အခန်း ၁၂၁၇
Vol. 102 Ch. 1217
အခန်း ၁၂၁၇ -
လျှို့ဝှက်ချက်ကို ရှာဖွေခြင်း ... ။
“ အဘိုးကြီး ... မင်းကြွားဝါမနေရရင် သေမှာလား မင်းလိုလူက ထာဝရညဧကရာဇ်ကို သူ့နာမည်တောင်ခေါ်ရဲလား ... နတ်ဘုရား ကပ်ဘေးကို မကြောက်ဘူးလား။ ”
“ ဟားဟားဟား... ငါ့ဘဝမှာ နတ်ဘုရား ကပ်ဘေးကို အများကြီးခံစားဖူးတယ် မြင်လား အခုထိ ငါအသက်ရှင်နေဆဲပဲ။ ”
ထိုဆူညံသံများသည် လေပြင်းထဲတွင် ပြတ်တောင်းပြတ်တောင်းနှင့် တိုးညှင်းလွန်းစွာ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
သို့သော် စုရီအတွက်မူ ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူ့မျက်လုံးများ တောက်ပလာပြီး နှုတ်ခမ်းထောင့်တွင် မရည်ရွယ်ဘဲ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့အသွင်သည် မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။
နှင်းလွင်ပြင်တွင် အဘိုးကြီး တစ်ယောက်သည် အေးစက်သောရေခဲလေပြင်း အပေါ် အံတုကာ ခရီးနှင်နေသည်။ သူ၏ ပိန်ချုံးနေသော ခန္ဓာကိုယ်ပေါ်ရှိ တာအို ဝတ်လုံမှာ ညစ်ပတ်ပေရေနေချေပြီ။
သူ့ ပခုံးပေါ်တွင် မျက်လုံးသုံးလုံးပါ လင်းယုန်ငှက်တစ်ကောင်ရှိနေ၏။ ထိုလင်းယုန် ငှက်လေးသည် ထူးခြားသောရောင်ဝါများ တောက်ပနေခဲ့သည်။
“ မင်းသေသင့်တယ်အဖိုးကြီး မဟုတ်ရင် ဒီလိုအေးစက်ပြီး ကြမ်းတမ်းတဲ့ဒေသမျိုးကို ငါ လုံးဝမလာဘူး။ ”
လင်းယုန်ငှက်က အဖိုးကြီးကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက်လေသည်။ အဖိုးကြီးမှ သက်ပြင်းချ လိုက်ကာ၊
“ ဓမ္မအဆုံးခေတ်က အင်မော်တယ်မြေ တစ်ခုလုံးကို တကယ်ပဲ ပြောင်းလဲစေခဲ့တာပဲ ထိုက်ဝူတောင်ကိုတောင် ဒီကမ္ဘာကနေ ပျောက်ကွယ်သွားစေတယ်။ ”
“ သေလိုက်ပါလား ... ဒါက နတ်ဘုရားကပ်ဘေးကြောင့်ပဲ နတ်ဘုရား တစ်ပါးပါးရဲ့ ဒေါသကိုခံခဲ့ရတာနေမယ်။ ”
ထို့နောက် လင်းယုန်ငှက်သည် ထွက်ပြေးရန်ပြင်လိုက်သည်။ အတောင်ပံများကို ခတ်လိုက်သော်လည်း လက်တစ်ဖက်သည် သူ့လည်ပင်းထံ ဖမ်းဆုပ်လာ၏။
“ ငှက်ကလေး မင်းမှာ ငရဲကမ္ဘာမျက်လုံးရှိတယ် ဒါပေမယ့် မင်းမျိုးရိုးက ဒီကမ္ဘာကြီးမှာ မရှိတော့ဘူး ... ထိုက်ဝူတောင် ပျောက်ဆုံးမှုရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ မင်းငါ့ကိုကူညီရမယ် ...
... ဒီအတွက် အနာဂတ်မှာ မင်းအတွက် တစ်သက်မှာ တစ်ခါပဲရမယ့် အခွင့်အရေးကြီးကို ငါ စီစဉ်ပေးနိုင်တယ် ဘယ်လိုလဲ။ ”
လင်းယုန်ငှက်ခမျာ ရုန်းကန်၍ မရတော့သဖြင့် ဒေါသထွက်လွန်းပြီး မျက်ခုံး နှစ်ဖက်ကြား ဒေါင်လိုက်မျက်လုံးမှာ ပွင့်တော့မလို ဖြစ်လာသည်။
“ ဟမ့် ... မင်း အဲဒီမျက်လုံးကို ဖွင့်ရဲရင် ဖွင့်ကြည့်လိုက် ... ငါ ဖောက်ထုတ်ပြီး ခွေးစာ ကျွေးပစ်လိုက်မယ်။ ”
လင်းယုန်ငှက်ခမျာ ချက်ချင်းပင် ကြောက်လန့်သွားပြီး၊
“ ငါ့ဘိုးဘေး ကျင့်ကြံရာကနေ ထွက်လာပြီးရင် မင်းနဲ့စာရင်းရှင်းပေးလိမ့်မယ် အဘိုးကြီး မင်းမသေအောင်နေပါ။ ”
-ဟု ပြန်လည် ခြိမ်းခြောက်၏။
“ ဟားဟားဟား ... အရင်ဆုံး မင်းရဲ့ဘိုးဘေးကျင့်ကြံရာက ထွက်လာတဲ့အထိ ငါနဲ့နေပါ နာခံမှုရှိရှိပူးပေါင်းပါ ... မဟုတ်ရင်။ ”
အဖိုးအိုကနှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး၊
“ မင်းရဲ့တောင်ပံကို ဖြတ်ပြီးကင်စားရင် တကယ်အရသာရှိမယ်ဆိုတာ ငါသိနေတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
“ ဒါဆို ငါ့ကိုလည်း ထည့်တွက်ပါဦး။”
ထိုအချိန်တွင် ရွှင်မြူးသောအသံဖြင့် လူပ်တစ်ရိပ်နှင်းမုန်တိုင်းအတွင်းမှ ထွက်ပေါ် လာချေပြီ။
အဖိုးကြီးခမျာ ထိတ်လန့်သွားပြီး ထွက်ပြေးရန်လှည့်လိုက်သော်လည်း လူရိပ်မှာ သူ့ရှေ့ရောက်နေတော့၏။ ဤသည်မှာ စုရီပေပင်။
“ မင်း ထွက်ပြေးဝံ့ရင် ... ငါ မင်းရဲ့ ခြေထောက်တွေကို ချိုးပစ်မယ်။ ”
အဖိုးကြီးခမျာ ချက်ချင်းပင် ခါးသီးသောအသွင်ဖြင့် မလှုပ်ဝံ့တော့ချေ။ ထိုမြင်ကွင်းကြောင့် လင်းယုန်ငှက်မှာ ပျော်ရွှင်သွားတော့သည်။
“ ဟားဟားဟား ... အဖိုးကြီး မင်းသေးထွက်ကျအောင် ခြိမ်းခြောက်ဝံ့တာ ဒီကလေးက ဘယ်သူလဲ။ ”
“ ဖြန်း ... ။ ”
“ပါးစပ်ပိတ်ထား ... မဟုတ်ရင် မင်းရဲ့တောင်ပံတွေကို သူတကယ်ကင်စားရင် ငါတောင်တားနိုင်မှာ မဟုတ်ဘူး မင်းရဲ့ ဘိုးဘေးတောင် ချွင်းချက်မရှိဘဲ။ ”
အဖိုးကြီးက ကျိန်ဆဲလျက် လင်းယုန်ငှက်ကိုပါးရိုက် အင်္ကျီလက်တွင်းသို့ အတင်းထိုးထည့်လိုက်တော့သည်။ ထို့နောက် ပြုံးရွှင်သော အမူအရာဖြင် စုရီကိုကြည့်ကာ၊
“တာအိုမိတ်ဆွေ ... တိုက်ဆိုင်လိုက်တာ ဒီနေရာမှာ မင်းနဲ့တွေ့ရလိမ့်မယ်လို့ ဒီအဖိုးကြီး လုံးဝမမျှော်လင့်ထားဘူး။ ”
-ဟု နှုတ်ဆက်လိုက်၏။
ဤသည်မှာ အခြားသူမဟုတ်ချေ။ နဂါးနက်စျေးမြို့တွင် စုရီနှင့် တွေ့ဆုံခဲ့ဖူးသည့် ဗေဒင်ဆရာဖြစ်သည်။
သူသည် နဂါးနီသခင်အတွက် ဗေဒင်ဟောပေးခဲ့ပြီး ‘နဂါးဟာ လယ်ကွင်းထဲမှာ ပေါ်လာတယ်၊ မြင့်မြတ်သူတစ်ယောက်ကို မြင်ရတာ အကျိုးရှိတယ်’ ဟူသောနမိတ်မျိုး ပေးခဲ့သူဖြစ်သည်။
“ ငါတော့ တိုက်ဆိုင်မှုလို့ မထင်ဘူး ပြီးခဲ့တဲ့တစ်ခါ ငါ့ကိုတွေ့ပြီးတဲ့နောက် မင်းက မီးတောက်လင်းယုန်ကို ဒီကိုယူလာတယ် ... ဒါဆို ဘယ်လိုလုပ်တိုက်ဆိုင်မှုဖြစ်မှာလဲ။ ”
“ ဒါက ... ။ ”
“ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ ... မင်းဒီကိုဘာလာလုပ်တာလဲ ပြောပြပါ အမှန်ကို ကြားချင်တယ်။ ”
အဖိုးကြီးခမျာ ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ပေါ်လက်ညှိုးထိုးပြပြီး လေသံကို လျော့ချလိုက်သည်။
“ အဲဒီနတ်ဘုရားတွေက မင်းပြန်လာတာသိနေတယ်လို့ ငါထင်တယ် ထိုက်ဝူတောင်က မင်းအတွက်တစ်စုံတစ်ရာ မဟုတ်လား ဒါကြောင့် ဒီမှာ ...
... သူတို့ ပိုက်ကွန်ချထားလား ငါသိချင်နေရုံပါ ဘာပဲဖြစ်ဖြစ် မင်းပြန်လာရင် ဒီအပျက်အစီးမြေကို လာစုံစမ်းမယ်ဆိုတာ တွေးကြည့်လို့ရတယ်။ ”
ဤသို့ပြောပြီးနောက် အဘိုးကြီးသည် နတ်ဘုရားများကြားသွားမည်ကို စိုးရိမ်ဟန်ဖြင့် ကောင်းကင်ပေါ် ခိုးကြည့်လိုက်သည်။ သို့သော် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်မလာသဖြင့် သက်ပြင်းချလိုက်တော့၏။
စုရီ မျက်လုံးများ မှေးစင်းသွားပြီး ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ မင်းက ဒီလိုဘေးအန္တရာယ်တွေကို အမြဲတမ်းရှောင်ပြေးတတ်တဲ့လူပဲ ... ဘာလို့ အခု စိတ်ဝင်စားလာရတာလဲ ...
.... ပြီးတော့ ကောင်းကင်ဘုံ မြင့်မြတ်မြေကနေတောင် မီးတောက်လင်းယုန် တစ်ကောင် ခိုးယူလာဝံ့တယ်လား ... ငါသာ မမှားဘူးဆိုရင် အဲဒီခေါင်းပြောင်ကြီးရဲ့ကလေး မဟုတ်လား။ ”
“ ဟမ့် ... ငါခိုးယူတာမဟုတ်ဘူး ခဏငှားလာတာပါ ... ငါ ပြီးရင် ပြန်ပေးမှာပါ ပြီးတော့ အဲဒီခေါင်းပြောင်လူအိုက ကပ်ဘေးကို ရှောင်ဖို့ ပျောက်ကွယ်နေတာကြာပြီ။ ”
သူတို့နှစ်ဦး ရည်ညွှန်းနေသည့် ခေါင်းပြောင်အိုကြီးဟူသည် အင်မော်တယ်မြေ၌ တစ်ချိန်က ဧကရာဇ်ဖုန်တုဟု လူသိများ၏။ အဖိုးကြီးမှ သက်ပြင်းချကာ၊
“အင်မော်တယ်မြေက လက်ရှိအချိန်မှာ အရမ်းပြင်းထန်လာပြီ အနာဂတ်မှာသူတို့တွေက မင်းကိုလွှတ်ပေးမှာ မဟုတ်ဘူး။ ”
“ ဒီကိစ္စတွေမှာ နတ်ဘုရားတွေ ပါဝင်ပတ်သက်နေတာသိရက်နဲ့ မင်းက ဘာလို့ ဒီကွင်းထဲကို ခုန်ဆင်းလာရသေးတာလဲ။ ”
“ ငါသေမှာ မကြောက်ဘူးလို့မထင်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါဟာ နေရာအနှံ့ ပုန်းအောင်းပြီး ရှောင်တိမ်းခဲ့ရတယ် ဒါပေမယ် ငါလုံးဝ လက်မလျော့ဘူး ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ဤအဖိုးကြီးသည် သူ၏ ‘ကောင်းကင်ခိုးယူ တွက်ချက်ခြင်း ပညာရပ်’ကြောင့် ကောင်းကင်မှ အပြစ်ပေးခြင်းခံရသော်လည်း ယခုထက်ထိ အသက်ရှင်နေခြင်းမှာ အံ့ဖွယ်တစ်ခုပေပင်။
“ သွားကြစို့ ... ဒီတစ်ခါ မင်းဘယ်လိုသဲလွန်စတွေ ရှာပေးနိုင်မလဲ ကြည့်ရအောင် မီးတောက်လင်းယုန်ကို ထုတ်လိုက်တော့။ ”
စုရီမှ ပြုံး၍ ဆိုလိုက်သည်။ အဘိုးကြီးက ဒေသတကြီးနှင့်၊
“ ငါသိသားတယ် မင်းရဲ့ နောက်ဆုံးရည်မှန်းချက်က ငါ့ဆီကနေပြီး အခွင့်ကောင်းယူဖို့ပဲ ... ဟမ့်။ ”
-ဟု နှင်းမုန်တိုင်းအတွင်း ခြေလှမ်းကျဲကျဲတိုးဝင်သွား၏။
စုရီသည်လည်း နောက်မှ လိုက်ပါသွားတော့သည်။ နာရီဝက်ခန့်ကြာသော အခါ အဖိုးကြီးက ရုတ်တရက် ရပ်လိုက်ပြီး ကြေးနီဒင်္ဂါးပြားတစ်ပြားကို ထုတ်ယူကာ ခေါင်းပန်းလှန်လိုက်၏။
“ ချွင် ... ။ ”
ကြည်လင်သော အသံနှင့်အတူ ဒင်္ဂါးပြားသည် လေထဲလှည့်ပတ်လျက် အဖိုးကြီး လက်ဖဝါးပေါ်သို့ ပြန်ကျလာသည်။
“ ဟားဟားဟား ... ။ ”
သိမ်မွေ့ဆန်းကြယ်သော တာအိုစွမ်းအင်တစ်ခု လှိုင်းထလာသောကြောင့် အဖိုးကြီးက ရယ်မောလိုက်သည်။
“ ထိုင်ဝူတောင် ပျောက်ကွယ်သွားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုသာ တကယ်ရှိနေခဲ့ရင် အဲဒီလျှို့ဝှက်ချက်က ဒီအနားမှာပဲ။ ”
တစ်ဆက်တည်းမှာပင် မီးတောက် လင်းယုန်ကိုထုတ်ယူကာ အမိန့်ပေးတော့၏။
“ ကောင်လေး ... လာ ... မင်းရဲ့အဘိုးစုရှေ့မှာ မင်းရဲ့ကျွမ်းကျင်မှုကို ပြသပြီးဂုဏ်ယူလိုက်စမ်းပါ။ ”
“ ဗျစ် ... ဗျစ် ... ။ ”
ထိုစကားကြောင့် လင်းယုန်က ဒေါသတကြီးကျိန်ဆဲကာ အဖိုးကြီးမျက်နှာပေါ် ချီးနှင့်ပန်းထုတ်တော့သည်။
“ အဖိုးကြီးသေလိုက် ... မင်းသေလိုက် ... မင်းက ငါ့ကိုလမ်းဘေးဖျော်ဖြေသူတစ်ယောက် ထင်နေတာလား။ ”
“ ဖြန်း ... ။ ”
အဖိုးကြီးက စိတ်မရှည်တော့ဘဲ ဇာတ်ပိုးရိုက်ချလိုက်သည်။ ထိုမြင်းကွင်းကြောင့် စုရီတစ်ယောက် နှာခေါင်းကို ပွတ်သပ်လိုက်၏။
ဤမီးတောက်လင်းယုန်သည် ထိုခေါင်းပြောင်အဖိုးကြီးကဲ့သို့ပင် နှုတ်ကြမ်းပြီး ရိုင်းစိုင်းလွန်းချေပြီ။
***