← Chapters

လျှို့ဝှက်ဆန်းကြယ်စွမ်းအား

Vol. 22 Ch. 295

လျှို့ဝှက်ဆန်းကြယ်စွမ်းအား

Vol. 22 Ch. 295

အခန်း (၂၉၅) : လျှို့ဝှက်ဆန်းကြယ်စွမ်းအား

လျှို့ဝှက်မှတ်တမ်းခန်း၏ စည်းမျဉ်းများနှင့် မူလဇစ်မြစ်အကြောင်းကို ဝမ်ဝေ့ထံ ရှင်းပြပြီးသည့်နောက်တွင် ဝမ်ထျန်းနှင့် ဂိုဏ်းရှိ အထက်ပိုင်းများက ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို စုစည်းပေးခဲ့သည်။

နာရီအနည်းငယ်ကြာပြီးသည့်နောက်တွင် ဝမ်ဝေ့ရှေ့မှောက် ကျမ်းတချို့နှင့် ကျောက်စိမ်းအဆောင်တချို့  ရှိနေလေပြီ။

“ ဒါပဲလား” သူက မေးလိုက်သည်။

ဤပမာဏက ကြီးမားသည်ဟု ထင်ရသော်လည်း တခြားပညာရပ်များ၏ စုစည်းထားသော စာအုပ်များနှင့် ယှဉ်လိုက်လျှင် အတော်လေး စိတ်ပျက်စရာကောင်းလှသည်။

“ ငါတို့က ဒီလောက်ရှိတာကိုပဲ မင်း ဝမ်းသာသင့်တယ်။ မင်း သိတဲ့အတိုင်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အများစုက ယုံကြည်မှုခေတ်ကာလ ပြီးကတည်းက ပျောက်ကွယ်သွားကြပြီ” ဝမ်ထျန်းက ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တင်ပျဉ်ခွေကာ စာအုပ်ကို ဖွင့်ပြီး ဖတ်လိုက်သည်။ သို့သော်လည်း မိနစ်အနည်းငယ် ကြာပြီးသည့်နောက်တွင် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှု တစ်ခု ဖြစ်ပေါ်လာသည်။

သူက စာအုပ်များစွာကို ဖွင့်ဖတ်ကာ သူ့အံ့ဖွယ်အသိစိတ်က ကျောက်စိမ်းအဆောင်များကို ဖတ်ရှုနေသည်။ သို့သော်လည်း ထူးဆန်းသည့် သူ့အပြုအမူ၏ အကြောင်းအရင်းမှာ သူက ထိုစာအုပ်များရှိ စကားလုံးများကို နားမလည်နိုင်မှန်း မြန်မြန်သဘောပေါက်သွား၍ ဖြစ်သည်။ သူက အထဲမှ ရေးသားထားသည့် ဘာသာစကားကို နားလည်သော်လည်း အာရုံစိုက်လိုက်သည့်အခါတိုင်း သူ့စိတ်တွင် အရိပ်တစ်ခုခု ပေါ်လာကာ သူ ဖတ်နေသည့် အကြောင်းအရာကို နားမလည်နိုင်အောင် တားဆီးနေလေသည်။

ထို့အပြင် ဝမ်ဝေ့က သူ ဖတ်ထားသည့်အရာများကို မမှတ်မိကြောင်း သတိပြုမိသွားသည်။ ဖတ်ရှုပြီး စက္ကန့်ပိုင်းကြာမြင့်ပြီးနောက်တွင် သူ့စိတ်ထဲမှ အချက်အလက်အားလုံးက ပျောက်ကွယ်သွားဟန်ပေါ်သည်။

သူ အားကောင်းပြီး ပြည့်စုံသော မှတ်ဉာဏ်နှင့်ပင် အလွန်ထူးဆန်းလှသည်။ ထို့ကြောင့် သူက ခေါင်းမော့ကာ သူ့မိသားစုအား ကြည့်လိုက်သည်။

သူ့အဖေက သူ့ပုခုံးအား ပုတ်ကာ ပြောလိုက်သည် “ ဒါက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အခြေအနေအတွက် ပုံမှန်ပဲ။ ငါတို့မှတ်တမ်းတွေအရ ဒီဖြစ်စဉ်က တခြားကမ္ဘာမှာလည်း ဖြစ်ခဲ့ဖူးတယ်”

“ အဲလောက်တောင် အားကောင်းတာလား”

အားလုံးက ခေါင်းညိတ်ပြလိုက်သည်။

“ နောက်ထပ် နည်းလမ်းများ ရှိဦးမလား။ မဟုတ်ရင် ဒီအစီအစဉ်တစ်ခုလုံးက အကောင်အထည် ပေါ်မှာ မဟုတ်တော့ဘူး”

“ ငါတို့ဘိုးဘေးတစ်ယောက်က ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ မျိုးဆက်တွေဆီ စကားတစ်ခုပါးခဲ့တယ်”

ဝမ်ချန်က ဝမ်ဝေ့ဆီ စာလိပ်တစ်ခု ပေးလိုက်သည်။ ဝမ်ဝေ့က ဖတ်ကြည့်လိုက်သည့်အခါ စာလိပ်ထဲတွင် စာတစ်ကြောင်းသာ ရေးသားထား၏။

“ သူတို့စိတ်ထဲမှာ ဗုဒ္ဓ ရှိတဲ့သူကသာ ဉာဏ်အလင်းပွင့်နိုင်လိမ့်မယ်”

“ ဒါပဲလား” သူက မေးလိုက်သည် “ဒီလောက်တောင် ခက်တယ်လား”

ဘယ်သူကမှ သူ့အား အဖြေပြန်မပေးကြပေ။ ယခုဝမ်ဝေ့က သူ့ဘိုးဘေးများသည် ကိစ္စများဆောင်ရွက်ရာ၌ အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်သည်ကို အသားကျနေပြီဖြစ်၏။ သူကိုယ်တိုင်ပင် ကံကြမ္မာစွမ်းအား စတင်ထိန်းချုပ်ကတည်းက ထိုသို့ ဖြစ်လာခဲ့သည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူပြီးနောက်တွင် မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။ သူ့စိတ်ထဲတွင် အတိတ်ဘဝက မြင်ခဲ့ဖူးသည့် ဗုဒ္ဓပုံရိပ်ကို ပြန်လည်ပုံဖော်လိုက်၏။

ရွှေရောင်ဗုဒ္ဓက မြင့်မြတ်ကာ ကြီးမားပြီး မျက်နှာအထက်တွင် သဒ္ဓါတရားထက်သန်သည့် အပြုံးကို ပန်ဆင်ထားသည်။ သူက သက်ရှိအားလုံးကို ကယ်တင်လိုပြီး ပြန်လည်ဝင်စားခြင်းစက်ဝန်းမှ လွတ်မြောက်ဖို့အတွက် လမ်းပြပေးလိုသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ဝမ်ဝေ့က ရွှေရောင်ဗုဒ္ဓကို ပုံဖော်နေစဉ် သူ့အသိစိတ်ပင်လယ်အတွင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ဝေ့က မသိလိုက်ဘဲ ရေရွတ်မိလိုက်သည်။

“ နမော နမော … ”

သူ ထိုစကားများ ရေရွတ်ပြီးလိုက်သည့်အခါ သူ့ချက္ကရ ၇ ပေါက်မှ ရွှေရောင်အလင်းတန်း ၇ခု ထွက်ပေါ်လာကာ  သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားပြီး ရွှေရောင်ဗုဒ္ဓနှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ဗုဒ္ဓက ဝမ်ဝေ့၏ အသိစိတ်ပင်လယ်အတွင်းမှ ထွက်လာကာ တကယ့်ကမ္ဘာအတွင်း ပုံပေါ်လာလေ၏။

ထိုအရာမှ လျှို့ဝှက်မှတ်တမ်းခန်း တစ်ခုလုံးကို လွှမ်းသွားသည့် ရွှေရောင်အလင်းတန်း ထုတ်လွှတ်နေသည်။ ထိုအလင်းတန်းနှင့် ထိတွေ့သွားသည့်သူတိုင်းက သူတို့စိတ်ထဲ ငြိမ်းချမ်းသွားသလို ခံစားလိုက်ရပြီး သူတို့၏ မိခင်ရင်ခွင်အတွင်း ပြန်လည် ရောက်ရှိသွားသလို စိတ်အေးသွားကြသည်။

ထို့နောက် သူတို့က သူတို့၏ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရသည်။ ထိုလူများက သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့ ရင်ဆိုင်နေရသည့် ကျင့်ကြံရေး အတားအဆီးက အနည်းငယ် လျော့ပါးသွားကြောင်း သိလိုက်ရသည်။

အထွတ်အထိပ် ကျင့်ကြံသူများအတွက်မူ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဒဏ်ရာများသည်လည်း အနည်းငယ် ပြန်ကောင်းလာပြီး သူတို့သက်တမ်း တိုးမြင့်လာသည်ကို ခံစားမိလိုက်ကြသည်။ ဝမ်ချန်လိုမျိုး ဧကရာဇ်တစ်ပိုင်းအဆင့်တွင်လည်း အတူတူသာ ဖြစ်၏။

ဂိုဏ်းရှိ အထက်ပိုင်းများက ထိုအရာကိုမြင်ပြီး ပြုံးလိုက်ကြပြီး ဝမ်ဝေ့က အောင်မြင်သွားရုံသာမက ထိုအတွေ့အကြုံမှလည်း အကျိုးအမြတ် ရရှိသွားကြောင်း တွေးမိလိုက်ကြသည်။ သူတို့အတွက် ကံဆိုးသည်က သူတို့အပြုံးက ကြာရှည်မခံလိုက်ပေ။

ရွှေရောင်ဗုဒ္ဓ ပုံပေါ်လာပြီး စက္ကန့်ပိုင်းအကြာတွင် လျှို့ဝှက်မှတ်တမ်းခန်း တည်ရှိနေသည့် ကမ္ဘာငယ်အတွင်းက အရာအားလုံးသည် ရုတ်ချည်းဆိုသလို ရပ်တန့်သွားကြသည်။ ကျင့်ကြံဆင့်အမြင့်ဆုံး ဖြစ်သည့် ဝမ်ချန်ပင် အချိန် ရပ်တန့်သွားလေ၏။

ထို့နောက် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက အခန်းအတွင်း ကျရောက်လာသည်။ ထိုအရာ လုပ်လိုက်သည့် ပထမဆုံးအရာမှာ ရွှေရောင်ဗုဒ္ဓကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဝမ်ဝေ့၏ စိတ်အတွင်းသို့ ဝင်ကာ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် သူ့မှတ်ဉာဏ်နှင့် ဗဟုသုတအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေသည်။

ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က လှုပ်ရှားနိုင်ခြင်း မရှိသလို ဘာမှလည်း မတတ်နိုင်ပေ။ သူ့စိတ်က ကောင်းကောင်း အလုပ်လုပ်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ သူ့ဝိညာဉ်ပင် အသုံးမဝင်ဖြစ်နေလေ၏။

သို့သော်လည်း သူ့ခန္ဓာကိုယ်ရှိ တခြားတစ်ခုက အလုပ်ဖြစ်နေသေးသည်။ ဤအရာက တုယီနယ်ပယ်မှ ချီးမြှင့်ထားသည့် စိတ်ဆန္ဒ ဖြစ်၏။ ထိုစိတ်ဆန္ဒက သူ့အလိုလို အကောင်အထည်ပေါ်လာကာ ဝမ်ဝေ့၏ စိတ်အတွင်းဝင်ရောက်နေသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအားအား ခုခံနေသည်။

ကံဆိုးစွာဖြင့် အားနည်းလွန်းလှသည်။ သူ့စိတ်ဆန္ဒက ထိုအရာကို သိကာ ဝမ်ဝေ့၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီး ခုခံနေလေသည်။ တစ်နည်းနည်းဖြင့်‌ အောင်မြင်ခဲ့လေ၏။ မည်သို့ပင်ဆိုစေကာမူ သူက ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအား သက်ရောက်မှု ရှိဖို့ အချိန်ကို နှောင့်နှေးထားနိုင်ခဲ့သည်။

ထိုသို့ဖြစ်ပျက်နေစဉ် ဝမ်ဝေ့က ပထမဆုံးအကြိမ်အနေနှင့် အလွန်အားနည်းသလို ခံစားလိုက်ရသည်။ သူက ရုတ်ချည်းဆိုသလို မျှော်နန်းဆောင်အတွင်းမှ နောက်ဆုံးစစ်ဆေးမှုအား အမှတ်ရသွားလေသည်။ ထိုဧရာမလက်ကြီးနှင့် ရင်ဆိုင်သည့်အခါတွင်လည်း သူက မည်မျှပင် အားနည်းကာ ကူကယ်ရာမဲ့ကြောင်း အမှတ်ရသွားလေသည်။

ထို့နောက်တွင် သူက ထိုအချိန်တွင် ခံစားခဲ့ရသည့် ဒီအဖြစ်အပျက်များကို တွေးမိကာ ဒေါသလှိုင်း ထွက်ပေါ်လာသည်။ ထိုဒေါသဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ နောက်ထပ် အားကောင်းသည့် စိတ်ဆန္ဒတစ်ခုက ထွက်ပေါ်လာသည်။ ဤအရာက သူ့ကိုယ်ပိုင်စိတ်ဆန္ဒ ဖြစ်၏။

ဤသည်က မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်နိုင်ပြီး ဖြစ်နိုင်ချေ မရှိသည့် ကောင်းကင်၏ အမျက်ဒေါသကိုပင် သွေးထွက်အောင် လုပ်နိုင်သည့် စိတ်ဆန္ဒမျိုး ဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က သရော်လိုက်သည်။

ထိုသရော်သံက လျှို့ဝှက်မှတ်တမ်းခန်းတစ်ခုလုံး ပျံ့နှံ့သွားကာ ကမ္ဘာငယ်တစ်ခုလုံးအထိ ရောက်ရှိသွားသည်။ ထိုသရော်သံက ထိုမျှဖြင့် ရပ်တန့်မသွားဘဲ လေဟာနယ်ကို ဖြိုခွင်းကာ ကောင်းကင်နှင့် အသင်္ချေကမ္ဘာများထံ ပဲ့တင်သွားချင်ဟန်ပေါ်သည်။

သို့သော် ထိုကမ္ဘာငယ်ပတ်ဝန်းကျင်ရှိ သင်္ကေတအမြောက်အများက ထိုအသံ ထွက်မသွားအောင် တားဆီးထားလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသင်္ကေတများက တုန်ခါသွားပြီးနောက် အက်ကွဲသွားသည်။

ထိုအရာများကို အသုံးပြုကာ ပျံ့လွှင့်မသွားအောင် တားဆီးထားပေးနေသည့် ဝူဟုန်က ဖြူဖျော့သွားကာ သွေးစီးကျလာသည်။ သို့သော်လည်း ဝူဟုန်က သွေးမြန်မြန် သုတ်လိုက်ပြီးနောက် လျှို့ဝှက်နည်းစနစ်တစ်ခု ထုတ်သုံးလိုက်သည့်အခါ သူမ၏ အသားအရည်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

………..

ထိုစဉ် ဝမ်ဝေ့ သရော်သံအပြီးတွင် သူ့ကိုယ်ပိုင်စိတ်ဆန္ဒက ထိုလျှို့ဝှက်ဆန်းကြယ်စွမ်းအားအား ချက်ချင်းချေမှုန်းပစ်လိုက်သည်။ ထို့နောက် အားလုံးက ပြန်လည်လှုပ်ရှားလာနိုင်ကြသည်။ သို့သော် သူတို့၏ မျက်နှာထက်တွင် အကြောက်တရားများ ရှိနေသေးသည်။

“ အဲဒါက ဘာကြီးလဲ” ယုယန်က မေးလိုက်သည်။

မည်သူကမှ သူမအား ပြန်မဖြေကြပေ။ သူမက ဤသည်မှာ အဖြေမရှိသည့် မေးခွန်းမှန်းသိလိုက်သည်။

“ အဲဒါက အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားပဲ” ဝူဟုန်က ပြောလိုက်သည်။ ထိုစဉ် အားလုံးက သူမအား လှည့်ကြည့်လာကြ၏။

“ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က ဗုဒ္ဓဘာသာအတွက် အမုန်းတရား ကြီးမားတယ်။ အဲဒါကြောင့် ထာဝရဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ဇစ်မြစ်ကို ဖြတ်တောက်ဖို့ မှော်စွမ်းအားကို ချမှတ်ခဲ့တယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာအားလုံးက အဲဒီမှော်ရဲ့ ရှင်းထုတ်ခြင်းကို ခံရလိမ့်မယ်”

ဝူဟုန်က ရုတ်တရက် ရပ်ကာ “ အခု စဉ်းစားကြည့်လိုက်တော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသလိုပဲ။ ရှင့်ရဲ့ ချက္ကရ ၇ပေါက်ဖြစ်ဖြစ် ဗုဒ္ဓပုံပေါ်တာပဲဖြစ်ဖြစ် ဘယ်ဟာကမှ ဒီမှော်စွမ်းအားအောက်မှာ ဖြစ်မလာနိုင်ဘူး။ တကယ်လို့ ကျိုးပျက်သွားတာသာ မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် တစ်ယောက်ယောက်ကသာ ဟာကွက် ရှာတွေ့သွားတာ မဟုတ်ဘူးဆိုရင်ပေါ့”

“ အဲဒါက အဲလောက်တောင် ဆိုးတယ်လား” ဝမ်ဝေ့က မေးလိုက်သည်။

“ အဲလိုတော့ မဟုတ်ဘူး။ အဲဒီလူက သက်တမ်းတစ်လျှောက်လုံး ဗုဒ္ဓဘာသာကိုပဲ တိုက်ခိုက်နေခဲ့တာ။ သူ သေပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က သူ့မှော်စွမ်းအားရဲ့ ဟာကွက်ကို ရှာနိုင်ခဲ့တယ် တူတယ်။ ကြည့်ရတာ သူ အုတ်ဂူထဲကနေ ဒေါသထွက်နေလောက်ပြီ” ဝူဟုန်က လှောင်ပြောင်စွာ ပြောလိုက်သည်။

“ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က သေသွားပြီလား” ယုယန်က တအံ့တဩဖြင့် မေးလိုက်သည်။

“ အဲလိုလည်း ဟုတ်တယ်။ အဲလိုလည်း မဟုတ်သေးဘူး။ သူ့လိုမျိုး တည်ရှိမှုမျိုးက သေခြင်းတရားက အဆုံးသတ် မဟုတ်ဘူး။ သူက တည်ရှိမှုနဲ့ မတည်ရှိမှု အခြေအနေမျိုးမှာ ရောက်နေတာ”

“ မပြီးပြတ်သေးတဲ့ အခြေအနေမျိုးလား”

“ အဲ့ထက်တော့ ရှုပ်ထွေးတယ်။ ဒါပေမဲ့ အဲလိုနည်းမျိုးနဲ့တော့ တွေးလို့ရပါတယ်”

လူအများက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မမေးကြတော့ပေ။ သူတို့၏ စကားတစ်ခုခုတွင် ဝူဟုန်၏ ဆန်းကြယ်မှုများနှင့် အသားကျနေလေပြီ။ အများစုက သူများ၏ ဇစ်မြစ်အပေါ် သဘောတရားများစွာ ကောက်ချက်ချလာကြသည်။

ထိုလူများစွာက သူမအား ထိုအကြောင်းအရာကြောင့် အပြည့်အဝ မယုံကြည်ကြသော်လည်း သူတို့က ဝမ်ဝေ့၏ လူအကဲဖြတ်နိုင်စွမ်းကို ယုံကြည်ထားကြသည်။

စကားစမြည် ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ပြန်လည်ဖတ်ရှုဖို့ ပြင်လိုက်သည်။

သို့သော်လည်း အခန်းအတွင်း လူအိုကြီးတစ်ယောက် ရုတ်ချည်းပေါ်လာကာ မေးလိုက်သည် “ ဘာဖြစ်နေတာလဲ။ ဘာတွေဖြစ်သွားတာလဲ”

ဝမ်ဝေ့က ထိုလူအိုကြီးသည် အစစ်အမှန် အုပ်ချုပ်သူဖြစ်နေ၍ သတိတကြား ဖြစ်သွားသည်။ သို့သော်လည်း သူ့အဖေက လက်မြှောက်ကာ သူ့အား ငြိမ်ငြိမ်နေဖို့ လက်ဟန်ပြလိုက်သည်။

“ ဒါက အကြီးအကဲချုပ် လီထန်း။ သူက လျှို့ဝှက်မှတ်တမ်းခန်းရဲ့ အစောင့်အရှောက်ပဲ” ဝမ်ထျန်းက ရှင်းပြလိုက်သည်။ ထို့နောက် သူက လီထန်းဆီ သွားကာ အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်သည်။

ထိုဇာတ်ကြောင်းတစ်ခုလုံးကို ကြားပြီးသည့်နောက်တွင် ထိုလူအိုကြီးက ခေါင်းညိတ်ပြီး ဘာမှမပြောဘဲ ပျောက်ကွယ်သွားလေသည်။

“ သူ့ကို စိတ်ထဲ မထားနဲ့” ဝမ်ထျန်းက ပြောလိုက်သည် “ သူ့ အကျင့်စရိုက်က အဲလိုမျိုးပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့တွင် အရေးကြီးသည့် ကိစ္စများ ရှိနေသည့်အတွက် တခြားကိစ္စများကို အရေးမစိုက်တော့ပေ။

All Chapters