← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) - လမ်းဆုံး (၂)

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မတရားသတ်ဖြတ်ခံလိုက်ရကြောင်း ထင်ရှားနေလေသည်။

ယွီယန်ဇီသည် အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ခေါ်လိုက်၏။

“ချင်ဝူယန်...”

လူငယ်တစ်ဦးသည် အမှောင်ထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာ၏။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့နေသော်လည်း နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။

“စီနီယာရဲ့ အမြင်အာရုံက တကယ်ကို ထူးခြားတာပဲ... ကျုပ်က အမှောင်ထဲမှာ ရပ်နေတာကိုတောင် ကျုပ်မှန်း သိနေသေးတယ်... တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်...”

ယွီယန်ဇီ၏ မျက်နှာမှာ အလွန်အမင်း ရုပ်ဆိုးသွားပြီး ပြောလိုက်သည်။

“မင်းက တကယ်ကို မဆိုးဘူးပဲ... ဒါပေမဲ့ မင်းတို့ ဝမ်တုဂိုဏ်းက ဂိုဏ်းတူတွေကို ဆက်ဆံတဲ့ ပုံစံကို ကြည့်ရင် မင်းရဲ့ အဲဒီအဆိပ်နတ်ဘုရားအဘိုးကြီးက သူသေရင် ငရဲကျမှာကို မကြောက်ဘူးလား...”

ချင်ဝူယန်က ရင်ဘတ်ကို လက်ဖြင့်ဖိကာ ထိတ်လန့်ဟန်ဆောင်လိုက်သော်လည်း သူ၏ မျက်နှာတွင်မူ ကြောက်ရွံ့ရိပ် အနည်းငယ်မျှ မရှိပေ။ သူက အခြားတစ်ဖက်သို့ လှည့်၍ ပြောလိုက်၏။

“မိန်းကလေးကျင်း... ဒီလိုကြီးလေးတဲ့ အပြစ်မျိုးကို ကျုပ်တို့ ဝမ်တုဂိုဏ်း တစ်ခုတည်းက မယူဝံ့ပါဘူး... ခင်ဗျားရော အပြင်မထွက်လာသေးဘူးလား...”

ယွီယန်ဇီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး လှည့်ကြည့်လိုက်ရာ ဘယ်ဘက် အမှောင်ထုထဲမှ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မှောင်မည်းနေသော ညဉ့်ဦးယံမှာပင် လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ကျင်းဖျင်အာ...”

ယွီယန်ဇီက ထိုအမည်ကို အံကြိတ်ကာ ခေါ်လိုက်၏။

ကျင်းဖျင်အာက ပြုံး၍ ပြောလိုက်သည်။

“စီနီယာယွီယန်ဇီ... မတွေ့တာ ကြာပြီနော်... နေကောင်းရဲ့လား...”

ဤနှုတ်ဆက်စကားမှာ ရုန့်ရင်းကြမ်းတမ်းသော ဆဲရေးတိုင်းထွာမှုများထက်ပင် ပို၍ ရက်စက်လှသည်။ ယွီယန်ဇီက သူမကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“သက်ရှည်ခန်းမနဲ့ ဟယ်ဟွမ်ဂိုဏ်းက အမြဲတမ်း ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတာလေ... ဘာလို့ အခုမှ ဝမ်တုဂိုဏ်းနဲ့ ပေါင်းပြီး ငါ့ကို အကျပ်ကိုင်နေရတာလဲ...”

ကျင်းဖျင်အာက ပြုံး၍ ပြောလိုက်သည် ။

“စီနီယာက အသက်ကြီးလာတော့ မေ့တတ်နေပြီပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ရောက်လာတာကို သိပြီး ဟယ်ဟွမ်ဂိုဏ်းက ရတနာကို လုမှာစိုးရိမ်လို့ ဝမ်တုဂိုဏ်းတပည့်တွေကို သတ်ပြီး အဆိပ်မှုန့်တွေ ခိုးခဲ့တာ မဟုတ်လား...”

“ပြီးတော့ အဲဒီ အဆိပ်နဲ့ပဲ ဝမ်ကျန်းရွာမြောက်ဘက်မှာ ကျွန်မတို့ ဂိုဏ်းသား လေးယောက်ကို သတ်ခဲ့တယ်... အဲဒါကိုရော ဘယ်လို ပြောမလဲ...”

ယွီယန်ဇီမှာ ထိတ်လန့်သွားပြီး ပြောလိုက်၏။

“မင်း ဘယ်လိုလုပ်...”

သူက စကားကို တစ်ဝက်နှင့် ရပ်လိုက်သည်။

ကျင်းဖျင်အာက အေးစက်စွာပင် ဆက်ပြောလိုက်၏။

“စီနီယာက ကျွန်မတို့ ဂိုဏ်းနှစ်ခုကြားမှာ ရန်တိုက်ပေးဖို့ ကြိုတင်ကြံစည်ခဲ့တာ တကယ်ကို တော်ပါတယ်... ဒါပေမဲ့ စီနီယာအစ်ကို ချင်ဝူယန်ရဲ့ ဆင်ခြင်တုံတရားနဲ့ စုံစမ်းစစ်ဆေးမှုကြောင့် အမှန်တရား ပေါ်ပေါက်လာခဲ့တာပဲ... မဟုတ်ရင် ကျွန်မတို့လည်း စီနီယာရဲ့ လှည့်ကွက်ထဲမှာ ဒုက္ခရောက်နေဦးမှာပဲ...”

ချင်ဝူယန်က ပြုံး၍ ပြောလိုက်၏။

“မိန်းကလေးကလည်း ကျုပ်ကို မြှောက်လွန်းနေပါပြီ... မိန်းကလေးအတွက် တစ်ခုခု လုပ်ပေးခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ...”

ယွီယန်ဇီသည် အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သိလိုက်၏။ ဤလူငယ် နှစ်ဦးမှာ ငယ်ရွယ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့၏ ကျော်ကြားမှုမှာ လျော့တွက်၍ မရပေ။

ထို့အပြင် သူတို့နောက်တွင်လည်း အခြားလူများစွာ ရှိနေနိုင်သေးသဖြင့် ယနေ့ညမှာ သူ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

ယွီယန်ဇီက ထွက်ပေါက်ရှာရန် ကြိုးစားနေစဉ်မှာပင် နောက်ကွယ်ရှိ တပည့်များကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကို ကြားလိုက်ရ၏။

သူ လှည့်ကြည့်လိုက်သောအခါ ဆုတ်ခွာရမည့် လမ်းကြောင်းပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်လာသော ကွေ့လိကို မြင်လိုက်ရသည်။

ထိုအချိန်တွင် ယွီယန်ဇီမှာ အရာအားလုံးကို နားလည်သွားပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ခါးသီးစွာ ပြုံးလိုက်၏။

“ဒါဆို ဂိုဏ်းသုံးခုလုံးက ငါ့ရဲ့ သက်ရှည်ခန်းမကို ရှင်းထုတ်ဖို့ သဘောတူထားကြတာပေါ့... ငါက မင်းတို့ကို ရန်တိုက်ပေးဖို့ ကြိုးစားနေတာက တကယ်ကို ရယ်စရာပဲ...

ချင်ဝူယန်က ပြုံးလိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

“သက်ရှည်ခန်းမတပည့်တို့... မင်းတို့လည်း မြင်တဲ့အတိုင်းပဲ... ဒီနေ့ သက်ရှည်ခန်းမရဲ့ လမ်းက ဆုံးပြီ... မင်းတို့ အသက်ရှင်ချင်ရင် ကျုပ်တို့ဘက်ကို မြန်မြန် ကူးလာကြပါ...”

သူ၏ စကားအဆုံးတွင် ချင်ဝူယန်၊ ကျင်းဖျင်အာနှင့် ကွေ့လိတို့ နောက်ကွယ်မှ လူအများအပြား လက်နက်များကို ကိုင်ဆောင်ကာ ထွက်ပေါ်လာပြီး ယွီယန်ဇီတို့ကို ဝိုင်းထားလိုက်ကြလေသည်။

ညလေညင်းက တိုက်ခတ်လာပြီး သူရဲကောင်းတစ်ဦး၏ လမ်းဆုံးသို့ ရောက်ရှိလာတော့သည်။

သက်ရှည်ခန်းမ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့ ဆက်လက် တိုက်ခိုက်လျှင်လည်း အသက်ရှင်မည် မဟုတ်ကြောင်း လူတိုင်း သိကြသည်။ အားကြီးသော ဂိုဏ်းသုံးခု၏ ဝိုင်းရံမှုကို ခံထားရသဖြင့် သူတို့အတွက် ထွက်ပေါက် မရှိတော့ပေ။

ခဏအကြာတွင် တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

“ကျုပ် လက်နက်ချပါတယ်... ကျုပ် လက်နက်ချပါတယ်...”

သူသည် ချင်ဝူယန်ရှိရာသို့ ပြေးသွားတော့သည်။

တစ်ဦးက စတင်လိုက်သည်နှင့် ကျန်ရှိသူများမှာလည်း အတုယူကာ ထွက်ပြေးကြတော့၏။ အဘယ်သူမျှ အလကား သေမည့်အရေးကို မလိုလားကြပေ။

ယွီယန်ဇီမှာ ဒေါသထွက်ကာ တားဆီးသော်လည်း အသက်နှင့် ရင်းနေရသော အချိန်တွင် မည်သူမျှ သူ့စကားကို မနားထောင်ကြတော့ပေ။

ယွီယန်ဇီ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး လူအုပ်ထဲသို့ ခုန်ဝင်ကာ တပည့်တစ်ဦးကို ဖမ်းဆီး၍ သတ်ပစ်ရန် ကြံစည်လိုက်၏။

သို့သော် အခြားသူများမှာ ပို၍ မြန်မြန် ထွက်ပြေးကြပြီး သူ၏ လက်ထဲမှ ကံဆိုးသူမှာမူ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး ပျော့ခွေနေသည်။

ယွီယန်ဇီသည် နှစ်ပေါင်းရာချီသော သက်ရှည်ခန်းမ၏ အခြေခံမှာ ယနေ့တွင် ပျက်စီးတော့မည်ကို မြင်ကာ ရင်ထဲတွင် ပေါက်ကွဲလုမည့် ဒေါသများကို ခံစားနေရ၏။

သူသည် ထိုတပည့်ကို ညှစ်သတ်ရန် အားထုတ်လိုက်သော်လည်း ထိုသူ၏ ကြောက်လန့်နေသော မျက်နှာကို မြင်လိုက်ရသောအခါ စိတ်ဓာတ်ကျသွားပြီး လက်ကို လွှတ်လိုက်သည်။

ထိုတပည့်မှာ အသက်ဘေးမှ လွတ်မြောက်သွားသဖြင့် မယုံနိုင်ဘဲ လူးလဲထကာ အဝေးသို့ အမြန်ထွက်ပြေးသွားတော့သည်။

ခဏအကြာတွင် ယွီယန်ဇီမှာ တစ်ကိုယ်တည်း ကျန်ရစ်တော့၏။

ကွေ့လိ၊ ချင်ဝူယန်နှင့် ကျင်းဖျင်အာတို့သည် ရှေ့သို့ အတူတူ လမ်းလျှောက်လာကြသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး ယွီယန်ဇီ၏ ပုံရိပ်မှာ အထီးကျန်နေသကဲ့သို့ ရှိနေ၏။ သူသည် ချင်ဝူယန်၊ ကျင်းဖျင်အာနှင့် ကွေ့လိတို့ကို ကြည့်ကာ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ပြောလိုက်လေသည်။

“ထားလိုက်ပါတော့... ထားလိုက်ပါတော့...”

ကွေ့လိနှင့် အခြားသူများမှာ ယွီယန်ဇီနှင့် တစ်လံခန့်အကွာတွင် ရပ်လိုက်ပြီး သူ့ကို ဝိုင်းထားလိုက်ကြ၏။

ကျင်းဖျင်အာက အရင်ဆုံး ပြောလိုက်သည်။

“ဘာလဲ စီနီယာယွီယန်ဇီ... ဘာပြောချင်သေးလို့လဲ...”

ယွီယန်ဇီ၏ မျက်လုံးထဲတွင် မုန်းတီးရိပ်များ ဖြတ်ပြေးသွားသော်လည်း သူက ပြောလိုက်၏။

“ငါလည်း လမ်းဆုံးနေပြီဆိုတော့ သက်ရှည်ခန်းမရဲ့ နာမည်က ဒီနေ့နဲ့ပဲ အဆုံးသတ်ရတော့မှာပေါ့...”

ချင်ဝူယန်က လက်ခုပ်တီးကာ ပြောလိုက်သည်။

“စီနီယာက တကယ်ကို ဆင်ခြင်တုံတရား ရှိတာပဲ...”

ယွီယန်ဇီ၏ ခန္ဓာကိုယ်မှာ တုန်ရီသွား၏။ သူကဲ့သို့ အဆင့်အတန်းမျိုးရှိသူက ယနေ့တွင် လူငယ်များ၏ စနောက်မှုကို ခံနေရသဖြင့် သေချင်စိတ်ပင် ပေါက်နေသည်။ သို့သော် သူက အားတင်းကာ ပြောလိုက်၏။

“ငါလည်း သွားစရာ မရှိတော့မယ့်အတူတူ မင်းတို့ဆီမှာပဲ အညံ့ခံတော့မယ်... ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းတို့အတွက် တစ်ခုခုတော့ အသုံးဝင်မှာပဲ မဟုတ်လား...”

သူ၏ စကားကြောင့် ချင်ဝူယန်နှင့် ကျင်းဖျင်အာတို့၏ မျက်နှာများ ပျက်ယွင်းသွား၏။ ယွီယန်ဇီ၏ အရည်အချင်းမှာ သရဲဘုရင်နှင့် အဆိပ်နတ်ဘုရားတို့နှင့် တန်းတူ ရှိသည်။

အထူးသဖြင့် ယနေ့ညတွင် သူသည် လမ်းမှန်ဂိုဏ်းမှ ပါရမီရှင် အများအပြားကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့သည်ကို သူတို့ အမှောင်ထဲမှ မြင်တွေ့ခဲ့ရသဖြင့် အားလုံးက သူ့ကို လေးစားမိကြသည်။

အကယ်၍ သူတို့သာ ယွီယန်ဇီကို အသုံးချနိုင်လျှင် နောင်တွင် ဂိုဏ်းများအကြား အားသာချက် အများအပြား ရရှိနိုင်သည်။

ထိုသို့ တွေးလိုက်မိသောအခါ ချင်ဝူယန်နှင့် ကျင်းဖျင်အာတို့၏ မျက်နှာတွင် တွန့်ဆုတ်သွားသော အရိပ်အယောင်များ ပေါ်လာလေသည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ကွေ့လိက ရုတ်တရက် ပြောလိုက်သည်။

“ခင်ဗျားလို ရည်မှန်းချက်ကြီးတဲ့သူ၊ ဝါစဉ်ကလည်း ကျုပ်တို့ထက် ကြီးတဲ့သူကို ကျုပ်တို့ ဂိုဏ်းထဲ ခေါ်ထားရင် နောက်ကျ ခင်ဗျားက ကျုပ်ခေါင်းပေါ် တက်နင်းတော့မှာပဲ... အဲဒါမျိုးကို ခင်ဗျားဆိုရင်ရော လက်ခံနိုင်မယ် ထင်လို့လား...”

သူ၏ အသံမှာ အေးစက်နေပြီး ယွီယန်ဇီကို စိုက်ကြည့်လိုက်၏။ ယွီယန်ဇီ၏ စိတ်ထဲတွင် လေးလံသွားရသည်။

ချင်ဝူယန်နှင့် ကျင်းဖျင်အာတို့မှာလည်း ထက်မြက်သူများ ဖြစ်ကြသဖြင့် ချက်ချင်းပင် နားလည်သွားကြပြီး မျက်နှာတွင် အပြုံးများ ပေါ်လာကြ၏။

သို့သော် ထိုအပြုံးများမှာ ယွီယန်ဇီအတွက်မူ မိစ္ဆာများ၏ အပြုံးနှင့် မခြားပေ။

“စီနီယာက တကယ်ကို တော်ပါတယ်... အခုထိတောင် ဒီလို နည်းလမ်းကောင်းတွေကို သုံးနိုင်သေးတယ်... တကယ်ကို ချီးကျူးပါတယ်...”

ကျင်းဖျင်အာက ပြုံးကာ ပြောလိုက်သော်လည်း သူမ၏ လက်တွင်မူ ခရမ်းရောင် အလင်းတန်းများ ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် ကွေ့လိ၏ ဝိညာဉ်ဝါးမျိုတုတ်နှင့် ချင်ဝူယန်တို့မှာလည်း ယွီယန်ဇီထံသို့ ခြေတစ်လှမ်း တိုးလိုက်ကြ၏။

ညလေညင်းက တိုက်ခတ်လာပြီး အေးစက်မှုမှာ ရင်ထဲအထိ စိမ့်ဝင်သွားသည်။

ယွီယန်ဇီသည် ဝဲယာသို့ ကြည့်ကာ ရင်ထဲမှ မကျေနပ်ချက်များကို အော်ဟစ်ထုတ်လိုက်ပြီး ရှေ့သို့ ခုန်တက်ကာ နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုက်တော့သည်။

အဝေးတစ်နေရာတွင်မူ လမ်းမှန်ဂိုဏ်းသားများမှာ အနားယူနေကြ၏။ ရှောင်ယိချိုင်မှာ အလွန်စေ့စပ်သဖြင့် လူငယ်အချို့ကို ကင်းစောင့်ရန် စီစဉ်ထားသည်။

အနားရှိ ဆိတ်ငြိမ်သော နေရာတွင် လုရွှယ်ချီသည် ငြိမ်သက်စွာ ထိုင်နေ၏။ ခဏအကြာတွင် ဝမ်မင် ပြန်လာပြီး သူမဘေးတွင် ထိုင်ကာ နှုတ်ခမ်းစူ၍ ပြောလိုက်သည် ။

“အဲဒီ စုန့်တာရန်က တကယ်ကိုငတုံးပဲ...”

လုရွှယ်ချီက လှမ်းကြည့်လိုက်ရာ မီးပုံဘေးတွင် ရှက်ကိုးရှက်ကန်း ထိုင်နေသော စုန့်တာရန်ကို မြင်လိုက်ရ၏။

သူသည် ဝမ်မင်နှင့် ဘာပြောခဲ့သည်ကို မသိသော်လည်း စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေသည် ။ သို့သော် သူက အနားသို့ မလာရဲပေ။

လုရွှယ်ချီက ပြုံး၍ ဝမ်မင်ကို ပြောလိုက်သည် ။

“စီနီယာအစ်မက သူ့ကို နှိပ်စက်လာတာ နှစ်တွေ အများကြီး ရှိပြီပဲ... အခု အပြင်ထွက်လာတဲ့ အခိုက်အတန့်မှာ သူ့ကို ကောင်းကောင်း ဆက်ဆံပေးလိုက်ပါဦး...”

All Chapters