← Chapters

အခန်း ၁၂၂၂

Vol. 102 Ch. 1222

အခန်း ၁၂၂၂

Vol. 102 Ch. 1222

အခန်း ၁၂၂၂ -

ရဲဝင့်စွာလုယူခြင်း ... ။

“ ဒေါင် ... ဒေါင် ... ဒေါင် ... ။ ”

လူတိုင်းတိတ်ဆိတ်လျက် တာအိုခေါင်းသံများကို လိုက်ပါရေတွက်နေခဲ့၏။ မျှော်လင့်ထားသည့်အတိုင်း ခေါင်းလောင်းသံမှာ (၁၂)ကြိမ်မြည်ဟည်းလျက် ပဲ့တင်ထပ် ကျန်ရစ်လာတော့သည်။

“ အကြီးအကဲတို့ ... ချင်းယာမျှော်စင်(၁၂)ထပ်ကို ကျော်ဖြတ်ခဲ့တာ တခြားသူမဟုတ်ပါဘူး တာအိုစုပါပဲ။ ”

ခေါင်းလောင်းသံဆုံးသည်နှင့် မန်ရှင်းကွမ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ချင်းယာအကယ်ဒမီမှ အကြီးအကဲများမှာ တစ်စုံတစ်ရာကို ချက်ချင်း သတိရသွားကြတော့၏။

“ ဒါဆို စုရီပေါ့ ... ။ ”

လွန်ခဲ့သည့် ရက်အနည်းငယ်က တန်မျိုးနွယ်၏ အကြီးအကဲတန်လင်းချီနှင့် မျိုးနွယ်စုခေါင်းဆောင်သမီး တန်ပေါင်အာတို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် ‘စုရီ’အမည်ရသည့် လူငယ်တစ်ဦးမှ ချင်းယာမျှော်စင်(၁၂)ထပ်ကို စိန်ခေါ်လိုကြောင်း သတင်းပေးခဲ့၏။

“ ဒါပေမယ့် ... ငါသာမမှားရင် အဲဒီလူငယ်လေးက ရောက်လာတာ တစ်နာရီပဲ ရှိသေးတယ် မဟုတ်လား ဘယ်လိုလုပ် မျှော်စင် (၁၂)ထပ်လုံးကို အောင်နိုင်ရတာလဲ။ ”

အကြီးအကဲတစ်ဦးသည် အံ့ဩမှင်သပ်လွန်းသဖြင့် မယုံကြည်နိုင်ဖြစ်နေ တော့၏။ သို့တိုင် လူတိုင်း နှလုံးသားများ တဒိတ်ဒိတ်ခုန်လာချေပြီ။

ဤသည်မှာ အမှန်ဖြစ်သော် ချင်းယာမျှော်စင်(၁၂)ထပ်ကို တစ်နာရီအတွင်း ဖြတ်ကျော်နိုင်သူသည် သေချာပေါက်ပင် ဘီလူးတစ်ကောင်ဖြစ်ချေ၏။

အဘယ့်ကြောင့်ဆိုသော် ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ချင်းယာမျှော်စင် (၁၂)ထပ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည့် ပုဂ္ဂိုလ်(၆၃)ဦးသာ ရှိခဲ့ဖူးသည်။

သို့သော် သူတို့အားလုံးသည် (၃)ရက်မှသည် အများဆုံး(၁၀)ရက်အထိအချိန်ယူကာ ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရခြင်းဖြစ်၏။

“ သွားကြည့်ရအောင် ... ။ ”

ချင်းယာအကယ်ဒမီ အကြီးအကဲများက သည်းမခံနိုင်တော့ဘဲ တောင်ထိပ်ပေါ်သို့ပျံသန်း သွားကြတော့သည်။

နင်ဝေရုအပါအဝင် စုန့်လူအကယ်ဒမီမှ ပုဂ္ဂိုလ်များသည်လည်း တုန်လှုပ်သွားကြရပြီး အချင်းချင်း ပြန်ကြည့်မိကုန်၏။

ယနေ့တွင် ချင်းယာမျှော်စင်(၁၂)ထပ်ကို တစ်စုံတစ်ဦးမှ အောင်နိုင်ကာ အံ့ဖွယ်ဒဏ္ဍာရီ တစ်ခုကို ဖန်တီးလိုက်ချေပြီ။ ထို့ကြောင့် သူတို့သည်လည်း စိတ်ဝင်စားလာ၏။

“ သွားကြည့်ရကြမလား ... ။ ”

“ သေချာပေါက် သွားကြည့်ရအောင်။ ”

အဆုံး၌ နင်ဝေရုက လေထဲလှမ်းတက်ကာ ချင်းယာအကယ်ဒမီ အကြီးအကဲများနောက်သို့ လျင်မြန်စွာ လိုက်ပါသွားလေသည်။

“ ဝှစ် ... ။ ”

သည့်နောက်တွင် စုန့်လူအကယ်ဒမီမှ အခြားလူများသည်လည်း လေထုအလယ် ချက်ချင်း ပျံတက်လာကြတော့၏။

ဓမ္မအဆုံးခေတ်ပြီးနောက် အင်မော်တယ် နယ်မြေ၏ နံပါတ်တစ် စာပေအကယ်ဒမီသည် ချင်းယာအကယ်ဒမီဟူသော အမည်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

ဤနှစ်များအတွင်း စုန့်လူအကယ်ဒမီမှာ လျင်မြန်စွာဖြင့် နေရာယူလာပြီဖြစ်၏။ ယနေ့ နင်ဝေရု၏ လုပ်ရပ်များသည် သက်သေပေပင်။

ချင်းယာအကယ်ဒမီ၏ ဒဏ္ဍာရီလာ အုပ်စိုးရှင်ရတနာတစ်ပါးကိုပင် လာရောက် တောင်းဆိုဝံ့ချေ၏။

ဤသို့သော အခြေအနေမျိုးတွင် ချင်းယာအကယ်ဒမီမှ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ပေါ်ထွက်လာသည့်အပေါ် ရပ်ကြည့် မနေနိုင်သည်မှာ သဘာဝပေပင်။

ယင်းသည် စုန့်လူအကယ်ဒမီအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်၏။ တစ်ချိန်က ချင်းယာမျှော်စင်ကို အောင်မြင်နိုင်ခဲ့ဖူးသည့် ထိုပုဂ္ဂိုလ်ကြီး(၆၃)ဦးမှာ အင်မော်တယ်မြေတွင် တောက်ပခဲ့ဖူးသည့် သာဓကများရှိနေချေပြီ။

“ ဒီမျှော်စင်(၁၂)ထပ်အပေါ် အောင်နိုင်လိုက်တာက ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ...

... တကယ် ရောက်ရှိ သွားစေတာပဲ ဗလာနယ်ပယ်ကို တက်လှမ်းဖို့ သင့်လျော်တဲ့ အခွင့်အရေးကိုစောင့်ဖို့ပဲ လိုတော့တယ်။ ”

တစ်ဖက်တွင် စုရီသည် ကျေနပ်သော အပြုံးဖြင့် ရေရွတ်လိုက်တော့၏။ ဤတစ်ကြိမ် စိန်ခေါ်မှုတွင် အလွန်ရှားပါးလှသော တာအို အနှစ်သာရအမြောက်အမြားကို ရရှိခဲ့သည်။

“ ဝူး ... ။ ”

ထိုစဉ် ကောင်းကင်မှ လူရိပ်တစ်ရိပ် သူ့ရှေ့သို့ကျဆင်းလာ၏။ ဤသည်မှာ ချင်းယာ အကယ်ဒမီ၏ အင်‌မော်တယ်ဘုရင် ကျောက်ယွမ်ဖန်းပေပင်။

“ မိတ်ဆွေလေး ဒီအဖိုးကြီး အမည်က ကျောက်ယွမ်ဖန်းပါ မင်းရဲ့နာမည်နဲ့ ဆရာသခင် အမည်ကို မေးမြန်းခွင့်ပြုပါ။ ”

ကျောက်ယွမ်ဖန်းက တိုက်ရိုက် မိတ်ဆက်လာချေပြီ။ များမကြာခင် အခြားသော လူအိုကြီးများသည်လည်း ရောက်ရှိလာခဲ့ပြီး မျက်နှာတွင် အပြုံးများဖြင့် စုရီကို အရိုအသေ ပေးလာတော့သည်။

“ ငါ့နာမည် စုရီ ... ဂိုဏ်းမရှိ၊ မိသားစုမရှိ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲ။ ”

စုရီက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ ဒါက ... ။ ”

သူ့အဖြေစကားကို ကြားသောအခါ အဖိုးကြီးများအားလုံး ထိတ်လန့်သွားပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားကုန်၏။

“ ဂိုဏ်းမရှိ၊ မိသားစုမရှိ၊ ဆရာမရှိလား ဟားဟားဟား။ ”

ကျောက်ယွမ်ဖန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး၊

“ မိတ်ဆွေလေး ... မင်းမှာ တကယ့်ကို အရည်အချင်းရှိတယ် ဓမ္မအဆုံးခေတ်ပြီးချိန်မှာ ချင်းယာမျှော်စင်(၁၂)ထပ်လုံးကို အောင်နိုင်ခဲ့တဲ့ လူတစ်ယောက်က တကယ်ပဲ လေးစားစရာ ...

... ကောင်းလွန်းပါတယ် ... ဒါကြောင့် မင်းသာဆန္ဒရှိရင် ငါတို့ရဲ့ချင်းယာအကယ်ဒမီက ကြိုဆိုနေပါတယ်။ ”

“ မှန်ပါတယ် ... မင်းသာ သဘောတူရင် ချင်းယာအကယ်ဒမီမှာ ကျင့်ကြံနေနိုင်ပါတယ် မင်းအတွက် လိုအပ်တဲ့ အရင်းအမြစ် မှန်သမျှကို ငါတို့ အစွမ်းကုန် ဖြည့်ဆည်းပေးပါမယ်။ ”

“ ထောက်ခံတယ် ... ငါတို့ အစွမ်းကုန် ပံ့ပိုးပေးမှာပါ ချင်းယာအကယ်ဒမီအပေါ် လုံးဝ စိတ်မပျက်စေရပါဘူး။ ”

အခြားသော အဘိုးကြီးများကလည်း ရက်ရောလွန်းလှသော အခြေအနေများစွာဖြင့် ချက်ချင်း ကမ်းလှမ်းလာ၏။

“ ဝှစ် ... ။ ”

ထိုစဉ် မန်ရှင်းကွမ်နှင့်အတူ ချင်းယာအကယ်ဒမီ၏ အဆင့်မြင့်အရာရှိများ ရောက်ရှိလာကြတော့သည်။

“ ဘိုးဘေးတို့ ... မဟာအကြီးအကဲတို့။ ”

သူတို့အားလုံးသည် မြင်ကွင်းထဲမှ နှစ်ပေါင်းများစွာတိုင် ပျောက်ကွယ်နေသည့် အဖိုးကြီးများစုရုံးနေသည့် မြင်ကွင်းကြောင့် မှင်သပ်ကုန်ကြသည်။

သို့တိုင် အဖိုးကြီးများသည် သူတို့ကို လုံးဝလျစ်လျူရှုလျက် မျှော်လျင့်ချက်ကြီးစွာနှင့် စုရီထံစိုက်ကြည့်နေတော့၏။

ထို့ကြောင့် နင်ဝေရုသည် ရဲရင့်သောအသွင်ဖြင့် ချက်ချင်းရှေ့သို့ချက်ချင်း လှမ်းတက်လိုက်ကာ၊

“ မိတ်ဆွေလေး ... မင်းသာ ငါ့ရဲ့ စုန့်လူအကယ်ဒမီကို ဝင်ရောက်နိုင်မယ်ဆိုရင် သန့်ရှင်းသောသားတော် ရာထူးပေးအပ်ဖို့ ငါ အာမခံနိုင်ပါတယ်။ ”

-ဟု ပြတ်သားစွာ ကမ်းလှမ်း လိုက်တော့သည်။

လူတိုင်း မျက်လုံးပြူးကုန်၏။ အဖိုးကြီးများမှာ ဒေါသတကြီးဖြင့် နင်ဝေရုထံ လှည့်ကြည့်လိုက်ကြသည်။

ဤမိန်းကလေးသည် ရဲရင့်လွန်း၏။ သူတို့ကဲ့သို့အဖိုးကြီးများကိုပင် လျစ်လျူရှုကာ တပည့်စုဆောင်းဝံ့ချေပြီ။

အထူးသဖြင့် သူတို့အကယ်ဒမီ၏ ချင်းယာမျှော်စင်(၁၂)ထပ်ကို အောင်မြင်သော လူငယ်တစ်ယောက်အပေါ် ပြောင်ပြောင် တင်းတင်း ဖြားယောင်းနေ၏။

နင်ဝေရုက အဖိုးကြီးများ၏ ဒေါသကိုဂရုမစိုက်ဘဲ၊

“ ပြီးတော့ ... စုန့်လူအကယ်ဒမီရဲ့ အင်‌မော်တယ်ဘုရင် (၁၆)ယောက်က မင်းရဲ့ ကျင့်ကြံမှုကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန် ပေးနိုင်ပါတယ် ...

.... အကယ်ဒမီရဲ့ ရှေးဟောင်း တာအိုကျမ်းစာတွေနဲ့ ကျင့်ကြံမှုအရင်းအမြစ် အားလုံးကိုလည်း မင်းအတွက် ဘယ်လို ကန့်သတ်ချက်မှမရှိဘဲ လွတ်လပ်စွာ ဖွင့်လှစ်ပေးထားနိုင်ပါတယ်။ ”

- ဟု ထပ်မံ ကမ်းလှမ်းလိုက်၏။

“ ရဲဝံ့တယ် ... ။ ”

ဤတစ်ကြိမ်တွင် အဖိုးကြီးများ ခေါင်းဆောင်ဖြစ်သော ကျောက်ယွမ်ဖန်းလျှင် မျက်နှာပျက်ယွင်းသွားကာ၊

“ ငါတို့ရဲ့ နယ်မြေထဲမှာ ငါတို့ရှေ့ကနေ ပါရမီရှင်ကို ပေါ်ပေါ်တင်တင် လုယူဝံတာလား စုန့်လူအကယ်ဒမီရဲ့ ဂျူနီယာတွေက အရမ်းကို အတင့်ရဲလွန်းပြီ။ ”

-ဟု မှတ်ချက်ပေးတော့၏။

ရုတ်တရက် လေထုမှာ အေးစက်တင်းမာသွားချေပြီ။ ထိုစဉ် အဖြူရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားမှ ရယ်မောလျက် လှမ်းထွက်လာပြီး၊

“ ဟားဟားဟား ... အကြီးအကဲတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ လက်ရှိမှာ စုန့်လူအကယ်ဒမီဟာ စာပေတာအိုအတွက် အကောင်းဆုံးသော အကယ်ဒမီဆိုတာ လူကြီးမင်းတို့ လက်ခံသင့်နေပါပြီ ...

... ပြီးတော့ ဒီလိုပြိုင်ဘက်ကင်း ပါရမီရှင်တစ်ပါးက ငါတို့ရဲ့အကယ်ဒမီကြီးမှာပဲ ပေါက်ဖွားရှင်သန်နိုင်တဲ့ အခွင့်အရေးမျိုး မပြည့်ရှိနေပါတယ်။ ”

သူ့စကားများသည် ယဉ်ကျေး သိမ်မွေ့သော်လည်း ချင်းယာအကယ်ဒမီအပေါ် လှောင်ပြောင်ရှုံချမှုများ ပါရှိနေသည်။

ယင်းကြောင့် ချင်းယာအကယ်ဒမီမှ လူတိုင်း၏မျက်နှာများ ချက်ချင်းပျက်ယွင်းပြီး ဒေါသမီးများ တောက်လောင်လာ၏။

သို့တိုင် သူတို့ စကားမဆိုဝံ့သေးချေ။ နင်ဝေရုက လူတိုင်းအပေါ်လျစ်လျူရှုလိုက်ကာ ထပ်လောင်း ကမ်းလှမ်းလာ၏။

“ တကယ်တော့ ချင်းယာအကယ်ဒမီ ပေးနိုင်တာတွေထက် သာလွန်တဲ့အရာကို ငါ့ရဲ့ စုန့်လူအကယ်ဒမီက ပေးနိုင်ပါတယ်။ ”

ယနေ့တွင် စုန့်လူအကယ်ဒမီသည် ချင်းယာအကယ်ဒမီ၏ အုပ်စိုးရှင်ရတနာအပေါ် လုယူခြင်းဖြင့် စော်ကားခဲ့ပြီးဖြစ်၏။

စုရီကိုပါ ထပ်မံ လုယူရန် ကြိုးစားနေခြင်းသည် လုံးဝသည်းမခံနိုင်စရာ ပေပင်။ ယင်းကြောင့် လေထုသည်တိုက်ပွဲကြီး ဖြစ်ပွားမည့်အသွင် ဦးတည်လာတော့၏။

ပဋိပက္ခတစ်ခု မလွဲမသွေ ဖြစ်ပွားတော့မည်ကိုမြင်သောအခါ စုရီမှနဖူးထံ အသာအယာနှိပ်နယ်ကာ၊

“ မင်းတို့တွေ အချင်းချင်း အငြင်းပွားမနေကြဘဲ ... ငါ အရင်ပြောမယ့် စကားကို နားထောင်ကြည့်ချင်လား။ ”

-ဟု မေးလိုက်သည်။

လူတိုင်း တိတ်ဆိတ်ကုန်ပြီး စုရီထံ ငံ့လင့်သောအကြည့်များဖြင့် လှည့်ကြည့်လိုက် ကြတော့၏။

“ ကျေးဇူးပြုပြီး ပြောပါ မိတ်ဆွေလေး။ ”

ကျောက်ယွမ်ဖန်းနှင့် ချင်းယာအကယ်ဒမီမှ အဖိုးကြီးများသည် အံကြိတ်လျက် စုရီအပေါ်သို့ အာရုံပြန်စိုက်လာသည်။

သူတို့အနေဖြင့် စုန့်လူအကယ်ဒမီ၏ ကမ်းလှမ်းချက်များနောက်သို့ ပါသွားမည်ကို စိုးရိမ်နေဆဲပေပင်။

တစ်ဖက်တွင် နင်ဝေရုသည်လည်း မြေခွေးအိုကြီးများ၏ ငြိမ်သက်နေခြင်းမရှိသော ခံစားချက်များကို မြင်သည့်အလား လှောင်ပြုံးများဖြင့်၊

“ မိတ်ဆွေလေး ... ဒါက မင်းရဲ့အနာဂတ်အတွက်ဖြစ်တာမို့ ပညာရှိတဲ့ ရွေးချယ်မှုမျိုးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters