ထူးဆန်းသည့်ကမ္ဘာ
Vol. 22 Ch. 297
အခန်း (၂၉၇) : ထူးဆန်းသည့်ကမ္ဘာ
ဝမ်ချန်က တစ်ရက်တာလုံးလုံး ဆက်တိုက် ကူးပြောင်းသွားလာပြီးသည့်နောက်တွင် ထိုကမ္ဘာ၏ တည်နေရာက သူ ထင်ထားသည်ထက် ပိုဝေးကြောင်း သတိပြုမိလိုက်သည်။ သူက လေဟာနယ် သင်္ဘောကို ထုတ်မသုံးသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူက ထိုအရာထက် ပိုမြန်ဆန်၍ ဖြစ်၏။ သို့သော် သူ့ကျင့်ကြံဆင့်နှင့်ပင် ထိုနေရာသို့ ရောက်ဖို့ ကြာမြင့်မည်မှန်း သိလိုက်သည်။
သူက အချိန်မဖြုန်းချင်သည့်အတွက် သူ့သိုလှောင်လက်စွပ်အတွင်းမှ အာကာပြင်ရတနာကို ထုတ်ယူလိုက်ပြီး လက်ဗလာဖြင့် ချေမွလိုက်သည်။ ထိုရတနာ ပျက်စီးသွားမှုက အာကာပြင်စွမ်းအား အမြောက်အမြားကို ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် ဝမ်ချန်က ထိုစွမ်းအင်ကို သုံးကာ ဆက်လက် ကူးသန်းသွားလာလိုက်သည်။ သူက အလင်းနှစ်သန်းချီကို တစ်ခဏအတွင်း ကူးပြောင်းသွားနိုင်သော်လည်း အလင်းနှစ် သန်းထောင်ချီကိုတော့ မသွားလာနိုင်ပေ။
ထို့ကြောင့် အာကာပြင် ရတနာများကို ဆက်တိုက် ဖျက်ဆီးပြီးသည့်နောက်တွင် ဝမ်ချန်က သူ့ဦးတည်ရာအား ၆လအစား ၆ ရက်အတွင်း ရောက်ရှိသွားလေသည်။
ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ချန်က တစ်ခုခုထူးဆန်းနေသည်ကို သတိပြုမိလိုက်ပြီး သွားကြည့်လိုက်သည်။ ကြည်လင်သည့် အကာအရံဖြင့် ဖုံးအုပ်ထားသော ကမ္ဘာအများစုနှင့် မတူညီဘဲ ဤကမ္ဘာအား သလင်းကျောက်အလွှာဖြင့် ဖုံးအုပ်ထားသည်။
ဝမ်ချန်က စဉ်းစားလိုက်ပြီးနောက် အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။
“ ဟင်” ဝမ်ချန်က တအံ့တဩဖြင့် ရေရွတ်မိလိုက်သည်။ သူ့ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင်ပင် သတင်းအချက်အလက်နှစ်ခုသာ သိလိုက်သည်။ ပထမတစ်ခုမှာ ဤကမ္ဘာက အလယ်အလတ်ကမ္ဘာသာ ဖြစ်ပြီး ဒုတိယအချက်က ဤကမ္ဘာသည် မဟာကမ္ဘာများထက် ပို၍ ကြီးမားကာ အရွယ်အစားအားဖြင့် ကောင်းကင်အလိုဆန္ဒကမ္ဘာသို့ ရောက်ရှိလုနီးပါး ဖြစ်နေလေသည်။
ဝမ်ချန်အား နားမလည်စေသည်က သူ့အံ့ဖွယ်အသိစိတ် ဘယ်လောက်အားကောင်းကောင်း တခြားသတင်းအချက်အလက် ဘာမှမရရှိခြင်း ဖြစ်၏။ ထို့ကြောင့် သူက သူ့ဘာသာသူ သွားရောက်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။
ဝမ်ချန်က ကမ္ဘာဆီ တောက်လျှောက်ပျံသန်းသွားလိုက်၏။
ဘန်း…
သူက သလင်းနံရံမှ ပြန်ကန်ထွက်လာပြီး သူ့အား မဝင်ရောက်နိုင်အောင် တားဆီးထားလေသည်။
“ စိတ်ဝင်စားစရာပဲ” ဝမ်ချန်က ရေရွတ်လိုက်ရင်း လက်သီးဆုပ်ကာ ကမ္ဘာ့အကာအရံကို ချိုးဖောက်လိုက်သည်။
ဝုန်း…
အကာအရံက အနည်းငယ် တုန်ခါသွားသော်လည်း ဘာမှဖြစ်ပျက်မလာပေ။ ဤတစ်ကြိမ် ဝမ်ချန်က အမှန်တကယ် အံ့အားသင့်သွားသည်။ သူ့တိုက်ကွက်က အနည်းဆုံး လေဟာနယ်ဖြိုခွင်းခြင်း အဆင့်ဖြစ်ပြီး ဤကမ္ဘာက အလယ်အလတ်ကမ္ဘာသာဆိုလျှင် ထိန်းထားနိုင်မည့် အမြင့်ဆုံးကျင့်ကြံဆင့်မှာ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သာ ဖြစ်ပေသည်။
ထို့ကြောင့် သူ့တိုက်ကွက်က အကာအရံကို ချိုးဖောက်နိုင်ရုံသာမက တစ်ကမ္ဘာလုံးကိုပါ ကြေကွဲသွားစေရမည် ဖြစ်၏။
ဝမ်ချန်က စိတ်ဝင်စားစွာဖြင့် သူ့တိုက်ကွက်အား ထပ်မံ အားတိုးမြှင့်လိုက်သည်။
သို့သော်လည်း အထွတ်အထိပ်အဆင့် တိုက်ကွက် သုံးပြီးသည့်နောက်တွင်ပင် သလင်းကျောက်က အနည်းငယ်ပင် တုန်ခါသွားပြီး တိုက်ကွက်ကို တားဆီးနိုင်ဆဲ ဖြစ်၏။ ဝမ်ချန်က ဒေါသတကြီးဖြင့် သူ့ဓမ္မခန္ဓာကိုယ် ထုတ်ကာ ပေါင်းစပ်လိုက်ပြီး နယ်ရှင်လက်သီး၏ အားအကောင်းဆုံး တိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
[အာဏာရှင် အုပ်ချုပ်သူ လက်သီး]
လေဟာနယ်အတွင်း ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားကာ အလင်းနှစ်သန်းရာချီ ပျံ့နှံ့သွားစေသည်။ လေဟာနယ်အတွင်း မြောလွင့်နေကြသည့် ကမ္ဘာအကြွင်းအကျန်များသည်လည်း ထိုတိုက်ကွက်၏ တုန်ခါနှုန်းကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားလေသည်။
ကံဆိုးစွာဖြင့် မဟာကမ္ဘာကိုပင် ဖျက်ဆီးနိုင်သည့် ဝမ်ချန်၏ တိုက်ကွက်က သလင်းကျောက် အကာအရံဖြင့် တားဆီးခံလိုက်ရသည်။
လေဟာနယ်အတွင်း မျှောလွင့်ကာ ဝမ်ချန်က အေးစက်စက် မျက်နှာထားဖြင့် အခြေအနေကို သုံးသပ်နေသည်။ သူက သူ့ဘာသာသူ စတင်စဉ်းစားလိုက်၏
ဒီလိုအရာမျိုးက ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။ ငါတို့ကမ္ဘာက မဟာဧကရာဇ် တစ်ယောက်ယောက် ဒါမှမဟုတ်ဘူးဆိုရင် တာအိုဘိုးဘေးတစ်ယောက်က ဒီကမ္ဘာပေါ်မှာ အကာအရံ ထားခဲ့တာပဲ။ ဒါပေမဲ့ မေးခွန်းက ဘာကြောင့်လဲ။ သူတို့အတွက် အဲလိုလုပ်ဖို့ မလိုဘူးလေ…
ဒီကမ္ဘာက အရမ်းကို ဝေးတယ်။ အတိအကျဆိုရရင် ငါတို့ကမ္ဘာအသိုင်းအဝိုင်းနဲ့ တခြားကမ္ဘာအသိုင်းအဝိုင်းကြားမှာ တည်ရှိတယ်။ အဲဒါကြောင့် တခြားကမ္ဘာက တစ်ယောက်ယောက်က လာပြီးတော့ ဒီနေရာကို ကာကွယ်ထားသွားတာလည်း ဖြစ်နိုင်တယ်။
ထိုသုံးသပ်ချက်အပြီးတွင် သူက ကိစ္စများစွာ ရှုပ်ထွေးလာသည့်အတွက် နောက်ဆုတ်ရမည်လားဟု စဉ်းစားလိုက်သည်။ သို့သော်လည်း သူ့အတွေးထဲ အကြံအစည် တစ်ခု ပေါ်လာကာ ဂိုဏ်းဆီ မပြန်ခင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက သူ့သိုလှောင်လက်စွပ်အတွင်းမှ နတ်ဆိုးသားရဲ တစ်ကောင်ထုတ်ယူကာ ကမ္ဘာ့အတွင်း စေလွှတ်လိုက်သည်။ သူ ကြိုးစားခဲ့သည်နှင့် မတူဘဲ ထိုသားရဲက သလင်းကျောက် အကာအရံအတွင်း အလွယ်တကူ ဖြတ်သန်းသွားနိုင်လေသည်။
ဝမ်ချန်၏ အကြည့်များက တောက်ပသွားကာ နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်လိုက်သည်။ တချို့သားရဲများက ဝင်ရောက်နိုင်ပြီး တချို့သားရဲများက မဝင်ရောက်နိုင်ပေ။ ထို့ကြောင့် သူက ရေရွတ်လိုက်သည်။
“ ဒီလိုကိုး။ ဒီကမ္ဘာက အလယ်အလတ်ကမ္ဘာဆိုတော့ ကမ္ဘာဦးစိတ်ဝိညာဉ် အဆင့်နဲ့ အောက်က လူတွေကိုပဲ ဝင်ခွင့်ပြုထားတယ်။ ဒီအကာအကွယ်ကို ပြုလုပ်ခဲ့တဲ့သူက ဒီကမ္ဘာကို နယ်ခြားကျူးကျော်မှုကို ကာကွယ်ချင်တာပဲ ဖြစ်ရမယ်။”
ဝမ်ချန်က ထိုသို့သုံးသပ်ပြီးသည့်နောက်တွင် သူ့သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခု ထုတ်ယူကာ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဆက်နွယ်နေသည့် ကူးသန်းရေးအစီအရင်ကို ဖန်တီးလိုက်သည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် သူက ပြီးဆုံးကာ ဂိုဏ်းသို့ ပြန်ရောက်ရှိလာလေ၏။
ဝမ်ချန် ပြန်ရောက်လာပြီးသည့်နောက်တွင် ထျန်းဝေ့တောင်ထိပ်၌ အစည်းအဝေးတစ်ခု ကျင်းပလိုက်သည်။ အားလုံးက သူတို့ရရှိသည့် သတင်းအချက်အလက်များကို ဆန်းစစ်ရင်း လေးနက်သည့် အမူအရာများ ရှိနေကြသည်။
“ ကျုပ် ထင်တာကတော့ တခြားကမ္ဘာ ရွေးတာ ပိုကောင်းမယ် တူတယ်” မဟာအကြီးအကဲလီကျန်းက ပြောလိုက်သည် “ ဒီကမ္ဘာက အရမ်းကို ဆန်းကြယ်လွန်းတယ်”
သို့သော်လည်း ဝမ်ဝေ့က ခေါင်းခါကာ “ ဒီကမ္ဘာက အောင်မြင်နိုင်ဆုံးရှိတဲ့ ကမ္ဘာလို့ ဂမ္ဘီရဉာဏ်ကနေ သိရတယ်။ ပြီးတော့ ရရှိတဲ့ သတင်းအချက်အလက်က ကျွန်တော် မှန်တယ်ဆိုတာကို ပြနေတာပဲ”
“ အဟုတ်ပဲ။ ဒီကမ္ဘာက အလယ်အလတ်ကမ္ဘာဆိုပေမဲ့ တချို့ကောင်းကင်အလိုဆန္ဒကမ္ဘာလောက် ကြီးမားနေတယ်။ အဲဒါဆိုတော့ လူဦးရေကလည်း အတော်လေး ကြီးမားမှာပဲ” ယုယန်က ဝင်ပြောလိုက်လေသည်။
“ အခုမေးခွန်းက ငါတို့တွေ ကျင့်ကြံရေး အတားအဆီးကို ဘယ်လိုလုပ်ကြမလဲဆိုတာပဲ”
“ အလွယ်လေးပဲ။ လီကျွင်းနဲ့ ထျဲ့ကန်ကို လွှတ်လိုက်။ သူတို့ လှုပ်ရှားရမဲ့အချိန်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဲဒါ နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ ငါတို့ အဲလိုလုပ်လိုက်ရင် အရင်မှန်းထားတာထက် အချိန်ပိုကြာသွားနိုင်တယ်” ဝမ်ထျန်းက ပြောလိုက်သည်။
“ ဘာဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ အချိန်တွေအများကြီး ပိုပါသေးတယ်။ အလျင်လိုဖို့ မလိုပါဘူး”
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် သိပ်မကြာခင် လီကျွင်းနှင့် ထျဲ့ကန်ကို ဆင့်ခေါ်ကာ အတူတူသွားရမည့်ကမ္ဘာနှင့် သူတို့၏ တာဝန်အကြောင်း ပြောပြလိုက်သည်။ ထို့ကြောင့် သူတို့က သူတို့၏ တပ်မဟာကို ချက်ချင်းစုစည်းကာ ဝမ်ချန် ထားရှိခဲ့သည့် ကူးသန်းရေးအစီအရင်မှ ထူးဆန်းသည့် ကမ္ဘာအား ကူးပြောင်းသွားလိုက်သည်။
သူတို့အတွက် ပို၍ လွယ်ကူစေရန် ဝမ်ဝေ့က ဝမ်ကျူနှင့် ကံကြမ္မာအရိပ်တပ်ဖွဲ့များကိုပင် သတင်းအချက်အလက် စုဆောင်းဖို့အတွက် စေလွှတ်လိုက်သေးသည်။
ဝမ်ဝေ့အတွက်မူ အဖွဲ့က ထွက်သွားသည်နှင့် သူက သီးသန့်လေ့ကျင့်ရေးကို ဝင်သွားချင်ယောင်ဆောင်ပြီး သူ့ကိုယ်သူ ရုပ်ဖျက်ကာ တောင်ပိုင်းမီးငှက်ကုန်းမြေသို့ ထွက်လာခဲ့လိုက်သည်။
သူ့အစီအစဉ်၏ နောက်အဆင့်က ထိုနေရာတွင် တည်ရှိနေလေ၏။