← Chapters

အကျပ်ကိုင်ခြင်း

Vol. 22 Ch. 296

အကျပ်ကိုင်ခြင်း

Vol. 22 Ch. 296

အခန်း (၂၉၆) : အကျပ်ကိုင်ခြင်း

အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားနှင့် ထူးထူးဆန်းဆန်း တွေ့ဆုံပြီးနောက်တွင် ဝမ်ဝေ့က စာအုပ်ပုံကြား ပြန်ရောက်သွားလေသည်။ သို့သော်လည်း ယခင်နှင့်မတူသည်က သူ့တွင် ထိုအကြောင်းအရာများကို မှတ်မိဖို့ သို့မဟုတ် ဖတ်ရှုဖို့ ပြဿနာ မရှိတော့ပေ။ ကြည့်ရသည်မှာ သူ့နည်းလမ်းက အလုပ်ဖြစ်ပုံပေါ်သည်။

ထို့ကြောင့် သူက ရက်သတ္တပတ် အနည်းငယ်အထိ ဗုဒ္ဓဘာသာအကြောင်း ဖတ်ရှုကာ ယုံကြည်မှုစွမ်းအားကို အသုံးပြု၍ သူ့ဝိညာဉ်အား သန့်စင်နိုင်မည့် နည်းလမ်းကို ရှာဖွေနေသည်။

“ မင်း နည်းလမ်းကို ရှာတွေ့ပြီလား” သူ့အဖေက မေးလိုက်သည်။

“ ရှာမတွေ့သေးဘူး” ဝမ်ဝေ့က ခေါင်းခါရင်း ပြန်ဖြေလိုက်သည် “ ကျွန်တော် သင်ယူခဲ့သမျှက အဲဒီခေတ်က ဘုန်းကြီးတချို့က သူတို့ဝိညာဉ်ကို သန့်စင်ဖို့ အသိရှိ မီးတောက်လို့ ခေါ်တဲ့ တစ်ခုခုကို အသုံးပြုခဲ့ပုံပဲ။ အဲဒီမီးတောက်က သက်ရှိတွေဆီက ယုံကြည်မှုတွေကို စုစည်းပြီးတော့ ဖန်တီးထားတာ။ အဲဒါကြောင့် အဲဒီနာမည် ဖြစ်ပေါ်လာတာပဲ”

“ အဲဒါဆိုတော့ အသုံးမဝင်ဘူးလား”

“ အဲလိုလည်း မဟုတ်သေးဘူး။ ကျွန်တော် ဒီနည်းလမ်းကို ရှာမတွေ့ပေမဲ့ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ အကြံတစ်ခုတော့ ထွက်လာတယ်”

အားလုံးက ထိုအရာကို ကြားပြီး မျက်လုံးများ လင်းလက်လာကြသည်။ သူတို့က သူ ရှင်းပြသည်ကို စောင့်ဆိုင်းနေလေ၏။ ထို့နောက် ဝမ်ဝေ့က သူတို့အား သူစဉ်းစားမိသည့် အစီအစဉ်အား တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြလိုက်သည်။

အားလုံးက ထိုအရာကို နားထောင်ပြီးသည့်နောက်တွင် သူတို့ရရှိသည့် သတင်းအချက်အလက်များကို တွက်ချက်ဖို့ ကြိုးစားလိုက်ကြ၏။

“ မင်းအစီအစဉ်က နည်းနည်းတော့ ရူးမိုက်တယ်ဆိုပေမဲ့ အလုပ်ဖြစ်နိုင်တယ်” ဝမ်ထျန်းက ပြောလိုက်သည်။

“ ဒါပေမဲ့ လုပ်ဖို့လိုနေတဲ့ အချို့ကိစ္စတွေရော ရှိသေးလား။ သူတို့က လွယ်လွယ်ကူကူရမှာ မဟုတ်ဘူး”

“ အခက်ခဲဆုံးအပိုင်းက မင်း မူလဆေးလုံးမီးတောက်ကျမ်းကို ဘယ်လိုရအောင် ယူမလဲဆိုတာပဲ” ယုယန်က ပြောလိုက်သည်။

“ ဖူချိုက်ယွင်က မောက်မာတယ်။ သူ အဲဒီကျမ်းကို ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတဲ့အကြောင်းအရင်းက သူ့ပါရမီကြောင့်တင် မဟုတ်ဘူး။ သူက သူ့ကို လွှမ်းမိုးနိုင်တဲ့ အခွင့်အရေးရှိတဲ့ ဆေးဝါးပညာရှင်အားလုံးကိုလည်း တိတ်တဆိတ် သတ်ဖြတ်ခဲ့တာလည်း ပါတယ်။

ပြီးတော့ မူလဆေးလုံး မီးတောက်ကျမ်းက ဆေးလုံးပညာရပ်မှာ ပါရမီ မြင့်မားဖို့ လိုရုံသာမကဘူး။ ဆေးလုံးတာအိုကို အတော်လေး စိတ်နှစ်ထားဖို့လည်း လိုအပ်တယ်။ သားရဲ့ ဆေးဝါးပညာမှာ ပါရမီက လိုအပ်ချက်နဲ့ ကိုက်ညီနိုင်ပေမဲ့ ဆေးလုံးတာအိုမှာတော့ လိုအပ်နေလိမ့်ဦးမယ်”

“ ကျွန်တော်က အဲဒီကျမ်းကို ရဖို့ ပြဿနာ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို စဉ်းစားပြီးသွားပြီ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ ဖူချိုက်ယွင်အတွက်ကိုတော့ ကျွန်တော် မူလဆေးလုံးတာအိုဂိုဏ်းကို ဝင်ပြီးမှပဲ ညှိနှိုင်းရမှာပေါ့”

အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြစဉ် ဝူဟုန်က သူ့အား စာအုပ်တစ်အုပ် ထုတ်ပေးလာသည် “ ဒါက အပြစ်ကြွေးမီးတောက်ကို ကျင့်ကြံနိုင်မဲ့ မိစ္ဆာကျင့်စဉ်ပဲ။ ယုံကြည်မှုစွမ်းအားထဲမှာ စိတ်ခံစားချက် စွမ်းအားတွေ ပါဝင်နေတယ်ဆိုတော့ ဒါက ရှင့်အတွက် အကူအညီ ဖြစ်လိမ့်မယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် တစ်ခုခုကို တွေးမိကာ အကြည့်များ တောက်ပသွားလေသည်။ သူက အားလုံးကို ငြိမ်ဖို့ အချက်ပြလိုက်ပြီးနောက် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

“ သူမ သီးသန့်ကျင့်ကြံနေတာ မဟုတ်ဖို့တော့ မျှော်လင့်ပါတယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် သူ့ရှေ့တွင် ဆံပင်အစိမ်းရောင်နှင့် မိန်းမလှတစ်ဦး ပေါ်ထွက်လာသည်။ သူမက အကြည့်တစ်ချက်ဖြင့် ဆွဲဆောင်နိုင်သည့် ထူးကဲလှသော ဆွဲဆောင်မှုမျိုးကို ထုတ်လွှတ်နေသည်။

“ သခင်လေးဝမ်ဝေ့ ရှင် ကျွန်မကို ဆက်သွယ်ဖို့ ဘာလို့ အဲလောက်တောင် ကြာနေရတာလဲ။ ဒီက ကျွန်မကို မေ့သွားပြီလို့တောင်ထင်နေတာ”

“ သခင်မလေး စုယာ  … မင်း သိတဲ့အတိုင်း ကျုပ်ကလည်း ကျင့်ကြံရေးနဲ့ အလုပ်များနေတာလေ။ စောစောစီးစီး မဆက်သွယ်မိတာ စိတ်မကောင်းပါဘူး”

“ ရှင်တို့ယောက်ျားတွေက အမြဲတမ်း အကြောင်းပြချက်တွေ သုံးနေတော့တာပဲ။ ပြီးတော့ ဒီတစ်ခါ ဘာလို့များ ခေါ်လိုက်တာလဲ”

“ မိန်းမလှလေးနဲ့ စကားပြောချင်လို့ဆိုတာ မရဘူးလား။ ကျုပ်က မင်းဆီက တစ်ခုခုလိုအပ်တယ်လို့များ ဘာကြောင့်ထင်နေရတာလဲ”

“ ကျွန်မ ရှင်နဲ့ အီစီကလီ လုပ်ချင်ပေမဲ့ အခု အလုပ်ရှုပ်နေတယ်။ အဲဒါဆိုတော့ လိုရင်းပဲ ပြောရအောင်။ ပြီးတော့ ရှင့်တာအိုလက်တွဲဖော်က ရှင့်အပြုအမူတွေကို သဘောကျမယ် မထင်ဘူး”

ဝမ်ဝေ့က ဝူဟုန်အား တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ သို့သော်လည်း သူမက တစ်လျှောက်လုံး တည်ငြိမ်သည့် မျက်နှာထားကိုသာ ပန်ဆင်ထားလေသည်။

သူမက နည်းနည်းလောက် သဝန်တိုပြလို့ မရဘူးလား…

“ ဒီလိုဆိုရင် ကျုပ် တည့်တိုးပဲ ပြောတော့မယ်။ မင်းကို အပေးအယူ လုပ်ဖို့ ခေါ်လိုက်တာ။ စိတ်ခံစားချက်တွေကို မီးတောက်အဖြစ် ပြောင်းလဲနိုင်ဖို့ မင်းရဲ့ နားလည်နိုင်စွမ်းကို လိုချင်တယ်။”

“ ထူးဆန်းတဲ့ တောင်းဆိုမှုပါလား။ ဘာလို့များ ရှင်က အဲလို လိုချင်ရတာလဲ”

“ အဲဒီအချက်က ငါတို့ အလဲအလှယ်နဲ့ သက်ဆိုင်မယ် မထင်ဘူး”

“ အဲဒါဆိုတော့ ကျွန်မက ဘာပြန်ရမှာလဲ”

“ ငါ့ဆီမှာ မိစ္ဆာခေတ်ကာလတုန်းက အပြစ်ကြွေးတွေကို မီးတောက်အဖြစ် ပြောင်းလဲနိုင်တဲ့ မိစ္ဆာကျင့်စဉ်တစ်ခု ရှိတယ်။ အဲဒါဆိုရင်တော့ မျှတတဲ့ အလဲအလှယ် ဖြစ်မယ်ထင်ပါတယ်။”

စုယာက ထိုအလဲအလှယ်ကြောင့် အနည်းငယ် အံ့ဩသွားလေသည်။ သူမက ရှေးခေတ်ကတည်းက အဖိုးတန်သည့် တာအို ရရှိနိုင်သည့်အတွက် အမှန်ပင် တန်လေသည်။ သူမက ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် “ ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့ အပေးအယူကို ငြင်းရလိမ့်မယ်”

ဤတစ်ကြိမ် ဝမ်ဝေ့က အံ့ဩသွားသူ ဖြစ်၏။

“ ဘာလို့လဲ။ ဒါက မျှတတဲ့ အပေးအယူပါ။ မင်းက ဒီအပေးအယူကနေ ပိုပြီး အကျိုးအမြတ်ရမှာ မဟုတ်ဘူးလား”

“ တထစ်ချပဲ။ ဒါပေမဲ့ ရှင့်အကြောင်းကို သိသလောက် ရှင်က ဆုံးရှုံးမှုကို ကြိုက်တဲ့သူမျိုး မဟုတ်ဘူး။ အဲဒါဆိုတော့ ရှင်က ဒီလိုမျိုး အပေးအယူ လုပ်ချင်နေတယ်ဆိုမှတော့ ရှင့်အတွက် အလွန်အရေးကြီးတာ ဒါမှမဟုတ် အရမ်းကို အဖိုးတန်နေတာပဲ ဖြစ်ရမယ်။

အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင် အဲဒီအရာကို မရအောင် တားဆီးရမှာပဲ။ ပြီးတော့ ရှင်က ကျွန်မတို့ ကောင်းကင်မျိုးဆက် ရွေးချယ်ခံတွေထက် အရေးသာချက်တွေက တော်တော်လေးကို ပိုများနေပြီ။ နောက်ထပ် ရှိဖို့ မလိုဘူး” စုယာက ညင်ညင်သာသာပြုံးရင်း ပြောလိုက်သည်။

ဝမ်ဝေ့၏ အကြည့်များက အေးစက်သွားသော်လည်း သူ့မျက်နှာထက် အပြုံးတို့ တည်ရှိနေသေးသည်။

“ ကျုပ်က ကျုပ် လိုချင်တာကို အမြဲတမ်းရအောင် ယူတဲ့သူ။ အဲဒါဆိုတော့ အပေးအယူက အလုပ် မဖြစ်ဘူးဆိုတော့ သခင်မလေး စုယာကို အကျပ်ကိုင်ကြည့်ရင် ဘယ်လိုလဲ”

“ ဟီး ဟီး ရှင် ကျွန်မကို ဘယ်လိုအကြပ်ကိုင်မလဲ ကြည့်ချင်သေးတယ်။”

“ တကယ်လို့ ကျုပ်သာ မမှားရင်…” ဝမ်ဝေ့က ဖြည်းဖြည်းချင်းစီ ပြောလိုက်သည် “ အခု မင်းက ကျန့်ဝူရွှမ်းကို သတ်ဖို့ ကြံစည်နေတယ်မလား”

စုယာက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အဆောင်စာရွက်မှ သူမ၏ အားပါးတရ ရယ်မောသံ ထွက်ပေါ်လာလေ၏။ “ သခင်လေး ဝမ်ဝေ့ ကျန့်ဝူရွှမ်းကို သတ်မဲ့ ကျွန်မ အကြံအစည်ကို အကျပ်ကိုင်ဖို့ အသုံးချချင်တယ်ဆိုရင်တော့ ရှင် ကျွန်မရဲ့ စွမ်းဆောင်မှုကို အထင်သေးနေတာပဲ”

“ အဲလိုလား” ဝမ်ဝေ့က ပြန်ပြောလိုက်သည် “ ဒီလိုဆိုရင် မင်းကို ဇာတ်ကြောင်းလေးတစ်ခု ပြောပြမယ်။ ဟိုးအရင်တုန်းက ရွာငယ်လေးမှာ မိဘမဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ သူမရဲ့ မိဘတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတော့ ရွာထဲက တခြားကလေးတွေရဲ့ လှောင်ပြောင်မှုကို အမြဲတမ်း ခံခဲ့ရတယ်။ သူမအတွက် ကံကောင်းတာက သူမက ထူးကဲတဲ့ ရုပ်ခန္ဓာနဲ့ မွေးဖွားလာခဲ့တာပဲ။

အဲဒါကြောင့် သူမက အဲဒီကလေးတွေကို ဆွဲဆောင်ပြီးတော့ သူမအတွက် အလုပ်လုပ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ မိဘမရှိလို့ လှောင်ပြောင်ခံရတဲ့ စိတ်ဒဏ်ရာက နှလုံးသားထဲမှာ ကျန်ရှိနေတယ်။ တစ်ရက်ကျတော့ မသေမျိုး အမျိုးသမီးက သူမမှာရှိတဲ့ ပါရမီကို သတိထားမိပြီးတော့ သူမကို ကျင့်ကြံရေးလမ်းစဉ်ပေါ် ဆွဲခေါ်လာခဲ့တယ်။

အဲဒီမိန်းကလေးရဲ့ ကျင့်ကြံရေးမှာ အရမ်းကို ပါရမီထူးချွန်ပြီးတော့ သူမရဲ့ ရွယ်တူတွေကြားမှာ အမြဲတမ်း အတော်ဆုံးဖြစ်ခဲ့တယ်။ သူမက ဂိုဏ်းတပည့်တွေကြားမှာလည်း နာမည် ကျော်ကြားပြီးတော့ မြင့်မားတဲ့ အဆင့်အတန်းကိုလည်း ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ သူမဘဝမှာ လိုအပ်နေတဲ့ အရာတစ်ခု ရှိနေတုန်းပဲ။ အဲဒါက မိဘရဲ့ ချစ်ခြင်းမေတ္တာ …

အဲဒီမိန်းကလေးက သူမကို ခေါ်ဆောင်လာတဲ့ သူမရဲ့ဆရာကို မိခင်လိုမျိုး သတ်မှတ်ထားတယ်။ ဒါပေမဲ့ သူမရဲ့ဆရာက အမြဲတမ်း အေးစက်စက်နိုင်ပြီးတော့ သူမကို ဂိုဏ်းဖွံ့ဖြိုးအောင် လုပ်ပေးမဲ့ ပစ္စည်းတစ်ခုအဖြစ်အပြင် မဆက်ဆံဘူး။ ဒါပေမဲ့ နောက်တစ်ရက်ကျတော့ အဲဒီမိန်းကလေးက ဂိုဏ်းရဲ့ တခြားကောင်းကင်ရွေးချယ်ခံတွေနဲ့ ရင်ဆိုင်ဖို့ အစီအစဉ်တစ်ခု ဖန်တီးခဲ့တယ်။ သူမရဲ့ ဆရာက အဲဒီအစီအစဉ်ကို မြင်ပြီးတဲ့နောက်မှာ အတော်လေးကို ကျေနပ်သွားတယ်။

သူမ ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ ဆရာရဲ့ အပြုံးကို မြင်လိုက်ရပြီးတော့ ချီးကျူးမှုကို ခံလိုက်ရတယ်။ အဲဒီမှာ သူမ မိဘတွေဆုံးသွားပြီး ပထမဆုံးအကြိမ်အနေနဲ့ သူမ အမြဲတမ်း အိပ်မက် မက်ခဲ့ရတဲ့ ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရတယ်…

အဲဒါဆိုတော့ ဒီဇာတ်ကြောင်းကိုရော ဘယ်လိုထင်လဲ”

စုယာက ဝမ်ဝေ့က ဒေါသတကြီးဖြင့်  ကြည့်လာသည်။ အကယ်၍ သူမအကြည့်ကသာ လူသတ်နိုင်လျှင် သူမက သူ့တည်ရှိမှုအားလုံးအား လုံးဝ ဖျက်ဆီးပစ်လိမ့်မည်။

“ ကောင်းပြီ။ စာချုပ်နဲ့ ကျင့်စဉ်ကို ပို့လိုက်။ ဒါပေမဲ့ ရှင့်ရဲ့ အဲဒီပါးစပ်ကို ပိတ်ထားဖို့ သေချာအောင်တော့ လုပ်ထား”

ထိုအရာကို ပြောပြီးနောက် သူမက ဆက်သွယ်ရေးအဆောင်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက်တွင် စုယာက သူမ၏ ကျင့်ကြံရေးအခန်းထဲ သောင်းကျန်းပစ်ကာ မြင်မြင်သမျှအားလုံးကို ဖျက်ဆီးပစ်လေသည်။

ဝမ်ဝေ့အတွက်မူ လှောင်ပြုံး ပြုံးလိုက်ရင်း “ စိတ်ခံစားချက်တွေနဲ့ ကစားတတ်တဲ့သူတွေက အဲဒါတွေကြောင့်ပဲ အလွယ်တကူ လွှမ်းမိုးခံရနိုင်တယ်”

“ တစ်ခါတစ်လေ သားက ဘယ်လောက်ဉာဏ်များတယ်ဆိုတာ အမေတောင် မေ့တော့မလို့” ယုယန်က အပြုံးလေးဖြင့် ပြောလာသည်။ “ တကယ်ကို သားက အမေ့သားပဲ။ ဒီလိုပြဿနာမျိုးမှာ ဓားကို သုံးမဲ့အစား ခေါင်းနဲ့ ဘယ်လိုဖြေရှင်းသုံးရမလဲဆိုတာကို ကောင်းကောင်းသိတယ်”

သူမက ဝမ်ထျန်းအားကြည့်ရင်း နောက်ဆုံးတစ်ကြောင်းကို ပြောလိုက်ခြင်း ဖြစ်၏။

သို့သော်လည်း ဂိုဏ်းချုပ်က သူ့ဇနီးကို လျစ်လျူရှုထားလေသည်။ သူက သူ့ငယ်ရွယ်စဉ် နှစ်များတွင် တုံးအအ ဖြစ်ခဲ့သော်လည်း ဂိုဏ်းချုပ် ဖြစ်လာပြီးသည့်နောက်တွင် သူသည်လည်း ဉာဏ်များသည့် မြေခွေးအိုကြီး ဖြစ်လာလေပြီ။

“ အဲဒါဆိုတော့ နောက်အဆင့်ကရော” ဝမ်ထျန်းက မေးလိုက်သည်။

“ နောက်ထပ် ကျွန်တော် တစ်ခုခုလုပ်ဖို့ လိုသေးတယ်”

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ ပါကွားလိပ်ခွံကို ထုတ်လိုက်ပြီး ကံကြမ္မာစွမ်းအားဖြင့် အသက်သွင်းလိုက်သည်။

ထို့နောက်တွင် သူက ကြိုးမျှင်များစွာရှိသည့် မြစ်အတွင်းသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။ မြစ်အလယ်တွင် ကြိုးများကို ဖန်တီးနေသည့် ရစ်လုံးတစ်ခု ရှိနေသည်။

ဤသည်က ကံကြမ္မာမြစ် ဖြစ်၏။ ဝမ်ဝေ့က မြစ်ပေါ်တွင် ရပ်ရင်း မျက်လုံးကိုမှိတ်ကာ တစ်ခုခုကို ခံစားလိုက်သည်။ ထို့နောက် သူက မြစ်ထဲ လက်နှိုက်လိုက်ပြီး ကြိုးတစ်မျှင်ကို ဆွဲနှုတ်လိုက်သည်။ ထို့နောက်တွင် သူက ခဲဖြူရောင် တောက်ပနေသော မျက်လုံးကို ဖွင့်လိုက်လေသည်။

“ ကျွန်တော် ဒီကမ္ဘာကို ရှာဖို့ တစ်ယောက်ယောက် လွှတ်ဖို့လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါ သွားလိုက်မယ်” ဝမ်ချန်က ပြောလိုက်သည် “ ဒီနည်းနဲ့ဆိုရင် ပိုမြန်လိမ့်မယ်”

ထို့နောက် သူက အာကာပြင်ကို ချိုးဖောက်ကာ အဆုံးမဲ့လေဟာနယ်အတွင်း ဝင်ရောက်သွားလေသည်။ သူ၏ ဧကရာဇ်တစ်ပိုင်း ကျင့်ကြံဆင့်ဖြင့် တစ်ခါကူးပြောင်းသွားလာလျှင် အလင်းနှစ်သန်းချီအဝေးကို ရောက်ရှိနိုင်၏။

All Chapters