အခန်း ၁၂၁၄
Vol. 102 Ch. 1214
အခန်း ၁၂၁၄ -
မွေးနေ့လက်ဆောင် ... ။
နတ်တိမ်တောင် ယွဲ့သူတော်စင် အင်မော်တယ်စံအိမ်။ ယွဲ့မျိုးနွယ်စု။ ၎င်းသည် အစွမ်းထက်လှသော သူတော်စင်အင်မော်တယ် အဆင့်ရှိ မျိုးနွယ်စုတစ်ခုဖြစ်သည်။
ယနေ့တွင် ရှေးဟောင်း အဆောက်အအုံအမျိုးမျိုးကို တောက်ပစွာ အလှဆင်ထားပြီး အလွန်ပင် စည်ကား သက်ဝင်နေပေသည်။
အကြောင်းရင်းမှာ ယနေ့သည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ထျန်း၏နေ့ပွဲ ဖြစ်သောကြောင့်ပင်ဖြစ်၏။
အမှန်တကယ်တွင် အင်မော်တယ်များအတွက် မွေးနေ့များသည် အရေးမကြီးလှချေ။ ထောင်စုနှစ် (သို့မဟုတ်) တစ်သောင်းပြည့် မွေးနေ့များကိုသာ ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိကြသည်။
ယနေ့သည် ထိုကဲ့သို့သက်တမ်းပြည့် မွေးနေ့ပွဲမဟုတ်ဘဲ သူတော်စင်အင်မော်တယ် အဆင့်သို့ ချိုးဖြတ်နိုင်ခြင်း အခမ်းအနားဖြစ်၏။
ထို့ကြောင့် လွန်ခဲ့သောလတည်းက အဖြူရောင်မြက်ခင်းပြင်ဒေသရှိ ထင်ရှားပြီး ကျော်ကြားသော အင်အားစုများထံသို့ ဖိတ်ကြားစာများ ပေးပို့ထားခဲ့သည်။
ခန်းမဆောင်ကြီးအတွင်း၌ မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ စုဝေးနေ၏။
အလယ်ဗဟို ပလ္လင်မြင့်ပေါ်တွင် မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ထျန်းသည် မျက်နှာတစ်ခုလုံး ဝင်းပနေလျက် ရယ်မော မြူးထူးနေသည်။
“ မကြာသေးခင်က ငါတို့ အဖြူရောင်မျက်ခင်းပြင်ဒေသမှာ ထိတ်လန့်စရာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တယ် မင်းတို့ သတိထားမိလိုက်လား။ ”
ဧည့်သည်တစ်ဦးက စကားဝိုင်းကို စတင်လိုက်သည်။
“ ဟုတ်တယ် ... လွန်ခဲ့တဲ့ တစ်လကျော်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူတစ်ယောက် လျန်မျိုးနွယ်စုရဲ့မင်္ဂလာပွဲမှာ သွေးချောင်းစီးတဲ့ လူသတ်ပွဲကြီးကို ကျင်းပခဲ့တယ် ...
... အင်မော်တယ်တွေ ဦးခေါင်းတွေဆိုတာ မြေပြင်မှာဘောလုံးတွေလိုလိမ့်လို့ သွေးတွေလဲ မြစ်လို စီးဆင်းခဲ့တယ် ... ဒါက ...
... ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ လျန်မျိုးနွယ်စုခေါင်းဆောင်နဲ့ အကြီးအကဲတွေ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရတယ်။ ”
“ ငါလည်း ဒီအကြောင်း ကြားတယ် ဒီဖြစ်ရပ်ကတော်တော့်ကို လှိုင်းထန်ခဲ့တယ် ဒါပေမယ့် ဒီနေ့အထိ အဲဒီလူငယ်လေးရဲ့ နောက်ခံကို စုံစမ်းလို့မရသေးဘူး။ ”
“ လျန်မိသားစုက အဖြူရောင် မြက်ခင်းပြင်ဒေသမှာ သူတော်စင်အင်မော်တယ် မိသားစုတစ်ခုပဲ ... အခုတော့ နှစ်ပေါင်းများစွာ တည်ဆောက်ထားရတဲ့ အုတ်မြစ်ကို တစ်ရက်တည်းနဲ့ ပျက်စီးရပြီ။ ”
ခန်းမအတွင်းလေထုသည် လျန်မိသားစုကပ်ဘေးအကြောင်း စကားစမြည် ပြောကြားလိုက် ကြောက်ရွံ့ထိတ်လန့်နေခဲ့၏။
ထိုစဉ် လူအများကြား တိတ်ဆိတ်စွာ ထိုင်နေသော ယွဲ့ဟောင်ဖန်းမှ လှောင်ပြုံးဖြင့် နားထောင်နေသည်။
လျန်မိသားစုကို တစ်ယောက်တည်းနှင့် အမှုန့်ကြိတ်ခဲ့သည့် ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ပွဲနေ့တွင် သူသည်လည်း ရှိနေခဲ့ချေပြီ။
ဤအဖိုးကြီးများ ကြောက်ရွံ့နေသော လူငယ်သည် သူ့အစ်ကိုစုဖြစ်ကြောင်းသည်သာ သိရှိသွားသော် လူတိုင်းသွေးအန်သွားနိုင်မည်။
“ ဒီနေ့ အစ်ကိုစု ကိုယ်တိုင်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ”
ထိုအတွေးက ယွဲ့ဟောင်ဖန်းကို စိတ်လှုပ်ရှားလာစေ၏။ လွန်ခဲ့သော တစ်လက ဤပွဲသို့တက်ရောက်ရန် သူ ဖိတ်ကြားခဲ့သည်။
အစ်ကိုစုမှ သဘောတူခဲ့ပြီး လက်ဆောင်ပေးမည်ဟုပင် ကတိပေးထား၏။ ထို့ကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။
အစ်ကိုစုသည် ကောင်းကင်ပေါ်က နဂါးတစ်ကောင်ဖြစ်ပြီး ဤသို့သာမန်ပွဲများကို စိတ်ဝင်စားမည်မဟုတ်ကြောင်း သူ အသိဆုံး ဖြစ်လေသည်။ အကယ်၍ စုရီသည်သာ ယနေ့ကို မေ့လျော့သွားခဲ့သော် ... ။
“ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ထာဝရညအကယ်ဒမီပျက်စီးမြေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအကြောင်း မင်းတို့ကြားပြီးပြီလား။ ”
“ ကြားပြီးပြီ ... နတ်မီးတောက်ဂိုဏ်းရဲ့ သူတော်စင်အင်မော်တယ် အကြီးအကဲငါးပါးကို သတ်ခဲ့တဲ့လူငယ် မဟုတ်လား ...
... ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်စေတဲ့အထိ ပြင်းထန်ခဲ့တာမဟုတ်လား အခြားပြည်နယ်တွေကတောင် စိတ်ဝင်စား လာကြပြီ။ ”
“ တကယ်ပဲ အဲဒီနတ်မီးတောက် ဂိုဏ်းကြီးက ကောက်ကျစ်လိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး ... သူတို့က ထာဝရည အကယ်ဒမီရဲ့ အပျက်အစီးတွေကို လျှို့ဝှက်သိမ်းပိုက်ထားတာပဲ။ ”
“ ဒါကြောင့်လည်း ဒီကာလအတွင်းမှာ အခွင့်အရေးရှာဖို့လာတဲ့ ကျင့်ကြံသူတွေအပေါ် သူတို့က သတ်ဖြတ်သိမ်းသွင်းခဲ့တာဘဲ။ ”
“ ဒါပေမယ့် ကြက်သူခိုးဟာ ဆန်အိုးထဲ သေရသလိုပဲ အဲဒီနတ်မီးတောက်ဂိုဏ်းလည်း အကြီးအကျယ်ပေးဆပ်လိုက်ရပါပြီ။ ”
“ ဒါနဲ့ နတ်မီးတောက်ဂိုဏ်းကို နှိမ်နင်းခဲ့တဲ့ လူငယ်က လျန်မိသားစုကို တိုက်ခိုက်ခဲ့တဲ့လူနဲ့ တစ်ယောက်တည်း ဖြစ်နိုင်မလား။ ”
“ ပြောရခက်တယ် ... ကမ္ဘာကြီးက ပြောင်းလဲနေတယ် ဒါကြောင့် ဘာမဆိုဖြစ်သွား နိုင်ပါတယ်။ ”
ဤဆွေးနွေးမှုများသည် လေထုကို ပို၍ ပွက်ပွက်ဆူလာစေ၏။ ယွဲ့စောင်ဖန်းသာလျှင် ထိုလေထုနှင့်ကင်းကွာစွာ တိတ်ဆိတ်နေသည်။
ယင်းကို ကျောက်စိမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသော လူငယ်လေးတစ်ဦးသည် သတိထားမိလာပြီး သူ့အနား ချည်းကပ်လာ၏။
“ စတုတ္ထညီလေး ... မင်းမှာ ငါတို့အဖေ့အတွက် ဘာလက်ဆောင်တွေများ ထူးထူးခြားခြား ပြင်ဆင်ထားလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ”
လူငယ်က ယွဲ့ဟောင်ဖန်းထံ မေးမြန်းလိုက်၏။ ဤသည်မှာ ယွဲ့ဟောင်ဖန်း၏ တတိယအစ်ကို ဖြစ်သည်။ ယွဲ့ဟောင်ဖန်းက တည်ငြိမ်အောင်ပြင်ယူလျက်၊
“ တတိယအစ်ကို ... ပွဲစရင်မင်းသိရမှာပါ။ ”
-ဟု အေးစက်စွာ ပြန်ဖြေလိုက်၏။
ကျောက်စိမ်းရောင်ဝတ်ရုံနှင့် လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး ယွဲ့ဟောင်ဖန်း၏ ပခုံးကိုပုတ်ကာ၊
“ မင်းရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ သတိပေးမယ် ... ဒီပွဲမှာ မင်းအလွန်အကျွံတွေ လျှောက်မလုပ်နဲ့ မင်းတတ်နိုင်တာကိုပဲလုပ် ...
... ဘာပဲဖြစ်ဖြစ် ငါတို့မျိုးနွယ်စုထဲက လူတိုင်းဟာ မင်းရဲ့ အခြေအနေကို သိကြတယ် ကြွားဝါနေစရာမလိုဘူး။ ”
-ဟု ဆိုကာ လှည့်ထွက်သွားတော့၏။
ယွဲ့ဟောင်ဖန်းတစ်ယောက် မျက်နှာမည်းမှောင်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ခါးသီးမှုနှင့် မကျေနပ်မှုများ ပြည့်နှက်လာ၏။
တစ်ဖက်လူများ အမြင်တွင် သူသည် ဖခင်အတွက် မွေးနေ့ လက်ဆောင်တစ်ခုပင် မပေးနိုင်သောသားတစ်ယောက် ဖြစ်နေပုံပင်။
သူ့ဖခင်တွင် သားသမီးငါးယောက်ရှိပြီး သူသည် စတုတ္ထမြောက်သား ဖြစ်သော်လည်း အဆင့်အတန်းမှာ မတူချေ။
‘ကိုယ်လုပ်တော်’တစ်ဦးမှ မွေးဖွားလာသောကြောင့် တရားမဝင်သားအဖြစ် လျစ်လျူရှုခြင်းခံရပေသည်။
ဖခင်သည် အပြင်လူများအနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးရုံသာရှိပြီး မျိုးနွယ်စုအတွင်း၌မူ ညီအစ်ကိုများထက် များစွာ နိမ့်ကျလှ၏။
သူ့ကိုယ်သူ သက်သေပြချင်သော်လည်း အရှိတရားမှာ ရက်စက်လွန်းသည်။ သူ့အစ်ကို သုံးဦးမှာထူးချွန်ကြပြီး ညီမလေးသည်ပင် ထက်မြက်ချေ၏။
ဤအခြေအနေများသည် သူ့ကိုယ်သူယုံကြည်မှု ပျောက်ဆုံးစေခဲ့သည်။ သို့သော် ထိုအခြေအနေများကြောင့်ပင် သူ့ကို ဇွဲလုံ့လရှိပြီး လူအကဲခတ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေတော့၏။
ဤအရည်အချင်းဖြင့် စုရီကို တွေ့ဆုံခဲ့ပြီးနောက် မိတ်ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် တစ်နေ့တွင် သူ့ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်ချေ၏။
“ အားလုံးပဲ မွေးနေ့ပွဲ စတင်တော့မယ် လူတိုင်း မင်းတို့မျိုးနွယ်စုခေါင်းဆောင်အတွက် လက်ဆောင်တွေ ပြင်ဆင်ထားကြပါ။ ”
ရုတ်တရက် ခန်းမအတွင်းရှိ ပထမအကြီးအကဲယွဲ့ချန်ခုံက ပြုံးရွှင်စွာဖြင့် ကြေငြာလိုက်သည်။
ထိုစကားကြောင့် ခန်းမအတွင်းရှိ လူတိုင်း၏အကြည့်များမှာ မောင်နှစ်မငါးဦးထံ ဦးစွာရောက်ရှိလာ၏။
ယွဲ့ဟောင်ဖန်းတစ်ယောက် ချက်ချင်း အေးစက်သွားလေသည်။ အစ်ကိုစုတစ်ယောက် လာတော့မည့်ပုံ မရချေ။
“ ဝမ်ကြွယ် ... မင်းကနေစလိုက်ရအောင်။ ”
ပထမအကြီးအကဲက စကားဆိုသည်။
“ ဟုတ်ကဲ့ ... ။ ”
ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူငယ်တစ်ဦး ထရပ်လာခဲ့၏။ ဤသည်မှာ အကြီးဆုံးသား ယွဲ့ဝမ်ကြွယ်ဖြစ်ပြီး နောင်တွင် မျိုးနွယ်စုခေါင်းဆောင် ရာထူး အတွက် သတ်မှတ်ထားခံရသူဖြစ်သည်။
“ ပထမအကြီးအကဲ ... ဒါက ငါတို့အဖေ့အတွက် ပြင်ဆင်ထားတဲ့ မွေးနေ့ လက်ဆောင်ပါ။ ”
ယွဲ့ဝမ်ကြွယ်က ရှေ့သို့လှမ်းတက်ကာ တန်ဖိုးကြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးလိုက်သည်။ စိတ်လှုပ်ရှားခြင်းမရှိ၊ ဝင့်ကြွားခြင်းမရှိ၊ ရေလို တည်ငြိမ်နေချေပြီ။
ကြီးမြတ်သော် လူတစ်ယောက်ကဲ့သို့ လေထုမျိုးအတင်းအကြပ် ထုတ်ဖော်ထား၏။ ဤသည်ကပင် ယွဲ့ဟောင်ဖန်းကို နှာခေါင်းရှုံ့ မိစေသည်။
( ဟမ့် ... ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလဲ အဲဒီလူအိုကြီးတွေရဲ့ မကောင်းတဲ့ အပြုအမူကို တကယ် သင်ယူထားတယ်။ )
ထိုအချိန်တွင် ပထမအကြီးအကဲသည် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သောအခါ၌ ချက်ချင်း အံ့အားသင့်သွားတော့၏။
“ ဒါက ... ဆေးမျှော်စင်ရဲ့ သူတော်စင်ဝိညာဉ်စုစည်းခြင်း ဆေးလုံးပဲ။”
ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ဧည့်သည်တော်များပင်လျှင် အံ့အားသင့်ကုန်၏။ ဤဆေးလုံးမှာ သူတော်စင် အဆင့် အင်မော်တယ်ဆေးဖြစ်သည်။
သူတော်စင် အင်မော်တယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော အထူးပြုဆေးလုံးတစ်မျိုး ဖြစ်ချေ၏။ ဝယ်ယူရန် အလွန်ခက်ခဲလှသည်။
လူတိုင်း၏ အံ့ဩမှုကိုမြင်သောအခါ ယွဲ့ဝမ်ကြွယ်သည် မျှော်လင့်ပြီးသားဖြစ်ဟန်နှင့် တည်စွာပြုံးနေခဲ့၏။
“ ကောင်းတယ် ... အရမ်းကောင်းတယ် မင်းရဲ့အဖေပေါ်ထားရှိခဲ့တဲ့ ဂရုစိုက်မှုကို ဒီလို လက်ဆောင်က သက်သေပြနိုင်တယ်။ ”
ပထမအကြီးအကဲက ချီးကျူးလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ထျန်းထံပါးသို့ မော့ကြည့်လိုက်လေသည်။ ယွဲ့ချန်ထျန်းမှ ကျေနပ်စွာဖြင့်၊
“ ဝမ်ကြွယ် ... မင်းအတွက် ပင်ပန်းသွားစေပြီထိုင်ပါ။ ”
-ဟု ဆိုလိုက်၏။
ထို့နောက် ဒုတိယမြောက်သား ယွဲ့ဝမ်တုဖြစ်သည်။ ဝမ်တုက ရှားပါး ‘မီးလျှံ ကျောက်စိမ်းဆွဲသီး’ကိုပေးအပ်ပြီး၊ တတိယသား ယွဲ့ဝမ်ရှန်သည် ‘ကျားခေါင်းလှံတစ်လက်’ကို ပေးအပ်လာ၏။ များမကြာခင် ယွဲ့ဟောင်ဖန်းထံ အကြည့်များ ကျဆင်းလာသည်။
“ ဟောင်ဖန်း ... ။ ”
ပထမအကြီးအကဲ၏ အကြည့်က တည်ငြိမ်စွာကျဆင်လာ၏။ ယွဲ့ဟောင်ဖန်းခမျာ ရင်ဘတ်ထဲတွင် တင်းကျပ်သွားပြီး ခန်းမပြင်သို့ တစ်ချက်လှည့်ကြည့်လိုက်မိသည်။
( အစ်ကိုစု ... မင်းတကယ်ပဲ မလာတော့ဘူးလား ... ။ )
“ ဟားဟားဟား ... ။ ”
ထိုစဉ် တတိယအစ်ကိုယွဲ့ဝမ်ရှန်က ရယ်မောလျက်၊
“ ပထမအကြီးအကဲ ... ငါတို့ရဲ့ စတုတ္ထညီလေးကို ငါအကြိမ်ကြိမ်မေးပြီးပါပြီ သူက လုံးဝမတုန့်ပြန်ဘူး ... တကယ်ပဲ သူ့မှာ ငါတို့အဖေ့အတွက် ဘယ်လိုရတနာမျိုး ပြင်ဆင်ထားလဲ တကယ်သိချင်မိပြီ။ ”
-ဟု ပြောကြားလိုက်သည်။
သူ့စကားကြောင့် မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ထျန်းသည်လည်း စိတ်ဝင်စားဟန်ဖြင့် စိုက်ကြည့်လာ၏။
အဆုံးတွင် ယွဲ့ဟောင်ဖန်းသည် အသက်ကိုပြင်းပြင်းရှူလျက် မတ်တပ် ထရပ် လိုက်ပြီး၊
“ အဖေ ... ဒီနေ့အတွက် မွေးနေ့လက်ဆောင်ကို ပြင်ဆင်ထားပါတယ် ဒါပေမယ့် ... ခဏလောက် ထပ်ပြီး စောင့်ဆိုင်းပေးဖို့ တောင်းပန်ချင်ပါတယ်။ ”
-ဟု ပြောကြားလိုက်ရသည်။
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။ လက်ဆောင်လေးတစ်ခု အတွက် သူတော်စင်အင်မော်တယ် တစ်ပါးက အချိန်ပေးရမည်လော။ မည်မျှ နုံအသနည်း။
ပထမအကြီးအကဲက ရုတ်ချည်း မျက်မှောင်ကြုတ်သွားပြီး၊
“ ဟမ့် ... မွေးနေ့ပွဲစနေပြီ ... မင်းအချိန်ဆွဲချင်နေတာလား ဒါမှမဟုတ် မင်း ပြင်ဆင်ထားတဲ့ လက်ဆောင်က မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာနဲ့ မညီမျှလို့ လူကြားထဲ မထုတ်ဖော်ဝံ့တာလား။ ”
-ဟု အေးစက်စက် မေးမြန်း လိုက်တော့သည်။
***