← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 22 Ch. 299

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 22 Ch. 299

အခန်း (၂၉၉) : ထိုးဖောက်ဝင်ရောက်ခြင်း

မေပယ်ရွယ်မြို့သို့ ရောက်ရှိပြီးသည့်နောက်တွင် လော့ချန်က ရောင်းချသူအား ချက်ချင်းမဆက်သွယ်ပေ။ ထိုအစား ဆေးပညာအဖွဲ့အစည်း၏ အဖွဲ့ခွဲကို အသုံးပြုကာ ထိုလူ၏ ဇစ်မြစ်ကို ရှာဖွေခဲ့သည်။ သူက ထောင်ချောက်အတွင်း လမ်းလျှောက်မဝင်ချင်ပေ။

လော့ချန်က စုံစမ်းစစ်ဆေးပြီးနောက် ရောင်းချသူသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာ ရှိသည့် သာမန်ကျင့်ကြံသူသာ ရှိကြောင်း သိလိုက်ရသည်။ အရင်းအမြစ် ရရှိဖို့အတွက် သူက တောင်တွေဆီ သွားကာ နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ပြီး သူတို့၏ အမြုတေများနှင့် အလောင်းများကို မူလကျောက်တုံးများအတွက် ရောင်းချလေ့ရှိသည်။ ထိုသူအတွက် ကံကောင်းသည်က ထိုနေရာတွင် ရှားပါးဆေးပင်တစ်ပင်ကို မတော်တဆ တွေ့ရှိခဲ့ပြီး ဆေးပညာအဖွဲ့အစည်းသို့ ဈေးမြင့်မြင့်ဖြင့် ရောင်းချလိုခြင်း ဖြစ်သည်။ သို့သော် ထိုဆေးပင်ကို ဆေးဝါးပညာရှင်တစ်ဦးက အလိုရှိကြောင်း သိသည့်အခါ ထိုသူက သူနှင့်တွေ့ဆုံဖို့ တောင်းဆိုခဲ့သည်။

လော့ချန်က သတင်းအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက်တွင် ထိုရောင်းချသူနှင့် ပတ်သက်ပြီး ဘာမှမမှားယွင်းကြောင်း သတိပြုမိကာ ထိုလူက သူ့ထံမှ ရှားပါးဆေးလုံးတချို့ကိုသာ တောင်းဆိုလိုသည်သာ အများဆုံးဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် ထိုလူနှင့် တွေ့ဖို့ ထွက်လာလိုက်၏။

အကယ်၍ တန်ကြေးက မတန်တဆ မဖြစ်နေလျှင် သူက အရောင်းအဝယ်ကို သဘောတူမိလိမ့်မည်။

ဆေးဝါးအဖွဲ့အစည်း၏ အဖွဲ့ခွဲရှိ အခန်းကျယ်အတွင်း လော့ချန်က သူ့ရှေ့မှ အမျိုးသားကို ကြည့်လိုက်သည်။ သူက လှုပ်ရှားဖို့ လွယ်ကူစေသည့် ကိုယ်ကျပ်သားရေဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ထိုအရာတွင် ကာကွယ်နိုင်စွမ်းတချို့ ရှိပုံပေါ်၏။ သို့သော်လည်း ထိုလူ၏ အဝတ်အစားများက အတော်လေး နွမ်းပါးနေလေသည်။

ထိုအမျိုးသား၏ ဝတ်စုံကို စစ်ဆေးပြီးသည့်နောက်တွင် လော့ချန်က တခြားအရာများကို စစ်ဆေးကြည့်လိုက်သည်။ ဤအမျိုးသားတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ရှိထားသော်လည်း သွေးချီက အားနည်းပြီး ပြန့်ကျဲနေသည်။ သူက သာမန်အကျဆုံး ကျင့်စဉ်ကို ကျင့်ကြံသည်မှာ သိသာလှ၏။

သူက လူလတ်အရွယ်ပုံ ပေါ်နေသောကြောင့် သူ့ပါရမီက အတော်လေး ညံ့ဖျင်းကြောင်း သိသာလှသည်။

“ ခင်ဗျားက ကျုပ်နဲ့ အပေးအယူမလုပ်ခင် တွေ့ချင်တယ်လို့ ပြောတယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲပြော” လော့ချန်က အနည်းငယ် စိတ်မရှည်ဖြစ်နေလေသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ ကောင်းပြီ။ ကျုပ်က နည်းနည်းကစားဖို့ ပြင်ဆင်ထားပေမဲ့ ခင်ဗျားက အလျင်လိုနေမှတော့ တန်းပြီးတော့ပဲ လုပ်လိုက်ရအောင်”

ထို့နောက် လော့ချန်က ချက်ချင်းဆိုသလို တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာသည်။ သူက တစ်ခုခုလု ပ်ချင်သော်လည်း တစ်လက်မပင် မလှုပ်နိုင်တော့သောကြောင့် အထိတ်တလန့် ဖြစ်သွားလေသည်။

ထိုစဉ် တာအိုကာကွယ်သူကလည်း တစ်ခုခုမှားယွင်းကြောင်း ခံစားမိကာ လေဟာနယ်မှ ထွက်လာပြီး လော့ချန်ကို ကယ်တင်လိုသော်လည်း ထိုဆုံးဖြတ်ချက်ရှိလာသည်နှင့် ကြိုးမြောက်များစွာ ပေါ်ထွက်လာပြီး သူ့အား တုပ်နှောင်ထားလေသည်။

ထိုလူအိုကြီးက မီးတောက်စည်းမျဉ်းဖြင့် ချိုးဖောက်ထွက်ဖို့ ကြိုးစားခဲ့သော်လည်း ထိုကြိုးမျှင်များတွင် သင်္ကေတများစွာ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ရှိ စည်းမျဉ်းကို ပိတ်ဆို့သွားလေသည်။

ထို့နောက် မီးခိုးရောင်ကြိုးမျှင် တစ်ချောင်းက သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ကာ သူ့ဝိညာဉ်အား ချည်နှောင်ထားလိုက်၏။ ထို့နောက်တွင် လူအိုကြီးက သူ့အသိစိတ်က ဖြည်းဖြည်းချင်း ပျောက်ဆုံးသွားကာ ရုပ်သေးရုပ်အဖြစ် ပြောင်းသွားကြောင်း ခံစားမိလိုက်သည်။ သူက စက္ကန့်ပိုင်းအကြာ တောင့်ခံခဲ့သော်လည်း လက်လျှော့လိုက်ရသည်။

ရောင်းချသူက သရော်ပြုံး ပြုံးကာ လော့ချန်၏ နဖူးကို အသာထိလိုက်ပြီး ပြောလိုက်သည် “ ကံကြမ္မာ ခိုးယူခြင်း”

လော့ချန်၏ ခန္ဓာကိုယ်မှ ကံကြမ္မာကြိုးမျှင်တစ်ခု ထွက်ပေါ်လာပြီး ရစ်ဝဲနေလေသည်။ ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ နောက်ထပ် ကံကြမ္မာကြိုးမျှင်တစ်ချောင်း ပေါ်လာကာ ထိုအရာနှင့် ပေါင်းစပ်သွားလေ၏။

လော့ချန်၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အမှုန့်ဖြစ်သွားစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်က လော့ချန်၏ အသွင်အပြင်အဖြစ် ပြောင်းလဲသွားလေသည်။

သူ့သွင်ပြင် သာမက သူ့ဝိညာဉ်၊ ကျင့်ကြံဆင့်၊ ရုပ်ခန္ဓာ၊ သဘောထားနှင့် မှတ်ဉာဏ်များပင် လော့ချန်နှင့်အတူတူ ဖြစ်၏။ သူ ခိုးယူလိုက်သည်က လော့ချန်၏ ကံကြမ္မာဖြစ်ပြီး သူ့အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ထိုနည်းလမ်းဖြင့် ဝမ်ဝေ့က ယခု လော့ချန်ဖြစ်သွားသော်လည်း လော့ချန်ကမူ ဝမ်ဝေ့ မဟုတ်ပေ။

သူ ရုပ်သွင်ပြောင်းလဲမှုပြီးနောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အား ခေါင်းမှ ခြေအဆုံး စစ်ဆေးကြည့်လိုက်သည်။ သူက လော့ချန်နှင့် ကွက်တိတူနေပြီး သူ့ညီငယ်လေးပင် လက်မအနည်းငယ် ကျုံ့သွားနေကြောင်း တွေ့လိုက်ရသည်။

“ ဒီနည်းလမ်းနဲ့ဆိုရင် ဝိညာဉ်စစ်ဆေးတဲ့ ဧကရာဇ်အစီအရင်တွေကိုတောင် ငါ အရူးလုပ်နိုင်ပြီ”

ထို့နောက် ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ယခင်ရောင်းချသူနှင့် တူညီသည့် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။

သူက လော့ချန်နှင့် တူအောင် လုပ်လိုက်ပြီး သူတို့ လမ်းမခွဲခင် အပေးအယူ လုပ်လိုက်ကြသည်။

လော့ချန်က ဆေးဝါးအဖွဲ့အစည်းမှ ပြင်ဆင်ပေးထားသည့် သီးသန့်အခန်းတွင် နေထိုင်သောကြောင့် ဝမ်ဝေ့က ထိုနေရာသို့ ပြန်သွားလိုက်သည်။ သူ ရောက်ရှိသည်နှင့် ပထမဦးဆုံး လုပ်သည့်အရာမှာ လော့ချန်၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ခြင်း ဖြစ်ပေသည်။

သူ အသုံးပြုသည့် ကျင့်စဉ်အရ လော့ချန်၏ ပင်မအသိစိတ်ကိုသာ တာဝန်ယူစေလိုက်ပြီး သူက နောက်ကွယ်မှသာ စောင့်ကြည့်နိုင်သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုသို့ မလုပ်ခဲ့ပေ။

ထိုနည်းလမ်းက အန္တရာယ်ကင်းကာ အကျင့်စရိုက်ကွဲလွဲမှု ရှာဖွေတွေ့ရှိခံရကြောင်း နည်းပါးသော်လည်း သူက မမျှော်လင့်ထားသည်များ တစ်ခုခုဖြစ်လာလျှင် သူသာလျှင် တာဝန်ယူချင်သည်။

လော့ချန်၏ မှတ်ဉာဏ်ကို စစ်ဆေးပြီးသည့်နောက်တွင် ဝမ်ဝေ့က ရေရွတ်လိုက်၏။

“ ဒီလူက ငါးစာကို လာဟပ်တာလည်း မထူးဆန်းတော့ဘူး။ သူက သူ့ဆေးဝါးပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ကျင့်စဉ်ကို ကျင့်ကြံနေတာပဲ”

ဆေးဝါးပညာရပ်ရှိ ပါရမီကို သုံးပိုင်း ခွဲခြားနိုင်သည်။ ဆေးပင်များကို နားလည်ပြီး တစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်ရှိကြောင်း နားလည်ခြင်း … ဤပါရမီကား နှစ်များစွာ လေ့လာဖို့ လိုအပ်သည်။ သို့သော် တချို့ပါရမီရှင်များက ဆေးပင်ကို ကိုင်ကြည့်လိုက်ရုံဖြင့် ထိုအရာ၏ လက္ခဏာများနှင့် တခြားဆေးပင်များနှင့် မည်သို့ လိုက်ဖက်ကြောင်း သိကြသည်။

ဒုတိယအပိုင်းမှာ အံ့ဖွယ်သင်္ကေတများဖြင့် ဆေးလုံး ပြုလုပ်ခြင်း ဖြစ်သည်။

နောက်ဆုံးအနေနှင့် မီးထိန်းချုပ်ခြင်း စွမ်းရည် ဖြစ်၏။ ဆေးဝါးပညာရှင်များက မီးထိန်းချုပ်နိုင်စွမ်း ကောင်းလေလေ ဆေးလုံး ပြုလုပ်ရာ၌ ပါဝင်ပစ္စည်းများမှ စွမ်းအားကို ပိုမိုထုတ်ယူနိုင်လေလေ ဖြစ်သည်။

လော့ချန် ကျင့်ကြံသည့် ကျင့်စဉ်က သူ၏ မီးထိန်းချုပ်နိုင်စွမ်း ပါရမီအား ဖြည်းဖြည်းချင်း မြှင့်တင်ပေးနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုကျင့်စဉ် မပြီးပြည့်စုံကြောင်း သတိပြုမိလိုက်၏။

ထို့အပြင် လော့ချန်က ထိုကျင့်စဉ်ကို ရရှိခဲ့ပုံကို ပြန်လည်စစ်ဆေးပြီးသည့်နောက်တွင် သူ့အလိုလိုသိစိတ်က တစ်ခုခု မှားယွင်းနေကြောင်း ပြောပြနေသည်။ ကံဆိုးစွာဖြင့် သူက ကောက်ချက်ချဖို့ သတင်းအချက်အလက် မလုံလောက်ခဲ့ပေ။

လော့ချန်၏ မှတ်ဉာဏ်များကို စစ်ဆေးပြီးသည့်နောက်တွင် ဝမ်ဝေ့က မူလဆေးလုံးတာအိုဂိုဏ်းသို့ ချက်ချင်းပြန်မသွားဘဲ လျှို့ဝှက်နယ်မြေအတွင်း ရှာတွေ့သော ပစ္စည်းများ ရောင်းချတတ်သည့် လမ်းဘေးဈေးဆိုင်များရှိရာ မေပယ်ရွက်မြို့ အရှေ့ဘက်ခြမ်းဆီ သွားလိုက်သည်။

သူက အလွန်ရှေးကျသည့် မှန်တစ်ချပ်ကို ဝယ်ယူလာခဲ့သည်။ သူ့အစစ်အမှန်အမြင် စွမ်းရည်ဖြင့် ဤသည်က သာမန်ကြေးမုံ တစ်ခုဖြစ်ပြီး ဈေးသည်ပြောသလို ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှ ရှေးပစ္စည်း မဟုတ်ကြောင်း သိလေသည်။ ထိုကြေးမုံကို ဝယ်ယူလာသည့် အကြောင်းအရင်းမှာ ထိုအရာက အလွန်တရာအိုဟောင်းနေပြီး ခေတ်နောက်ကျပုံပေါ်နေ၍ ဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က ပြန်သွားဖို့ ရထားလုံးကို ငှားရမ်းခဲ့သည်။ တကယ်တော့ ဝမ်ဝေ့က ပျံဝဲဇာမဏီယာဉ်ဖြင့် ပျံသွားချင်သော်လည်း လော့ချန်၏ မှတ်ဉာဏ်အတွင်း ထိုလူက အင်မတန်ရှေးကျကာ ထိုယာဉ်များကို မုန်းတီးသူ ဖြစ်နေလေသည်။

သူက သေမျိုးများနှင့် ကျင့်ကြံသူများသည် အတူတကွ နေထိုင်သည့်အချက်ကို သဘောမကျပေ။ သူ့အတွက် ထိုလူနှစ်မျိုးက ကွဲပြားသည့်ကမ္ဘာတွင် နေသည့်သူများဖြစ်၍ ထိုသို့သာ ကျန်ရှိသင့်သည်ဟု ခံစားမိလေသည်။ ထို့ကြောင့် ထိုယာဉ်များက ထိုကမ္ဘာနှစ်ခုကို ပေါင်းစပ်စေသည့်အခါ သူက အသုံးပြုဖို့ ငြင်းဆန်ခဲ့လေသည်။

ဝမ်ဝေ့အနေနှင့် ထိုကျင့်ကြံသူအများစု ထိုသို့ခံစားမိနေသည်ကို မအံ့ဩမိပေ။ သူတို့အတွက် ကမ္ဘာကြီးပြောင်းလဲမှုက မြန်ဆန်လွန်း၍ သူတို့မနှစ်ခြိုက်သည်မှာ ပုံမှန်သာဖြစ်၏။

“ ဟင်” ဝမ်ဝေ့က တစ်ခုခုကို ခံစားမိ၍ ရေရွတ်လိုက်သည်။ သူက ခေါင်းမော့ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ့အမြင်အာရုံက ကီလိုမီတာ သိန်းချီထိုးဖောက်သွားပြီးနောက် လေဟာနယ်အတွင်း ရောနှောကာ ပုန်းအောင်းနေသည့် သူတော်စင်အဆင့် ကျင့်ကြံသူငါးယောက်ကို မြင်လိုက်ရသည်။

“ သူတို့က ပုန်းအောင်းဖို့ ကြိုးစားနေပေမဲ့ ဒီလူတွေဆီမှာ လော့ချန်ကို သတ်ဖြတ်လိုတဲ့ ခံစားမှု ရှိတယ်။ ကြည့်ရတာ မူလဆေးလုံးတာအိုဂိုဏ်းက ထင်သလောက် မငြိမ်းချမ်းဘူးပဲ”

ဝမ်ဝေ့က ထိုအရာကို စဉ်းစားမိပြီးနောက် ထိုလူများကို ရှင်းထုတ်ဖို့ မဆုံးဖြတ်ခင် အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်မှန်း တွေးလိုက်သည်။

သူ လက်ရှိကို ဦးစားပေးကာ ဂိုဏ်းကို အေးအေးဆေးဆေး ပြန်ရောက်ပြီး သူ့ဇစ်မြစ်အား စိတ်ချယုံကြည်ရဖို့ ဖြစ်သည်။

ထို့နောက် သူက လက်ဝှေ့လိုက်သည့်အခါ လေဟာနယ်အနည်းငယ် တုန်ခါသွားလေသည်။ ထိုသူတော်စင်များရှိရာ လေဟာနယ်သည်လည်း အနည်းငယ် တုန်ခါသွားလေသည်။

ရလဒ်အနေနှင့် သူတို့က တစ်ခုခုမှားယွင်းကြောင်း ခံစားမိ၍ တုံ့ပြန်ချင်သော်လည်း …

သို့သော်လည်း ကြိုးမျှင်များက ရုတ်ချည်းပေါ်ထွက်လာကာ သူတို့အား အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်လိုက်သည်။ သူတို့က အော်ဖို့၊ လှုပ်ရှားဖို့၊ ပိုင်နက်ဖွင့်ဖို့ အချိန်ပင် မရလိုက်ပေ။ သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်များပင် ခန္ဓာကိုယ်မှ လွတ်မြောက်ဖို့ အချိန်မရဘဲ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရသည်။

ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ခရီးအား ငြိမ်းငြိမ်းချမ်းချမ်း ဆက်သွားခဲ့သည်။ သို့သော်လည်း ခရီးက သူ ထင်ထားသည့်အတိုင်း နှေးကွေးမနေပေ။ ထိုအစား သူ့တာအိုကာကွယ်သူအား ယခင်အတိုင်း သူ့အား သယ်ဆောင်သွားလေသည်။

ဝမ်ဝေ့ မူလဆေးလုံးတာအိုဂိုဏ်းသို့ ရောက်ရှိသည့်အခါ သူ ပထမဆုံး သတိပြုမိသည်က ဂိုဏ်းကို မီးတောင်များစွာ၏ ထိပ်တွင် တည်ဆောက်ထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အပူဓာတ်ဖြင့် ဝန်းရံနေအောင် ပြုလုပ်ထားသည်။ ထိုမီးတောင်များအတွင်း အဆင့်နိမ့် တပည့်များနေထိုင်သည့် ဂူများစွာ ရှိသည်။ ဤသည်က ကျင့်ကြံဆင့်နိမ့်သည့် တပည့်များအတွက် မီးတောင်မှ အပူချိန်ကို အသုံးပြုကာ ဆေးလုံးဖော်စပ်နိုင်ဖို့ ဖြစ်သည်။ အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်သို့ ဝင်ရောက်ပြီးသည့်အခါမှ ကျင့်ကြံသူများသည် မန္တန်များကို အသုံးပြုနိုင်ကြသည်။

ဝမ်ဝေ့က ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးပြီးသည့်နောက်တွင် တောင်ထိပ်မှ အမြင့်ဆုံး ဂူရှိရာဆီ ဦးတည်လိုက်သည်။

All Chapters