စူးစမ်းရှာဖွေခြင်း
Vol. 22 Ch. 301
အခန်း (၃၀၁) : စူးစမ်းရှာဖွေခြင်း
သလင်းကျောက်အလွှာထဲ ဝင်ရောက်ပြီးသည့်နောက်တွင် လီကျွင်း ထူထပ်ပျစ်နှစ်သည့် အရည်တစ်ခုထဲ ဖြတ်သန်းလိုက်ရသလို ခံစားလိုက်ရသည်။ သူ မဝင်ရောက်နိုင်ခင် အနည်းငယ် တွန်းကန်မှုတချို့ ရှိခဲ့သည်။ ခဏအကြာတွင် အရာအားလုံးက မှောင်မဲသွားကာ သူ့အဖွဲ့နှင့်အတူ လွင်ပြင်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
သူက ဘေးပတ်လည်ကို ကြည့်ကာ တစ်ယောက်မှ မရှိသည်ကို မြင်ပြီး စိတ်အေးမိသွားသည်။
“ ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်” သူက ပြောလိုက်ပြီးနောက် ကိုယ်ပျောက်အဆောင်ကို အသက်သွင်းလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အဖွဲ့က သူတို့စမှတ်မှ မိုင်ရာချီ ကွာဝေးသည့် တောင်တစ်ခုဆီ ဦးတည်လိုက်ကြသည်။ သူတို့က တောင်အတွင်း ဂူကြီးတစ်ခု ဖန်တီးကာ လူများရှာမတွေ့နိုင်အောင် အတားအဆီးများ ချမှတ်ထားလိုက်သည်။
လီကျွင်း သတိထားသည်မှာ မှန်ကန်ပေသည်။ အကြောင်းမှာ တစ်ယောက်ယောက်က သူတို့ ထွက်သွားပြီး မိနစ်ပိုင်းကြာလောက်တွင် သူတို့ဆင်းသက်ခဲ့ရာနေရာသို့ ရောက်ရှိလာလေသည်။ ထိုလူက မိုင်ထောင်ချီအဝေးသို့ ရှာဖွေပြီးနောက် ထွက်သွားလေသည်။
လီကျွင်းက ယာယီအခြေစိုက်စခန်းကို ဆောက်လုပ်ပြီးနောက် ဝမ်ကျူအား ကြည့်လိုက်သည် “ အခု မင်းအလှည့်ပဲ”
သူမက ခေါင်းညိတ်ပြကာ လက်ကို ဝှေ့လိုက်သည့်အချိန် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ယောက်က အားလုံးရှေ့မှောက် ထွက်ပေါ်လာသည်။ ထိုလူက သူတို့ရှေ့မှောက်တွင် ရပ်နေသော်လည်း အမှန်တကယ် မတည်ရှိသလိုမျိုး ပုံရိပ်ယောင် လေထုမျိုး ရှိနေသည်။
“ ဒီတစ်ခေါက် မင်းရဲ့ တာဝန်ကို သတိထားပြီး လုပ်ဆောင်ခဲ့” ဝမ်ကျူက အမိန့်ပေးလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြပြီးနောက် ဘာမှမပြောဘဲ ပျောက်ကွယ်သွားလေသည်။
“ ဒါက အစ်ကိုကြီးဝမ်ဝေ့ လတ်တလော လေ့ကျင့်ပေးထားတဲ့ ကံကြမ္မာအရိပ်အဖွဲ့ဝင်ထဲက တစ်ယောက်လား” ယန်းလီလင်းက မေးလိုက်သည်။
“ သူ့ဆီက ကံကြမ္မာစွမ်းအားကို ခံစားမိတယ်ဆိုတော့ အဲလိုပဲ ဖြစ်လောက်တယ်” လီကျွင်းက ပြောလိုက်သည်။
“ သူတို့ ဘာလုပ်နိုင်မလဲ သိချင်မိသား”
“ အရှင်းဆုံး ပြောရရင် ငါတို့တွေ ဒီကမ္ဘာကို အားသုံးပြီး ယူတာက အကောင်းဆုံးပဲလို့ ထင်နေတုန်းပဲ” ထျဲ့ကန်က ပြောလိုက်သည် “ ဒါက အလယ်အလတ်ကမ္ဘာပဲဆိုတော့ အမြင့်ဆုံးရှိနိုင်တဲ့ ကျင့်ကြံဆင့်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ထိပဲ ဖြစ်မှာလေ”
လီကျွင်းက ခေါင်းခါကာ “ ဒီကမ္ဘာက အစ်ကိုကြီးရဲ့ အစီအစဉ်တွေအတွက် အရမ်းကို အရေးပါတယ်။ ငါတို့တွေ အမှားလုပ်လို့ မဖြစ်ဘူး။ ဒါကြောင့် သတိကြီးကြီးထားတာ အကောင်းဆုံးပဲ။ ပြီးတော့ ငါတို့တွေ ဒီကမ္ဘာက ထူးဆန်းနေမှန်း သိနေတာပဲလေ။”
ကံကြမ္မာအရိပ်အဖွဲ့ဝင် ဂူမှ ထွက်သွားပြီးသည့်နောက်တွင် သူက လူများနေထိုင်သည့်နေရာသို့ ချက်ချင်းမသွားလိုက်ပေ။ ထိုအစား သူ့ကိုယ်သူ လျှို့ဝှက်နေရာတစ်ခု ရှာဖွေကာ တစ်နာရီကြာ တရားထိုင်လိုက်၏။
အဆင့်နိမ့်ကမ္ဘာများနှင့် မတူညီဘဲ အလယ်အလတ် ကမ္ဘာ၏ ကောင်းကင်တာအိုက ပို၍ အားပြင်းလေသည်။ ထို့ကြောင့် နယ်ခြားများ ကျူးကျော်လာသည်နှင့် သူတို့၏ စွမ်းအားက ယာယီအားနည်းသွားမည်ဖြစ်ပြီး ခဏကြာ ပိတ်ဆို့ခံရလိမ့်မည်။
ထိုစည်းတံဆိပ်က အားမပြင်းသော်လည်း ပိတ်ချဖို့အတွက် အချိန်ကြာမြင့်ဦးမည် ဖြစ်သောကြောင့် လီကျွင်းက သတိကြီးကြီးထားနေရသည့် အကြောင်းအရင်းထဲမှလည်း တစ်ချက် ဖြစ်ပေသည်။
တစ်နာရီကြာ တရားထိုင်ပြီးသည့်နောက်တွင် အရိပ်က လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးကာ ဒီကမ္ဘာသားများကဲ့သို့ ကံကြမ္မာကို ပြောင်းလဲလိုက်ပြီး ကောင်းကင်တာအိုအား လှည့်စားနိုင်ခဲ့သည်။ ထို့နောက် သူက စွမ်းအားကို ပြန်ရသွားလေ၏။
အရိပ်က မပျံသန်းခင် ကိုယ်ဖျောက်လိုက်သည်။
နှစ်ရက်ကြာ ပျံသန်းပြီးသည့်နောက်တွင် ရွာငယ်လေးတစ်ခုသို့ ရောက်ရှိလာလေ၏။ သူက လေ့လာပြီးသည့်နောက်တွင် ရုပ်ထုတစ်ခုမှအပ ထူးဆန်းသည့်အရာကို သတိမပြုမိပေ။
ဤသည်က ရိုးရှင်းသည့် ချည်အဝတ်အစားကို ရစ်ပတ်ထားသည့် မိန်းမလှတစ်ဦး၏ ရုပ်ထုဖြစ်ပြီး ခေါင်းအထက်တွင် သစ်ရွက်သစ်ကိုင်းများဖြင့် ပြုလုပ်ထားသည့် သရဖူတစ်ခုကို ဝတ်ဆင်ထားသည်။ သူမ၏ လက်နှစ်ဖက်တွင် သစ်သီးဝလံများကို ကိုင်ဆောင်ထားလေ၏။
အရိပ်က ထိုရုပ်ထုကို အဝေးမှ ကြည့်နေသော်လည်း ထိုအရာမှ ထွက်ပေါ်နေသည့် အားကောင်းသော အငွေ့အသက်ကို ခံစားမိလေသည်။ ထို့အပြင် အလိုလိုသိစိတ်က သူသာ ထိုအရုပ်တည်ရှိရာ ကျောင်းဆောင်ငယ်ဆီသို့ နီးကပ်သွားခဲ့လျှင် သူ့ကို ရှာဖွေ့တွေ့ရှိသွားမည် ဖြစ်ကြောင်း ခံစားမိနေသည်။
နာရီအနည်းငယ် ကြာပြီးသည့်နောက်တွင် အရိပ်က မန္တန်တစ်ခု အသုံးပြုကာ ထိုကမ္ဘာ၏ ဘာသာစကားကို အလျင်အမြန် သင်ယူခဲ့သည်။ ထို့ကြောင့် ထိုရွာသားများ ကိုးကွယ်အားထားနေသည့် ရုပ်ထုမှာ စိုက်ပျိုးရေးနတ်ဘုရား ဖန်ချင်းချင်း ဖြစ်၏။
ကောက်ရိတ်သိမ်းသည့် ရာသီတိုင်း ဤရွာငယ်လေးက ဆုတောင်းပွဲ ကျင်းပကြသောကြောင့် နတ်ဘုရားမက သူတို့၏ လယ်ကွင်းများက ကောင်းချီးပေးကာ ပိုမိုအထွက်တိုးစေသည်။
အရိပ်က ရက်အနည်းငယ်ကြာ ဆက်လက် စောင့်ကြည့်နေသော်လည်း ကံဆိုးစွာဖြင့် ရွာလေးက သေးငယ်ကာ သူတို့သိသည့် ကမ္ဘာအကြောင်းက အလွန်တရာ နည်းပါးလွန်းလှသည်။
ထို့ကြောင့် သူက ဆက်လက် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။ အရိပ်က သူ ရရှိထားသည့် သတင်းအချက်အလက်များပေါ်မှ အနီးဆုံးမြို့ဆီ မသွားဘဲ သူက မျက်လုံးမှိတ်ကာ ကံကြမ္မာမြစ်နှင့် ဆက်သွယ်လိုက်သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် သူက မျက်လုံးပွင့်လာကာ နေရာတစ်ခုဆီ လှမ်းကြည့်လိုက်၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။ အရိပ်က သူ့ဦးတည်ချက်သည် ဝေးကွာလွန်းမှန်း သိ၍ လေဟာနယ်အဆောင်ကို ထုတ်သုံးကာ ကူးပြောင်းချင်သော်လည်း ခေါင်းဆောင်ဝမ်ကျူ၏ သတိပေးစကားကို အမှတ်ရကာ ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးလိုက်သည်။
ရက်သတ္တပတ်ကြာ ပျံသန်းလာပြီးသည့်နောက်တွင် သူ့ဦးတည်ချက်သို့ ရောက်ရှိလာလေသည်။
ဤသည်က မြို့တစ်မြို့ ဖြစ်၏။ အရိပ်သည် ဤမြို့က မတရားသေးငယ်ကြောင်း ခံစားမိသော်လည်း အရွယ်အစားအားဖြင့် စကားဝိုင်းမှတဆင့် ဤသည်ကို အလယ်အလတ်မှ အထက်ပိုင်းအဆင့်မျိုးဟု သတ်မှတ်ကြောင်း သိလိုက်ရသည်။
အရိပ်က မြို့ထဲတန်းမဝင်သွားသလို ကိုယ်ပျောက်နေမှုကို အသုံးချကာ ခိုးဝင်ဖို့လည်း မလုပ်ပေ။
သူက ချဉ်းကပ်လိုက်သည်နှင့် မြို့ဝန်းကျင်တွင် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုကို ခံစားမိလေသည်။ ထိုစွမ်းအားက ရွာငယ်လေးနှင့် ဆင်တူသော်လည်း ယခုကား ပို၍အားကောင်းကာ သိပ်သည်းနေသည်။
ထို့ကြောင့် သူက သူ့ကိုယ်သူ သာမန်လူတစ်ယောက်အဖြစ် ဟန်ဆောင်ကာ မြို့အဝင်အဝတွင် တန်းစီပြီး လိုအပ်သည့် အခကြေးငွေကို ပေးဆောင်လိုက်သည်။
သူ့အတွက် ကံကောင်းသည်က ဤကမ္ဘာက ငွေကြေးအဖြစ် ရွှေနှင့်ငွေကို အသုံးပြုကြလေသည်။ အထဲသို့ ရောက်သွားသည်နှင့် သူက ခရီးသွားဟန် ဟန်ဆောင်ကာ မြို့၏ နေရာအသီးသီးအား လိုက်လံကြည့်ရှုခဲ့သည်။
သူ အာရုံဖမ်းစားနိုင်သည့် သတင်းအချက်အလက်မှာ ဤမြို့တွင် ဘုရားကျောင်းဆောင်များစွာ တည်ရှိပြီး နတ်ဘုရားအမျိုးမျိုးကို ကိုးကွယ်ကြလေသည်။
ဘုရားကျောင်းဆောင်များသည် အရွယ်အစားအားဖြင့် ကွဲပြားပြီး တချို့က ခြယ်သထားသလို တချို့က ရိုးရှင်းလှသည်။ အထူးခြားဆုံးအရာမှာ သူတို့ကြားထဲတွင် ထင်းထွက်နေသည့် မီးတောက်ကိုင်ထားသော အမျိုးသားတစ်ဦး ရုပ်တု ဖြစ်၏။ အရိပ်က ဤသည်မှာ ယခုနေရာတွင် ကိုးကွယ်သည့် နတ်ဘုရားများ၏ အားကောင်းမှုအဆင့်အလိုက် ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။
ဤမြို့အကြောင်း အခြေခံနားလည်ပြီးသည့်နောက်တွင် သူက လူအများစုဝေးတတ်သည့် တည်းခိုဆောင်သို့ ဦးတည်လိုက်သည်။ သူက သေရည်ကို မှာကာ ထောင့်နေရာတွင်ထိုင်ပြီး သူ့တည်ရှိမှုကို ဖျောက်ဖျက်ကာ လူအများ၏ စကားဝိုင်းကို နားထောင်လိုက်သည်။
ပထမရက်အနည်းငယ်တွင် သူက အသုံးဝင်သည့် သတင်းအချက်အလက်လည်း ဘာမှမရခဲ့ပေ။ သူက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ လေးရက်မြောက်နေ့တွင် အရိပ်က သူနှင့် နီးကပ်သည့် စားပွဲဝိုင်းတွင် လူငါးယောက်ဆီမှ စိတ်ဝင်စားဖွယ် စကားဝိုင်းကို ကြားလိုက်ရသည်။
“ မင်းတို့ ကြားပြီးပြီလား”
“ ဘာကို ကြားရမှာလဲ”
“ ချူးမိသားစုအကြောင်းကို ပြောနေတာလား”
“ အင်း ဟုတ်တယ်”
“ ချူးမိသားစုက ဘာဖြစ်လို့လဲ”
“ သူတို့က တော်တော်ကို ကံကောင်းကြတယ်”
“ ငါ့ကိုလည်း ပြောပြကြပါဦး”
“ မင်းက သိချင်တာလား”
“ ဒါပေါ့”
“ ငါ နည်းနည်းရေဆာလာသလိုပဲ”
“ ကောင်းပြီ။ ကောင်းပြီ။ နောက်တစ်ဝိုင်းက ငါ ရှင်းလိုက်မယ်”
“ ကောင်းပြီ။ မင်းကို ပြောပြမယ်။ ချူးမိသားစုရဲ့ သခင်လေးက သူ့အံ့ဖွယ်သွေးမျိုးဆက်ကို နိုးထလာနိုင်ခဲ့ပြီလေ”
“ တကယ်လား။ အဲဒါဆိုရင် နတ်ဘုရားဖြစ်လာဖို့ အခွင့်အလမ်း ရှိလာပြီပေါ့။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ”
“ ဒါက ကံကောင်းတာ မဟုတ်ဘူး။ ချူးမိသားစုက မီးနတ်ဘုရားအပေါ် အခိုင်အမာ ယုံကြည်ကိုးကွယ်သူတွေလေ။ သူတို့ရဲ့ ကိုးကွယ်မှုနဲ့ သူတို့သခင်ငယ်လေးက သွေးမျိုးဆက် မနိုးထလာရင်တောင် သူတို့ ဒီနှစ်တွေမှာ ခစားခဲ့သလောက် မီးနတ်ဘုရားဆီကနေ ကောင်းချီးတော့ရမှာပဲ”
စားပွဲဝိုင်းက တိတ်ဆိတ်သွားပြီး လူငါးယောက်တွင် အားကျသည့် အမူအရာများ ထွက်ပေါ်လာသည်။ ထို့နောက် တစ်ယောက်က မေးလိုက်သည် “ သူ့သွေးမျိုးဆက်အဆင့်က ဘယ်လောက်လဲသိလား”
“ နတ်ဘုရားတစ်ပိုင်း သွေးမျိုးဆက်လို့တော့ ကြားမိတယ်”
“ နတ်ဘုရားတစ်ပိုင်းလား။ ဒီကမ္ဘာမှာဆိုရင်တော့ မဆိုးဘူးပဲ”
“ ဘာမဆိုးဘူးလဲ။ ငါတို့လို နိမ့်ကျတဲ့ သေမျိုးတွေက နတ်ဘုရားသွေးမျိုးဆက်ကို အကဲဖြတ်နိုင်မှာလား။ ဘာပဲဖြစ်ဖြစ် ငါတို့တွေသာ နတ်ဘုရားတွေဆီကနေ ကောင်းချီးကိုသာ မရဘူးဆိုရင် ငါတို့တစ်ဘဝလုံး သေးနုတ်တဲ့ဘဝနဲ့ တစ်သက်လုံး ကျန်ရှိသွားမှာပဲ”
စားပွဲဝိုင်းက တဖန် တိတ်ဆိတ်သွားလေသည်။ ဤတစ်ကြိမ် တစ်မိနစ်ထက်ပို၍ ကြာမြင့်နေသည်။ သေရည် ဝယ်တိုက်မည်ဟု ကတိပေးထားသည့်သူက တင်းကြပ်မှုကို လျော့ချလိုသောငြား ထိုအကြောင်းကို ဆက်၍ မပြောကြတော့ပေ။
အရိပ်က ထိုလူများ၏ စကားဝိုင်းကို နားထောင်ကာ သူ့ဘာသာသူ စဉ်းစားလိုက်သည်။
ဒီကမ္ဘာရဲ့ သေမျိုးတွေက တော်တော်လေးကို ကံဆိုးတာပဲ။ ကျင့်ကြံရေးနည်းစနစ် မရှိဘဲနဲ့ သူတို့ကံကြမ္မာက အဲဒီနတ်ဘုရားလို့ ခေါ်တဲ့သူတွေဆီမှာပဲ ရောက်နေမှာ။ သူတို့က ခစားပြီးတော့ သူတို့အသက်တွေကို ပေးကမ်းမှပဲ ထူးကဲမှုဆိုတဲ့ အခွင့်အလမ်းကို ရရှိနိုင်လိမ့်မယ်။ ကြည့်ရတာ ကိစ္စတွေက တော်တော်လေး ကို မရိုးရှင်းဘူးပဲ။
သူ ရရှိထားသည့် သတင်းအချက်အလက်ကို ဆန်းစစ်ပြီးသည့်နောက်တွင် အရိပ်က ချူးမိသားစုဆီ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူတို့က ဤမြို့သည် သူတို့အပိုင်ဖြစ်ကြောင်း သင်ယူခဲ့ရ၏။
ညဘက်တွင် သူက ကိုယ်ဖျောက်ကာ ချူးမိသားစု၏ ပင်မစံအိမ်အတွင်းသို့ ကျူးကျော်ခဲ့သည်။ သူက အနည်းငယ် လျှောက်သွားနေပြီးသည့်နောက်တွင် သူတို့သခင်ငယ်လေး၏ အခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။