အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) - အဆိပ်မြူ (၁)
သေမင်းနွံတောအတွင်း အရာအားလုံးသည် အန္တရာယ်ရှိပြီး အထူးသဖြင့် ရှေးဟောင်းကာလမှစ၍ မည်သူမျှ မသိနိုင်သော အန္တရာယ်များ ကိန်းအောင်းနေသည့် အတွင်းပိုင်းသည် ပို၍ ဆိုးရွားလှ၏။ သူသည် သတိကြီးစွာ ထားလျက် ရှေ့သို့ ဆက်လက် တိုးဝင်သွားလေသည်။
ဤအဆိပ်မြူတံတိုင်းမှာ ပုံမှန်ထက် ထူးခြားစွာ ထူထပ်လှသည်။ အချိန်အတော်ကြာ ပျံသန်းလာသော်လည်း ပတ်ဝန်းကျင်တွင် မီးခိုးရောင် မြူများသာ ရှိနေဆဲပင်။
သူ၏ ခန့်မှန်းချက်အရ ယခုဆိုလျှင် ပေတစ်ထောင်ခန့် ပျံသန်းပြီးနေပြီ ဖြစ်ရာ ယခုထိ အဆုံးသတ်သို့ မရောက်ရှိသေးပေ။
ရာစုနှစ်ပေါင်းများစွာ အဆိပ်မြူများ ဖုံးလွှမ်းနေသော ဤလူသူမနီးသည့် တောရိုင်းမြေတွင် မည်မျှပင် တန်ဖိုးကြီးသည့် ရတနာများ ရှိနေသည့်တိုင်... နောင်နှစ်ပေါင်း သန်းချီကြာသည့်တိုင် မည်သူမျှ သိနိုင်မည် မဟုတ်ချေ။
သူ၏ စိတ်ထဲတွင် ထိုသို့ တွေးတောနေစဉ် ဝိညာဉ်ဝါးမျိုတုတ်မှ အလင်းရောင်များ ပိုမို တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ အဆိပ်မြူများသည်လည်း ပိုမို မြန်ဆန်စွာ လှည့်ပတ်လာလေသည်။
ရုတ်တရက် ကွေ့လိ၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ သူ၏ အရှေ့ဘက် အဆိပ်မြူများအတွင်း၌ အပြာရောင် အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။ ထိုမှိန်ပျပျ အပြာရောင် အလင်းတန်းသည် တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေ၏။
တစ်ချိန်တည်းမှာပင် ငြိမ်သက်နေသော အဆိပ်ငွေ့မြူများသည် ရေနွေးအိုးကဲ့သို့ ရုတ်တရက် မြန်ဆန်စွာ လှည့်ပတ်လာတော့သည်။
အထက်အောက် ဘယ်ညာ အရပ်မျက်နှာ အနှံ့အပြားမှ မီးခိုးရောင် အဆိပ်မြူများသည် ရူးသွပ်စွာ လှည့်ပတ်လာကြပြီး သူ၏ ရှေ့တွင် အဆိပ်မြူဝဲဂယက်များစွာ ပေါ်ထွက်လာလေသည်။
ထိုဝဲဂယက်တစ်ခုစီ၌ စုပ်ယူနိုင်သော စွမ်းအားများ ပါရှိနေပြီး သူ့ကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လာလေသည်။
ကွေ့လိ၏ ပခုံးပေါ်ရှိ ရှောင်ဟွေ့သည်လည်း မလှုပ်မယှက်ဘဲ ကွေ့လိ၏ အဝတ်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
ကွေ့လိ၏ မျက်နှာမှာ အေးစက်နေသော်လည်း မျက်ခုံးများမှာမူ အနည်းငယ် ကျုံ့နေ၏။
သူသည် ရုတ်တရက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်မှ အစိမ်းရောင် အလင်းတန်းအောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစိမ်းရောင်နှင့် အပြန်အလှန် တောက်ပနေပေသည်။
ထိုအခါ ပတ်ဝန်းကျင်ရှိ အဆိပ်မြူများသည် အဝေးသို့ လွင့်စင်သွားကြ၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ဝါးမျိုတုတ်သည် အရှေ့ရှိ အန္တရာယ်များကို ဂရုမစိုက်ဘဲ အကြီးဆုံးသော အဆိပ်မြူဝဲဂယက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။
X x x
ကြီးမားလှသော အဆိပ်မြူဝဲဂယက်အတွင်းသို့ ရောက်သည်နှင့် စုပ်ယူမှုအားမှာ သိသိသာသာ ပြင်းထန်လာသည်ကို ခံစားလိုက်ရ၏။
လေပြင်းများ တဟူးဟူး တိုက်ခတ်လာပြီး အရပ်မျက်နှာအနှံ့မှ အဆိပ်ငွေ့များ တိုးဝင်လာလေသည်။ ကွေ့လိ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ကြီးမားသော စွမ်းအားကြောင့် ကောင်းကင်ယံသို့ စုပ်တင်ခြင်းကို ခံလိုက်ရ၏။
စူးရှအေးစက်သော လေပြင်းများသည် တိမ်တိုက်များကို လှုပ်ခါစေပြီး ဒေါသထွက်နေသော လေနတ်မင်းကဲ့သို့ တိုက်ခတ်နေလေသည်။ ကွေ့လိသည် လေထဲတွင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လက်နှစ်ဖက်ကို ရုတ်တရက် တွန်းထုတ်လိုက်၏။
ဘယ်ဘက်လက်က တံဆိပ်ခတ်နှိပ်လိုက်ပြီး မန္တန်ကို ရွတ်ဆိုလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ရွှေရောင်နှင့် အစိမ်းရောင် အလင်းတန်းများ တစ်ပြိုင်နက်တည်း တောက်ပလာပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလေသည်။
အကယ်၍ ယခုအချိန်တွင် လမ်းမှန်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးဦးသာ ရှိနေပါက ထိုသူသည် အံ့ဩလွန်း၍ စကားပင် ပြောနိုင်မည် မဟုတ်ချေ။
ချင်းယွင်ဂိုဏ်း၏ ထိုက်ချိရွှမ်ချင်တာအိုနှင့် ထျန်းယင်ကျောင်းတော်၏ ဗြဟ္မာ့ဉာဏ်တော်တို့သည် ဤလူငယ်၏ ကိုယ်ပေါ်တွင် အမှန်တကယ်ပင် အပြည့်အဝ ပေါင်းစည်းသွားခဲ့လေသည်။
တောက်ပသော ရွှေစိမ်းရောင် အလင်းတန်းများအကြားတွင် ဝိညာဉ်ဝါးမျိုတုတ်သည် ချက်ချင်းပင် ငြိမ်သက်သွားပြီး လေထဲတွင် ယိမ်းထိုးခြင်း မရှိတော့ပေ။
၎င်းသည် မုန်တိုင်း၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ရပ်တန့်နေ၏။ ကွေ့လိက အာရုံစိုက်၍ ကြည့်လိုက်သော်လည်း မုန်တိုင်းမှာ ပိုမို ပြင်းထန်လာပြီး အဆိပ်ငွေ့တိမ်တိုက်များမှာ ဒေါသတကြီး လိပ်တက်နေပေသည်။ အရှေ့သို့ ကြည့်လိုက်သော်လည်း မီးခိုးရောင်မြူများသာ မြင်နေရဆဲပင်။
ကွေ့လိက ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း ဤကဲ့သို့ အန္တရာယ်များလှသော နေရာတွင် ကြာကြာမနေသင့်ကြောင်း သိပေသည်။
ထို့ကြောင့် သူ၏ ဝိညာဉ်ဝါးမျိုတုတ်ကို ထိန်းချုပ်ကာ ပြင်းထန်သော မုန်တိုင်းထဲမှ ရုန်းထွက်လိုက်ရာ သူ၏ မျက်စိနှင့် နားတို့မှာ အလွန်အမင်း ဒဏ်ခံလိုက်ရပြီး လောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။ နောက်ဆုံးတွင် သူသည် မုန်တိုင်းဗဟိုချက်မှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပေသည်။
သူသည် ဝဲဂယက်အတွင်းမှ ရုန်းထွက်ရန် အားအင်များစွာ အသုံးပြုခဲ့ရသဖြင့် အတော်အတန် ဝေးသော နေရာအထိ လွင့်ထွက်သွားလေသည်။
အစောပိုင်းက ရှုပ်ထွေးမှုများကြောင့် အဆိပ်ငွေ့မြူများသည် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူ လမ်းမှားသွားသလားဟူသော အတွေးဖြင့် ကွေ့လိ မျက်မှောင်ကြုတ်နေမိသည်။
သူ တုံ့ဆိုင်းနေစဉ်မှာပင် ရှောင်ဟွေ့က ရုတ်တရက် သတိပေးသည့်အသံဖြင့် အော်လိုက်၏။ ကွေ့လိမှာ ထိတ်လန့်သွားပြီး သေသေချာချာပင် မကြည့်နိုင်သေးဘဲ ကိုယ်ကို သုံးပေခန့် ဘေးသို့ အမြန် ရှောင်လိုက်လေသည်။
ဝုန်း....
မီးခိုးရောင် တိမ်တိုက်များအတွင်းမှ ကြီးမားသော အနက်ရောင် အရာတစ်ခုသည် သူ ရပ်နေခဲ့သည့် နေရာကို ဝှေ့ယမ်းကာ ဖြတ်ကျော်သွား၏။
ညှော်နံ့နှင့်တူသော သွေးနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာရာ ဝိညာဉ်ဝါးမျိုတုတ်၏ အလင်းအကာအရံပင် ထိုအနံ့ကို လုံးဝ မတားဆီးနိုင်ဘဲ အနည်းငယ်စိမ့်ဝင်လာလေသည်။
ခဏအကြာတွင် ထိုထူးဆန်းလှသော အရာသည် အဆိပ်ငွေ့မြူများအတွင်း ပြန်လည် ပျောက်ကွယ်သွား၏။
ကွေ့လိမှာ မှင်တက်သွားပြီး ရင်တုန်သွားရသည်။ ထိုကြီးမားသော အရာ ပေါ်လာသည့် အခိုက်အတန့်တွင် သူ၏ ဦးခေါင်းကို ရိုက်ခွဲခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင် သူသည် ရှောင်ဟွေ့၏ အော်ဟစ်မှုကိုပင် ဂရုမစိုက်တော့ဘဲ အန္တရာယ်ကြီးလှသော်လည်း ထိုအရာနောက်သို့ လိုက်လံ စူးစမ်းလေသည်။
သို့သော် ထိုထူးဆန်းသော သားရဲကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ ၎င်း၏ ခန္ဓာကိုယ်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသော်လည်း လျင်မြန်မှုမှာမူ အံ့ဩစရာ ကောင်းလှပေသည်။
ထို့ပြင် ထူထပ်လှသော အဆိပ်မြူများကြောင့် ပေအနည်းငယ်ထက် ပို၍ မမြင်နိုင်ရာ သူသည် ထိုသားရဲကြီးကို ပြန်လည် မတွေ့ရှိတော့ပေ။
ကွေ့လိ မျက်မှောင်ကြုတ်လိုက်ပြီး စူးစမ်းရန် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်၏။ ရုတ်တရက် သူ၏ ရှေ့တွင် အံ့ဩတုန်လှုပ်သံများနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာပေသည်။
အရှေ့တွင် လူအချို့ ရှိနေပြီး ထိုသားရဲကြီး ဖြတ်သန်းသွားသောအခါ ကြောက်လန့်တကြား ထွက်ပြေးနေကြခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။
ကွေ့လိသည် စိတ်လှုပ်ရှားသွားပြီး အပေါ်သို့ ပျံတက်လိုက်ရာ အရှေ့မှ တိမ်တိုက်များမှာ လိပ်တက်သွားလေသည်။ ထိုစဉ် ဒေါသတကြီး အော်ဟစ်သံနှင့်အတူ အေးစက်ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“မိစ္ဆာကောင်”
စကားမဆုံးသေးမီမှာပင် အပြာရောင် အလင်းတန်းတစ်ခုသည် ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ရင်ဘတ်ဆီသို့ ဦးတည် တိုက်ခိုက်လာလေသည်။
ထိုအလင်းသည် မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်သွားသော သက်တံကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ အဆိပ်မြူများကို တောက်ပသော အပြာရောင်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
ကွေ့လိ အံ့အားသင့်သွားရသည်။ ဤသူ၏ ဓားတိုက်ကွက်မှာ အလွန်ပင် ပြင်းထန်ပြီး အလျှော့ပေးမည့် ပုံမပေါ်ဘဲ ညှာတာမှု လုံးဝမရှိချေ။
ဤတိုက်ကွက် တစ်ခုတည်းနှင့်ပင် ထိုသူ၏ မြင့်မားသော ကျွမ်းကျင်မှုကို သိနိုင်ပြီး ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း ပေါ်လွင်နေသည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သူသည် အရှိန်မလျှော့ဘဲ ပို၍ပင် တိုးမြှင့်လိုက်၏။ သူသည် လျှပ်စီးကဲ့သို့ပင် ကောင်းကင်ယံသို့ ပျံတက်ကာ နောက်မှ လိုက်ပါလာသော ဓားကို ရှောင်တိမ်းပြီး ပြန်လည် တိုက်ခိုက်လိုက်လေသည်။
မြူထုအတွင်းရှိ ထိုသူ၏ ကျွမ်းကျင်မှုမှာ မရိုးရှင်းလှပေ။ သူတို့ နှစ်ဦးသည် အဆိပ်မြူများကြောင့် တစ်ဦးနှင့်တစ်ဦး သေသေချာချာ မမြင်ရသော်လည်း ဓား၏ တုံ့ပြန်မှုအရ ထိုအပြာရောင် အလင်းတန်းမှာ အသက်ရှိနေသကဲ့သို့ပင်။
၎င်းသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လိုက်ပါလာပြီး အရိပ်တစ်ခုကဲ့သို့ပင် သူတို့ကြားရှိ အကွာအဝေးမှာ လျော့နည်းသွားခြင်း မရှိပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့မြူများမှာ လိပ်တက်သွားပြီး ကွေ့လိသည် မှိန်ပျပျ အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အပြာရောင်အလင်းတန်းကမူ နောက်မှ ကပ်လျက် လိုက်ပါနေ၏။
သူတို့ နှစ်ဦးလုံးသည် လျှပ်စီးကဲ့သို့ ပျံသန်းရင်း ဤအဆိပ်ငွေ့မြူလွှာများအတွင်း အပြန်အလှန် လိုက်လံ တိုက်ခိုက်နေကြရာ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တိမ်တိုက်များမှာ လိပ်တက်ကျန်ရစ်ခဲ့ပေသည်။
လိုက်လံ တိုက်ခိုက်ခံနေရစဉ် ကွေ့လိ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့နောက်မှ လိုက်လာသူမှာ အလွန်အစွမ်းထက်ပြီး အလျင်စလို ဖြစ်နေသဖြင့် ထိုသူ မည်သည့် လက်နက်ကို သုံးနေမှန်း သူ မမြင်ရသေးပေ။
သို့သော် ထိုသူ၏ သတ်ဖြတ်လိုစိတ်မှာ အလွန်ပင် ပြင်းထန်လှ၏။ ထိုသူသည် သူ၏ ဂိုဏ်းမှ ဖြစ်နိုင်စရာ အကြောင်းမရှိပဲ သူနှင့် အတူယှဉ်တွဲ၍ မရနိုင်သော လမ်းမှန်ဂိုဏ်းမှသာ ဖြစ်ပေလိမ့်မည်။
လမ်းမှန်ဂိုဏ်းက ဘယ်သူဖြစ်မလဲ။
ထိုအတွေးမှာ သူ၏ ခေါင်းထဲသို့ ဝင်လာရုံသာ ရှိသေးသော်လည်း သူ၏ လက်များကမူ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ပြီးသား ဖြစ်၏။
သို့မဟုတ်ပါက ဤကဲ့သို့သာ ဆက်သွားနေလျှင် နောက်မှ လိုက်လာသူအတွက် အန္တရာယ် မရှိနိုင်သော်လည်း သူကမူ ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ဖြစ်သွားပြီး မည်သည့်ထူးဆန်းသော အရာများနှင့် ထပ်မံ ကြုံတွေ့ရမည်ကို မည်သူမျှ မသိနိုင်ပေ။
အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး ကွေ့လိ၏ ကိုယ်သည် လေထဲတွင် ရုတ်တရက် အပေါ်သို့ မြင့်တက်ကာ နောက်သို့ လှည့်လိုက်၏။ သူသည် ဝိညာဉ်ဝါးမျိုတုတ်ကို သူ၏ ရင်ဘတ်ရှေ့တွင် အလျားလိုက် ထားလိုက်လေသည်။
သူ့နောက်မှ အပြာရောင် အလင်းတန်းသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား ဓားအလင်းတန်းမှာ ပိုမိုတောက်ပလာပြီး သူ၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လာလေသည်။
ကွေ့လိက သူ၏ ရှေ့ရှိ ဝိညာဉ်ဝါးမျိုတုတ်ကို ဆုပ်ကိုင်လိုက်ရာ အနက်ရောင် တုတ်ပေါ်ရှိ အစိမ်းရောင်ပုတီးစေ့မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုအလင်းအောက်တွင် သွေးနီရောင် အမျှင်တန်းများမှာလည်း တစ်ပြိုင်နက်တည်း တောက်ပလာပြီး ဖြည်းညှင်းစွာ လည်ပတ်နေသည်။
နီစိမ်းရောင် အလင်းတန်းများသည် ထိုအပြာရောင် ဓားအလင်းတန်းကို တိုက်ရိုက် ရင်ဆိုင်လိုက်လေသည်။
ဝုန်း...
ကွေ့လိ၏ ကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဆယ်ပေခန့် နောက်သို့ လွင့်ထွက်သွား၏။ သို့သော် ထိုအပြာရောင် ဓားအလင်းတန်းမှာလည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားပြီး မြူထုအတွင်းမှ တစ်စုံတစ်ဦး၏ ညည်းညူသံကို ကြားလိုက်ရရာ ထိုသူသည်လည်း မသက်သာလှကြောင်း ထင်ရှားပေသည်။