောက်ကွယ်မှ အမှောင်ထုထဲသို့ စတင်ထွက်ပြေးကြတော့သည်။

ရှောင်ယိချိုင်နှင့် အခြားလမ်းမှန်ဂိုဏ်းသားများမှာ အလွန်လျင်မြန်ဖြတ်လတ်ကြသူများ ဖြစ်ရာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

လက်နက်မျိုးစုံ၏ အလင်းတန်းများက ဝင်းလက်သွားကာ တစ်ခုပြီးတစ်ခု ယွီယန်ဇီဆီသို့ ဦးတည်သွားသည်။

ယွီယန်ဇီက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရှောင်တိမ်းခြင်းပင် မပြုတော့ချေ။ ယင်ယန်ကြေးမုံမှာ လေထဲတွင် အလျင်အမြန် လည်ပတ်ကာ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ဒေါင် ခနဲ မြည်သံနှင့်အတူ ပြန်လည်ဝင်စားခြင်းပုလဲကို ဖယ်ထုတ်ပစ်လိုက်သည်။ ၎င်းမှာ အနက်ရောင်မှ အဖြူရောင်သို့ ချက်ချင်း ပြောင်းလဲသွားသဖြင့် ရှောင်ယိချိုင်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည်။

ခုနှစ်စင်ကြယ်ဓားမှာ လေထဲတွင် ခုတ်ပိုင်းနေရင်း ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားကာ နောက်သို့လှည့်၍ ပြန်လည် တိုက်ခိုက်လာသည်။

အရှိန်မှာ အလွန်ပြင်းထန်သဖြင့် ရှောင်ယိချိုင်မှာ ခဏတာမျှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။ သူသည် မန္တန်ကို အလျင်အမြန် ရွတ်ဆိုလိုက်ပြီးနောက် ခုနစ်စင်ကြယ်ဓားကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ထိုအခိုက်အတန့်လေးအတွင်းမှာပင် ယွီယန်ဇီမှာ တိုက်ခိုက်လာသော လီရွှင်း၏ ကျိုယန်ပေတံကို ဖယ်ထုတ်ပစ်လိုက်ပြီး လမ်းမှန်ဂိုဏ်း၏ တိုက်စစ် သုံးခုမှာ ရပ်တန့်သွားသည်။

သို့သော် ယွီယန်ဇီမှာ ထွက်ပြေးရန် အခွင့်အရေးကို မယူဘဲ လူအုပ်ထဲသို့ ခုန်ဆင်းလိုက်လေသည်။

အခြားလမ်းမှန်ဂိုဏ်းတပည့်များမှာ ထွက်ပြေးနေသော သက်ရှည်ခန်းမတပည့်များကို လိုက်လံတိုက်ခိုက်နေကြရာ ယွီယန်ဇီ၏ တိုက်ခိုက်မှုကို သတိမထားမိကြချေ။

အချို့မှာလည်း ယင်ယန်ကြေးမုံ၏ ပြင်းထန်သော အားကြောင့် လွင့်ထွက်သွားကာ အမှောင်ထုထဲသို့ ကျသွားပြီး အော်ဟစ်လိုက်ကြသည်။

ခဏအကြာတွင်မူ အော်ဟစ်သံများ မကြားရတော့ချေ။ သူတို့မှာ အောက်ခြေမရှိသော ချောက်နက်ထဲသို့ ကျသွားပြီး အသက်ဆုံးရှုံးသွားကြခြင်း ဖြစ်နိုင်ပေသည်။

အမှောင်ထုထဲတွင် ယွီယန်ဇီ တစ်ဦးတည်းသာ လွတ်လပ်စွာ လှုပ်ရှားနေပြီး သူ၏ ခန့်ညားမှုကို ပြသနေသည်။ သူသည် ထွက်ပြေးနေသော သက်ရှည်ခန်းမတပည့်များကို ကာကွယ်ပေးရင်း တွေ့သမျှလူကို သတ်ဖြတ်နေလေသည်။

သူသွားရာ လမ်းတစ်လျှောက်တွင် ယင်ယန်ကြေးမုံ၏ အနက်နှင့် အဖြူရောင် အလင်းတန်းများက ရှေ့မှ ဦးဆောင်နေပြီး လမ်းမှန်ဂိုဏ်းတပည့်များမှာ ရှောင်ရှားနေကြရသည်။ ၎င်း၏ စွမ်းအားနှင့် အရှိန်အဝါမှာ လောကတွင် အတုမရှိဟုပင် ဆိုရပေမည်။

အဝေးတစ်နေရာတွင်မူ မထင်မရှားသော ပုံရိပ်အချို့မှာ အချိန်အတော်ကြာအောင် ရပ်နေကြပြီး အခြေအနေကို အာရုံစိုက်နေကြသည်။ အထူးသဖြင့် သူတို့၏ အကြည့်များမှာ ယွီယန်ဇီအပေါ်တွင်သာ စူးစိုက်နေကြလေသည်။

ယွီယန်ဇီ၏ တိုက်ခိုက်မှုကြောင့် သက်ရှည်ခန်းမ တပည့်များမှာ ဖိအားများ လျော့ကျသွားကြောင်း ခံစားလိုက်ရပြီး တစ်ခဏချင်းမှာပင် တစ်ဝက်ခန့် ထွက်ပြေးလွတ်မြောက်သွားကြကာ မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့သည်။ ယွီယန်ဇီက ထိုအခြေအနေကို မြင်သောအခါ စိတ်မကောင်း ဖြစ်သွားရသည်။

သို့သော် ဤအခိုက်အတန့်တွင် လမ်းမှန်ဂိုဏ်းမှ ရှောင်ယိချိုင်နှင့် အခြားသူများမှာ မှီလာကြပြီ ဖြစ်သည်။

ချင်းယွင်ဂိုဏ်းမှ စုန့်တာ့ရန်၊ ကျန်းရှုရှု၊ ဝမ်မင်၊ ထျန်းယင်ကျောင်းတော်မှ ဖာရှန့် ၊ ဖန်ရှန်းတောင်ကြားမှ ယန်ဟုန်တို့က သူတို့၏ လက်နက်များကို ထုတ်ယူကာ ယွီယန်ဇီကို ဝိုင်းရံလိုက်ကြသည်။

ယွီယန်ဇီက စူးရှသော ဟိန်းဟောက်သံတစ်သံ ပေးလိုက်သည်။ သတ်ဖြတ်မှုများက သူ၏ စိတ်ကို တက်ကြွလာစေပြီး သူ၏ စရိုက်ထဲရှိ ရက်စက်ကြမ်းကြုတ်သော ဘက်ခြမ်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း အစအနမျှ မရှိဘဲ ယင်ယန်ကြေးမုံကို လှည့်ပတ်ကစားနေကာ ဘယ်ဘက်မှ ကာကွယ်ပြီး ညာဘက်မှ ဖယ်ထုတ်ပစ်ကာ တိုက်စစ်ကို ပြန်လည် စတင်လေသည်။ သူသည် ထိုရှစ်ဦးနှင့် မြေပြင်မှ ကောင်းကင်သို့ ၊ ကောင်းကင်မှ မြေပြင်သို့ အပြန်အလှန် တိုက်ခိုက်နေတော့သည်။

သို့သော် လမ်းမှန်ဂိုဏ်းဘက်တွင် လူအင်အား ပိုများနေပြီး သူတို့၏ စွမ်းရည်များမှာလည်း သာမန်ထက် သာလွန်နေကြသည်။

ယွီယန်ဇီ၏ စွမ်းရည်များမှာ မည်မျှပင် ထူးကဲစေကာမူ သူသည် လူအုပ်ကြီးကို မယှဉ်နိုင်ဘဲ တဖြည်းဖြည်းနှင့် ယင်ယန်ကြေးမုံမှာ ဖိနှိပ်ခြင်း ခံလာရသည်။

လမ်းမှန်ဂိုဏ်းမှ တပည့်ရှစ်ဦးတို့မှာ ဟန်ချက်ညီညီဖြင့် တိုက်ခိုက်နေကြသည်။ သူတို့ ရှစ်ဦးက လူတစ်ဦးတည်းကို ဝိုင်းတိုက်နေခြင်းမှာ မသင့်တော်ဟု ထင်ရသော်လည်း ဤသူမှာ အလွန်ယုတ်မာသော မိစ္ဆာဂိုဏ်း၏ ထိပ်သီးမိစ္ဆာကြီး တစ်ဦးဖြစ်ကြောင်း သူတို့၏ စိတ်ထဲတွင် တွေးမိလိုက်သောအခါ သူတို့မှာ တရားမျှတသည်ဟု ခံစားလိုက်ရသည်။

All Chapters