အခန်း ၁၂၁၆
Vol. 102 Ch. 1216
အခန်း ၁၂၁၆ -
ဝမ်ယဲ့တောင် ကိုယ်တိုင်လာကြိုရလိမ့်မယ်။
ခန်းမအတွင်းရှိ ဧည့်သည်တော်များသည် ထူးဆန်းသောအမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။
သူတို့အားလုံးသည် နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့သည့် မြေခွေးအိုကြီးများဖြစ်ရာ ယွဲ့မျိုးနွယ်စုသည် မိုက်မဲစွာပြုမူနေကြောင်း နားလည်လိုက်ကြသည်။
တစ်ဖက်တွင် မွေးနေ့ပွဲ၏ လေထုမှာ အနည်းငယ် မူမမှန်တော့သည်ကို တန်လင်းချီမှ ခံစားမိသည်။
သို့သော် သူသည် ဤကဲ့သို့သော သာမန်မျိုးနွယ်စုငယ်လေး၏ ကိစ္စရေးရာများကို ဂရုမစိုက်ရန် ပျင်းရိလှ၏။
တစ်ဖက်လူသည် အဖြူရောင် မြက်ခင်းပြင်ဒေသရှိ သူတော်စင်အင်မော်တယ် အဆင့် အင်အားစုတစ်ခုသာ ဖြစ်သည်။
ဤနေရာတွင် စုရီနှင့် ဆက်စပ်နေသော တစ်ဦးတည်းသောလူမှာ သူ့ရှေ့ရှိယွဲ့ဟောင်ဖန်း တစ်ယောက်သာဖြစ်၏။
ထို့ကြောင့် အခြားသူများကို မျက်လုံးထဲပင် မထည့်ချေ။ ချက်ချင်း ပြုံးလိုက်ပြီး၊
“ မိတ်ဆွေလေး ... တာအိုစုရဲ့ လက်ဆောင်ကို မကြည့်မီ ငါတို့တန်မိသားစုရဲ့ လက်ဆောင်ကို အရင်လက်ခံပေးပါဦး။ ”
-ဟု ဆိုသည်။
တန်ပေါင်အာ ရှေ့တိုးသွားပြီး ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ယူကာ ယွဲ့ဟောင်ဖန်းထံပေးအပ်လိုက်၏။
“ ဒီကျောက်စိမ်းပုလင်းထဲမှာ ငါတို့တန်မျိုးနွယ်စုရဲ့ အင်မော်တယ်နတ်မီးလျှံ ဆေးလုံးဆယ်လုံးပါရှိတယ် လက်ခံပေးပါ။ ”
ချက်ချင်းပင် နေရာတစ်ခုလုံး ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ လူတိုင်း၏ မျက်လုံးများတွင် လောဘဇောများဖြင့် ပူလောင် တောက်ပလာကြ၏။
ထိုဆေးလုံးများသည် ရှေးဟောင်း တန်မျိုးနွယ်စု၏ လျှို့ဝှက်အမွေနည်းလမ်းဖြင့် သန့်စင်ထားသည့် နတ်ဆေးလုံးပေပင်။
ထူးခြားပြီး ပြည်နယ်ကြီး (၄၉)ခုလုံးတွင် နာမည်ကျော်ကြားလှ၏။ တန်ဖိုးအားဖြင့်ဆိုမူ များပြားလှပြီး ဝယ်ယူ၍မရနိုင်သော ရတနာ ဖြစ်လေသည်။
တန်ပေါင်အာမှ ထိုမျှအဖိုးတန်သည့် ဆေးလုံးဆယ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ပေါ့ပေါ့ပါးပါး ပေးအပ်လိုက်ခြင်းမှာ ရူးသွပ်စရာပေပင်။
ယွဲ့ဟောင်ဖန်းပင်လျှင် တုန်လှုပ်သွားကာ လက်မခံဝံ့ဘဲ ငြင်းပယ်ရန် ပြင်လိုက်လေသည်။
“ လက်ခံလိုက်ပါ ... ဒါက လက်ဆောင်အသေးအဖွဲလေးပါ။ ”
တန်ပေါင်အာက စိတ်မရှည်ဟန် ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။ ယွဲ့ဟောင်ဖန်းတစ်ယောက် ကျေးဇူးတင်စွာဖြင့် ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် ဖခင်ဖြစ်သူထံ ပေးအပ်လိုက်တော့သည်။
“ အဖေ ... ဒါက ရှေးဟောင်းတန်မျိုးနွယ်စုက ပေးအပ်လာတဲ့ မွေးနေ့လက်ဆောင်ပါ လက်ခံပေးပါဦး။ ”
ယွဲ့ချန်ထျန်း၏ နှလုံးသားထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်လာပြီး အမူအရာမှာ မရေမရာ ဖြစ်သွားသည်။
တန်မိသားစုသည် သူ့မွေးနေ့ကို တက်ရောက်ခြင်းမဟုတ်ချေ။ လက်ဆောင်ကို သူ့စတုတ္ထသားထံ ပေးအပ်ခြင်းသာဖြစ်၏။
ဤသည်မှာ ယွဲ့ဟောင်ဖန်းကို အပြည့်အဝမျက်နှာသာပေးခြင်း ဖြစ်လေသည်။ တန်လင်းချီသည်လည်း ဘေးမှနေ၍၊
“ တာအိုယွဲ့ ... ကျေးဇူးပြုပြီး မငြင်းပါ။ ”
-ဟု တိုက်တွန်းလိုက်သည်။
ယွဲ့ချန်ထျန်းတစ်ယောက် လန့်ဖျန့်သွားပြီးနောက် ကျောက်စိမ်းပုလင်းကို အလျင်အမြန်လှမ်းယူတော့၏။
“ ကျေးဇူးတင်ပါတယ် စီနီယာတန် ... ။ ”
ထို့နောက် တန်လင်းချီသည် ခေါင်းညိတ်ပြပြီး ရွှေရောင်စာလိပ်တစ်လိပ်ကို ထုတ်ယူကာ ယွဲ့ဟောင်ဖန်းထံ ထပ်မံပေးအပ်လိုက်သည်။
“ ဒါကတော့ တာအိုစုကနေ ... မိတ်ဆွေလေးယွဲ့အတွက် အထူးတလည် ပြင်ဆင်ပေးလိုက်တဲ့ လက်ဆောင်ပါ။ ”
ယွဲ့ဟောင်ဖန်း စာလိပ်ကို ရိုသေစွာ လက်ခံယူလိုက်ပြီး၊
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
-ဟု ပြောကြားလိုက်သည်။
“ အဆင်ပြေပါတယ် ငါတို့က တာအိုစုအတွက် ကူညီပေးရတာကိုပဲ ကျေနပ် နေတာပါ အပန်းမကြီးဘူး။ ”
တန်လင်းချီက ပြုံးလျက် ပြောကြားလိုက်သည်။ သည့်နောက် ခဏမျှ စဉ်းစားနေပြီး တွေဝေစွာဖြင့်၊
“ ဒီအဘိုးကြီးမှာ ပြောစရာ စကားတစ်ခွန်းရှိတယ် ... ဒါပေမယ့် ပြောသင့် မပြောသင့်တော့ မသိဘူး။ ”
-ဟု ဆိုလိုက်တော့၏။
“ ကျေးဇူးပြုပြီး လမ်းပြပေးပါ စီနီယာ၊ ဒီဂျူနီယာနားထောင်နေပါတယ်။ ”
“ ဒီလက်ရေးလှစာမူဟာ အရမ်းကို ထူးခြားပြီး အဖိုးတန်လှတယ် အင်မော်တယ် နယ်မြေတစ်ခုလုံးမှာတောင် ပထမတန်းစား အင်မော်တယ်ရတနာလို့ ခေါ်နိုင်တယ် ...
... တာအိုစုက ဒါကို မင်းအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ညွှန်ကြားပေးမို့ ဒါကို မင်းကိုယ်တိုင်အတွက် သိမ်းထားမယ် ဆိုရင်လည်း ရပါတယ် ... ဒါပေမယ့်။ ”
“ စီနီယာ ... ဒီနေ့ကအဖေရဲ့မွေးနေ့ပါ ဒီလက်ရေးလှစာမူ ဘယ်လောက်ပဲ တန်ဖိုးကြီး နေပါစေ ကိုယ်ကျိုးအတွက် ဘယ်တော့မှ သိမ်းထားမှာ မဟုတ်ပါဘူး။ ”
သူ့ စကားလုံးများသည် ပြတ်သားရိုးရှင်းလှလေသည်။ ဤသည်ကို မြင်သောအခါ ယွဲ့ချန်ထျန်း၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်သွား၏။
သူ့ဘဝတလျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြ၍မရသော အပြစ်ရှိသည့် ခံစားချက်များဝင်လာသည်။
ဖခင်တစ်ယောက်အနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဤစတုတ္ထသားအပေါ် လျစ်လျူရှုခဲ့မိသည်မဟုတ်လော။ သို့သော် တစ်ဖက်လူသည် သူ့အပေါ် ပေးဆပ်ရန် တုံ့ဆိုင်းခြင်းမရှိခဲ့ချေ။
“ ဟားဟားဟား ... မဆိုးဘူး တကယ်မဆိုးဘူး ... တာအိုစုက မင်းအတွက် ဒီလိုလက်ဆောင်မျိုး ပြင်ဆင်ပေးတာ အံ့ဩစရာမရှိတော့ပါဘူး။ ”
“ စီနီယာ ... ဒီလက်ဆောင်မှာ ဘယ်လို ထူးခြားတဲ့ အဓိပ္ပာယ်မျိုးရှိနေလို့လဲ။ ”
“ ဓမ္မအဆုံးခေတ်မတိုင်မီက ဗဟိုအင်မော်တယ်ရုံးတော်ရဲ့ ဧကရာဇ်သခင် ထာဝရညဧကရာဇ်ရဲ့ ကဗျာတစ်ကြောင်းပဲ။”
“ ဟမ့် ... ထာဝရအမှောင်ဧကရာဇ်ရဲ့ လက်ရေးလှစာမူလား။ ”
ဤသို့ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းဆောင်ကြီးတစ်ခုလုံး ပေါက်ကွဲတော့မတတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားချေပြီ။
“ ဒါ ... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်။ ”
“ ဒီလို ရတနာမျိုးကို မြင့်မြတ်ဆုံး အမွေအနှစ်အဖြစ် သတ်မှတ်နိုင်နယ်။ ”
“ ဘယ်လောက်ကံကောင်းလိုက်လဲ။ ”
ယွဲ့မိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များအားလုံးမှာ အံ့ဩလွန်းပြီး မနာလိုပင် ဖြစ်လာကုန်၏။
ဤကဲ့သို့သော ဧကရာဇ်ဘုရင်အဆင့် ရတနာသည် ငွေကြေးမည်မျှသုံးကာမူဝယ်၍ပင် မရနိုင်ချေ။ ယွဲ့ဝမ်ကြွယ်၊ ယွဲ့ဝမ်တု၊ ယွဲ့ဝမ်ရှန်နှင့် ယွဲ့ဝမ်နင်တို့လေးဦးမှာမူ ထိုနေရာ၌ပင် အသက်မဲ့ကုန်၏။
ဤတရားမဝင်သား ယွဲ့ဟောင်ဖန်းကို တစ်ချိန်လုံးအနိုင်ယူနိုင်သမျှ တစ်ချက်တည်းနှင့် ခေါင်းမဖော်နိုင်အောင် ရှုံးနိမ့်သွားချေပြီ။
သည်တသက် တစ်ဖက်လူကို အနိုင်ယူလိုသော် ဧကရာဇ်သခင်အား သေရာမှ ဆွဲခေါ်လာမှပင် အခွင့်အရေးရှိတော့မည်ဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်ထျန်းခမျာ အိပ်မက်မက်နေသကဲ့သို့ မှင်သပ်သွားခဲ့သည်။ သူ လျစ်လျူရှုခဲ့သော စတုတ္ထသားမှ ယနေ့တွင် သည်မျှကမ္ဘာတုန်စေနိုင်သော ရတနာတစ်ပါးကို ပေးအပ်လာလိမ့်မည်ဟု မထင်ထားချေ။
ယွဲ့ဟောင်ဖန်းကိုယ်တိုင်ပင် စာလိပ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများကြောင့် မျက်ရည်များ ရစ်ဝဲလာခဲ့သည်။
သူသည် လမ်းခွဲစဉ်က အစ်ကိုစု ပြောခဲ့သောစကားကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ကြားယောင်လာ၏။
“ ငါ ကိုယ်တိုင် မလာနိုင်ရင်တောင်... မင်းအတွက် လက်ဆောင်ကြီးတစ်ခု ပြင်ဆင် ပေးလိုက်မယ် ဟုတ်ပြီလား။ ”
ထိုကတိအတိုင်း ကမ္ဘာတုန်စေမည့် လက်ဆောင်ကို အမှန်တကယ်ပင်ပေးအပ်လာ သဖြင့် အလွန်အမင်းငိုချင်စိတ်ကို အတင်းအကြပ် ထိန်းထားနေရသည်။
ခန်းမအတွင်းရှိ လူတိုင်း၏ အံ့ဩမှင်သက်နေသော အမူအရာများကို ကြည့်ကာ တန်လင်းချီကသက်ပြင်းချလိုက်၏။
ထာဝရညဧကရာဇ်၏ လက်ရေးလှ စာမူတစ်ခုကို ဤကမ္ဘာပေါ်ရှိ မည်သို့သော ရတနာမှ မယှဉ်ပြိုင်နိုင်ချေ။
မွေးနေ့ပွဲကြီးမှာ ဆက်လက် ကျင်းပနေခဲ့သည်။ ခန်းမအတွင်းရှိ လေထုနှင့် လူများ၏ သဘောထားမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဇောက်ထိုး ပြောင်းလဲသွား၏။
မျိုးနွယ်စုခေါင်းဆောင်သည် မသက်မသာဖြစ်နေသော မျက်နှာထားမျိုးဖြင့် လူတိုင်းရှေ့မှောက်၌ပင် ယွဲ့ဟောင်ဖန်းကို အလေးအနက် တောင်းပန်လိုက်သည်။
ဤသို့ဖြင့် ယနေ့အတောက်ပဆုံးသော နေမင်းကြီးသည် ယွဲ့ဟောင်ဖန်းဖြစ်လာခဲ့ကာ မျိုးနွယ်စု၏ အလေးစားရဆုံးပုဂ္ဂိုလ် ဖြစ်လာ ပေတော့သည်။
အဖြူရောင်သက်တံ့ဓားခြံဝင်းမှ အကြီးအကဲရှဲ့ယွမ်ပင်လျှင် သူ့တပည့်မကို ခေါ်ယူကာ၊
“ မိန်းကလေး ... အနာဂါတ်မှာ မင်းရဲ့ စတုတ္ထအစ်ကိုကို ကောင်းကောင်းဆက်ဆံပါ သူ့ရဲ့ မိတ်ဆွေကြောင့် .... မင်းအစ်ကိုရဲ့ အနာဂတ်ဟာ အကန့်အသတ်မဲ့ပဲ။ ”
-ဟု အကြံပြုလိုက်သည်။
ယွဲ့ဝမ်နင်မှ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်လေသည်။ ဤအချင်းအရာကို သူမနားမလည်ဘဲ မနေချေ။ တန်မိသားစုမှ အကြီးအကဲသည် ထိုအစ်ကိုစုဟူသောလူ၏ ခိုင်းစေခြင်းခံရသည်ကို ဝမ်းမြောက်နေ၏။
ယင်းကြောင့် ယွဲ့ဟောင်ဖန်းကို မည်သူမျှလျှော့မတွက်ရဲတော့ချေ။ ယနေ့ပွဲသည် ရုတ်ချည်း စတုတ္ထအစ်ကို၏ပွဲ ဖြစ်လာချေပြီ။
အခြားသော အစ်ကိုသုံးယောက်နှင့် သူမသည် စတုတ္ထအစ်ကိုအတွက် အသုံးတော်ခံ အဖြစ်သို့ ပြောင်းလဲသွားတော့၏။
အမှန်တရားဟူသည် အမြဲတမ်းရက်စက်လွန်းလေသည်။ မွေးနေ့ပွဲ မပြီးခင် တန်လင်းချီနှင့် တန်ပေါင်အာတို့မှာ နှုတ်ဆက်ထွက်ခွာသွားသည်။
စုရီအတွက် ‘ချင်းယာအကယ်ဒမီ’သို့ သတင်းစကားပါးပေးရပေဦးမည်။ လမ်းခရီးတွင် တန်ပေါင်အာသည် မကျေမနပ်ဖြင့်။
“ အဖိုး ... ကြည့်ရသလောက် ယွဲ့ဟောင်ဖန်းက သာမန်ပါပဲ ... ဒါဆို ဘာလို့ တစ်ကိုစုက သူ့ကိုဒီလောက်အထိ တန်ဖိုးထား ကူညီနေရတာလဲ။ ”
ဤသည်မှာ တန်ပေါင်အာအတွက် ရှုပ်ထွေးစေသော အခြေအနေတစ်ခုဖြစ်သည်။ သို့သော် တန်လင်းချီမှ ပြုံးလျက်၊
“ ပေါင်အာ ... မင်း မှားနေပြီ၊ ဒါက တာအိုစုရဲ့ လေးစားဖွယ်ကောင်းတဲ့ အချက်ပဲ သူဟာ လူတစ်ယောက်ကို ဆက်ဆံရာမှာ အဆင့်အတန်းနဲ့ အစွမ်းသတ္တိတွေကို လုံးဝ ဂရုမစိုက်ဘူးလို့ပြောနေတာပဲ။ ”
တန်ပေါင်အာမှ ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ အကယ်၍ စုရီသာ အာဏာနှင့် အဆင့်အတန်းကို မက်မောသူ ဖြစ်သော် မိမိတို့ကို ကယ်တင်ရန်အတွက် နတ်မီးတောက်ဂိုဏ်းနှင့် ရန်ငြိုးဖွဲ့မည် မဟုတ်ချေ။
“ ငါ့ဓားက ကောင်းက်ငထက် သုံးလက်မပိုမြင့်နိုင်ပေမယ့် ... မြေပြင်ပေါ်က ပေါင်းပင်တွေကိုလည်း တန်ဖိုးထားတယ် ...
... ဒီစကားရဲ့ အဓိပ္ပါယ်က သူဟာ လောကီအာဏာနဲ့ အဆင့်အတန်းတွေကို လုံးဝ ဂရုမစိုက်တဲ့ စိတ်ထားကို လှစ်ဟပြနေတယ် ငါတို့တန်မိသားစုရဲ့ အကြွင်းမဲ့လေးစားမှုကို ခံထိုက်ပါတယ် ... သွားရအောင်။ ”
စကားဆုံးသည်နှင့် တန်လင်းချီက ချင်းယာအကယ်ဒမီသို့ အလျင်အမြန် ပျံသန်း လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လောင်မြစ် အထက်ပိုင်းဒေသ၌ လူသူကင်းမဲ့လွန်းလှသော လွင်တီးခေါင် ကန္တာရတစ်ခုရှိနေသည်။
ထိုဒေသသည် တစ်နှစ်ပတ်လုံး အရိုးထိအောင်အေးစက်သော ရေခဲမြူများနှင့် လေစီးကြောင်းများ ဖုံးလွှမ်းနေသည်။
နေဝင်ဆည်းဆာ၏ နောက်ဆုံး အလင်းရောင်ခြည်တန်းများ ဖြာကျလာချိန်တွင် လူငယ်တစ်ယောက်၏ ပုံရိပ်သည် အထီးကျန်စွာ ထွက်ပေါ်လာသည်။
ဤသည်မှာ စုရီဖြစ်၏။ သူ့အောက်ရှိ ရေခဲကန္တာရကြီးသည် တစ်ချိန်က မိုင်ရှစ်ထောင် ရှည်လျားသော ‘တိုင်ဝူတောင်’တည်ရှိခဲ့သည့် အရပ်ပေပင်။
ရှေးယခင်အချိန်အခါက ထိပ်တန်း မြင့်မြတ်မြေတည်ရှိခဲ့ပြီး ဗဟိုအင်မော်တယ် ရုံးတော်နီးပါး ကျော်ကြားခဲ့သည်။
နေ့စဉ်နှင့်အမျှ အင်မော်တယ်များသည် ကျိုင်းကောင်အုပ်ကြီးကဲ့သို့ လာရောက်သဖြင့် စည်ကားခဲ့ဖူး၏။ သို့သော် ယခုမူကား ... ။
အဆုံးမရှိ၊ လူသူဆိတ်သုဉ်းမှုနှင့် အေးစက်လှသော ခြောက်ကပ်တိတ်ဆိတ်မှု စသည်တို့သည်သာ ကြီးစိုးနေချေ၏။
သုံးရက်လုံးလုံး ရေခဲပြင်ပေါ်တွင် လှည့်လည်သွားလာပြီးနောက်၌ပင် မည်သည့် သဲလွန်စမျှ မရခဲ့ချေ။ ဓမ္မအဆုံးခေတ်တွင် ကြီးစွာသော ကပ်ဘေးသင့်ခဲ့ပုံပေပင်။
“ မင်း ... အမွေးထူတဲ့ငှက်စုတ်ကောင် ... အခုချိန်မှာ ထိုက်ဝူတောင်ရှိသေးရင် ... ငါ့စကား တစ်ခွန်းနဲ့တင် ဝမ်ယဲ့ကိုယ်တိုင်လာကြိုအောင် ဆင့်ခေါ်နိုင်တယ် နားလည်လား။ ”
ရုတ်တရက် လေအေးများနှင့်အတူ အိုမင်းရင့်ရော်ကာ မကျေမနပ်ဖြစ်နေခဲ့သော ကျိန်ဆဲသံကြီးလွင့်ပါလာသဖြင့် စုရီခမျာ မျက်ခုံးပင့်လိုက်မိတော့သည်။
***