အခန်း ၁၂၂၁
Vol. 102 Ch. 1221
အခန်း ၁၂၂၁ -
လီနန်တု ... ။
တောင်ထိပ်ပေါ်တွင် မြင့်မားလှသော မျှော်စင်ကြီးတစ်ခုသည် တိမ်ပင်လယ်အတွင်း တိုးဝင်ပျောက်ကွယ်နေသည်။
“ တာအိုစု ... ဒီကျောက်ပြားပေါ်မှာ ရေးထားတဲ့နာမည်တွေက သမိုင်းတလျှောက် ချင်းယာမျှော်စင်(၁၂)ထပ်ကို အောင်နိုင်ခဲ့တဲ့ ပါရမီရှင်တွေရဲ့ နာမည်တွေပဲ။ ”
မန်ရှင်းကွမ်က တောင်ခြေရှိ ကျောက်ပြားတစ်ချပ်ထံ ညွှန်ပြလေသည်။
“ အဲဒီတုန်းက သူတို့က အမည်ခံ အင်မော်တယ်အဆင့်မှာပဲ ရှိကြသေးပေမယ့် မကြာခင်မှာပဲ သူရဲကောင်းကြီးတွေ ဖြစ်လာခဲ့ကြတယ် ...
... အများစုက အင်မော်တယ်ဘုရင်တွေ ဖြစ်ကုန်ပြီး ... သုံးယောက်ကတော့ ဒဏ္ဍာရီလာ အဓိပတိနယ်ပယ်ကိုတောင် ရောက်ရှိခဲ့ကြတယ်။ ”
သူက ပြောလျက်မှ ကျောက်ပြားပေါ်ရှိ အမည်သုံးခုကို လက်ညှိုးထိုးပြကာ ဂုဏ်ယူစွာ ဆိုလာလေသည်။
“ ဒီစီနီယာချင်ကျန်းက အနာဂါတ်မှာ တိမ်လွှာကောင်းကင်ဧကရာဇ်လို့ ကျော်ကြားပြီး ငါတို့ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဗဟိုအင်မော်တယ်ရုံးတော်ရဲ့ အဋ္ဌမမြောက် ဧကရာဇ် လက်အောက်မှာလည်း အမှုထမ်းခဲ့တယ် ...
... ဒါပေမယ့် နောက်ဆုံးမှာတော့ နဝမကောင်းကင်တံခါးအပြင်ဘက်မှာ နတ်ဆိုး မျိုးနွယ်တွေ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရတယ် ... ။ ”
တစ်ဆက်တည်းမှာပင် မန်ရှင်းကွမ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှု၊ လေးစားမှုများနှင့် အတူ ဝမ်းနည်းကြေကွဲမှုများ နက်ရှိုင်းစွာ ဝင်ရောက်လာတော့၏။
“ ငါ သူ့ကို သိတယ် ... ။ ”
စုရီက တိုးတိုးလေး ပြောသည်။
“ ဒါပေမယ့် သူ နဝမကောင်းကင်တံခါး အပြင်ဘက်မှာ သေဆုံးသွားလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ”
ထိုချင်ကျန်းသည် ချင်ယာအကယ်ဒမီမှ ဗဟိုအင်မော်တယ်ရုံးတော်တွင် အမှုထမ်းနေ ခဲ့သည့် အင်မော်တယ်ဘုရင် လေးပါးထဲမှ တစ်ပါးဖြစ်၏။
တစ်ဖက်လူ၏ တိုက်ပွဲဝင်စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သူ ဖြစ်သည်။
ထိုစဉ်က ဝမ်ယဲ့သည် အဓိပတိအဆင့်မှ နားလည်ခဲ့သော တာအိုအတွေးအမြင်အချို့ကို ချင်ကျန်းထံ လက်ဆောင်ပေးခဲ့၏။
ဤနည်းဖြင့် ချင်ကျန်းသည် အလွန်ကျေးဇူးတင်ကာ သူသာအဓိပတိအဆင့် ဝင်ရောက်နိုင်သော် နဝမကောင်းကင်တံခါးကို နှစ်ပေါင်းသုံးသောင်းကြာ စောင့်ကြပ်မည်ဟု ကတိပေးခဲ့ဖူးသည်။
ဝမ်ယဲ့သေဆုံးပြီးနောက် ချင်ကျန်းသည် အဓိပတိတစ်ယောက်ဖြစ်လာကာ ကတိအတိုင်း သေဆုံးသည်အထိ နဝမကောင်းကင်တံခါးကို စောင့်ကြပ်ပေးသွားခဲ့ပုံပေပင်။
ထို့နောက် မန်ရှင်းကွမ်မှကျန်ရှိနေသည့် အခြားအဓိပတိအဆင့် ပုဂ္ဂိုလ်နှစ်ဦးဖြင့်လည်း ဆက်လက်မိတ်ဆက်ပေး၏။
ဤနှစ်ဦးမှာမူ ဝမ်ယဲ့သေဆုံးပြီးနောက် ပေါ်ထွက်လာသူများဖြစ်သဖြင့် စုရီနှင့်ရင်းနှီးမှု မရှိခဲ့ချေ။ ထိုစဉ် စုရီသည် ကျောက်ပြားပေါ်ရှိ နာမည်တစ်ခုထံ အကြည့်များရောက်ရှိသွား၏။
“ လီနန်တု ... ။ ”
ဤအမည်ကို မြင်လိုက်ရသည်နှင့် စုရီ နှလုံးသားတုန်လှုပ်သွားပြီး အမှတ်တရများမှာ ဒီရေကဲ့သို့ တိုးဝှေ့ဝင်ရောက်လာတော့သည်။
ဝမ်ယဲ၏ ငယ်ဘဝသည် အလွန် ဝမ်းနည်းစရာကောင်းပြီး ကြေကွဲဖွယ်ပေပင်။ သူ့မိခင်ဝမ်ရီစုသည် ဆဋ္ဌမကောင်းကင်တံခါးမှ စစ်သူကြီးတစ်ဦးဖြစ်သည်။
သို့သော် တိုက်ပွဲတစ်ခုအတွင်း ကံမကောင်းစွာဖြင့် ဖမ်းဆီးခံခဲ့ရပြီး နတ်ဆိုးများ အတွက် ကာမဖျော်ဖြေရေးအရုပ်တစ်ရုပ်ဖြစ် သွားရသည်။
ဤနည်းဖြင့် ဝမ်ယဲ့ကို မွေးဖွားခဲ့ခြင်း ဖြစ်ချေ၏။ ခုနစ်နှစ်အကြာတွင် မိခင်ဖြစ်သူမှာ အရှက်ရမှုကြောင့် ဝမ်ယဲ့ကို ဆဋ္ဌမကောင်းကင် တံခါးသို့ ပို့ဆောင်ပြီး သတ်သေသွားခဲ့သည်။
ထိုအချိန်က ဝမ်ယဲ့သည် နတ်ဆိုးသွေးနှောသူအဖြစ် သတ်မှတ်ခံရကာ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည်။
မရေမတွက်နိုင်သော စော်ကားမှု၊ နှိပ်စက်မှုများနှင့် မုန်းတီးမှုများကို ခံစားရကာ အဆုံး၌ အသက်ဘေးနှင့် ရင်ဆိုင်ရ၏။
ထိုစဉ် ဆဋ္ဌမကောင်းကင်တံခါး၏ တပ်မှူးကြီးဖြစ်သော လီနန်တုမှသနားသဖြင့် အသက်ရှင်ခွင့်ပေးခဲ့သည်။
သည့်နောက်တင် ဝမ်ယဲ့သည် ဆဋ္ဌမကောင်းကင်တံခါးတွင် နေထိုင်ခွင့်ရကာ လီနန်တုနောက်သို့ လိုက်၍တိုက်ပွဲဝင်ခဲ့၏။
ဝမ်ယဲ့၏ ဘဝတွင် လီနန်တုသည် ဖခင်တစ်ဦးကဲ့သို့ပေပင်။ ယခု ချင်းယာမျှော်စင် (၁၂)ထပ်ကို စိန်ခေါ်ရန် ရောက်လာခြင်းမှာ လီနန်တု၏ တောင်းဆိုချက်ပေပင်။
***
ကျောက်ပြားပေါ်တွင် ထွင်းထုထားသော လီနန်တုအမည်ကို အချိန်တော်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် စုရီတစ်ယောက် မျက်နှာလွှဲလိုက်တော့သည်။
သည့်နောက် အချိန်ဆွဲမနေတော့ဘဲ ချင်းယာမျှော်စင်(၁၂)ထပ်ကို ဖြတ်ကျော်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
မန်ရှင်းကွမ်သည် ချင်းယာတောင်ထိပ်သို့ ဦးတည်သော တောင်လမ်းအတိုင်း တစ်ရွေ့ရွေ့ လျှောက်လှမ်းသွားသည့် စုရီ၏ ကျောပြင်ကို ငေးကြည့်လျက် ခဏမျှ စဉ်းစားပြီးနောက် လှည့်ထွက်သွားတော့သည်။
တစ်ဖက်တွင် စုရီသည် တောင်တက်လမ်းအတိုင်း တစ်ယောက်တည်း လျှောက်လှမ်းလျက် သူ့စိတ်အစဉ်တွင် ဝမ်ယဲ့၏ ငယ်ရွယ်စဉ် အချိန်များမြင်ယောင်လာ၏။
ထိုအတွေ့အကြုံများသည် ဝမ်ယဲ့၏ ဘဝတွင် မည်သည့်အခါမျှ ဖျောက်ဖျက်မရသည့် နက်ရှိုင်းသော နာကျင်မှု အမှတ်အသားများ ဖြစ်နေချေပြီ။
လီနန်တုသည် ဝမ်ယဲ့အတွက် ပထမဆုံးသောဆရာလည်း ဖြစ်၏။ အသက် ခုနစ်နှစ်အရွယ်မှစ၍ သူ့ကို လမ်းပြခဲ့သည်။
အရွယ်ရောက်လာသောအခါတွင် ချင်းယာအကယ်ဒမီ၌ အကြီးအကဲရာထူးရရှိကာ တာဝန်ထမ်းဆောင်ခဲ့၏။
လီနန်တုမှာမူ ‘ကောင်းကင်အောက်ရှိ လူသားအားလုံးကို အကျိုးပြုခြင်း’ ဟူသော လမ်းညွှန်ချက်အတိုင်း နှစ်ပေါင်း (၆၄,၀၀၀) တိုင်တိုင် နယ်စပ်တံခါးကို စောင့်ကြပ်သည်။
ဤအချိန်အတောအတွင်း သူသည် ဒဏ်ရာများစွာရရှိခဲ့ပြီး ရန်သူပေါင်းများစွာကို သုတ်သင်ကာ သေခြင်းတရားနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရ၏။
သို့သော် လီနန်တုသည် မည်သည့်အခါမျှ နောက်မဆုတ်ခဲ့ချေ။ မယိမ်းယိုင်သော စိတ်ဆန္ဒ ဉာဏ်ပညာနှင့် မြင့်မားသော ရည်မှန်းချက်များ ပိုင်ဆိုင်ထားလေသည်။
တစ်ဖက်တွင် ဝမ်ယဲသည် သူ့အသက်(၂၇)အရွယ်တွင် နတ်ဆိုးမျိုးနွယ်ထံ တစ်ယောက်တည်း ဝင်ရောက်ကာ ရက်ပေါင်း (၃၀)တိုင်သည့် သွေးချောင်းစီးသောတိုက်ပွဲကို ဆင်နွှဲခဲ့၏။
ဤနည်းဖြင့် လီနန်တု ဂုဏ်ယူနိုင်ရန် နတ်ဆိုးခေါင်းဆောင်များစွာ၏ ဦးခေါင်းကို သယ်ဆောင်လျက် ပြန်လာခဲ့သည်။
သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ သတင်းဆိုးကြီးတစ်ခုသာ ဖြစ်၏။ လီနန်တု၏ ဦးခေါင်းကို မြို့ရိုး၌ချိတ်ဆွဲပြီး ဦးလေးဖြစ်သူ ဝမ်ရွှမ်တျန်းမှာမူ အသက်ရှင်လျက် အရေခွံခွာ စွန့်ပစ်ထားခြင်းခံခဲ့ရသည်။
သူတို့နှင့်အတူ အခြားသော စစ်သည်တော်မှားမှား အပိုင်းပိုင်း လှီးဖြတ်ခြင်း ခံရကာ အလောင်များ တောင်လိုပုံနေ၏။
ထိုသို့ရက်စက်လှသော သတ်ဖြတ်မှုကို ကျူးလွန်သူမှာ သူ့ဖခင်နတ်ဆိုးမျိုးရိုးဧကရာဇ် ဖြစ်လေသည်။ အဆိုပါမြင်ကွင်းသည် ဝမ်ယဲ့ကို လုံးဝအသိစိတ်ပျောက်ကာ ရူးသွပ်သွားစေခဲ့၏။
အတွေးများဖြင့် ချင်းယာမျှော်စင်ထံ ရောက်ရှိလာ၏။ ထို့နောက် ပထမထပ်ဆီသို့ ဝင်ရောက်လိုက်ရာတွင် စုတ်တံတစ်ချောင်းနှင့် စားပွဲတစ်လုံးကို မြင်လိုက်ရသည်။
တုန့်ဆိုင်းခြင်းမရှိ စားပွဲပေါ်ရှိ စုတ်တံကို ကောက်ကိုင်ပြီး နံရံ၌စာကြောင်းတစ်ကြောင်း ချရေးလိုက်သည်။
ရေးသားနေစဉ်အတွင်း တာအိုပန်းများ နံရံပေါ်၌ပွင့်လန်းလာသည်။ ချင်းယာမျှော်စင် (၁၂)ထပ်လုံးကို အောင်မြင်ပြီး ခေါင်းလောင်းသံ (၁၂)ကြိမ် မြည်ဟည်းစေရန်အတွက် ပထမဆုံး အထပ်တွင် အမြင့်ဆုံးရမှတ်လိုအပ်ချေပြီ။
အဆုံးတွင် တာအိုပန်း (၁၂)ပွင့် ပြသပြီးနောက် ရေတံခွန်ကဲ့သို့ အလင်းမှုန်များ ကောင်းကင်မှကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာလေသည်။
ရလာဒ်အနေဖြင့် ကျင့်ကြံမှုမှာ အနည်းငယ်အာဟာရ ဖြည့်တင်းပေးခြင်း ခံလိုက်ရလေသည်။
နံရံထက်ကို ပြန်ကြည့်လိုက်သောအခါ ရွှေရောင်ဝါကျတိုသည် ထင်ရှားစွာလင်းလက် စွဲထင်နေတော့၏။
“ တပည့်တစ်ယောက်သည် သူ့ဆရာသခင်ထက် မြင့်မားသောစွမ်းရည် ပိုင်ဆိုင်ရပေမည်။ ”
ဤသည်မှာ လီနန်တုတစ်ယောက် ဝမ်ယဲ့အပေါ် ထားရှိခဲ့သော မျှော်လင့်ချက် တစ်ခုလည်း ဖြစ်၏။ ထို့နောက် စုတ်တံကို ပြန်ချကာ တုန့်ဆိုင်းခြင်းမရှိ နောက်တစ်ဆင့်သို့ ဦးတည်လိုက်တော့သည်။
***
ထိုည တောင်တန်းများကြားရှိ မြင့်မားလှသော တိုက်ပွဲစင်မြင့်ကြီးပေါ်တွင် တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်၏။
“ ဝှစ် ... ။ ”
“ ဘန်း ... ။ ”
တာအိုအလင်းများ ကောင်းကင်သို့ ဖြာတက်နေခဲ့ပြီး နင်းဝေရုသည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ကာ ဆယ့်သုံးယောက်မြောက် ပြိုင်ဘက်ကို ရိုက်ချနိုင်ခဲ့သည်။
ထို့နောက် လူအုပ်အတွင်း လှည့်ပတ်ကြည့်ကာ၊
“ ဘယ်သူရှိသေးလဲ ... ။ ”
-ဟု စိန်ခေါ်လိုက်တော့၏။
သူမ၏အသံသည် ကောင်းကင်နှင့် မြေကြီးကြားပဲ့တင်ထပ်နေကာ အကယ်ဒမီရှိ လူအများ၏မျက်နှာမှာ ဝမ်းနည်းပူဆွေးနေ၏။
ဤနင်းဝေရုသည် လွန်စွာ အစွမ်းထက်လွန်းလှသည်။ အလယ်အလတ် အဆင့် သူတော်စင်အင်မော်တယ်တစ်ပါးသာ ဖြစ်သော်လည်း ပါရမီမှာ အံ့မခန်းပေပင်။
အကယ်ဒမီရှိ မျိုးဆက်ဟောင်း အကြီးအကဲများသည်ပင် သူမလက်အောက်တွင် ကြာကြာမခံနိုင်ခဲ့ချေ။ အကယ်ဒမီအတွက် ပထမဆုံးသော အကူအညီမဲ့မှုမျိုးပေပင်။
အလွန်ပင် ရှက်စရာကောင်း၏။ အခြားတစ်ဖက်တွင်မူ စုန့်လူအကယ်ဒမီအဖွဲ့ဝင် များစွာတို့သည် အပြုံးကိုယ်စီရှိနေကြသည်။
သူတို့၏ အကြီးအကဲသည် (၂၃)ပွဲ ဆက်တိုက်ပင်အနိုင်ရရှိထားပြီး ပြိုင်ဘက်များ အပေါ် ချိုးနှိမ်ထားခဲ့သည်။
မန်ရှင်းကွမ်သည်လည်း ထိုနေရာတွင် ရှိနေ၏။ သူသည် စုရီကို ချင်းယာတောင်ထိပ်သို့ ပို့ဆောင်ပေးပြီးသည်နှင့် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
သူရောက်ရှိချိန်တွင် အကယ်ဒမီမှ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်နေရသည်ကိုသာ ရပ်ကြည့်နေရသည်။
ဤအချိန်တွင် သူ့စိတ်နှလုံးသည် လုံးဝလေးလံနေ၏။ အကယ်ဒမီအနေဖြင့် အုပ်စိုးရှင်ရတနာတစ်ပါးကို လွှဲပြောင်း ပေးအပ်ရပေတော့မည်။
ထိုစဉ် စုန့်လူအကယ်ဒမီဘက်မှ အဖြူရောင်ဝတ်စုံဝတ် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ရှေ့သို့လှမ်းတက်လာပြီး၊
“ ချင်းယာအကယ်ဒမီက မိတ်ဆွေတို့... ငါ့အမြင်အရတော့ ဒီတိုက်ပွဲကို ဒီမှာရပ်သင့်ပြီ မင်းတို့ ဆက်ပြီးတိုက်ခိုက်နေရင် အကယ်ဒမီ နှစ်ခုကြားက ထိခိုက်ရုံပဲ ရှိလိမ့်မယ် ...
... အမြန်ဆုံး ရှုံးနိမ့်မှုကို ဝန်ခံပြီး အုပ်စိုးရှင်ရတနာပေတံကိုသာ ငါတို့ဆီ လွှဲအပ် ပေးလိုက်ပါ။ ”
-ဟု ပြောကြားလာ၏။
ဤစကားကြောင့် ချင်းယာအကယ်ဒမီမှ အကြီးအကဲများမှာ မျက်နှာများမှာ ပိုမို ညှိုးငယ် သွားကြတော့သည်။
“ ဟမ့် ... ဒီနေ့ တိုက်ပွဲကို ရပ်နားမယ် တာအိုနင်းက တစ်ချိန်လုံးအနားမယူဘဲ တိုက်ပွဲ ဝင်ထားတာမို့ ငါတို့ချင်းယာအကယ်ဒမီအနေနဲ့ အခွင့်ကောင်းမယူဘူး။ ”
“ ဟားဟားဟား ကောင်းပြီ ... ကောင်းပြီ ဒီစိန်ခေါ်မှုဟာ နှစ်ရက်တိုင်အောင်အချိန်ရတာမို့ ငါတို့ အလျင်မလိုပါဘူး။ ”
ချင်းယာအကယ်ဒမီသည် ရှုံးနိမ့်မှုကို ဝန်မခံလိုသေးကြောင်း နားလည်လိုက်သဖြင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှ ပြုံးလျက် ဆုတ်ခွာသွားလေသည်။
ထိုမြင်ကွင်းကြောင့် နင်းဝေရုက အေးစက်လာပြီး၊
“ ရှုံးနိမ့်မှုကို ဝန်မခံချင်သေးဘူးလား ... ကောင်းပြီ မနက်ဖြန်နေထွက်တာနဲ့ မင်းအားလုံး ဝန်ခံလာတဲ့အထိ ငါရိုက်နှက်ပြမယ်။ ”
-ဟု ပြောကြားကာ စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်တော့သည်။
မာနထောင်လွှားကာ ယုံကြည်မှု အပြည့်ရှိနေသော ဤကြောငြာချက်ကြောင့် ချင်းယာအကယ်ဒမီမှ အကြီးအကဲများမှာ ဒေါသထွက်ကုန်ကြသည်။
သို့သော် သူတို့အတွက် သည်းခံရုံမှတပါး အခြားမရှိချေ။ ထိုအချိန်တွင်ကောင်းကင်သည် ရုတ်တရက် ဆန်းကြယ်လှသောအလင်းများ တောက်ပလျက် တာအိုခေါင်းလောင်းသံများ မြည်ဟည်းလာခဲ့သည်။
“ အဲဒါ ဘာလဲ ... ။ ”
လူတိုင်း အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ကြသည်။ နင်းဝေရုနှင့် အဖွဲ့မှာ ရှုပ်ထွေးသော အမူအရာများ ပြသလာ၏။
“ ဒါက တကယ်ပဲလား ... ။ ”
မန်ရှင်းကွမ်တစ်ယောက် ချင်းယာတောင်ထိပ်ထံ ချက်ချင်းမော့ကြည့်ကာ မင်သပ်သွားတော့၏။ တာအိုစုတစ်ယောက် ပြီးမြောက်သွားသည်လော။
ချင်းယာအကယ်ဒမီမှ အကြီးအကဲများအားသည် ထိတ်လန့်တကြား ကောင်းကင်ပေါ်မော့ကြည့်ကာ အသက်မဲ့ကုန်ကြတော့၏။
ဤညဉ့်နက်သန်းခေါင်အချိန်တွင် ချင်းယာအကယ်ဒမီ၏ မျှော်စင်(၁၂)ထပ်အပေါ် တစ်စုံတစ်ဦးသည် အောင်မြင်စွာ ကျော်ဖြတ်နိုင် သည်လော။ ထိုသူသည်ကား မည်သူနည်း။
“ မြန်မြန် ... အဲဒီတပည့် ဘယ်သူလဲ သွားကြည့်ပါ။ ”
***