အခြေအနေ
Vol. 22 Ch. 303
အခန်း (၃၀၃) : အခြေအနေ
ဂူအတွင်း ဝမ်ကျူက ဤကမ္ဘာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အရိပ်ကံကြမ္မာ အဖွဲ့ဝင်တချို့ဆီမှ ရရှိလိုက်သည်။ ကံဆိုးစွာဖြင့် ဤကမ္ဘာကို ပါလာသည့် အရိပ်တပ်ဖွဲ့ဝင်တစ်ဦးတည်းကသာ ကူးကံကြမ္မာနည်းစနစ်ကို ဖတ်ရှုနိုင်ပြီး တခြားသူများက အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် သူတို့ ဤတစ်ကြိမ် စုဆောင်းထားသည့် သတင်းအချက်အလက်က သိပ်မများလှပေ။
ထို့ကြောင့် ရရှိထားသော သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် ဝမ်ကျူက အဖွဲ့နှင့် နောက်အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်။
“ ဘယ်လိုထင်လဲ” လီကျွင်းက မေးလိုက်သည်။
“ ငါတို့တွေ ဒီကမ္ဘာကို လွှမ်းမိုးဖို့ အားသုံးရမယ်လို့ ယုံကြည်နေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာက အလယ်အလတ်ကမ္ဘာဆိုတာ ပြောင်းလဲမသွားဘူးလေ။ ငါတို့အဆင့်နဲ့ဆိုရင် အလွယ်လေး ဖြေရှင်းလို့ရတယ်” ထျဲ့ကန်က ပြောလိုက်သည်။
လီကျွင်းက သူ့အား တစ်ချက်သာ ကြည့်လိုက်ပြီး သူက ယခုလိုပြုမူနေသည့် အကြောင်းအရင်းကို နားလည်လေသည်။ ယခင်နှစ်ရာချီအတွင်း သူက အကူအညီများစွာ မဖြစ်သည့်အတွက် ဤတိုက်ပွဲတွင် သူ့တန်ဖိုးကို ပြသလိုနေခြင်းသာ ဖြစ်သည်။
လီကျွင်းက သူ့အား လျစ်လျူရှုကာ ဝမ်ကျူနှင့် ယန်းလီလင်းအား ကြည့်ကာ မေးလိုက်သည် “ မင်းတို့ရော ဘယ်လိုထင်လဲ”
“ ကျွန်မတို့ ရရှိထားတဲ့သတင်းက အတော်လေးကို နည်းလွန်းတယ်” ဝမ်ကျူက ပြောလိုက်သည်။
“ အမှန်ပဲ။ ငါတို့ သိထားသလောက်က ဒီကမ္ဘာက ကောင်းကင် ဘုံဗိမာန်ကမ္ဘာလို့ ခေါ်ပြီးတော့ နတ်ဘုရားတွေ တည်ရှိတယ်ဆိုတာရယ် သူတို့က ကျင့်ကြံနည်းကို ဖုံးကွယ်ထားတယ်ဆိုတာကိုပဲ သိတယ်။ ဒီကမ္ဘာက လေဟာနယ်ဖြိုခွဲခြင်းအဆင့်နဲ့ အထက်ကလူတွေကို မဝင်နိုင်အောင် ဘာလို့ တားဆီးထားမှန်း ငါတို့တွေ မသိရသေးဘူး။
ပိုပြီးအရေးကြီးတာ အဲဒီနတ်ဘုရားတွေက ဘယ်လောက်အားကောင်းပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ အသုံးပြုနိုင်တယ်ဆိုတာကို မသိရသေးဘူး။” လီကျွင်းက ပြောလိုက်သည်။
“ အဲဒါဆိုတော့ ငါတို့တွေ နောက်အဆင့်က သတင်းအချက်အလက်တွေ ထပ်ပြီးစုဆောင်းဖို့ပဲ။”
“ အဲဒါက လုပ်တာထက် ပြောတာက လွယ်တယ်။ ဒီကမ္ဘာရဲ့ သာမန်သေမျိုးတွေအားလုံးက လျစ်လျူရှုခံထားရပြီးတော့ မင်းမျိုးမင်းနွယ်တွေလောက်ကပဲ နတ်ဘုရားတွေနဲ့ ဆက်နွယ်တဲ့ ဗဟုသုတတွေ စွမ်းအားတွေ ရှိကြတာ။
အဲဒီမင်းမျိုးမင်းနွယ်တွေက အဲဒီမှတ်တမ်းတွေကို ချန်ထားမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဝိညာဉ်ကလည်း သူတို့ယုံကြည်တဲ့ နတ်ဘုရားက ကာကွယ်ပေးထားတာဆိုတော့ သူတို့ဝိညာဉ်ကို ရှာဖွေဖို့ ကြိုးစားရင် ကျွန်မတို့တွေကို ချက်ချင်း တွေ့ရှိသွားလိမ့်မယ်” ဝမ်ကျူက ပြောလိုက်သည်။
အားလုံးက တိတ်ဆိတ်သွားပြီးနော် ဖြေရှင်းနည်းကို စဉ်းစားလိုက်ကြသည်။ သူတို့က ရုန်းရင်းဆန်ခတ် မဖြစ်လိုသောကြောင့် အနည်းငယ် အခွင့်အရေး နည်းပါးနေသည်။
ထျဲ့ကန်က ရုတ်ချည်းဆိုသလို ဝင်ပြောလိုက်၏ “ တကယ်လို့ ယုံကြည်မှုက အဲဒီမင်းမျိုးမင်းနွယ်တွေနဲ့ နတ်ဘုရားကို ဆက်နွယ်ပေးထားတဲ့ အကြောင်းအရင်းဆိုရင် ငါတို့တွေ သူတို့ကို မယုံကြည်အောင် လုပ်နိုင်တဲ့ ဆေးလုံးဖန်တီးလို့ မရဘူးလား။ ဒီနည်းနဲ့ဆိုရင် ငါတို့တွေ သူတို့ဝိညာဉ်ကို အလွယ်တကူ ရှာပြီးတော့ ငါတို့လိုချင်တဲ့ သတင်းအချက်အလက်ကို ရနိုင်လိမ့်မယ်”
အားလုံးက သူ့အား တအံ့တဩဖြင့် လှည့်ကြည့်လာပြီး စဉ်းစားနေဟန်ပေါ်သည့် ယန်းလီလင်းအား လှည့်ကြည့်လိုက်ကြသည်။
“ ဒီလိုတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးလုံးအသစ် ဖန်တီးဖို့တော့ မလိုဘူး။ နှလုံးသန့်စင်ရေးဆေးလုံးကို ထပ်ပြီးမွမ်းမံလိုက်တာနဲ့ ဒီလူတွေက သူတို့နတ်ဘုရားကို သံသယဖြစ်နိုင်တဲ့ ပုံရိပ်ယောင်မျိုး ကြုံတွေ့ရလိမ့်မယ်။ အဲဒါဆိုရင် ငါတို့က အဲဒါကို အခွင့်အရေးယူပြီးတော့ ဘယ်သူမှ သတိမထားမိစေဘဲ ဝိညာဉ်ကို ရှာလို့ရပြီ”
လီကျွင်းက ခေါင်းညိတ်လိုက်ကာ “ ဒီလိုဆိုရင် အဲလိုလုပ်ရအောင်”
ထိုစဉ် သူက ချူးလီ ကျင့်ကြံနေသည့် ကျင့်စဉ်ပုံပွားကို ထုတ်ကာ စတင်ကြည့်လိုက်သည်။ သူက ထိုအရာကို နားလည်ခြင်းဖြင့် ထိုနတ်ဘုရားဟုခေါ်သည့် လူများကို ရင်ဆိုင်ဖို့ ပိုမိုပြင်ဆင်ထားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
စာအုပ်အရ ထိုနည်းလမ်း၏ ပထမအဆင့်က ဂုဏ်သတင်းကို စုစည်းပြီး မြင့်မြတ်ကျောင်းဆောင် တည်ဆောက်ခြင်း ဖြစ်၏။
ဂုဏ်သတင်းဆိုတာဘာလဲ …
ထိုအကြောင်းအရာကို ယုံကြည်မှု၏ အဆင့်နိမ့်ပုံစံအဖြစ် ရှင်းပြထားလေသည်။
နတ်ဘုရားများက ကျင့်ကြံရေး စတင်သည့်သူများအား သူတို့၏ မျိုးဆက်မဟုတ်သရွေ့ ယုံကြည်မှု စုဆောင်းဖို့ ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် အခြားလူများက သူတို့၏ နာမည်နှင့် ကောင်းမှုများကို ဖြန့်ဝေခြင်းအားဖြင့် သူတို့၏ ဂုဏ်သတင်းတက်အောင် လုပ်ရသည်။
မြင့်မြတ်ကျောင်းဆောင်ကို အသိစိတ်ပင်လယ်အတွင်း ဆောက်ထားပြီး ဂုဏ်သတင်းကို မြင့်မြတ်စွမ်းအား ဖန်တီးဖို့ အသုံးပြုနိုင်ပြီး မြင့်မြတ်စွမ်းအားအဆင့်သို့ ဝင်ရောက်နိုင်လေသည်။ ဤအဆင့်တွင် သေမျိုးက သူတော်စင်အဆင့်ဟု ယူဆရပြီး မန္တန်အမျိုးမျိုးကို အသုံးပြုနိုင်လာသည်။ ထိုမန္တန်များကို သေမျိုးများရှေ့ ထုတ်ပြခြင်းအားဖြင့် ကျင့်ကြံသူများက ဂုဏ်သတင်း ပိုမိုရရှိနိုင်လေသည်။
တာအို မြင့်မြတ်အသွင်ပြောင်းခြင်း အဆင့်တွင်မူ မြင့်မြတ်စွမ်းအားက မြင့်မြတ်အဆီအနှစ်အဖြစ် ပြောင်းလဲသွားပြီး ထိုစွမ်းအား၏ ဆေးကြာမှုကို ခံရပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ပြောင်းလဲသွားကာ သာမန်သေမျိုးလက်နက်ဖြင့် မထိခိုက်နိုင်တော့ပေ။
ထို့အပြင် သူတို့က ကောင်းကင်တွင် ပျံသန်းနိုင်လာလိမ့်မည်။ ရလဒ်အနေဖြင့် သူတို့ကို နတ်ဘုရားတစ်ပိုင်းဟု ခေါ်ဆိုကြသည်။
ထိုမှတ်ချက်များအားလုံးကို ဖတ်ရှုပြီးနောက် လီကျွင်းက မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ စဉ်းစားလိုက်သည်။
ဒီကျင့်ကြံရေးနည်းစနစ်က ငါတို့ မူလနည်းစနစ်နဲ့ တူပြီးတော့ စွမ်းအားကို သိပ်သည်းဖိနှိပ်ပြီးတော့ မြင့်မားတဲ့အဆင့်အဖြစ် ပြောင်းလဲလာတာပဲ။ အဲဒါဆိုတော့ ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူက ဒီမှာ လာပြီး လေ့လာခဲ့ဖူးတာများလား…
သို့သော်လည်း သူက ထိုနှစ်ဦးကြား ဆက်ဆံမှုရှိသည်ကို ပြသဖို့ မလုံလောက်သည့်အတွက် ခေါင်းကိုသာ အသာယမ်းလိုက်သည်။ သူက တခြားကမ္ဘာအကြောင်း ပထမဆုံး သင်ယူခဲ့ရစဉ်အခါက သူ့အစ်ကိုကြီးသည် ကျင့်ကြံရေးနည်းစနစ်များသည် သုံးပိုင်းသာ ခွဲခြားထားကြောင်း ကောက်ချက်ချခဲ့၏။
ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စွမ်းအားတို့ ဖြစ်ကြသည်။
အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီသဘောတရား တူညီသည့် စွမ်းအားအဖြစ် …
နည်းစနစ်တစ်ခုချင်းစီက ထိုသုံးမျိုးလုံးကို ပေါင်းစပ်ထားခြင်း၊ သို့မဟုတ် တစ်ခုတည်းကိုသာ အသုံးပြုထားခြင်း ဖြစ်ကြ၏။ မြင့်မြတ်နည်းစနစ်က စိတ်ဝိညာဉ်နှင့် ချီ သို့မဟုတ် ဝိညာဉ်နှင့် စွမ်းအားကို အသုံးပြုစဉ် သူတို့၏ မူလနည်းစနစ်က သုံးခုလုံး ပေါင်းစပ်ထားခြင်းကို အသုံးပြုခြင်း ဖြစ်သည်။
ထိုကျင့်ကြံရေးနည်းစနစ်ကို ဖတ်ရှုပြီးသည့်နောက်တွင် လီကျွင်းက ထိုနတ်ဘုရားများ၏ စွမ်းအားအကြောင်း အခြေခံကျက အတွေးတစ်ခုပေါ်လာသည်။ သို့သော် သူက နည်းစနစ်တစ်ခုမျှသာဖြစ်၍ အလျင်စလို ကောက်ချက်မချလိုက်ဘဲ စောင့်ဆိုင်းနေလေသည်။
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ယန်းလီလင်းက နှလုံးသန့်စင်ခြင်းဆေးလုံးကို ဖော်စပ်ခဲ့ပြီး ယခင်အရိပ်အဖွဲ့ဝင်ဆီ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်တွင် သူက မီးတိုင်းပြည်ဟုခေါ်သည့် နေရာတစ်ခုသို့ ပျံသန်းသွားခဲ့သည်။ သူ စုဆောင်းထားသည့် သတင်းအချက်အလက်အရ မီးနတ်ဘုရားဟို့သည် ထိုပတ်ဝန်းကျင်ရှိ နတ်ဘုရားများကြား အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ပေသည်။
ထိုတိုင်းပြည်ကို သူက ချန်ရစ်ခဲ့ပြီး သူ့မျိုးဆက်များလည်း ကျန်ရှိနေသေးသည်။
ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် အရိပ်က ရောနှောကာ လေ့လာခဲ့သည်။ သိပ်မကြာခင် သူက ဤတိုင်းပြည်တွင် တခြားနတ်ဘုရားများ၏ ကျောင်းဆောင်များမရှိဘဲ မီးနတ်ဘုရား ကျောင်းဆောင်သာ ရှိကြောင်း သိလိုက်ရသည်။
ထို့အပြင် ထိုတိုင်းပြည်၏ မင်းမျိုးမင်းနွယ်များက နတ်ဘုရားတစ်ပိုင်းဟုခေါ်သည့် သူတော်စင်အဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း အရိပ်က ထိုတိုင်းပြည်၏ ဘုရင်သည် မီးနတ်ဘုရားဟို့၏ တိုက်ရိုက် သွေးမျိုးဆက်ဖြစ်ပြီး အစစ်အမှန် နတ်ဘုရားတစ်ပါးဖြစ်ကြောင်း သင်ယူခဲ့ရသည်။
အရိပ်က အစစ်အမှန်နတ်ဘုရားသည် ဂုဏ်ပုဒ်တစ်ခုမှလွဲ၍ ဘာမှမဟုတ်ကြောင်း မသိခဲ့သော်လည်း မြင့်မြတ်အသွင်ပြောင်းခြင်းအဆင့် နောက်တွင် ရှိမည့် ကျင့်ကြံဆင့်ဟု ခန့်မှန်းခဲ့သည်။ ထိုအရာကို သိရှိပြီးနောက်တွင် အရိပ်က တော်ဝင်နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုဖြစ်စဉ်က မျှော်လင့်ထားသည်ထက် လွယ်ကူလေသည်။ အကြောင်းမှာ ဘေးပတ်ဝန်းကျင်တွင် ကာရံထားသည့် အစီအရင်များ မရှိ၍ ဖြစ်သည်။ အရိပ်က ထိုအစီအရင်သဘောတရားများသည် ဤကမ္ဘာတွင် မတည်ရှိကြောင်း သတိပြုမိသည်မှာ ကြာလှလေပြီ ဖြစ်၏။ တခြားသော ပညာရပ်များဖြစ်သည့် ဆေးဝါးပညာနှင့် အဆောင်များလည်း ဤနေရာတွင် တည်ရှိဟန် မပေါ်ပေ။ အကယ်၍ သူတို့တည်ရှိခဲ့လျှင်လည်း မဖွံ့ဖြိုးသေးပေ။
မည်သို့ပင်ဆိုစေကာမူ ထိုရွှေရောင်နန်းတော်အတွင်း ထူးခြားဆန်းကြယ်သည့် စွမ်းအားတစ်ခု ရှိနေလေသည်။ သူက ထိုအရာသည် နန်းတော်ကို စောင့်ကြပ်ပေးနေသည့် မီးနတ်ဘုရား၏ မြင့်မြတ်အဆီအနှစ်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
ကံကောင်းစွာဖြင့် အစီအရင်များနှင့် ယှဉ်လိုက်လျှင် ထိုစွမ်းအားက အာရုံခံစွမ်း သိပ်မကောင်းလှပေ။ ထို့ကြောင့် ရက်အနည်းငယ် အချိန်ယူပြီးသည့်နောက်တွင် အရိပ်က နန်းတော်အတွင်း ဝင်ရောက်ကာ မီးဖိုချောင်အထိ ကျူးကျော်ခဲ့ပြီး ဘုရင့်အတွက် ချက်ပြုတ်ပေးရသည့် စားဖိုမှူးထဲမှ တစ်ယောက်အဖြစ် အစားထိုးနိုင်ခဲ့သည်။
ဘုရင်အား ဆေးလုံးကျွေးမည့် ဖြစ်စဉ်က ခန့်မှန်းထားသည်ထက်ပို၍ ချောမွေ့နေလေသည်။ ဘုရင်က သတိမရှိသလို စစ်ဆေးခြင်းမရှိဘဲ ကျွေးသမျှ စားလေသည်။
အရိပ်က ခဏတာ စဉ်းစားပြီးသည့်နောက်တွင် ဤကမ္ဘာရှိ နတ်ဘုရားများသည် အဘယ်ကြောင့် မောက်မာကာ စွမ်းအားထိန်းချုပ်ဖို့ မည်မျှပင် တင်းကြပ်ထားကြောင်း နားလည်သွားလေသည်။ သူတို့ကို ခြိမ်းခြောက်နိုင်မည့် သေမျိုးဟူ၍ မရှိပေ။
ထို့ကြောင့် သူတို့က မောက်မာလာကြ၏။
ယနေ့ည ဆေးလုံးသောက်ပြီးသည့်နောက်တွင် မီးဘုရင်က ထူးထူးဆန်းဆန်း အတွေးများ စတင်တွေးမိလာသည်။ အတိအကျဆိုရလျှင် သူ့စိတ်ထဲ အချိန်အတော်ကြာ မြှုပ်နှံထားသည့် အတွေးများ ဖြစ်၏။
ဘုရင်က မီးနတ်ဘုရား၏ မျိုးဆက်လည်း ဖြစ်သည့်အပြင် ဘုရင်တစ်ပါးအနေနှင့် သူ့တက်လှမ်းမှုက သူထင်ထားသလောက် မချောမွေ့ခဲ့ပေ။ သူက အစစ်အမှန် နတ်ဘုရား ဖြစ်လာနိုင်ခဲ့သော်လည်း သူ့ကျင့်ကြံဆင့်က မလွယ်ကူပေ။
ထိုအရာကို ရရှိဖို့အတွက် သူက မီးတိုင်းပြည်ကို နှစ်ရာချီ စီမံအုပ်ချုပ်ခဲ့သည်။ ထို့နောက် မီးနတ်ဘုရားပေါ် သူ လုပ်ဆောင်ပေးနိုင်သည့် ယုံကြည်သူအသစ်များ၏ ကိုးကွယ်မှုများပေါ် မူတည်၍ သူ့ နောက်ကျင့်ကြံဆင့်ကို ဝင်ရောက်နိုင်လိမ့်မည်။ ထို့အပြင် သူက သူ့ဘဝကို မီးနတ်ဘုရားထံ မြှုပ်နှံထားရပြီး တစ်သက်လုံး သူ့ဘိုးဘေးကို ကျော်လွန်နိုင်မည့် အခွင့်အရေး မရှိပေ။
ရလဒ်အနေဖြင့် မီးဘုရင်က အလိုမရှိတော့ပေ။ ကံဆိုးစွာဖြင့် သူတတ်နိုင်သည့် အရာမရှိဘဲ ထိုအတွေးများကို စိတ်ထဲတွင် မြှုပ်နှံထားရပြီး မီးနတ်ဘုရားအတွက် ဆက်လက် အလုပ်လုပ်ကာ ယုံကြည်မှုဖြင့် ထောက်ပံ့ပေးနေရသည်။
ဤသည်က ဆေးလုံး အသက်မဝင်ခင်အထိသာ ဖြစ်၏။ ထိုယုံကြည်မှု ဝေဝါးသွားသည်နှင့် မီးဘုရင်နှင့် သူ့နတ်ဘုရားနှင့် ဆက်နွယ်မှုက ခေတ္တမျှ ကျိုးပျက်သွားလေသည်။ အရိပ်က ထိုအခွင့်ကောင်းကို အလျင်အမြန် ရယူကာ တိုက်ခိုက်လိုက်သည်။