စူးစမ်းလေ့လာရှာဖွေခြင်း
Vol. 22 Ch. 302
အခန်း (၃၀၂) : စူးစမ်းလေ့လာရှာဖွေခြင်း
အရိပ်က သခင်လေးချူး၏ အခန်းအတွင်းသို့ ရောက်ရှိလာသည့်အခါ စာရွက်ပုံကြား နစ်မြုပ်ကာ ပိုးဝတ်စုံ ဝတ်ဆင်ထားသည့် ရုပ်ချောချော လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ သူက အလုပ်ကို အာရုံစိုက်ထားပြီး ထိုစာရွက်များကို ဆယ်မိနစ် ဆက်တိုက် ကြည့်နေလေသည်။
အရိပ်က ထိုသခင်လေးကို တိတ်တဆိတ် လေ့လာနေရင်း အချက်နှစ်ခုကို သတိပြုမိလိုက်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ပထမက သူ့ဆီမှ မည်သည့်သွေးမျိုးဆက် စွမ်းအားကိုမှ မခံစားမိပေ။ ဒုတိယအချက်က ဤလူတွင် သူ့ခန္ဓာကိုယ်အတွင်း ကျင့်ကြံဆင့် သို့မဟုတ် စွမ်းအားများ ရှိမနေဘဲ နိဝမ်ဆုံမှတ်နှင့် အသိစိတ်ပင်လယ် ဖွင့်လှစ်ထားသည်။
ထိုဟာကွက်များကို သတိပြုမိပြီးနောက် အရိပ်က ဘာမှမလုပ်ခင် နောက်တစ်နာရီကြာ ဆက်လက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မမြင်နိုင်သည့် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ချူးလီ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားသည်။
ထိုစဉ် အရိပ်က တစ်ခုခု မှားယွင်းသွားကြောင်း တွေ့ရှိသွားလေသည်။ သူက အသိစိတ်ပင်လယ်အတွင်းတွင် တိမ်လိုမျိုး အရာတစ်ခု လွင့်မြောနေကြောင်း မြင်လိုက်ရသည်။ ဤသည်က ချူးလီ၏ ဝိညာဉ် ဖြစ်ကြောင်း သိသော်လည်း သူ့အား အံ့အားသင့်သွားစေသည်က ချူးလီ၏ ဝိညာဉ်သည် မပြီးပြတ်သေးသည့် ပလ္လင် သို့မဟုတ် ကျောင်းဆောင်ပေါ်တွင် လွင့်မြောနေလေ၏။
အရိပ်က ခဏအကြာ စောင့်ကြည့်ပြီးနောက် ချက်ချင်း မလှုပ်ရှားသေးပေ။ သူ ရရှိထားသည့် သတင်းအချက်အလက်များကို မှတ်သားပြီးနောက် ချူးလီ၏ ဝိညာဉ်ဆီ ချဉ်းကပ်လာလိုက်သည်။ သူက ထိုလူ၏ မှတ်ဉာဏ်များကို ရှာဖွေရန် ဝိညာဉ်ရှာဖွေရေး နည်းစနစ်ကို တိတ်တဆိတ် အသုံးပြုချင်ခဲ့သည်။ သို့သော်လည်း သူ နီးကပ်သွားသည့်အခါ ထိုဝိညာဉ်နှင့် ဆက်နွယ်နေသည့် အဖြူရောင် အလင်းတစ်ခုကို တွေ့ရှိသွားသည်။ ထိုအလင်းက တခြားအားကောင်းသည့် သက်ရှိနှင့် ဆက်နွယ်နေဟန်ပေါ်သည်။
အရိပ်က ဤကမ္ဘာတွင် နတ်ဘုရားများရှိ၍ ချူးလီသည်လည်း သူတို့ထဲမှတစ်ယောက်နှင့် ဆက်နွယ်ထားကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူသာ သူ့ဝိညာဉ်ကို ရှာဖွေမည်ဆိုလျှင် ထိုနတ်ဘုရားအား သတိပေးသလို ဖြစ်သွားလိမ့်မည်။
အရိပ်က ထိုကိစ္စကို နိဂုံးချုပ်လိုက်ပြီးနောက် နောက်နည်းလမ်းတစ်ခု သုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပိုးကောင်တစ်ကောင် အသွင်ပြောင်းကာ ချူးလီ၏ ခေါင်းအထက် မြောလွင့်နေသည့် မီးခိုးရောင်ကြိုးမျှင်ကို ကပ်တွယ်လိုက်သည်။ ဤသည်က သူ့ကံကြမ္မာကြိုးမျှင် ဖြစ်၏။
ဤသည်က အရိပ်အား ဝမ်ဝေ့ကဲ့သို့ လူများ၏ ကံကြမ္မာများဖတ်နိုင်ရန် သင်ထားပေးသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း အရိပ်က လူတစ်ယောက်၏ ကံကြမ္မာကို တန်ပြန်သက်ရောက်ခြင်း မခံရဘဲ ဖတ်နိုင်လောက်အောင် အားမကောင်းပေ။ သို့သော်လည်း ဤနည်းစနစ်က ကူကံကြမ္မာဖတ်ရှုခြင်းဟုခေါ်ပြီး ဝမ်ဝေ့၏ ကံကြမ္မာဖတ်ရှုခြင်း အဆင့်နိမ့်ပုံစံ ဖြစ်သည်။ ထိုအရာက လူတစ်ဦး၏ အရေးကြီးဆုံး ဖြစ်ရပ်တစ်ခုကို မြင်တွေ့စေနိုင်သည်။
ထို့ကြောင့် ချူးလီ၏ ကံကြမ္မာကြိုးမျှင်အပေါ် ကပ်ငြိတွယ်ပြီးသည့်နောက်တွင် အရိပ်က ထိုလူ၏ မှတ်ဉာဏ်တစ်ခုကို ကြုံတွေ့လိုက်ရသည်။
မှတ်ဉာဏ်အတွင်း ချူးလီက မြို့တွင်းရှိ သခင်လေးများနှင့်အတူ အမဲလိုက်နေလေသည်။ အရာအားလုံးက အဆင်ပြေနေသော်လည်း သူ အမဲလိုက်ရမည့် သားကောင်တစ်ကောင်က ရုတ်ချည်းဆိုသလို ရူးသွပ်ကာ ချူးလီအား တိုက်ခိုက်လာလေသည်။
အတိအကျဆိုရလျှင် သူက ထိုသားရဲ၏ ဆွဲခေါ်သွားမှုကို ခံရပြီး အစောင့်များနှင့် ကွဲသွားလေသည်။ ချူးလီက သူ့ကိုယ်သူ ထိုသားရဲ၏ လက်တွင် သေဆုံးမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကံကြမ္မာက သူ့ကို အရေးပေးဟန်ပေါ်သည်။ သူက ဒဏ်ရာရခဲ့သော်လည်း အသက်ရှင်ခဲ့သည်။
ထို့ကြောင့် သူက ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ အနီးရှိ ဂူတစ်ခုဆီ သွားလိုက်သည်။ သို့သော်လည်း သူ ဂူအတွင်းသို့ ရောက်ရှိသွားသည်နှင့် လူအိုကြီးတစ်ယောက်က မျက်စိမှိတ်လျက် တင်ပျဉ်ခွေထိုင်နေပြီး ရှေ့တွင် စာအုပ်ကြီးချထားသည်ကို မြင်လိုက်ရသည်။
ချူးလီက သူသည် လူတစ်ယောက်၏ အိမ်ကို ကျူးကျော်မိပြီဟု တွေးမိကာ အလျင်အမြန် တောင်းပန်လိုက်သည်။ သို့သော် ထိုလူအိုကြီးက သေဆုံးနေပြီဖြစ်ကြောင်း သတိပြုမိဖို့ သိပ်မကြာလိုက်ပေ။ ထို့ကြောင့် သူက သိချင်စွာဖြင့် စာအုပ်ကို ယူကာ ဖတ်ကြည့်လိုက်၏။
စာအုပ်ပေါ်တွင် ပထမဆုံး ရေးသားထားသည့် စာကြောင်းမှာ “ ဒီအမွေအနှစ်ကို ရရှိတဲ့သူတိုင်း ဖြန့်ဝေပေးပါ့မယ်လို့ ကောင်းကင်ဘုံကို ကျိန်ဆိုရမယ်။ မဟုတ်ရင် သူတို့က ဖွင့်နိုင်မှာ မဟုတ်ဘူး”
စစချင်း ချူးလီက တစ်ယောက်ယောက်သည် သူ့ကို စနောက်သည်ဟုသာ ထင်ခဲ့ပြီး စာအုပ်ကို ဖွင့်ဖို့ ကြိုးစားကြည့်လိုက်သည်။ သို့သော်လည်း ကျရှုံးသွားရသည်။ ထို့ကြောင့် သူက တစ်ခုခု ထူးဆန်းဖွယ် အရာနှင့် တွေ့ဆုံခဲ့ကြောင်း သတိပြုမိသွားသည်။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ စာအုပ်ပေါ်မှ ရေးသားထားသည့်အတိုင်း ကောင်းကင်ဘုံကို ကျိန်ဆိုလိုက်သည်။ ထို့နောက် စာအုပ်ကို ဖွင့်လို့ရသွားလေသည်။
ချူးလီက အလျင်စလို ဖတ်ရှုပြီးသည့်နောက်တွင် ကမ္ဘာကြီး၏ လျှို့ဝှက်ချက်ကြီးထဲမှ တစ်ခုကို သင်ယူခဲ့သည်။ ဤကမ္ဘာရှိ နတ်ဘုရားများဟု ခေါ်နေသောသူများမှာ မြင့်မြတ်သည့် သက်ရှိမျိုး မဟုတ်သလို အားကောင်းသည့် သက်ရှိမျိုးလည်း မဟုတ်ဘဲ ထိုသို့စွမ်းအားရရှိဖို့ ဖြည်းဖြည်းချင်း ကျင့်ကြံထားသည့် သေမျိုးများသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
သို့သော်လည်း တခြားနတ်ဘုရားများ သူတို့နှင့် အရင်းအမြစ် လုယက်လာမှာကို ကာကွယ်ဖို့အတွက် သူတို့က သာမန်လူများဆီမှ ကျင့်ကြံရေး တည်ရှိမှုအကြောင်း ဖျောက်ဖျက်ထားခဲ့ပြီး သူတို့၏ ကောင်းချီး သို့မဟုတ် သူတို့၏ အံ့ဖွယ်သွေးမျိုးဆက်ကို အမွေဆက်ခံနိုင်မှသာ ဤသို့စွမ်းရည်မျိုး ရရှိမည်ဟု အယုံသွင်းထားကြသည်။
ထိုသို့ခံစားရသည်မှာ နတ်ဘုရားများသာ မဟုတ်ပေ။ ချူးလီက ထိုစာအုပ်ထဲမှ လူတချို့သည် ကျင့်ကြံရေးနည်းစနစ်ကို ဖြန့်ဝေကြတာ ပိုကောင်းခဲ့ကြောင်း သင်ယူခဲ့ရသည်။ ကံဆိုးစွာဖြင့် သဘောတရားကွဲလွဲမှုကြောင့် ထိုသဘာဝစွမ်းအားများ ဖြန့်ဝေလိုသည့် နတ်ဘုရားများကို ရှုံးနိမ့်စေသည့် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့လေသည်။ အများစုက အသတ်ခံလိုက်ရပြီး တချို့ကသာ ကြွက်လိုမျိုး ပုန်းအောင်းရင်း အသက်ရှင်ကျန်ခဲ့ပြီး ထိုနည်းစနစ်များကို တိတ်တဆိတ် ဖြန့်ဝေနေလေသည်။
ထိုအကြောင်းအရာများကို သင်ယူပြီးသည့်နောက်တွင် ချူးလီက ဒဏ်ရာရနေသော်လည်း အနားမယူဘဲ အိမ်သို့ အလျင်အမြန် ပြန်လာလေသည်။ သူ့အတွက် ကံကောင်းသည်က သူ့အစောင့်များက သူ့ကို ရှာဖွေနေသည့်အတွက် လမ်းတစ်ဝက်တွင် တွေ့ရှိသွားလေသည်။
သူတို့က အိမ်ကို မြန်မြန်ပြန်လာပြီးနောက် သမားတော် ခေါ်ကာ စစ်ဆေးခဲ့သည်။ ပထမဦးဆုံး ချူးလီ လုပ်သည်က မီးနတ်ဘုရားဟို့ကို ဆက်သွယ်ကာ စာအုပ်အကြောင်းကို ပြောပြလိုက်ခြင်း ဖြစ်သည်။ သူတို့ မိသားစုက မီးနတ်ဘုရားကို မျိုးဆက်များစွာ ခစားလာသည်ဖြစ်ရာ သူနှင့် ဆက်သွယ်ဖို့ရာ နည်းလမ်းရှိပေသည်။
သူက ဘာလို့လုပ်ခဲ့တာလဲ…
အဖြေက ရိုးရှင်းပေသည်။ ချူးလီက ကျင့်ကြံဆင့်သည် ၆ဆင့် ရှိကြောင်း သင်ယူခဲ့ရသော်လည်း သူ ရရှိထားသည့် စာအုပ်ထဲတွင် နှစ်ခုထဲသာ ဖော်ပြထားလေသည်။ ထို့ကြောင့် သူက မီးနတ်ဘုရားကို သူ ရှာဖွေတွေ့ရှိမှုအကြောင်း ပြောပြခြင်းဖြင့် ဆုလာဘ် ရလိမ့်မည်ဟု မျှော်လင့်ထားလေသည်။ သူက သူ့ကျိန်ဆိုမှုအကြောင်း အမှန်တကယ် စိုးရိမ်မိ၏။
ကံဆိုးစွာဖြင့် သူ့အလောင်းအစားက မှန်ကန်နေခဲ့သည်။ မီးနတ်ဘုရားက သူ့အား တတိယအဆင့် ချိုးဖောက်မည့်နည်းလမ်းကို ပေးအပ်လာခဲ့ပြီး သူ့ကျမ်းသစ္စာအား ဖြေရှင်းပေးခဲ့သည်။ ချူးလီက နောက်ထပ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ရ၏။
အတိအကျဆိုရလျှင် သူက ကျမ်းသစ္စာနှစ်ခု ကျိန်ဆိုလိုက်ရသည်။ ပထမတစ်ခုက ဒီနည်းစနစ်ကို တခြားသူများထံ ထုတ်မပြဖို့ ဖြစ်ပြီး ဒုတိယတစ်ခုက မီးနတ်ဘုရားထံ သူ့ဝိညာဉ်ကို ပေးအပ်ပြီး မချွတ်မယွင်း သစ္စာရှိပါမည်ဟု ကျိန်ဆိုခဲ့ရသည်။ ထိုဖြစ်စဉ်အတွင်း သူက ထိုကျမ်းကျိန်ဆိုမှုများသာ မလုပ်လျှင် ချက်ချင်းအသတ်ခံရမည်ဖြစ်ကြောင်း သိလိုက်သည်။ သူ့အတွက် ကံကောင်းသည်က မီးနတ်ဘုရားက အမှန်တရား ပြောပြပြီးသည့်နောက်တွင် သူ့ကို ချက်ချင်းမသတ်ပေ။
အရာအားလုံး ဖြေရှင်းပြီးသည့်နောက်တွင် ချူးလီက သူ ရရှိထားသည့် ကျင့်ကြံနည်းစနစ်ကို ဖတ်ရှုကာ ဖြည်းဖြည်းချင်း စတင်လေ့ကျင့်ခဲ့သည်။
သူက ပထမဆုံးသုံးဆင့်မှာ မြင့်မြတ် ကျောင်းဆောင်၊ မြင့်မြတ် စွမ်းအားနှင့် မြင့်မြတ် အသွင်ပြောင်းခြင်းတို့အကြောင်း သင်ယူခဲ့ရသည်။ ပထမသုံးဆင့်သို့ ဝင်ရောက်ဖို့ရာအတွက် သူ့အနေနှင့် ဂုဏ်သတင်းပမာဏတချို့ လိုအပ်ပေသည်။ ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုခြင်းဖြင့် သူက သူ့ဂုဏ်သတင်းကို နိဝမ်ဆုံမှတ်နှင့် အသိစိတ်ပင်လယ်ကို ဖွင့်ဟနိုင်သည့် စွမ်းအားအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
ထို့နောက် သူက ဂုဏ်သတင်းကို အသုံးပြုကာ မြင့်မြတ် ကျောင်းဆောင်ကို ဖန်တီးနိုင်လိမ့်မည်။ ဤသည်က နတ်ဘုရားတိုင်း၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် အလွန်တရာ အရေးကြီးလှသည်။ ပထမဦးစွာ ချူးလီက ဂုဏ်သတင်းဆိုသည်မှာ ဘယ်အရာလဲဟု သူ့စိတ်ထဲ ရှုပ်ထွေးနေခဲ့သည်။ ထို့နောက် သူက ဘယ်အရာဖြစ်ကြောင်း သင်ယူခဲ့ရသည်။ လူအများက သူ့အကြောင်းကို ပြောလေလေ သူက ဂုဏ်သတင်း ရရှိလာလေလေ ဖြစ်ပြီး သူ မြင့်မြတ်ကျောင်းဆောင်ကို ဖန်တီးနိုင်ဖို့ အသုံးပြုနိုင်လိမ့်မည်။
ထိုအရာကိုသိကာ ချူးလီက သူ့မိသားစုအာဏာဖြင့် သူသည် မြင့်မြတ်သွေးမျိုးဆက် နိုးထလာကြောင်း သတင်းဖြန့်ခဲ့ပြီး နတ်ဘုရား ရွေးချယ်ခံတစ်ယောက်ဟု ဂုဏ်သတင်းကို စုဆောင်းခဲ့လေသည်။ ဤဂုဏ်သတင်းဖြင့် သူက ဖြည်းဖြည်းချင်း သူ့ကျောင်းဆောင်ကို ဆောက်လုပ်နိုင်လိမ့်မည်။ သူ့မိသားစုက သူ့အား အမဲလိုက်ဖို့ အဖွဲ့ဖွဲ့ကာ မြင့်မြတ်နယ်ရုပ်အဖြစ် သူရဲကောင်းဆန်ဆန် ပြသမှုမျိုး လုပ်ဖို့ တိုက်တွန်းခဲ့သော်လည်း ချူးလီက ထိုအကြံအစည်ကို အလျင်အမြန် ငြင်းပယ်ခဲ့သည်။ သူ့တွင် ထိုသို့စွမ်းရည်မျိုး မရှိကြောင်း သိနေလေ၏။
သူ့အမွေအနှစ်အရ မြင့်မြတ်ကျောင်းဆောင်အဆင့်ရှိ ကျင့်ကြံသူများသည် အလွန်တရာ အားနည်းကြပြီး သေမျိုးများကို ထိန်းချုပ်ဖို့ သို့မဟုတ် ပုံရိပ်ယောင်များကို ဖန်တီးဖို့ သူတို့၏ မြင့်မြတ်အာရုံကို အသုံးပြုနိုင်ခြင်းမှအပ ဘာမှမတတ်စွမ်းနိုင်ကြပေ။
ထို့အပြင် တစ်ယောက်ယောက်ကသာ အားကောင်းသည့် စိတ်စွမ်းအား ရှိနေပါက ထိုနည်းလမ်းက သူတို့အပေါ် အလုပ် မဖြစ်ပေ။ သာမန်ဓား၊ လေးမြားကဲ့သို့သော သာမန်လက်နက်မျိုးကပင် သူတို့ကို အလွယ်တကူ သတ်နိုင်လေသည်။
မြင့်မြတ်စွမ်းအားအဆင့်သို့ ဝင်ရောက်ပြီး သူတို့ခန္ဓာကိုယ်အတွင်း မြင့်မြတ်စွမ်းအင်ကို ဖန်တီးနိုင်မှ နတ်ဘုရားများ သို့မဟုတ် သဘာဝလွန်အဖြစ် သတ်မှတ်နိုင်လိမ့်မည်။
အရိပ်က ထိုအရာများကို ဖတ်ရှုပြီးနောက် သူ့နဂိုသွင်ပြင်သို့ ပြောင်းလဲလိုက်သည်။ ချက်ချင်းဆိုသလို သူက ချူးမိသားစု၏ စံအိမ်နှင့် မြို့မှ ထွက်လာခဲ့လိုက်သည်။
သူက အနီးဆုံး ဘာမှမရှိသည့် တောင်တစ်လုံးသို့ ရောက်သည်နှင့် သူက ဂူတစ်ခုကို ဖန်တီးကာ ဆန့်ကျင်စုံစမ်းရေးအစီအရင်ကို အဝင်ဝတွင် ခင်းကျင်းလိုက်ပြီး ဝမ်ကျူအား ဆက်သွယ်ကာ သူ့တွေ့ရှိမှုအကြောင်း တင်ပြလိုက်သည်။