← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀) - အဆိပ်မြူ (၂)

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကွေ့လိသည် မိစ္ဆာလမ်းစဉ်၏ ကောင်းကင်ကျမ်းကို နေ့ညမပြတ် လေ့ကျင့်ခဲ့ပြီး သွေးစုပ်ပုလဲ၏ အစွမ်းနှင့်အတူ သူ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝမှာလည်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူသည် စကားတစ်လုံးမျှ မပြောဘဲ ရှေ့သို့ ပျံသန်းကာ ဝိညာဉ်ဝါးမျိုတုတ်ဖြင့် ထိုးနှက်လိုက်လေသည်။

သို့သော် ဝိညာဉ်ဝါးမျိုတုတ် လှုပ်ရှားလိုက်သည်နှင့် အရှေ့မှ မြူထုမှာ ရုတ်တရက် ကွဲထွက်သွားပြီး ရန်သူသည်လည်း မလျှော့သော ဇွဲဖြင့် ကိုယ်ကို ထိန်းကာ ချက်ချင်း ပြန်လည်တိုက်ခိုက်လာလေသည်။

ကွေ့လိက စူးရှသော လေတိုးသံတစ်ခု ပြုလိုက်ပြီး သူ၏ လက်နက်ကို ထိုအပြာရောင် ဓားအလင်းတန်းနှင့် စတင် တိုက်ခိုက်တော့သည်။

ယခုအခါ ဝိညာဉ်ဝါးမျိုတုတ်နှင့် အပြာရောင် အလင်းတန်းတို့မှာ အပြန်အလှန် တိုက်ခိုက်နေကြပြီ ဖြစ်သော်လည်း မြူထုက ကာဆီးနေရာ ကွေ့လိသည် ထိုလက်နက်ကို သေသေချာချာ မမြင်ရဘဲ သူ၏ ကိုယ်ဟန်နှင့် ဝိညာဉ်ဝါးမျိုတုတ်၏ တုံ့ပြန်မှုအပေါ်၌သာ မူတည်၍ ထိန်းကျောင်းနေရသည်။

ရုတ်တရက် ဖြစ်ပွားသော တိုက်ပွဲသည် သူတို့ နှစ်ဦးလုံးအတွက် အလွန် အန္တရာယ်များလှ၏။

နှစ်ဦးလုံးမှာ ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် အနည်းငယ်ပေါ့ဆလိုက်သည်နှင့် တစ်ဦးဦး၏ လက်ချက်ဖြင့် သေဆုံးနိုင်သလို ဒဏ်ရာရရှိကာ အာရုံပျံ့လွင့်သွားပါကလည်း ပတ်ဝန်းကျင်ရှိ အဆိပ်မြူများ၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။ မည်သည့် အခြေအနေမဆို အသက်အန္တရာယ် ရှိသည်သာ ဖြစ်၏။

အရှေ့ရှိ တစ်ဖက်လူသည်လည်း ဤကဲ့သို့သော ကျွမ်းကျင်သူမျိုးနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားပုံ မရပေ။

သို့သော် မြူအတွင်း၌ ထိုသူ၏ မျက်နှာကို မမြင်ရသော်လည်း ဓားတိုက်ကွက်များကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ အနည်းငယ်မျှ ဆုတ်ခွာမည့် အရိပ်အယောင် မရှိချေ။

ဤခဏအတွင်းမှာပင် ဝိညာဉ်ဝါးမျိုတုတ်နှင့် အပြာရောင် ဓားအလင်းတန်းတို့သည် အဆိပ်ငွေ့မြူအတွင်း ပြင်းထန်စွာ ရိုက်ခတ်နေကြပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။

ထိုလက်နက်နှစ်ခုကို ဗဟိုပြု၍ အဆိပ်မြူများသည် လှိုင်းထနေပြီး အခြားသော ကြီးမားသော ဝဲဂယက်တစ်ခုအသွင် ပြောင်းလဲသွားလေသည်။

အကွာအဝေးတစ်ခု ခြားနေသော်လည်း ဝိညာဉ်ဝါးမျိုတုတ်နှင့် ကွေ့လိတို့မှာ သွေးဖြင့် ပေါင်းစပ်ထားသူများ ဖြစ်ကြ၏။

တစ်ဦး၏ တုံ့ပြန်မှုကို တစ်ဦးက ခံစားနိုင်ရာ ဝိညာဉ်ဝါးမျိုတုတ်ပေါ်ရှိ အေးစက်သော စွမ်းအင်များသည် စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်နေသည်ကို ခံစားလိုက်ရသည်။

ဤလက်နက်တွင် စိတ်ဝိညာဉ် ရှိနေပြီး စိတ်လှုပ်ရှားနေသည့်အလား ခံစားချက်မှာ အလွန်ပင် ထူးဆန်းလှ၏။ သူ ကျင့်စဉ်များတွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ မခံစားရသည်မှာ ကြာပြီ ဖြစ်သည်။

သို့သော်... လွန်ခဲ့သော အချိန်များစွာက ရိုးသားဖြူစင်သော လူငယ်လေး တစ်ဦး ဖြစ်နေစဉ်က ဤခံစားချက်ကို တစ်ကြိမ် ခံစားခဲ့ဖူး၏။

သူ၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။

သူ၏ ရင်ထဲတွင် တစ်စုံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင်။

ဝိညာဉ်ဝါးမျိုတုတ်နှင့် ထိုအပြာရောင် အလင်းတန်းတို့သည် နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ ရိုက်ခတ်မိပြီး နောက်သို့ လွင့်ထွက်သွားကြ၏။

ယခုအခါ ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့မြူများသည် ပိုမိုများပြားလာပြီး ကွေ့လိနှင့် ထိုသူ၏ တိုက်ပွဲမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိလာလေသည်။

သူတို့ နှစ်ဦးလုံးသည် အဆိပ်ငွေ့မြူများကြောင့် တစ်ဦးကိုတစ်ဦး မမြင်ရဘဲ စိတ်အာရုံပေါ်တွင်သာ အခြေခံကာ တိုက်ခိုက်နေရခြင်းဖြစ်၏။

တစ်ဖက်မှ တိုက်ခိုက်မှုများကို ကာကွယ်နေရသလို အခြားတစ်ဖက်မှလည်း ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များကို တားဆီးနေရသည်။ ဤကဲ့သို့ အန္တရာယ်များလှသဖြင့် ဤတိုက်ပွဲမှာ အမြန်ဆုံး ပြီးဆုံးလေ ကောင်းလေ ဖြစ်မည်။

ဝဲဂယက်ကြီးမှာ ပြင်းထန်စွာ လှည့်ပတ်နေပြီး တစ်ချိန်တည်းမှာပင် သေးငယ်သော ဝဲဂယက်များစွာကို ဖြစ်ပေါ်စေ၏။ သို့သော် ကွေ့လိ၏ မျက်လုံးများမှာမူ တစ်ဖက်လူကိုသာ စိုက်ကြည့်နေသည်။

ထိုထူထပ်လှသော အဆိပ်မြူများ နောက်ကွယ်ရှိ အပြာရောင် အလင်းတန်းလေးကို ကြည့်ရင်း ထိုသူ၏ သတ်ဖြတ်လိုသော အကြည့်ကိုပင် သူ ခံစားနေရသကဲ့သို့ပင်

ရုတ်တရက် စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး အပြာရောင် ဓားအလင်းတန်းသည် လေကို ခွဲကာ တိမ်တိုက်လွှာများကို ချက်ချင်း ဖြတ်ကျော်ကာ ကြီးမားသော အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး အထက်မှ ရိုက်ချလိုက်လေသည်။

ကွေ့လိသည် ရှောင်တိမ်းရန် မကြိုးစားဘဲ တည့်တည့် ပျံတက်လိုက်ရာ အပြာရောင် အလင်းတန်းအတွင်းသို့ တိုးဝင်ကာ ထိုသူ ရှိရာဆီသို့ ဦးတည်သွားတော့သည်။

မြူထုအတွင်းရှိ ထိုသူသည် ဒေါသတကြီး အော်ဟစ်လိုက်ရာ အပြာရောင် အလင်းတန်းများ ပိုမို တောက်ပလာပြီး မြူလွှာများအတွင်းသို့ အလင်းအားလုံး စုစည်းသွား၏။

ခဏအကြာတွင် ၎င်းသည် မိုင်ပေါင်းများစွာ အထိ တောက်ပသော အပြာရောင် နတ်ဓားအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင် အလင်းတန်းမှာလည်း ပိုမို တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့မြူများကို ဆယ်ပေခန့်အထိ ဖယ်ရှားပစ်လိုက်ကာ ရင်ဆိုင်ရန် တိုးဝင်သွားလေသည်။

ထိုသူသည် ဓားရိုးကို ဆုပ်ကိုင်ထားပြီး ကွေ့လိက ဝိညာဉ်ဝါးမျိုတုတ်ကို ဆုပ်ကိုင်လျက် တစ်ဦးထံတစ်ဦး တိုးဝင်သွားကြသည်။

စူးရှသော အလင်းတန်းနှစ်ခုကြောင့် ပတ်ဝန်းကျင်ရှိ အဆိပ်မြူများမှာ လုံးဝ ဖယ်ရှားခံလိုက်ရ၏။

အသက်ကို အောင့်ထားရင်း အသက်နှင့်သေခြင်းကို ဆုံးဖြတ်မည့် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေကြသကဲ့သို့ပင်။

ဓားရိုးကို ဆုပ်ကိုင်ထားသော ဖြူလွလွ လက်ကလေး ၊ လေထဲတွင် လွင့်ပျံနေသော အဝတ်စများ ၊ သူမသည် အနှိုင်းမဲ့ အလှတရားများ ပိုင်ဆိုင်ထားသော နတ်ဘုရားမတစ်ပါးကဲ့သို့ တိမ်တိုက်များ ကွဲထွက်သွားချိန်တွင် အခြားတစ်ဖက်၌ ပေါ်လာလေသည်။

လုရွှယ်ချီ....။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့ ပြန်လည် ဆုံတွေ့ခဲ့ကြလေပြီ။

သူတို့၏ အကြည့်များတွင် မည်ကဲ့သို့သော ခံစားချက်များ ပါဝင်နေပါသနည်း။

ထိုအခိုက်အတန့်တွင်သာ သိနိုင်ပေလိမ့်မည်။

X x x

ရုတ်တရက် လောကကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ပင်။ မီးခိုးရောင်အဆိပ်မြူများသည် အစွမ်းထက်လှသော လက်နက်များကြောင့် ဖယ်ရှားခံလိုက်ရပြီး ထိုလူ၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ပေါ်လာလေသည်။

သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့သော ထိုလူသည် သူမ၏ အရှေ့တွင် ရှိနေပေသည်။

သူမ မလှုပ်ရှားခဲ့ပေ ၊ သူမ၏ နှလုံးသားမှာမူ အနည်းငယ် တုန်ယင်သွားရ၏။

X x x

ထိုလက်နက်နှစ်ခုမှာ လျှပ်စီးကဲ့သို့ ၊ အလင်းတန်းကဲ့သို့ ၊ ဘဝပေါင်းများစွာကတည်းက ရန်ငြိုးများစွာ ရှိခဲ့ကြသော ရန်သူဟောင်းကြီးများကဲ့သို့ပင် တစ်ခုကိုတစ်ခု တိုးဝင်နေကြသည်။ ဤအခိုက်အတန့်တွင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရန်မှာ အမုန်းတရားလား ၊ အချစ်လား။

ထိုအခိုက်အတန့်မှာ သူတို့၏ အရှေ့တွင် ရှိနေ၏။

ထိုအခိုက်အတန့်မှာ အသက်ရှူသံ တစ်ချက်အတွင်းသာ ရှိနေသည်။

လျှပ်စီးထက် မြန်ဆန်သောအရာက ဘာဖြစ်မလဲ ၊ နှလုံးသားထဲမှာ တိတ်တဆိတ် ကိန်းအောင်းနေတာကကော ဘာဖြစ်မလဲ။

ဒါဟာ စိတ်ဆန္ဒပဲလား။

တောက်ပနေသော ဝိညာဉ်ဝါးမျိုတုတ်သည် ရုတ်တရက် ဘေးသို့ အနည်းငယ် ယိမ်းသွားပြီး လမ်းဖယ်ပေးလိုက်ရာ ကွေ့လိသည် သူ၏ ရင်ဘတ်ကို မမျှော်လင့်ဘဲ ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ သူ၏ ပခုံးပေါ်ရှိ ရှောင်ဟွေ့ကလည်း အော်ဟစ်လိုက်သည်။

ကြယ်တာရာများကဲ့သို့ အပြာရောင်အလင်းတန်းများ ပွင့်ထွက်လာ၏။

သို့သော် သူ နာကျင်မှုကို မခံစားလိုက်ရပေ။ သူ၏ ဘေးနားမှ ဆံခြည်မျှင် တစ်မျှင်စာခန့်သာ ခြားလျက် ထျန်းယာနတ်ဓားသည်လည်း တစ်ဖက်သို့ အနည်းငယ် ယိမ်းသွားခဲ့လေသည်။

ဤအခိုက်အတန့်သည် အမှန်တကယ်ပင် အန္တရာယ်ကြီးလှ၏။ ကွေ့လိနှင့် လုရွှယ်ချီတို့ နှစ်ဦးထဲမှ တစ်ဦးဦးသာ စက္ကန့်ပိုင်းမျှ နောက်ကျခဲ့လျှင် သို့မဟုတ် တုံ့ဆိုင်းနေခဲ့လျှင် အခြားတစ်ဖက်မှာ ထိုလက်နက်၏ လက်ချက်ဖြင့် ခေါင်းပြတ်သွားပေလိမ့်မည်။

သို့သော် မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ သူတို့ နှစ်ဦးလုံး လက်လျှော့လိုက်ကြ၏။

တစ်ဦးကိုတစ်ဦး လွဲချော်သွားသည့် အခိုက်အတန့်တွင်ပင် သူသည် စူးစိုက်ကြည့်နေဆဲပင် ဖြစ်သည်။

ထိုလှပသော မိန်းကလေး၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေသော ပုံရိပ်မှာ အမှန်တကယ်ပင် သူ ဖြစ်နေ၏။

အသက်နှင့်သေခြင်း ဆုံးဖြတ်ရမည့် တိုက်ပွဲကြောင့် အားအင်များစွာ အသုံးပြုခဲ့ရသဖြင့် သူတို့၏ ကိုယ်ခန္ဓာများသည် မထိန်းနိုင်ဘဲ မတူညီသော အရပ်မျက်နှာများသို့ လွင့်ထွက်သွားကြလေသည်။

လေထဲတွင် သူမ၏ အဝတ်စများဆီမှ သင်းပျံ့သော ရနံ့လေးများ ကျန်ရစ်နေသလော။

ကောင်းကင်ယံမှာ ရုတ်တရက် လင်းထိန်လာပြီး ကွေ့လိ သတိပြန်ဝင်လာသောအခါ သူ၏ ခြေထောက်အောက်တွင် အဆုံးမရှိသော တောအုပ်ကြီးကို တွေ့လိုက်ရ၏။

ကောင်းကင်မှာ နိမ့်ဆင်းနေပြီး မှောင်မိုက်သော တိမ်တိုက်များက ရွေ့လျားနေလေသည်။ သူကိုယ်တိုင် မသိလိုက်ဘဲ ထူထပ်လှသော အဆိပ်မြူကြီးကို ဖြတ်ကျော်လာခဲ့ပြီး အန္တရာယ်ကြီးလှသော အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လေထဲတွင် သူ၏ ကိုယ်ကို ထိန်းကာ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။ သူက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း ရှေးဟောင်းကာလကတည်းက မပြောင်းလဲဘဲ တည်ရှိနေသော ကြီးမားလှသည့် အဆိပ်မြူတံတိုင်းကြီးကိုသာ တွေ့လိုက်ရပေသည်။ ထိုမိန်းကလေးသည်လည်း ယခု ဘယ်နေရာသို့ ရောက်နေမည်နည်း။

All Chapters