← Chapters

ခရမ်းသစ်တော နန်းတော်

Vol. 011 Ch. 528

ခရမ်းသစ်တော နန်းတော်

Vol. 011 Ch. 528

အဘိုးအို၏ မျက်နှာက လုံးဝ ဖြူလျောလို့နေသည်။ သူက ပျက်စီး ယိုယွင်းနေသည့် ဂြိုဟ်တစ်ခုမှ ကျင့်ကြံသူ တစ်ယောက်က ခုလောက် စွမ်းအားကောင်းနေ လိမ့်မည်လို့ မထင်ထားမိချေ။ သည်လူက သူ့ကို ခဏတာအချိန်တို အတွင်း၌ ဖမ်းမီသွားပြီး အခြားအကြီးအကဲ တစ်ယောက်ကိုပါ ခုလက်ရှိတွင် သန့်စင်နေခဲ့သည်။

သည်လိုစွမ်းအားမျိုးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူများသာ ထုတ်ဖော်ပြနိုင်သည့် အရာဖြစ်လေ၏။

သူက ခုချိန်တွင် နောင်တရမိနေလေ၏။ သူက ကျောက်ရှန်းရှ စကားကို နားမထောင်ခဲ့လျှင် ခုလို အခြေအနေမျိုးလည်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။

သည်အခိုက်တွင် သည်အဘိုးအိုနှင့် သိပ်မဝေးသည့် နေရာတွင်လည်း သူ့အဖော်က ခေါင်းလောင်း၏ ပိတ်လှောင်ထားခြင်းကို ခံရပြီး အထိတ်တလန့် အော်ဟစ်လို့နေ၏။ သူက သန့်စင်ခံနေရသည့် အတွက် နာကျင်မှုကို ခံစားနေရသည်မှာ ရှင်းလင်းပေ၏။

အဘိုးအိုနားထဲသို့ နာကျင် အော်ဟစ်သံများ ဝင်လာသည့်အခါတွင် သူက သက်ပြင်းရှည်ချမိပြီး ခုခံမှုကို လက်လျှော့လိုက်လေ၏။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးသည့် အသွင်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"သူ့ကို အရင်ဆုံး လွှတ်ပေးလိုက်ပါ ... ဒီကိစ္စမှာ ငါတို့ မှားခဲ့တဲ့အတွက် မင်းသိချင်တာ ဘာပဲ ဖြစ်ဖြစ် ငါတို့ ပြောပြမယ် ... "

ဝမ်လင်းက လှုပ်ရှားခြင်းမပြုဘဲ ထိုလူကိုသာ အေးစက်စွာ စူးစိုက်ကြည့်နေ၏။

အဘိုးအိုမျက်နှာက ခါးသက်လာခဲ့သည်။ သူက သူ့ရှေ့ရှိ လခြမ်းကွေး ဓားသွားကို ကြည့်၍ ပြောလိုက်သည်။

"ဘိုးဘေးက မတူညီတဲ့အုပ်စု ခုနစ်ခုထဲကနေ တပည့် ခုနစ်ယောက်ကိုပဲ လက်ခံတယ် ...။ ဒါ့အပြင်သူက အပြင်ကနေလည်း တပည့်တွေ ခေါ်လာတက်တယ်။ ဒါပေမဲ့ အုပ်စုခွဲ ခုနစ်ခုထဲမှာ တပည့် တစ်ယောက်စီကပဲ သူ့ရဲ့ အစစ်အမှန် တပည့်ဖြစ်တယ် ... လူတိုင်းက သူ့တပည့်လို့ ယူဆလို့ ရပေမဲ့ သူတို့က ဘိုးဘေးရဲ့ အမွေအနှစ်ကိုတော့ ရရှိလိမ့်မှာ မဟုတ်ဘူး ... "

ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုဘဲ သည်အကြောင်းရာများကို တိတ်ဆိတ်စွာ နားထောင်လျက် ရှိနေသည်။ သူက မတ်တတ်ရပ် နေရင်းဖြင့်ပင် သူ့ထံကနေ မောက်မာမှုကို ပေးစွမ်းလို့ နေလေ၏။ ခုလက်ရှိတွင် ဝမ်လင်းက သူကောင်းကင်ကံကြမ္မာ ကလန်ကို စရောက်လာတုန်းက ပုံစံနှင့် အလွန်ခြားနားသည့်သူ ဖြစ်နေခဲ့လေပြီ။

လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ခရမ်းရောင်အုပ်စုခွဲမှာ ပါရမီရှင် တစ်ယောက် ပေါ်လာခဲ့ဖူးတယ် ...။ ဒီလူက ခရမ်းရောင် အုပ်စုခွဲရဲ့ ထိပ်တန်းတပည့် ဖြစ်လာခဲ့ပြီး ရှေ့ဖြစ်ဟောသူရဲ့ တိုက်ရိုက်တပည့်ထဲက တစ်ယောက်အဖြစ် အစားထိုးလာ နိုင်ခဲ့တယ် ... "

"သူ့နာမည်ကတော့ စွန်ယွမ်။ သူက ခရမ်းတိမ်ခန်းမမှာ နေထိုင်ခဲ့တာပဲ ... "

ဝမ်လင်း မျက်လုံးများက အလေးအနက် ဖြစ်သွားပြီး သူက တည်ငြိမ်စွာ မေးလိုက်၏။

"ဒါက ငါနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ... "

"ပုံမှန်တိုင်းဆိုရင်တော့ ဘာမှ မသတ်ပတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာက စွန်ယွမ်က ကလန်ကို သစ္စာဖောက်သွားခဲ့ပြီး တချို့ အကြောင်းတွေကြောင့် ထွက်ပြေးသွားခဲ့တယ် ... ဒီလိုဖြစ်လာတဲ့အခါ ဘိုးဘေးက သူ့နောက်ကို လိုက်ဖို့ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ပဲ သူကိုယ်တိုင် လိုက်သွားခဲ့တယ်။ တစ်လလောက် ကြာတဲ့နောက်မှာ ဘိုးဘေးက သူတစ်ယောက်တည်း ပြန်ရောက်လာပြီး ဒီခရမ်းတိမ်ခန်းမကို ချိပ်ပိတ်ခဲ့ပြီး သူက ခရမ်းတိမ်ခန်းမကို အမွေဆက်ခံမဲ့ နောက်လူက သူ့ရဲ့ ခုနစ်ယောက်မြောက် တိုက်ရိုက်တပည့် ဖြစ်လာမယ့်လို့ သတင်းလွှင့်ခဲ့တာပဲ ... "

ဘိုးဘေးက ခဏတာ တုံ့ဆိုင်းသွားပြီးမှ သူက ဆက်ပြောလိုက်သည်။ ဒီခရမ်းရောင် အုပ်စုခွဲရဲ့ တပည့် ခုနစ်ယောက်ထဲမှာ အခြားခြောက်ယောက်က ဒီထျန်ယွမ်ဂြိုဟ်မှာ ကြီးပြင်းခဲ့ပြီး မင်းတစ်ယောက်ပဲ အပြင်ဘက် တစ်ဝက် ပျက်စီးနေတဲ့ ဂြိုဟ်ကနေ လာခဲ့တဲ့လူ ဖြစ်တယ်။ ဒီတော့ သာမန်တပည့်တွေရဲ့ မျက်လုံးထဲမှာ မင်းက သူတို့ထက် အဆင့်နိမ့်တဲ့လူ အဖြစ်မြင်နေခဲ့တာပဲ။ အရာအားလုံးက သာမန်အတိုင်း ဆိုရင်တော့ ခုလောက်ထိ ဆိုးလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘိုးဘေးက မင်းကို ခရမ်းတိမ်ခန်းမပါ ပေးခဲ့တဲ့အတွက် သူတို့က ပိုပြီး ခွဲခြားနှိမ့်ချကြတာ ... "

"ဒါ့အပြင် မင်း ကျင့်ကြံမှုအဆင့်ကလည်း အမြင့်ကြီး မဟုတ်တော့ သဘာဝအားဖြင့် မင်းစီနီယာတွေက မင်းကို မျက်စိ စပါးမွေးစူးစရာ အဖြစ် မြင်နေတော့တာပဲ ...။ ဘိုးဘေးကြောင့် သူတို့က မင်းကို တိုက်ရိုက် မဆန့်ကျင်ရဲကြပေမဲ့ ... ဒါပေမဲ့ နောက်ကျော်ကနေ ကြံစည်တာကိုတော့ လုပ်ခဲ့ကြတာပဲ ...။ ငါက ငါတက်နိုင်သလောက် အကုန်ပြောပြ ခဲ့ပြီးပြီး ...။ ဒီနေ့ကစပြီး ငါနဲ့ ငါ့ညီကိုက မင်းတို့ကြားမှာ ရှိတဲ့ ဘာကိစ္စကိုမှ ဝင်မပါတော့ဘူး ... "

အဘိုးအိုက ထိုသို့ပြောနေရင်းဖြင့် လခြမ်းကွေး ဓားသွားကို ကြည့်နေ၏။ သူက သည်ဓားသွားကို အတော်လေး ကြောက်လန့်နေ မိပေသည်။

ဝမ်လင်း မျက်လုံးများက အေးစက်လာခဲ့၏။ သည့်တော့ သည်အရာများ အားလုံး၏ အကြောင်းရင်းက သည်လို ဖြစ်နေသည်လား။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းက ချက်ချင်း သူ့လက်ထဲသို့ ပျံသန်းလာခဲ့၏။ သူက ခေါင်းလောင်းကို တစ်ချက်ခါယမ်း၍ ကြုံ့သွားစေလိုက်သည်။ အစိမ်းရောင် အလင်းတစ်ခုက ထိုခေါင်းလောင်း ထဲကနေ ထွက်ပေါ်လာပြီး လွတ်မြောက်ရန် ကြိုးပမ်းလာသည်။ သို့သော် ဝမ်လင်းက ၎င်းကို သူ့လက်ဖြင့် လျင်မြန်စွာ ဖမ်းယူလိုက်လေ၏။

အစိမ်းရောင် အလင်းထဲကနေ စူးစူးဝါးဝါး အော်သံတစ်ခု ထွက်လာခဲ့လေ၏။

"ငါက စည်းကမ်း ထိန်းသိမ်းရေး အကြီးအ ... "

သူက ပြောလို့မဆုံးခင်မှာပင် ဝမ်လင်းက သူ့လက်ကို ဖိညှစ်လိုက်သည်။ ထိုအခါ အစိမ်းရောင် အလင်းတန်းက ပျက်စီးသွား၍ အားနည်းလွန်းနေသည့် မူလစိတ်ဝိညာဉ် တစ်ခု ပေါ်လာခဲ့တော့သည်။

ကြည့်ပင်မကြည့်ဘဲ ဝမ်လင်းက ၎င်းစိတ်ဝိညာဉ်ကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ မူလစိတ်ဝိညာဉ်က ဝမ်လင်းပါးစပ်ထဲသို့ ဝင်သွားသည့်အခါတွင် မူလစိတ်ဝိညာဉ်က ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။

သည်လိုပြုလုပ်ပြီးနောက် ဝမ်လင်းက အဘိုးအိုကို ကြည့်၍ တည်ငြိမ်စွာ မေးလိုက်၏။

"မင်းက ထွက်မသွားချင် သေးဘူးပေါ့ ... "

အဘိုးအိုက မှင်တက် ကြောင်ငေးစွာဖြင့် ဝမ်လင်းကို ကြည့်နေမိသည်။ သူက သည်လူသည် ကလန်၏ စည်းမျဉ်းကို ချိုးဖျက်၍ သူ့ရှေ့တွင်ပင် လူတစ်ယောက်၏ မူလစိတ်ဝိညာည်ကို ဝါးမျိုပစ်လိမ့်မည်ဟု လုံးဝ စိတ်ကူးမိထားခြင်း မရှိချေ။ သည်အပြုအမူက နတ်ဆိုးဆန်လှသည့် လမ်းကြောင်းကို ပြသနေသည်။

သူ့နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားပြီး သူက နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်၍ အားတင်းကာ ပြုံးလိုက်သည်။

"ငါက ခုပဲ ထွက်သွားပါတော့မယ် ...။ ဒီနေ့ ဒီမှာ ဖြစ်ခဲ့တဲ့ ဘာကိစ္စကိုမှ ငါမသိခဲ့ဘူး... "

ထိုသို့ပြောပြီးနောက် သူက လှည့်၍ ထွက်ခွာသွား လေတော့သည်။

အေးစက်စက် အလင်းတန်းက ဝမ်လင်းမျက်လုံးထဲ၌ ဖြတ်ပြေးသွားပြီး သူက ပြောလိုက်သည်။

"သူ့ကိုသတ် ... "

ရှုလီကောက ပျော်ရွှင်စွာ မြည်ကြွေး၍ အလင်းတန်းအလား လှုပ်ရှားသွားလေသည်။ သို့ရာတွင် လခြမ်းကွေးဓားသွားက သူ့ထက်ပင် မြန်လွန်းနေ၏။ သည့်အတွက်ကြောင့် မျက်စိတစ်မှိတ်အတွင်း ၎င်းက ပျောက်ကွယ်လို့ သွားတော့၏။

တိုးညင်းသော အော်ညည်းသံ တစ်ခုက အကွာအဝေး တစ်ခုကနေ ထွက်ပေါ်လာ၏။ သည့်နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် လခြမ်းကွေးဓားသွားက ပျံသန်းလာခဲ့တော့၏။

ဝမ်လင်းက လက်ဆန့်တန်း၍ အဘိုးအို၏ မူလစိတ်ဝိညာဉ်ကို လခြမ်းကွေး ဓားသွားထံကနေ ဆွဲယူလိုက်၏။ သည်အဘိုးအိုက အော်ဟစ် ထွက်ပြေးရန် ဟန်ပြင်လိုက် သော်လည်း အလွန်နောက်ကျ သွားခဲ့လေပြီ။ ဝမ်လင်းက အဘိုးအို၏ မူလစိတ်ဝိညာဉ်ကို သူ့ပါးစပ်ထဲသို့ ပစ်သွားပြီး ၎င်းကို စိတ်ဝိညာဉ် ဆယ်သန်းအလံဖြင့် ချိပ်ပိတ်ပစ် လိုက်တော့၏။

သည်အရာများ အားလုံးကို ပြုလုပ်ပြီးသည့် အခါတွင်လည်း ဝမ်လင်း မျက်လုံးထဲရှိ အေးစက်မှုက လျော့မသွားပဲ ပို၍ပင် တိုးလာခဲ့လေ၏။ သူက ခရမ်းတိမ်ခန်းမ ရှိရာသို့ ဦးတည်လှည့်လိုက်ပြီး လှမ်းလျှောက်၍ သွားလေတော့၏။

"ရှေ့ဖြစ်ဟောသူက ငါ့အတွက် ဒီခရမ်းတိမ်ခန်းမကို သတ်မှတ်ထားခဲ့ ကတည်းက သူက ဒီလိုဖြစ်လာမယ်ကု ကြိုတွက်ထားမှာပဲ ... "

သူက သိပ်မကြာခင်မှာပင် ခရမ်းတိမ် ခန်းမနားသို့ ရောက်လာခဲ့တော့၏။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ခုလက်ရှိတွင် နန်းတော်ထဲ၌ ထိုင်လျက် ရှိနေ၏။ သူမက တောင်နှင့် မြစ်ပန်းချီကားကို ကိုင်ကြည့်လို့နေသည်။ သူမက ဝမ်လင်း ရောက်လာသည် သတိပြုမိသည့်အခါ မျက်မှောင် ကြုတ်မိသွား၏။ ထို့နောက် သူမခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ခရမ်းတိမ်ခန်းမ အပြင်ဘက်တွင် ပေါ်လာခဲ့လေ၏။ သူမက သူ့ထံသို့ တိုးဝင်လာနေသည့် အနီရောင် အလင်းတန်းကို စူးစိုက်ကြည့်နေရင်း အေးစက်စက်အသံကို ကြားလိုက်ရ၏။

"ငါ ဝမ်လင်းက တခြားလူတစ်ယောက် တွန်းထုတ်တိုင်း ခံရမယ့်လူ မဟုတ်ဘူးဆိုတာ လူတိုင်း သိစေရမယ် ... "

"နင်က ဘာလို့ ဒီနေရာကို ထပ်လာရတာလဲ ...။ ထွက်သွားစမ်း ... "

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ စကားတစ်ခွန်းမှ မဆိုဘဲ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ သူမထံသို့ ညွှန်လိုက်၏။ ကောင်းကင်ဘုံဓားက သည်အမျိုးသမီးထံသို့ တဟုန်ထိုး တိုးဝင်သွားကာ လခြမ်းကွေး ဓားသွားကလည်း နောက်ကနေ လိုက်ပါသွားတော့၏။

အမျိုးသမီး အသွင်က ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း အမျိုးသမီးက ပျောက်ကွယ်လို့သွား၏။ သူမ အမြန်နှုန်းကလည်း အံ့မခန်းပင်။ သူမက လခြမ်းကွေး ဓားသွားထက် အများကြီး နှေးလွန်းမနေခဲ့ပေ။ လခြမ်းကွေး ဓားသွားက တစ်ချက် လွှဲခုတ်လိုက်ရာ သူမ၏ ဆံပင်အနည်းငယ် ပျက်ထွက်သွား ခဲ့လေသည်။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၏။ သည့်နောက် သူက ကောင်းကင်ထက်သို့ လက်ညွှန်၍ ပြောလိုက်သည်။

"စုစည်းခြင်း ... "

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့လက်ထဲ၌ လာရောက်စုဝေး လာကြ၏။ သူ့လက်ဖဝါးထက်တွင် ဆယ်ပေခန့် ကျယ်ပြောသည့် အလင်းလုံးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့တော့သည်။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက ၎င်းအလင်းလုံးကို ဖိချ၍ ပြောလိုက်၏။

"ထွက်လာခဲ့ ... "

အလင်းလုံးက မြန်ဆန်လွန်းစွာဖြင့် ကောင်းကင်ထက်ကနေ ဆင်းသက်လာ ခဲ့တော့၏။ အလင်းလုံးက မြေကြီးပေါ်သို့ ကျရောက်သွားပြီး ပေါင်းစပ်လို့ သွားလေ၏။ သည်အခိုက်တွင် မြေကြီးက နဂါးကြီးတစ်ကောင် မြေအောက်၌ လှုပ်ရှားနေသကဲ့သို့ ကွဲအက်လို့ သွားလေတော့၏။

ထို့နောက် ပေတစ်ထောင်ခန့် အကွာရှိ မြေကြီးထဲကနေ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိတ်လန့် တုန်လှုပ်နေသည့် အမျိုးသမီး အသွင်က ပေါ်ထွက်လာခဲ့တော့၏။

ဝမ်လင်းက အမျိုးသမီးကို အေးစက်စွာကြည့်နေပြီး ပြောလိုက်၏။

"ဒီနေ့ကစပြီး ... ဒီခရမ်းတိမ်ခန်းမကို ခရမ်းသစ်တော ခန်းမလို့ နာမည် ပြောင်းလိုက်ပြီ ... "

ထိုသို့ပြောပြီးနောက် ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်လေ၏။

အစိမ်းရောင် အလင်းတန်း တစ်ခုက ထိုးတက်သွားပြီး ခရမ်းတိမ်ခန်းမ ဆိုသည့် စာလုံးသုံးလုံးပေါ်သို့ ကျရောက်သွား၏။ အလင်းတန်း ပြန်ပျောက်ကွယ် သွားချိန်၌ တိမ် ဆိုသည့်နေရာတွင် သစ်တော ဟူသည့်စကားက အစားထွင်း ရေးထွင်းသွားခဲ့ပြီး ဖြစ်နေ၏။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သည်ခရမ်းသစ်တော ခန်းမ ဆိုသည့် စာလုံးသုံးလုံးကို ကြည့်၍ ကြောင်ငေးနေ မိတော့သည်။ သည့်နောက် မျက်ရည်စီးကြောင်း နှစ်ခုက သူမပါးပေါ်သို့ ကျဆင်းလာလေတော့၏။ သူမက ရုတ်တရက် ဝမ်လင်းထံသို့ ခေါင်းလှည့်၍ ဆွဲစုတ်ပစ်ချင်သည့် အသံနှင့် ပြောလိုက်သည်။

"ငါ နင့်ကို သတ်မယ် ... "

ထိုသို့ပြောပြီးနောက် သူမက လှုပ်ရှားလိုက်ပြီး လုံးဝပျောက်ကွယ် သွားလေတော့သည်။ လေပြေတစ်ချက်က ဝမ်လင်း ထံသို့ တိုက်ခတ်လာ၏။ ဝမ်လင်းက မျက်မှောင် ကြုတ်မိသွားသည်။ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ သည်လေပြေက သတ်ဖြတ်လိုမှု စိတ်ဆန္ဒများနှင့် ပြည့်နေ၏။ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီးနောက် ဝမ်လင်း ရပ်နေခဲ့သော နေရာ၌ ကြီးမားသည့် အက်ကွဲကြောင်းကြီးများ ပြည့်နှက်လို့ သွားလေ၏။

ဝမ်လင်းက နောက်သို့ ဆုတ်နေစဉ်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သည်လေပြေထဲ၌ ပေါ်လာခဲ့သည်။ သူမမျက်လုံးများက နီရဲနေပြီး သတ်ဖြတ်လိုမှုများနှင့် ပြည့်နေသည်။ သူမက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနီရောင် အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ သည်အလင်းတန်းက အနီရောင်ဖီးနစ် တစ်ကောင်သို့ လေထဲတွင် ပြောင်းလဲသွားတော့သည်။ သည်ဖီးနစ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် မီးပင်လယ်နှင့် ဖုံးအုပ်သွားတော့သည်။ သို့ရာတွင် သည်မီးတောက်များ အားလုံးက ခရမ်းသစ်တောခန်းမကို မထိဘဲ ဝမ်လင်းထံသို့သာ ပြင်းထန်သော လှိုင်းတစ်ခုအလား တိုးဝင်လာလေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေသည်။ သူက လက်ဆန့်တန်းလိုက်ရ သူ့လက်ထဲ၌ ကောင်းကင်ဘုံဓား ပေါ်လာခဲ့၏။ သည့်နောက် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ဓားထဲ၌ စုစည်းကာ တစ်ချက် ခုတ်ပိုင်း ချလိုက်လေသည်။ ဓားစွမ်းအင်တန်းက ရှေ့သို့ ထိုးတက်သွားပြီး မီးတောက်ပင်လည်နှင့် ဘန်းခနဲ ထိတိုက်မိကြသည်။

သည်ပေါက်ကွဲသံက အလွန်ကျယ်လောင်ပြီး တောင်တစ်ခုလုံး ပဲ့တင်ထပ်သွား လေတော့၏။ သည်ဓားစွမ်းအင်က မီးတောက်ပင်လယ်တွင် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်စေသွား၏။ ဝမ်လင်းက မီးတောက် ပင်လယ်ထဲကနေ သူ့ညာဘက်လက်မကို ဖိ၍ တည်ငြိမ်စွာ လှမ်းလျှောက်၍ ထွက်လာတော့သည်။

သူ့လက်မကို ဖိထားပြီး ရှေ့သို့ တိုးလာစဉ်တွင် ကောင်းကင်နှင့် မြေကြီးပင် အရောင် ပြောင်းလဲသွား၏။ သည်အရောင်အားလုံးက ကွယ်ပျောက်သွားသည် အလား ထင်မှတ်လိုက်ရပြီး သည်လက်မတစ်ခုသာ ကျန်ရှိလို့နေတော့၏။

သည်အရာက စစ်ထူနန် ဝမ်လင်းကို သင်ပေးခဲ့သည့် သတ်ဖြတ်ခြင်း နည်းစနစ်သုံးခုထဲက တစ်ခု ဖြစ်လေတော့သည်။

"သေဆုံးခြင်း လက်ချောင်း ... "

သည်သတ်ဖြတ်ခြင်း နည်းလမ်းသုံးခုက အလွန်စွမ်းအား ကောင်း၏။ သည်နတ်ဆိုး နည်းလမ်းများက စစ်ထူနန် သူ့နှစ်ပေါင်းထောင်ချီ ကျင့်ကြံခြင်း အတွေ့အကြုံကနေ ဖန်တီးထားခဲ့ခြင်းပင်။ သူ့ဘဝတစ်ခုလုံးတွင် သူက ၎င်းနည်းလမ်းများကို ဝမ်လင်း တစ်ယောက်ကိုသာ သင်ကြားပေးခဲ့ ဖူးလေ၏။

လက်မ တစ်ခုတည်းဖြင့်ပင် အမျိုးသမီး မျက်နှာက ဖြူရော်သွားကာ သူမမျက်လုံးထဲရှိ ရူးသွပ်မှုတို့ကလည်း ပျောက်ကွယ်လို့ သွား၏။ သူမက ချက်ချင်းနောက်သို့ ပြန်ဆုတ်လိုခဲ့၏။ သို့သော် သူမ ပတ်လည်ရှိ လေဟာနယ်က ကြွပ်ဆပ်လာကာ တည်နေရာ ရွှေ့ပြောင်းခြင်း တစ်ကြိမ် ပြုလုပ်ခြင်းကိုပင် ခံနိုင်ရည် မရှိတော့သည်ကို သိရှိလိုက်ရလေ၏။

သူမက တည်နေရာ ရွှေ့ပြောင်းရန် ကြိုးစားသည်နှင့် သူမသည်လည်း ဝမ်လင်းဘာမှ လုပ်စရာမလိုဘဲ လေဟာအက်ကြောင်းထဲ၌ နစ်မြုပ်သွား ပေလိမ့်မည် ဖြစ်၏။

ဝမ်လင်းများက အလွန်တရာ အေးစက်လို့နေပြီး သူ့လက်မရာက အလင်းတန်း တစ်ခုအလား အမျိုးသမီး မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းလာခဲ့တော့၏။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက အံတင်းတင်းကြိတ်၏။ သူမခန္ဓာကိုယ်က တုန်ယင်လာပြီးနောက် ကိုယ်ပွားတစ်ခုက ခွဲထွက်လာခဲ့လေ၏။ သည်ကိုယ်ပွားက ဝမ်လင်းလက်မရာနှင့် ထိတိုက်မိသွားပြီး အပြင်းအထန် ငြီးတွားလိုက်ရ လေသည်။ ကိုယ်ပွားက လျင်မြန်စွာ ခြောက်သွေ့သွားပြီး အဖြူရောင် အလင်းတန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်း လက်မ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့၏။

သည်အခါ ဝမ်လင်းလက်မ၏ စွမ်းအားက ပို၍ပင် အားကောင်းလာ ခဲ့တော့၏။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး မျက်နှာက အရင်ထက် ပိုဖြူရော်လာခဲ့၏။ သူမက သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ သူမခန္ဓာကိုယ်က တုန်ခါသွားပြန်ကာ နောက်ထပ် ကိုယ်ပွားတစ်ခု ထပ်မံ ပေါ်လာခဲ့တော့သည်။

အမျိုးသမီးက စူးရှစွာ အော်ဟစ်လိုက်၏။

"ပေါက်ကွဲစမ်း ... "

***

All Chapters