အခန်း ၁၂၁၈
Vol. 102 Ch. 1218
အခန်း ၁၂၁၈ -
နတ်ဘုရားပုံရိပ်များ ... ။
ကောင်းကင်နှင့် မြေကြီးကြား ထက်ရှသောလေပြင်းများ တိုက်ခတ်နေစဉ် ထူးခြားသောအသံ မြည်ဟည်းလာ၏။
ဤသည်မှာ မီးတောက်လင်းယုန်ထံမှ အသံဖြစ်လေသည်။ သူ၏အတောင်ပံများသည် ကောင်းကင်၌ဖြန့်ကျက်နေပြီး ခန္ဓာကိုယ်ကြီးမှာ ပေထောင်ပေါင်းများစွာ ဆန့်ထွက်လာ၏။
တစ်ကိုယ်လုံးတွင် ထူထဲပြီး ထက်ရှသောဓားများအလား အမွေးများဖြင့် ဖုံးအုပ်ထားသည်။ တာအိုအလင်းရောင်များမှာ ထိုအမွှေးများထံမှ ရွှေရောင်အဆင်းအသွင် ဖြာထွက်နေတော့၏။
ချွန်ထက်သည့် ခြေသည်းတစ်စုံနှင့် မျက်ဝန်းတစ်စုံသည် ပွက်ပွက်ဆူနေသော ချော်ရည်ကန်နှစ်ခုကဲ့သို့ အကန့်အသတ်မဲ့ တောက်ပနေသည်။
၎င်း၏အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် မြင့်မားသောတောင်တန်းကြီးများပင် ကျောက်ခဲ များကဲ့သို့ ဖြစ်သွားရ၏။
အဝေးတစ်နေရာတွင် အဖိုးကြီးသည် အံ့သြတကြီးဖြင့် နှုတ်ခမ်းတသပ်သပ်ဖြစ်နေ၏။ ဤငှက်စုတ်သည် သာမန်ငှက်မျိုးမဟုတ်ချေ။
ဒဏ္ဍာရီများအရ ရက်စက်ကြမ်းကြုတ်ပြီး နှုတ်သီးဖြင့် ကြယ်တာရာများထံစားသုံးနိုင်ကာ ခြေသည်းများနှင့် နဂါးများကို ကိုက်ဖြတ်နိုင်စွမ်း ရှိလေသည်။
ကမ္ဘာပေါ်ရှိ နဂါးမျိုးနွယ်အားလုံး၏ ရန်သူ ဖြစ်သည်။ အထူးသဖြင့် တတိယမျက်လုံးသည် ကောင်းကင်ဘုံကိုးပါး၏ သိမ်မွေ့သော လျှို့ဝှက်ချက်များကို မြင်တွေ့နိုင်၏။
“ ဒါနဲ့ ... ကောင်းကင်ဘုံ မြင့်မြတ်မြေထဲကနေ ဒီငှက်ကို မင်းဘယ်လိုများ ခိုးယူလာတာလဲ။ ”
စုရီက စိတ်ဝင်စားစွာ မေးလိုက်သည်။ ဤငှက်သည် ထိုမြင့်မြတ်မြေ၏ ကာကွယ်သူ ဝိညာဉ်ဖြစ်ချေသည်။ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်၏။
“ ငါပြောပြီးပြီပဲ ... ခိုးလာတာ မဟုတ်ပါဘူးလို့။ ”
အဖိုးကြီးက သူ့ကိုယ်သူ ဖြောင့်မတ်စွာ ပြင်ဆင်လိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ကြွားဝါတော့သည်။
“ ငါ့ကို အကူအညီပေးသရွေ့ သူ့ကို မီးတောက်လင်းယုန် အမတစ်ကောင်ရှာပြီး မိတ်လိုက်ခွင့်ပေးမယ်လို့ ပြောလိုက်တာ ...
... တဏှာစိတ်ကြွပြီး ချက်ချင်း ငါ့နောက်ကိုလိုက်လာတော့တာပဲ ငါသိတယ် ဒီငှက်စုတ်က အဲဒီခေါင်းပြောင်းအိုကြီးလိုပဲ လုံးဝရာဂစိတ်ကြီးလွန်းတယ်။ ”
စုရီတစ်ယောက် စကားမပြောနိုင်တော့ချေ။ ထိုအချိန်တွင် မီးတောက်လင်းယုန်သည် စတင် လှုပ်ရှားလာပြီဖြစ်သည်။
သူကအတောင်ပံများကို ခေါက်လျက် လေထဲတွင် ငြိမ်သက်စွာရပ်တန့်လိုက်ပြီးနောက် နဖူးအလယ်ဗဟိုရှိ ပိတ်ထားသောမျက်လုံးထံ ဖွင့်ချလိုက်တော့၏။
ဤမျက်လုံးသည်ကား မြေအောက် ကမ္ဘာကိုးပါးသို့ ဦးတည်သောတံခါးတစ်ခုကဲ့သို့ နက်ရှိုင်းလှပြီး နားမလည်နိုင်သော စည်းမျဉ်းများ ထွက်ပေါ်လာသည်။
“ ဝူး ... ။ ”
မျက်လုံး ပွင့်လာသည်နှင့်အမျှ ကျယ်လောင်လှသော ပေါက်ကွဲမှုဖြစ်ပွားကာ မြေပြင်တစ်ခုလုံး တုန်လှုပ်လာစေ၏။
“ ချပ် ချပ် ချပ် ... ။ ”
လေဟာနယ် ပုံပျက်သွားပြီး အချိန်များရပ်တန့်ကုန်ကာ များမကြာခင်မှာပင် နောက်ပြန်ဆုတ်လာတော့သည်။
ထက်ရှသော လေပြင်းများသည်ပင် ထိုနေရာ၌ အေးခဲသွားပြီး လာရာအရပ်သို့ ပြန်လှည့်ကုန်၏။
လျှို့ဝှက်ဆန်းကြယ်မှု ရောင်ဝါများ ပြည့်နှက်နေသောတောက်ပသည့် အလင်းတန်း တစ်ခု လေထုအလယ်ဖြာကျလာသည်။
၎င်းသည် ကောင်ကင်ဘုံရှိ လျှို့ဝှက်ချက်အားလုံးကို ခွဲခြားသိမြင်နိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ ပုံရိပ်များ ပါရှိနေချေပြီ။
“ အံဩစရာပဲ ... ဒီငှက်စုတ်က မီးတောက်လင်းယုန်အမည်နဲ့ ထိုက်တန်တယ် ဒီမျက်လုံးကိုသာ ငါထုတ်ယူပြီး ငါ့ရဲ့ဒင်္ဂါးတွေနဲ့ ပေါင်းစပ်နိုင်ရင် ဒီကောင်းကင်အောက်မှာ ဘယ်သူများ ငါ့အမြင်ကနေ ပုန်းနိုင်တော့မှာလဲ။ ”
အဖိုးကြီးက မျက်လုံးများ တောက်ပလာပြီးနောက် လောဘများဖြင့် မော့ကြည့်လိုက်လေသည်။
“ ဒါပေမယ့် မင်းသာ အဲဒီလိုလုပ်ရင် ပိုပြီးကြီးမားတဲ့ ကပ်ဘေးတွေ ကြုံရလိမ့်မယ် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဒီလို အလွယ်တကူ ဖော်ထုတ်လို့မရဘူး။ ”
စုရီက တည်ငြိမ်စွာဖြင့် သတိပေးလိုက်သည်။ အဖိုးကြီးခမျာ စကား မပြောနိုင်ဖြစ်သွားတော့၏။ ထို့နောက် သက်ပြင်းချလိုက်ကာ၊
“ ဒီလမ်းကို ငါ စလျှောက်တည်းက ပြန်လမ်းမရှိဘူး ဒီဘဝလွတ်မြောက်နိုင်ဖို့လည်း မျှော်လင့်ချက်မရှိတော့ပါဘူး။ ”
-ဟု ဝန်ခံလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် ဝမ်းနည်းပူဆွေးဖွယ် အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်လာသည်။
ကောင်းကင်ရှိ မီးတောက်လင်းယုန် ခန္ဓာကိုယ်ထံ ထူးဆန်းသော မီးခိုးရောင်မီးလျှံ တစ်ခုက တင်းကျပ်စွာ ချုပ်နှောင်နေသည်ကို မြင်လိုက်ရသည်။
မီးတောက်လင်းယုန်ခမျာ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများနှင့် ဖုံးလွှမ်းသွားပြီး အမွေးအတောင်များ ကျွတ်ထွက်လာကုန်၏။
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
အဖိုးကြီးက ထိတ်လန့်သွားပြီး ချက်ချင်းလေထဲပျံတက်သွားကာ အနက်ရောင် ကောင်းကင်ကာကွယ်ရေး သံလိုက်အိမ်မြှောင် နှင့် ပစ်လွှတ်လိုက်သည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် ထိုသံလိုက်အိမ်မြှောင်သည် မီးခိုးရောင်မီးလျှံရှေ့တွင် စက္ကူတစ်စကဲ့သို့ပင် အပိုင်းပိုင်းကွဲကြေသွားရတော့၏။ သူ့ရတနာ ပျက်စီးသွားသည်တိုင် အဖိုးကြီးသည် ဂရုမစိုက် နိုင်သေးဘဲ ဟိန်းဟောက်ပြီး ခါးပတ်ပြားကြီးကို ဆွဲထုတ်ကာ လွှဲရမ်းလိုက်သည်။
ခါးပတ်သည် ထူးဆန်းရှုပ်ထွေးသော တာအိုပုံစံများဖုံးအုပ်ထားသည့် အနက်ရောင် နတ်ကြာပွတ်တစ်ချောင်း ဖြစ်၏။
၎င်းသည်လေထုအလယ် ပြင်းပျသော မိုးကြိုးကြာပန်းကြီးအဖြစ် ထွက်ပေါ်လာကာ မီးခိုးရောင်မီးလျှံဆီသို့ ပျံသန်းသွားသည်။
“ ဘုန်း ... ။ ”
နားပင်းစေသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာကာ မီးခိုးရောင်မီးလျှံသည် အလွန် ကြောက်စရာကောင်းလှချေ၏။
အနည်းငယ် ထိလိုက်ရုံဖြင့် အနက်ရောင်နတ်ကြာပွတ်ကို နှစ်ပိုင်းပြတ်သွား စေတော့သည်။
“ သေစမ်း ... ။ ”
အဖိုးကြီးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ မီးတောက်လင်းယုန် သည်လည်း နာကျင်စွာ အော်ဟစ်လျက် ကျိန်ဆဲတော့၏။
“ အဖိုးကြီး ... မင်း တကယ် အသုံးမကျတာလား ငါ သေတော့မယ်ဆိုတာ မမြင်ဘူးလား မင်းရဲ့ဝှက်ဖဲကို အခုထုတ်ပါ။ ”
စုရီက မျက်မှောင်ကြုတ်ပြီး ဝင်ရောက်ကူညီရန် ပြင်လိုက်သော်လည်း အဖိုးကြီးမှ တားမြစ်လာသည်။
“ မလှုပ်နဲ့ ဒီစွမ်းအားကိုသွားမထိနဲ့ မဟုတ်ရင် နတ်ဘုရားဒေါသသင့်တာခံရမယ် အဲဒါက တကယ်ပဲ အဆုံးမရှိတဲ့ ဒုက္ခတွေကို ယူဆောင်လာလိမ့်မယ်။ ”
စကားဆုံးသည်နှင့် အဖိုးကြီးက အံကြိတ်လျက် တစ်ပေခန့်ရှိသောကြေးဝါပြား တစ်ခုကိုထုတ်ယူကာ လွှင့်တင်လိုက်သည်။
“ ဘုန်း ... ။ ”
ဤတစ်ကြိမ်တွင် မီးခိုးရောင်မီးလျှံများမှာ ပြင်းစွာတုန်ခါသွားပြီးနောက် ပေါက်ကွဲသွား၏။ သို့သော် ထူးဆန်းသည်မှာ ထိုမီးလျှံများသည် မိုးစက်များအဖြစ် ပြောင်းလဲလျက် ကြေးဝါပြား အပေါ် လောင်ကျွမ်းပစ်လိုက်သည်။
“ အား ... ။ ”
ထိုမိုးဖွဲလေးများက အဖိုးကြီး၏ အရေပြားကိုထိမှန်ကာ အပေါက်ငယ်များပင် ဖြစ်ပေါ်စေတော့၏။ နာကျင်စွာ အော်ဟစ် လိုက်ရလေသည်။
ကယ်တင်ခံရပြီးနောက် မီးတောက်လင်းယုန်ငှက်သည် တစ်ပေခန့်အထိ ကျုံ့သွားကာ လေဟာနယ်အတွင်း ယိုင်လဲသွားတော့၏။
ဒေါင်လိုက်မျက်လုံးမှ သွေးများ အဆက်မပြတ်စီးကျလာကာ ထိတ်လန့်စရာ ကောင်းသောအသွင်မျိုး ပြသနေသည်။
“ အဆင်ပြေလား ... ။ ”
စုရီက လှမ်းတက်ကာ ဖေးမပေးလိုက်၏။ အဖိုးကြီးမှ သူ့ဒဏ်ရာများကို ဂရုမစိုက်နိုင်ဘဲ စိတ်လှုပ်ရှားစွာပြုံးလျက်၊
“ ပြီးပြီ ... မင်းမော်တယ်မြေကို ပြန်ရောက်လာရင် ထိုက်ဝူတောင်ပျောက်ကွယ် သွားရတဲ့ လျှို့ဝှက်ချက် ပေါ်လာလိမ့်မယ်လို့ ငါပြောခဲ့တယ်မဟုတ်လား။ ”
-ဟု ဝင့်ကြွားစွာဆိုလိုက်သည်။
“ အဟွတ် အဟွတ် ... ။ ”
ထို့နောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလျက်ဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွား၏။ စုရီမှ သူ့ကိုတွဲထူပေးကာ သက်ပြင်းချလိုက်သည်။
“ မင်းတို့သာ ဒီနေ့သေသွားရင် ငါ့ဘဝတစ်လျှောက်လုံး အပြစ်ရှိစိတ်တွေနဲ့ နေရလိမ့်မယ်။ ”
“ စိတ်မပူပါနဲ့ ... ငါအရင်ကတည်းက အဲဒီနတ်ဘုရားတွေရဲ့ ဒေါသကိုခံခဲ့ရဖူးတယ် ဒီတစ်ကြိမ်ထပ်ခံရတောင် ဂရုမစိုက်ဘူး။ ”
“ ဟမ့် သေလိုက်ပါလား အဖိုးကြီး ... မင်းသေလိုက် ဒီလိုဒုက္ခမျိုးကြုံရမယ်မှန်းသိရင် မင်း ငါ့ကိုမိန်းမတစ်ထောင် ရှာပေးရင်တောင် လိုက်မလာဘူး။ ”
မီးတောက်လင်းယုန်က ဒေါသတကြီး အော်ဟစ်သည်။ သူ၏ အမွှေးအတောင်များမှာ မီးလောင်ထားသလို အငွေ့များထွက်နေ၏။
“ နှုတ်ကြမ်းတဲ့ ငှက်ယုတ် ... မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိရပ်ပြီး ဘာတွေ မြင်လိုက်လဲဆိုတာ မြန်မြန်ပြောစမ်း။ ”
အဖိုးကြီးက ပြန်လည် အော်ဟစ်လိုက်၏။
“ ဟမ့် ... ငါသေလော်ကတဲ့ ဒဏ်ရာတွေရနေတာကို မင်းက မေးခွန်းပဲ အာရုံစိုက်နေတာလား ကိုယ်ချင်းစာတရား လုံးဝမရှိဘူး။ ”
“ ငါ မင်းကိုကယ်ဖို့ ရတနာနှစ်ပါး ဆုံးရှုံးခဲ့ရတယ် မင်းဒဏ်ရာရတာလောက်ကို ငါ ဂရုမစိုက်ဘူး။ ”
အဆုံးတွင် မီးတောက်လင်းယုန်သည် ပြန်လည်ငြင်းခုံခြင်း မပြုတော့ဘဲ သူမြင်သမျှကို ပြန်လည်ပြောပြလာသည်။
တတိယမျက်လုံးပွင့်လာချိန်၌ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုသည် သူ့ကို ဆွဲခေါ်သွား၏။
ယင်းသည် ပုံရိပ်ယောင် နယ်မြေဖြစ်ကာ အကန့်အသတ်မရှိ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းစီးဆင်းနေသော အချိန်မြစ်ကြီးထံ ခဏချင်းရောက်ရှိသွားသည်။
ထိုအချိန်မြစ်ကြီးပေါ်တွင် မီးငှက်ကိုစီးနင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေသည်။
သူမဘေးတွင် ကြယ်တာရာပေါင်း ဘီလီယံနှင့်ချီပြီး စီးမျောနေသောတိမ်တိုက်ကြီး ပေါ်တွင် အမျိုးသားတစ်ယောက်။
သူ့ဘေးတစ်ဖက်တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းရှိပြီး အလောင်းများနှင့် သွေးပင်လယ်ပေါ်ရပ်လျက် စကြာဝဠာကြီးကို လက်ထဲကိုင်ထားသော ဗုဒ္ဓတစ်ပါး။
တာအိုဝတ်ရုံဆင်မြန်းလျက် သစ်သားဓားတစ်လက်ပေါ် ထိုင်နေသော လူငယ်တစ်ယောက် စသည်တို့ဖြစ်၏။
ထိုပုံရိပ်များထက် ပို၍ကြောက်စရာ ကောင်းသည်မှာ အမှောင်ထဲတွင် ရပ်နေသော တစ်စု့တစ်ယောက်ဖြစ်၏။
ထိုသူကိုမူမျက်နှာ လုံးဝ မမြင်ရချေ။ စကြဝဠာကြီး၏ စည်းမျဉ်းများနှင့်ဖွဲ့စည်းသော နတ်ဘုရားအလင်းရောင်များက သူ့ကို လွှမ်းခြုံထားသည်။
ထိုပုံရိပ်ရှင်သည် သူ့ထံ လှမ်းကြည့်ကာ၊
“ မင်း ... တကယ် မသေသေးဘူးပဲ။ ”
-ဟု ပြောကြားလာ၏။
ထိုစကားကို ကြားသောအခါ စုရီနှင့် အဖိုးကြီးသည် အချင်းချင်းပြန်ကြည့်မိသည်။ အဖိုးကြီးက လေးနက်စွာဖြင့်၊
“ ငါ့ရဲ့ ယူဆချက် မှန်သွားပြီ ထိုက်ဝူတောင်ကြီး ပျောက်ကွယ်သွားတာက နတ်ဘုရားတွေရဲ့လက်ချက်ပဲ ဒါက မင်းကို ဖမ်းဖို့ထောင်ထားတဲ့ ထောင်ချောက်ပဲ ...
... မင်း တကယ် သေမသေကို သူတို့သိချင်နေတာ သေချာပေါက် မင်းမှာ နတ်ဘုရားဒေါသသင့်နေပြီ။ ”
-ဟု ပြောကြားလိုက်တော့သည်။
စုရီက တိတ်ဆိတ်သွား၏။ ဤသည်မှာ ဝမ်ယဲ့ဘဝကိုသာ ရည်ညွှန်းနေခြင်း မဟုတ်ချေ။ ယင်းသည် နောက်ထပ် အတိတ်ဘဝတစ်ခုကို ရည်ရွယ်နေပုံရ၏။
ရွှမ်ကြယ်စုတွင် မီကျန်းဟုခေါ်သော ဒီပင်္ကရာမြတ်ဗုဒ္ဓ၏ အစေခံတစ်ဦးနှင့် ဆုံဖူး၏။ ထိုစဉ်က မီကျန်းသည် အတိတ်ဘဝနှစ်ခုတွင် သူသည် နတ်ဘုရားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိခဲ့ရသည်။
ဘဝတစ်ခု၏တိုက်ပွဲမှာ အချိန်မြစ်တွင် ဖြစ်ပွားခဲ့ပြီး၊ နောက်ဘဝတစ်ခုမှာ ‘ကောင်းကင် ကြီးစိုးမှုနတ်ဘုရားနယ်မြေ’တွင် ဖြစ်၏။
နတ်ဘုရားများသည် သူ့ကို ဖိနှိပ်ခဲ့သော်လည်း အပြီးတိုင် မသတ်နိုင်ခဲ့ချေ။ ယင်းသည် သဘာဝအတိုင်း ငရဲဘုံကိုးပါးဓား၏ အကူအညီကြောင့်ဖြစ်သည်။
ထို့အတူ နတ်ဘုရားများသည် သူ ပြန်လည်ဝင်စားပြီး တစ်ဖန်ကျင့်ကြံနေသည်ကို သိရှိကြသဖြင့် လုံးဝဖျက်ဆီးပစ်ရန်အတွက် ကြိုးစားနေကြချေပြီ။
တာအိုစည်းမျဉ်းများကို အသုံးပြု၍ အင်မော်တယ်မြေတွင် ကပ်ဘေးကြီးတစ်ခုကို ဖန်တီးကာ နတ်ဘုရားလမ်းအပေါ် ဖြတ်တောက်ပစ်လိုက်၏။
သေမျိုးလောကနှင့် အင်မော်တယ်မြေကို ပိုင်းခြားပြီး ဝင်စားခြင်းစွမ်းအားအပေါ စူးစမ်းရန် နတ်ကျွန်များကို စေလွှတ်ခဲ့ကြသည်။
သို့သော် ထူးဆန်းနေသည်မှာ ထိုနတ်ဘုရားများ၏ လုပ်ဆောင်ချက်များ အားလုံးသည် သူ့လမ်းကို ပိတ်ဆို့ရန်မျှသာ ဖြစ်နေခဲ့ချေပြီ။
***