← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) - လမ်းဆုံး (၁)

ညတာကား ပြီးတော့င်ရည်ကဲ့သို့ မည်းမှောင်နေပြီး အေးစက်ကြမ်းတမ်းလှ၏။

ရုတ်တရက် အမှောင်ထုထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာလေသည်။ သို့သော် အဝေးမှ ကြည့်လျှင် ထိုအလင်းမှာ ယိမ်းယိုင်နေပြီး စွမ်းအင်များ ဖရိုဖရဲဖြစ်ကာ မတည်မငြိမ် ဖြစ်နေလေသည်။

မြေပြင်ပေါ်တွင် မုန့်ကျိသည် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေ၏။ သူ၏နောက်တွင် သက်ရှည်ခန်းမမှ ကျန်ရစ်သော တပည့်များရှိနေပြီး လူတိုင်းက ထိတ်လန့်နေကာ သူတို့ လာခဲ့သည့် လမ်းဘက်သို့ ငေးကြည့်နေကြလေသည် ။

ထိုအလင်းတန်းကို မြင်လိုက်ရမှသာ သာမန်တပည့်များကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အချို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

မုန့်ကျိကမူ ပျံသန်းလာသော ပုံရိပ်ကို ကြည့်ကာ မျက်နှာတွင် ပို၍ စိုးရိမ်ရိပ်များ ယှက်သန်းလာလေသည်။

အလင်းတန်းမှာ အနီးသို့ ရောက်ရှိလာပြီး ရပ်တန့်သွား၏။ ယွီယန်ဇီသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် လူတိုင်းက ‘ဂိုဏ်းချုပ်’ ဟု တပြိုင်နက် အော်ဟစ်လိုက်ကြလေသည်။

သို့သော် လူအုပ်ကြီး သူ၏အနားသို့ မရောက်မီမှာပင် ယွီယန်ဇီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရာ သူ၏ ဝတ်ရုံရှေ့ဖုံးမှာ သွေးရောင်လွှမ်းသွားတော့သည်။

လူတိုင်း၏ မျက်နှာများ ပျက်ယွင်းသွားကြ၏။

မုန့်ကျိသည် ရှေ့သို့ အပြေးအလွှား သွားရောက်ကာ ယွီယန်ဇီကို တွဲကူလိုက်သည်။ သူသည် ယွီယန်ဇီ၏ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း အေးစက်နေသည်ကို ခံစားလိုက်ရ၏။

ဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်မှာလည်း တုန်ရီနေသဖြင့် မုန့်ကျိမှာ အလွန်အမင်း ထိတ်လန့်သွားရလေသည်။

ယွီယန်ဇီသည် မုန့်ကျိ၏ ထိတ်လန့်မှုကို သိရှိသွားပြီး ဝဲယာသို့ ကြည့်လိုက်၏။ တပည့်များ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများကို မြင်သောအခါ သူတို့၏ စိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်နေကြောင်း သူ သိလိုက်သည်။

အကယ်၍ သူသာ အခြေအနေ မကောင်းလျှင် တပည့်များမှာ နစ်မြုပ်တော့မည့် သင်္ဘောပေါ်မှ ကြွက်များကဲ့သို့ ထွက်ပြေးကြတော့မည် ဖြစ်၏။

ထို့ကြောင့် သူသည် အားတင်းကာ ရင်ဘတ်အတွင်းမှ ဗလုံးဗထွေး ဖြစ်နေသော သွေးနှင့် ချီဓာတ်ကို ဖိနှိပ်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်လေသည်။

“မင်းတို့အားလုံး မစိုးရိမ်ကြနဲ့... ငါက ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ သွေးပုပ်တွေကို အတွင်းအားနဲ့ ညှစ်ထုတ်လိုက်တာမို့ ဘာမှ မဖြစ်ဘူး...”

ယွီယန်ဇီသည် သက်ရှည်ခန်းမ တပည့်များ၏ စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ခဲ့သဖြင့် သူ၏ စကားကြောင့် တပည့်များမှာ စိတ်သက်သာရာရကာ မျက်နှာများ ပြန်လည် ကြည်လင်လာကြသည်။

ယွီယန်ဇီက ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်နှာမှာကား စက္ကူကဲ့သို့ ဖြူဖျော့နေဆဲ ဖြစ်၏။ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းတွင်လည်း သွေးစွန်းနေပြီး ဝတ်ရုံလက်မှာလည်း ပြတ်တောက်ကာ ဖရိုဖရဲ ဖြစ်နေလေသည်။

ကံကောင်းသည်မှာ မှောင်မည်းနေသော ညဉ့်နက်ပိုင်း ဖြစ်နေသဖြင့်သာ တော်သေးသည်။ အကယ်၍ နေ့ခင်းဘက်သာ ဖြစ်ပါက သူသည် လေးကြိုးပြတ်တော့မည့် မြားတစ်စင်းကဲ့သို့ ဖြစ်နေသည်ကို လူတိုင်း သိရှိသွားကြပေလိမ့်မည်။

မုန့်ကျိသည် မျက်မှောင်ကြုတ်ကာ တပည့်များဘက်သို့ လှည့်၍ ပြောလိုက်၏။

“ဂိုဏ်းချုပ်မှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး... မင်းတို့အားလုံး အရင်နားကြဦး... မနက်ဖြန်ကျမှ ကျုပ်တို့ အစီအစဉ် ပြန်ဆွဲကြမယ်...”

လူတိုင်း တဖြည်းဖြည်း လူစုခွဲသွားကြ၏။ သက်ရှည်ခန်းမ တပည့်များ အဝေးသို့ ရောက်သွားမှသာ မုန့်ကျိသည် ယွီယန်ဇီ၏ ခန္ဓာကိုယ် ယိုင်လဲသွားသည်ကို သိလိုက်ရပြီး အမြန်တွဲကူလိုက်ရသည်။ သူသည် ယွီယန်ဇီကို ကြည့်ကာ ရင်ထဲတွင် တုန်လှုပ်နေမိ၏။

ယွီယန်ဇီ၏ မျက်နှာတွင် သွေးတစ်စက်မျှ မရှိတော့ဘဲ ပြင်းထန်စွာ အသက်ရှူနေရလေသည်။ မုန့်ကျိသာ တွဲမထားလျှင် သူသည် မတ်တပ်ရပ်နိုင်ရန်ပင် ခဲယဉ်းနေပေလိမ့်မည်။

မုန့်ကျိသည် ယွီယန်ဇီကို အမြန်ထိုင်ခိုင်းလိုက်ရ၏။ ယွီယန်ဇီသည် မြေပြင်ပေါ်တွင် ထိုင်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ် လုပ်နေသည်။

အတော်ကြာမှသာ သူ၏ အသက်ရှူသံမှာ ပုံမှန်ပြန်ဖြစ်လာပြီး မျက်နှာမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာ၏။ မုန့်ကျိသည် စိုးရိမ်တကြီးဖြင့် ဘေးမှ စောင့်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုက လွှမ်းမိုးနေပြီး သက်ရှည်ခန်းမ တပည့်များ ဖိုထားသော မီးပုံ အနည်းငယ်မှလွဲ၍ လက်တစ်ကမ်း အကွာကိုပင် မမြင်ရပေ။

ဤညဉ့်ဦးယံမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ကံဆိုးမိုးမှောင် ကျနေသော သက်ရှည်ခန်းမကို အမှောင်ထဲမှ စောင့်ကြည့်နေသကဲ့သို့ ရှိနေလေသည်။

ယွီယန်ဇီသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

မုန့်ကျိက တိုးတိုးလေး မေးလိုက်သည်။

“ဂိုဏ်းချုပ်... သက်သာရဲ့လား...”

ယွီယန်ဇီက ခါးသီးစွာ ရယ်မောလိုက်၏။ သူ၏ စိတ်ထဲတွင် မုန့်ကျိကို သာမန်တပည့်များကဲ့သို့ သဘောမထားပေ။ သူက သက်ပြင်းချကာ ပြောလိုက်သည်။

“ငါက အဲဒီကောင်စုတ်လေးတွေရဲ့ ဝိုင်းတိုက်ခိုက်တာကို ခံလိုက်ရလို့ အားအင်တွေ အများကြီး ကုန်သွားတာ... ပြီးတော့ ချင်းယွင်ဂိုဏ်းရဲ့ နတ်မိုးကြိုး ထိန်းချုပ်မန္တန်ကို သုံးနိုင်တဲ့ မိန်းကလေးတစ်ယောက် ပေါ်လာလိမ့်မယ်လို့ ထင်မထားမိဘူး...”

မုန့်ကျိမှာ ထိတ်လန့်သွားပြီး ပြောလိုက်၏။

“သူတို့ထဲမှာ အဲဒီလောက် တော်တဲ့သူ ပါနေတာလား...”

ယွီယန်ဇီက မကျေမချမ်းဖြင့် ပြောလိုက်သည်။

“အဲဒါတင် မကသေးဘူး... ငါ တိုက်ခဲ့ရတဲ့သူတွေထဲမှာ အနည်းဆုံး သုံးလေးယောက်က ပါရမီ အရမ်းထူးချွန်ကြတယ်... မတတ်သာတဲ့အဆုံး ငါ သွေးကျိန်စာကို သုံးပြီးမှ လွတ်အောင် ပြေးလာနိုင်တာ...”

မုန့်ကျိ၏ မျက်နှာမှာ ထပ်မံ ဖြူလျော့သွားရပြန်၏။ သွေးကျိန်စာမှာ သက်ရှည်ခန်းမ၏ ကျော်ကြားသော ကျိန်စာတစ်ခု ဖြစ်ပြီး အချိန်တိုအတွင်း စွမ်းအားကို အဆမတန် တိုးမြင့်ပေးသော်လည်း ပြန်လည် ခံစားရသော အကျိုးဆက်မှာ အလွန်ပင်ကြောက်စရာ ကောင်းလှသည်။ ကျင့်စဉ်အဆင့်များ ကျဆင်းသွားမည့်အပြင် သက်တမ်းကိုလည်း တိုစေနိုင်၏။

ခဏမျှ ဆွံ့အသွားပြီးနောက် မုန့်ကျိက ပြန်လည်သတိဝင်လာကာ ယွီယန်ဇီကို မေးလိုက်သည်။

“ဂိုဏ်းချုပ်... ဒါဆို ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ...”

ယွီယန်ဇီ၏ မျက်နှာမှာ တည်ကြည်သွားပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ မကျေမချမ်းဖြင့် ပြောလိုက်၏။

“အခု အခြေအနေက မြားက လေးကြိုးပေါ် ရောက်နေပြီမို့ ပစ်ရတော့မယ်... မိုးလင်းတာနဲ့ ကျုပ်တို့ ရွှံ့နွံတော အနက်ပိုင်းထဲကို ဆက်သွားပြီး ရတနာကို ရှာကြမယ်...”

မုန့်ကျိ၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး ရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ်...”

ယွီယန်ဇီက လက်ကာပြကာ မုန့်ကျိ၏ စကားကို ဖြတ်ပြောလိုက်၏။

“မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ်... ဒါပေမဲ့ ဒီနေ့သာ ဒီနွံတောကနေ ထွက်သွားရင်လည်း တစ်နေ့ကျရင် ကျန်တဲ့ဂိုဏ်းသုံးခုရဲ့ လက်ချက်နဲ့ သေရမှာပဲ... အဲဒီတော့ ကံကို အဆုံးအဖြတ် ပေးလိုက်တာကမှ တော်ဦးမယ်...”

မုန့်ကျိသည် ယွီယန်ဇီကို ငေးကြည့်နေမိပြီး ဖြူဖျော့နေသော မျက်နှာပေါ်မှ ရက်စက်သော အမူအရာကို မြင်လိုက်ရ၏။

သူသည် ယွီယန်ဇီကို ဖျောင်းဖျရန် နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် မတ်တပ်ရပ်ကာ ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိလေသည်။

ကျယ်ပြောလှသော လမ်းမကြီး၏ အနောက်တောင်ဘက်တွင် တည်ရှိသော သေမင်းနွံတောကြီးမှာ မိုင်ပေါင်း ရှစ်ထောင်ခန့် ကျယ်ဝန်းသည်။ ရှေးယခင်ကတည်းက လူသူအရောက်အပေါက် နည်းပါးလှ၏။

၎င်းကို ကမ္ဘာနှစ်ခုအဖြစ် ခွဲခြားထားပြီး တစ်ခုမှာ လူအများ ရောက်ရှိနေသော အပြင်ဘက် ရွှံ့နွံတောဖြစ်ကာ နယ်မြေ၏ ခုနစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ရှိလေသည်။

အပြင်ဘက်တွင် နက်ရှိုင်းသော ကျင်းများနှင့် အဆိပ်ရှိသော ပိုးမွှားများ ပေါများသော်လည်း ကျင့်စဉ်အဆင့်မြင်မားသော ကျွမ်းကျင်သူများအတွက်မူ သတိထား သွားလာလျှင် ဘေးကင်းနိုင်သည်။

သို့သော် အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင်မူ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခု ရှိနေ၏။ ထိုနေရာကို တစ်နှစ်ပတ်လုံး အဆိပ်ငွေ့များ ဖုံးလွှမ်းနေသဖြင့် မည်သူမျှ မမြင်ဖူးကြပေ။

ကျွမ်းကျင်သူအချို့ သွားရောက်ဖူးသော်လည်း မည်သူမျှ ပြန်မလာနိုင်ကြသဖြင့် လမ်းမှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများမှာ မဆင်ခြင်ဘဲ ထိုနေရာကို မဝင်ရဲကြပေ။

လွန်ခဲ့သော ရက်များအတွင်း လူအများအပြား ရတနာရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြပေ။ ထို့ကြောင့် ရတနာမှာ အတွင်းဘက် ရွှံ့နွံတောထဲတွင် ရှိနေမည်ဟု ယွီယန်ဇီက ကြိုတင် ခန့်မှန်းထားခြင်း ဖြစ်၏။

အကယ်၍ အခြေအနေက အရေးမကြီးပါက သူသည် ပြင်ဆင်ပြီးမှ သွားမည် ဖြစ်သော်လည်း ယနေ့ အခြေအနေကြောင့် သူသည် လောင်းကစားသမား တစ်ဦးကဲ့သို့ ဘာကိုမျှ မစဉ်းစားနိုင်တော့ပေ။

ညလေညင်းက တိုက်ခတ်လာလေသည်။

တစ်နေ့လုံး တိုက်ပွဲကြောင့် ပင်ပန်းနေသော သက်ရှည်ခန်းမ တပည့်များမှာ အိပ်ပျော်နေကြပြီး မီးပုံများမှာလည်း ငြိမ်းလုနီးပါး ဖြစ်နေ၏။

ယွီယန်ဇီမှာ ခေါင်းငုံ့ကာ ကျင့်ကြံနေဆဲ ဖြစ်ပြီး ဘေးတွင်ရှိနေသော မုန့်ကျိမှာလည်း တပည့်များဆီသို့ သွားရောက် အနားယူနေလောက်ပြီ ဖြစ်သည်။

ရုတ်တရက် ယွီယန်ဇီ၏ မျက်လုံးများ ပွင့်လာ၏။ သူ၏ အကြည့်မှာ စူးရှသော်လည်း အနည်းငယ်ထိတ်လန့်နေပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ညတာမှာ အမှောင်ထုထဲတွင် နစ်မြုပ်နေ၏။

သူ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ယင်ယန်ကြေးမုံကို တင်းတင်းဆုပ်ကိုင်ထား၏။

အေးစက်သော လေညင်းက သူ၏ ခန္ဓာကိုယ်ကို ထိမှန်လာပြီး ရင်ထဲအထိ အေးစက်သွားစေလေသည် ။

အမှောင်ထုထဲမှ ခြေသံများကို တဖြည်းဖြည်း ကြားလာရ၏။

အသံအမျိုးမျိုးမှာ မတူညီသော စည်းချက်များဖြင့် လမ်းကြောင်း သုံးခုမှ ထွက်ပေါ်လာပြီး သက်ရှည်ခန်းမ တပည့်များရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေကြသည်။

ယွီယန်ဇီ၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လာပြီး အော်ဟစ်လိုက်၏။

“ဘယ်ကောင်တွေလဲ... မြန်မြန် ထွက်ခဲ့စမ်း...”

ထိုအော်ဟစ်သံမှာ အားပါသော်လည်း အတွင်းအား မလုံလောက်မှုကြောင့် အနည်းငယ် တုန်ယင်နေ၏။ သို့သော် ရွှံ့နွံတောထဲတွင် ပဲ့တင်ထပ်သွားသဖြင့် သက်ရှည်ခန်းမ တပည့်များမှာ လန့်နိုးလာကြပြီး ထိတ်လန့်တကြားဖြင့် စုရုံးလိုက်ကြလေသည် ။

ယွီယန်ဇီ၏ စိတ်ထဲတွင် လေးလံနေသည်။ သူသည် ဝဲယာသို့ ကြည့်လိုက်ပြီးနောက် ရုတ်တရက် အံ့အားသင့်သွားကာ အော်မေးလိုက်၏။

“မုန့်ကျိ... သူ ဘယ်ရောက်သွားတာလဲ...”

သက်ရှည်ခန်းမ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ မသိကြပေ။

ယွီယန်ဇီမှာ ဒေါသကြောင့် ခေါင်းမူးသွားပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။

ထိုအချိန်တွင် အမှောင်ထုထဲမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

“စီနီယာယွီယန်ဇီ... ခင်ဗျား ဒီလူကို ရှာနေတာလား...”

တစ်စုံတစ်ခုမှာ အမှောင်ထဲမှ လွင့်ထွက်လာပြီး ယွီယန်ဇီနှင့် တပည့်များ ရှေ့တွင် ကျရောက်ကာ လိမ့်သွားလေသည်။

တစ်စုံတစ်ဦးက မီးပုံကို ယူ၍ ကြည့်လိုက်ရာ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထိုအရာမှာ ခုနကတင် သူတို့နှင့် စကားပြောနေသော မုန့်ကျိ၏ ဦးခေါင်း ဖြစ်နေသည်။

All Chapters