← Chapters

အခန်း ၁၂၂၃

Vol. 102 Ch. 1223

အခန်း ၁၂၂၃

Vol. 102 Ch. 1223

အခန်း ၁၂၂၃ -

လက်သီးသုံးချက် ... ။

ရုတ်တရက် ပြောင်းလဲသွားသော ချင်းယာအကယ်ဒမီမှ အကြီးအကဲများစွာ၏ အမူအရာများကြောင့် စုန့်လူအကယ်ဒမီသည် လှောင်ပြုံးဖြင့် စောင့်မျှော်နေချေပြီ။

ယနေ့ စုန့်လူအကယ်ဒမီကို မည်သူသည် ယှဉ်ပြိုင်ဝံ့သနည်း။ အုပ်စိုးရှင်ရတနာတစ်ပါးကို တောင်ယူနေသည့်အပေါ်ပင် လက်ပိုက်ကြည့် နေရသည်မဟုတ်လော။

ယခု ဤစုရီ ဟူသော ပါရမီရှင်ကိုလည်း ထိုအဖိုးကြီးများ မျက်စိအောက်မှ လုယူနိုင်သော် အမှန်ပင် ပျော်ရွှင်စရာကောင်းပေမည်။

“ ငါက လွတ်လပ်မှုကိုမြတ်နိုးတဲ့ လေလွင့်ကျင့်ကြံသူပဲ ဒီဘဝမှာ ငါဘယ်ဂိုဏ်း၊ ဘယ်အကယ်ဒမီကိုမှ ဝင်ဖို့ စိတ်ကူးမရှိဘူး။ ”

ထိုစဉ် စုရီသည် မည်သူမျှ မထင်မှတ်ထားသောစကားကို ပြောကြားလိုက် လေသည်။

“ မိတ်ဆွေလေး ... စုန့်လူအကယ်ဒမီက ကမ်းလှမ်းတဲ့ အခြေအနေတွေက မလုံလောက် သေးလို့လား ... တခြားဘာတောင်းဆိုချက်ပဲရှိရှိ ပြောပြလို့ရပါတယ် ငါတို့အကယ်ဒမီအနေနဲ့ မင်းကျေနပ်အောင် ဖြည့်ဆည်းပေးမယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက လက်မလျော့သေးဘဲ ထပ်မံကမ်းလှမ်းလာ၏။ စုရီမှ ခေါင်းရမ်းလျက်၊

“ ငါ ပြောစရာရှိတာ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ... အခုငါ့ရှေ့မှာ မြင့်မြတ်သူတစ်ပါး ဖြစ်လာနိုင်တဲ့ အခွင့်အရေးမျိုးနဲ့ ကမ်းလှမ်း နေရင်တောင် စိတ်မဝင်စားဘူး။ ”

-ဟု ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

ထိုအခါ နင်းဝေရုနှင့် အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားသည် မျက်ခုံး ပင့်လိုက်မိတော့၏။

“ ဟားဟားဟား ... ။ ”

ကျောက်ယွင်ဖန်းက ချက်ချင်းပင် လေထုကိုပြောင်းလဲစေရန် ရယ်မောလိုက်ပြီး၊

“ လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ လမ်းစဉ်ရှိကြတာပဲ ချင်းယာအကယ်ဒမီက မင်းကို အတင်းအကျပ်မလုပ်ပါဘူး ဒါပေမယ့် မိတ်ဆွေလေးက ချင်းယာမျှော်စင်(၁၂)ထပ်ကို အောင်မြင်ခဲ့တာမို့ ငါတို့အကယ်ဒမီက လက်ဆောင်တစ်ခုပေးပါရ‌စေ”

-ဟု ပြောကြားလာ၏။

“ ဟုတ်ပါတယ် ... မိတ်ဆွေလေး လက်ခံပေးပါ။ ”

အခြားသော အဖိုးကြီးများသည်လည်း ချက်ချင်းထောက်ခံလာသည်။ သို့သော်လည်း စုရီမှ လက်ဝှေ့ယမ်းကာ ငြင်းပယ်လိုက်၏။

“ ဒီလိုလက်ဆောင်တွေ မလိုအပ်ဘူး ဒီအကြောင်းပြောရမယ်ဆိုရင် ငါ့မှာ ချင်းယာ အကယ်ဒမီနဲ့ နက်နဲတဲ့ကံကြမ္မာရှိတယ် ဒီနေ့ ချင်းယာမျှော်စင်ကို စမ်းသပ်ခွင့်ပေးခဲ့တာနဲ့တင် မင်းတို့ရဲ့ကြင်နာမှုကို နားလည်ပါတယ်။ ”

ထို့နောက် စကားပြောလျက်ဖြင့် နင်ဝေရုနှင့်စုန့်လူအကယ်ဒမီထံ လှည့်ကြည့်ကာ အေးစက်စွာ သတိပေးလိုက်၏။

“ ငါဒီမှာ ရှိနေသရွေ့ ... မင်းတို့တွေ ဟောင်ရန်အုပ်စိုးရှင်ရတနာကို ယူဆောင်ခွင့် မရှိနိုင်ဘူး မင်းတို့လက်လျော့လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ”

“ မင်း ... ။ ”

လူတိုင်း ဆွံ့အအံ့အားသင့်သွားကြ၏။ စုရီကဲ့သို့ အပြင်လူတစ်ယောက်သည် ချင်းယာ အကယ်ဒမီနှင့် စုန့်လူအကယ်ဒမီတို့ကြားရှိ အငြင်းပွားမှုကို လက်ဝင်လျှိုလာချေပြီ။

ယင်းသည် မည်မျှ မိုက်မဲပြီး မောက်မာလွန်းကြောင်း မြင်သာနေတော့၏။ နင်ဝေရုက မျက်မှောင်ကြုတ်လျက်၊

“ မိတ်ဆွေလေး ... မင်းကို ငါတို့က ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် လေးစားလို့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့တာ ဒါပေမယ့် မင်းရဲ့ အခုလို ရိုင်းစိုင်းတဲ့ စကားက အတိုင်းအတာထက်လွန်နေပြီမဟုတ်လား။ ”

-ဟု တုန့်ပြန်လာ၏။

“ ချင်းယာမျှော်စင်(၁၂)ခုကို ဖြတ်ကျော်နိုင်တာနဲ့ပဲ ဒီကမ္ဘလောကကြီးမှာ မင်းလိုချင်တာ အားလုံးလုပ်လို့ရပြီး ဘယ်သူ ပြောလဲ ... ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားမှလည်း နှာခေါင်းရှုံ့လျက် အော်ဟစ် လှောင်ပြောင်၏။ သို့သော် နင်ဝေရုမှလက်မြှောက်ကာ လူတိုင်း တိတ်ဆိတ်နေရန် တားမြစ်လိုက်သည်။ ထို့နောက် အေးစက်စွာဖြင့်၊

“ ဒါက ငါတို့ အကယ်ဒမီနှစ်ခုကြား အငြင်းပွားမှုတစ်ခုပဲ အပြင်လူတစ်ယောက်က ပါတ်သတ်ရအောင် ဘာအရည်အချင်းရှိလဲ။ ”

-ဟု မေးမြန်းလာ၏။

စုရီသည် အချိန်ကုန်စေသော အဓိပ္ပာယ်မဲ့စကားများကို အမြဲတမ်းမုန်းတီး လွန်းသဖြင့်၊

“ စည်းမျဉ်းအရ ... မင်းသာ တိုက်ပွဲမှာ ရှုံးနိမ့်သွားရင် အုပ်စိုးရှင်ရတနာကို ယူဆောင်ခွင့် မရှိတော့ဘူး မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။

နင်ဝေရုတစ်ယောက် မျက်ဝန်းများ တောက်ပသွားချေပြီး။ တစ်ဖက်လူမှ မည်သို့ ဦးတည်နေသည်ကို နားလည်လိုက်၏။

“ ချင်းယာအကယ်ဒမီကိုယ်စား မင်းငါ့ကို လက်ခံတိုက်ဝံ့သလား။ ”

စုရီမှ ပြုံးလျက်၊

“ မင်းတစ်ယောက်တည်းနဲ့ မလုံ‌လောက်သေးဘူး ... မင်းတို့အားလုံး အတူတူလာနိုင်တယ်။ ”

-ဟု ပြောကြားလိုက်၏။

လူတိုင်း တိတ်ဆိတ်ကုန်သည်။ ချင်းယာအကယ်ဒမီမှ အဖိုးကြီးများသည်ပင် အချင်းချင်း ပြန်ကြည့်ကာ မျက်ခုံးပင့်ကြ၏။

ဤနင်းဝေရုဟူသည် သာမန် အကြီးအကဲတစ်ယောက် မဟုတ်ချေ။ စုန့်လူ အကယ်ဒမီ၏ မျိုးဆက်သစ်ပါရမီရှင်ပေပင်။

ချင်းယာအကယ်ဒမီမှ သူတော်စင်အင်မော်တယ် (၂၃)ယောက်ကို အနိုင်ယူထားသည်မှာ သက်သေဖြစ်၏။

သည်ပြင် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း စုန်လူအကယ်ဒမီတွင် မျိုးဆက်ဟောင်း ပါရမီရှင်တစ်ပါးဖြစ်၏။

ဤကဲ့သို့သော အင်အားစုမျိုးကိုမူ မည်သည့်လေလွင့်ကျင့်ကြံသူမဆို တုန်လှုပ် အလေးအနက်ထားရစမြဲဖြစ်သည်။

“ မိတ်ဆွေလေး မင်းတကယ် ပြောနေတာလား။ ”

နင်ဝေရုမှ မယုံနိုင်ဟန် ဖြစ်လာ၏။ တစ်ဖက်လူသည် အရွယ်ငယ်ပြီး ထောင်လွှား လွန်းနေချေပြီ။ ကောင်းကင်နှင့် မြေကြားတွင် မည်သို့နေထိုင်ရမည်ကို နားလည်ပုံမရချေ။

သို့သော် စုရီသည် စကားပြန်မပြောဘဲ တည်ငြိမ်စွာသာ စိုက်ကြည့်နေသဖြင့် သူမ၏ ဒေါသများ ပေါက်ကွဲလာတော့သည်။

လေထုသည် ချက်ချင်းပင် လေးလံတင်းကြပ်လာပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်သွား၏။

ကျောက်ယွင်ဖန်းနှင့် အခြားသော အဖိုးကြီးများသည် စုရီကိုအလျင်အမြန်ပင် ဖျောင်းဖျရန် ပြင်လိုက်ကြသည်။ သို့သော် စုရီမှ လက်ပြကာ သူတို့ကို တားဆီးလာ၏။

“ ဘေးမှာ ရပ်ကြည့်နေပါ။ ”

စုန့်လူအကယ်ဒမီမှ တောင်းဆိုနေသော အုပ်စိုးရှင်ရတနာသည် ချင်းယာအကယ်ဒမီ၏ အထွတ်အထိပ် ရတနာနှစ်ပါးအနက် တစ်ပါးဖြစ်၏။

အခြားရတနာတစ်ခုမှာ ကျန့်ရှင်းခေါင်းလောင်းပေပင်။ ဝမ်ယဲ့ကိုယ်တိုင် ဗဟိုအင်မော်တယ်ရုံးတော်ထံမှ ရယူထားကာ ချင်းယာအကယ်ဒမီသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် စုန့်လူအကယ်ဒမီမှ လုယူနေကြသည့်အပေါ် မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

“ ဟမ့် ... အမည်ခံအင်မော်တယ်အဆင့် လူငယ်တစ်ယောက်က တကယ်ပဲဒီနေ့အရေးကို ဝင်ရောက်စွက်ဖက်ချင်နေတာလား။ ”

“ ဖြန်း ... ။ ”

စုန့်လူအကယ်ဒမီမှ လူငယ်တစ်ဦးက လှမ်းတက်လာပြီး စုရီကို လှောင်ပြောင်သည်။ သို့သော် ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ လွင့်စဉ်လဲကျသွား၏။

လူတိုင်း မှင်သပ်ကုန်သည်။ ဤစုရီသည် အမှန်ပင်သေခြင်းကို တောင်းတနေပုံရချေပြီ။ စုရီမှ လူတိုင်းအမြင်များကို လျစ်လျူရှုလျက်၊

“ ငါ့ကို တိုက်ဖို့ပြောနေတယ် စကားပြောချင်ရင် နောက်မှာနေပါ ငါ့အချိန်ကို မဖြုန်းတီးနိုင်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။

“ မင်း သေချင်နေတာပဲ ... ။ ”

ထိုလူငယ်ခမျာ ရှက်ရွံ့လာပြီး ချက်ချင်းကုန်းရုန်းထကာ တိုက်ခိုက်ရန်ပြေးဝင် လာတော့၏။ သူသည်လည်း နင်ဝေရုကဲ့သို့ ကျော်ကြားခြင်း မရှိသော်လည်း အကယ်ဒမီတွင် အထက်တန်းစားတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် နင်ဝေရုသည် လူငယ်ကို တားဆီးလိုသော်လည်း အဆုံးတွင်လွှတ်ထားရန် ဆုံးဖြတ်လိုက်တော့၏။

စုရီ၏ မောက်မာလှသော အပြုအမူက သူမအပေါ် မကျေမနပ် ဖြစ်နေစေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သင်ခန်းစာ တစ်ခု ပေးနိုင်သော် အကောင်းဆုံးပေပင်။

“ ဖြန်း ... ။ ”

သို့သော် ပါးရိုက်သံသည်သာ ထွက်ပေါ်လာ၏။ တိုက်ခိုက်ရန်ပြေးလာသော လူငယ်သည် ပို၍လျင်မြန်စွာ လွင့်စဉ်သွားသည်။

“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”

ဤတစ်ကြိမ်တွင် သွေးအန်လျက် ချင်ချင်းပြန်မထနိုင်တော့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။

ပထမအကြိမ်သည် ပေါ့ဆမှုဆိုက ဒုတိယအကြိမ်ဝင်ရောက်မှုသည် မည်သို့မျှ မတော်တဆ မဟုတ်ချေ။

အမည်ခံ အင်မော်တယ်တစ်ပါးသည် အထွတ်အထိပ်ဗလာနယ်ပယ် အင်‌မော်တယ် အပေါ် ဖိနှိမ်နိုင်သည်မှာ အယုံနိုင်ဖွယ်ဖြစ်၏။

နင်ဝေရုနှင့် စုန့်လူအကယ်ဒမီမှ လူတိုင်းမျက်နှာပျက်ကုန်၏။ ဤစုရီဆိုသူသည် အမှန်ပင် ကျွမ်းကျင်သူတစ်ဦးဖြစ်နေချေပြီ။

“ အခု မင်းတို့ အတူတူ လာလို့ရပြီလား။ ”

စုရီမှ မေးလိုက်သည်။ နင်ဝေရုတစ်ယောက် ခဏမျှတိတ်ဆိတ်သွားပြီးနောက်၊

“ ငါဝန်ခံပါတယ် ... မင်းရဲ့ခွန်အားက ငါ့မျှော်လင့်ချက်ထက်သာလွန်တယ် ဒါပေမယ့် မင်းက ချင်းယာအကယ်ဒမီရဲ့ ...

... အဖွဲ့ဝင် မဟုတ်တဲ့အတွက် စည်းမျဉ်းတွေအရ ငါတို့ရဲ့လုပ်ရပ်တွေအ‌ပေါ် ဝင်ရောက် တားဆီးပိုင်ခွင့်မရှိဘူး။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါဆို အခုချက်ချင်းပဲ ချင်းယာအကယ်ဒမီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်တယ် ... ။ ”

စကားဆုံးသည်နှင့် စုရီက သူ့အင်္ကျီလက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဆန်းကြယ်လှသောတာအိုအလင်းများ ကောင်းကင်ပေါ် ထိုးတက်သွား၏။

ထိုအလင်းသည် ပြင်းထန်ပြီး အကန့်အသတ်မဲ့လှကာ မရေမတွက်နိုင်သော ကြယ်တာရာများ ပျံဝဲလိုက်ပါလာသည်။ ဤသည်မှာ ဓားချီဖြစ်၏။ ခမ်းနားလွန်းချေပြီ။

“ အကန့်အသတ်မဲ့ ကြယ်ဓား။ ”

“ ဒါ ... ဒါက အကန့်အသတ်မဲ့ ကြယ်ကျမ်းထဲက ဒဏ္ဍာရီလာဓားကျမ်းတစ်ခုပဲ ဓမ္မအဆုံးခေတ်မှာ ပျောက်ကွယ်သွားတာ။ ”

“ တကယ်ပဲ ... ဒါက ငါတို့ချင်းယာအကယ်ဒမီရဲ့ အမွေအစစ်ပဲ။ ”

ချင်းယာအကယ်ဒမီမှ လူတိုင်း အံ့အားသင့်လွန်းသဖြင့် ရုတ်ရုတ်သဲသဲပင် ဖြစ်ကုန်ကြတော့သည်။

ကျောက်ယွင်ဖန်းကဲ့သို့သော အဖိုးကြီးများပင်လျှင် ဆွံ့အရှုပ်ထွေးနေသည့် အမူအရာများ ပေါ်လာကြ၏။

ဤသည်မှာ ချင်းယာအကယ်ဒမီ၏ ပျောက်ဆုံးနေသော ရှေးဟောင်းကျမ်းလေးပါး အနက်မှ တစ်ပါးပေပင်။

“ ဘယ်လိုလုပ်ပြီး ... သူက ချင်းယာအကယ်ဒမီရဲ့ ပျောက်ဆုံးနေခဲ့တဲ့ တာအိုအမွေကို ရရှိထားတာလဲ။ ”

စုန့်လူအကယ်ဒမီမှ လူများလည်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်ကုန်ကြသည်။ စုရီမှ ထိုအုတ်အော်သောင်းနင်း ဖြစ်မှုများကို လျစ်လျူရှုကာ နင်ဝေရုထံစိုက်ကြည့်ပြီး၊

“ ငါချင်းယာအကယ်ဒမီရဲ့ အမွေကို သုံးပြီးတော့ မင်းကိုရှုံးနိမ့်ကြောင်း ဝန်ခံခိုင်းမယ် ဘယ်လိုလဲ ဒါဆို အဆင်ပြေမလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ကောင်းပြီ ... မင်းက ငါ့ကိုတိုက်ခိုက်ဖို့ ဒီလောက်တောင် အတင်းအကျပ်တောင်းဆိုနေ မှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ”

စကားဆုံးသည်နှင့် သွယ်လျသော သူမခန္ဓာကိုယ်မှ အင်‌မော်တယ်ဥပဒေသများ ချက်ချင်းထွက်ပေါ်လာ၏။

ထိုဥပဒေများသည် လေထုအလယ် ပြီးပြည့်စုံသော အလင်းစက်ဝိုင်းကြီးအဖြစ် ပေါင်းစပ်သွားလေသည်။

ရောင်ဝါသည်လည်း အထွတ်အထိပ် ရောက်ရှိလာပြီးနောက် လွှမ်းမိုးလိုသည့် အသွင် ပြသလာ၏။ ကွင်းပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားချေပြီ။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် ဖိအားများမှာလေထုထဲတွင် ပြည့်နှက်သွားတော့၏။

ဤအချိန်တွင် နင်းဝေရုသည် အလွန် တောက်ပပြီး ပြိုင်ဘက်ကင်းသော တန်ခိုးရှင် တစ်ဦးကဲ့သို့ ထင်မှားလာစေသည်။

ပြိုင်ဘက်များ ဖြစ်သော်လည်း ချင်းယာအကယ်ဒမီမှလူတိုင်းသည် နင်ဝေရုမှ အစွမ်းထက်သည်ကို ဝန်ခံရချေပြီ။

“ မင်း ... ငါ့ရဲ့လက်သီးသုံးချက်ကို ခံနိုင်ရည်ရှိရင် ... ငါ ရှုံးနိမ့်တယ်လို့ ဝန်ခံမယ်။ ”

သို့တိုင် စုရီမှ ဂရုမစိုက်ဘဲ ပြောကြားလိုက်သည်။ ဤသည်မှာ အမည်ခံ အင်‌မော်တယ်နှင့် အလယ်အလတ် သူတော်စင် အင်မော်တယ်ကြား တိုက်ပွဲဖြစ်၏။

လူတိုင်းအံ့သြနေဆဲမှာပင် စုရီမှ စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ လေထဲလှမ်း၍ လက်သီးတစ်ချက် ထိုးသွင်းလိုက်ခြင်းဖြစ်၏။

ယင်းသည် ပေါ့ပါးပြီး ရိုးရှင်းသော်လည်း တားဆီး၍မရသော စွမ်းအားများ ထွက်ပေါ်လာ ချေပြီ။ ကောင်းကင်၌ နေမင်းထွက်ပေါ်လာ သကဲ့သို့ပေပင်။ ပြိုင်ဘက်ကင်းရောင်ဝါတစ်ခု ပြန့်ကားထွက်ပေါ်လာတော့၏။

နင်းဝေရုခမျာ တွန့်ဆုတ်မနေတော့ဘဲ တံဆိပ်တစ်ခုဖန်တီးကာ ထိုလက်သီးအပေါ်သို့ တားဆီးလိုက်သည်။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီး ပြင်းစွာ တုန်ခါသွားပြီး နတ်အလင်းတန်းများ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ လက်သီးပုံရိပ်သည် ထိုပေါက်ကွဲမှုအတွင်း ဖြတ်သန်းလျက် နင်းဝေရုပေါ် ကျဆင်းသွား၏။

သူမပတ်လည်ရှိ အင်မော်တယ် ဥပဒေသစည်းမျဉ်း အကာအကွယ်အလွှာများမှာ တဘောင်းဘောင်း ပေါက်ကွဲလျက် ဆုတ်ခွာလိုက်ရချေပြီ။

“ လာဦးမယ်။ ”

နင်းဝေရုတစ်ယောက် ဟန်ချက် မထိန်းနိုင်မီမှာပင် စုရီသည် ဒုတိယမြောက် လက်သီးချက်ကို ထပ်မံ ထုတ်လွှတ်လိုက်၏။

ဤလက်သီးချက်သည် ပြာလဲ့လဲ့ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် ခမ်းနားသော လှုပ်ရှားမှုတစ်ခုကဲ့သို့ပေပင်။

အကန့်အသတ်မဲ့လှသော ဓားရောင်ဝါအတွင်းတွင် ပညာရှင်ကြီးများ၏ ကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်နေ၏။

နင်ဝေရုတစ်ယောက် အသက်ရှူချိန်ပင် မရလိုက်ဘဲ အင်‌မော်တယ်ဥပဒေစည်းမျဉ်းများ ပြန်လည်ဖွဲ့စည်းလျက် ခုခံလိုက်သည်။

အပြာရောင်ငှက်တစ်ကောင် ကောင်းကင်ပေါ်ထိုးတက်လျက် ပေတစ်သောင်း ဧရိယာကို လင်းထိန်သွားစေ၏။

လူတိုင်းသည် ဤခုခံတိုက်ခိုက်မှု၏ ကြောက်စရာကောင်းသော စွမ်းအားများအပေါ် ခံစားမိသဖြင့် ကျောရိုးတစ်လျှောက် အေးစက် သွားလေသည်။

ကျောက်ယွင်ဖန်းနှင့် အခြားသော အဖိုးကြီးများမှာ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်တစ်ဦးကို ပြိုင်ဘက်အကယ်ဒမီသည် မွေးထုတ်ပေးခဲ့ကြောင်း လက်ခံလိုက်ရချေပြီ။

ထို့ကြောင့် စိတ်ပျက်အားငယ်သော အမူအရာများ ပြသလျက် ငေးကြည့်နေမိ၏။ သို့သော် ထိုခဏတွင် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မီးလျှံများအတွင်းမှ ကောင်းကင်မှ ခုန်ဆင်းလာသော အပြာရောင်ငှက်လေးသည် လက်သီးချက်‌အောက်၌ ပူဖောင်းတစ်လုံးကဲ့သို့ ဝုန်းကနဲလွယ်ကူစွာ ပေါက်ကွဲသွား၏။

နင်ဝေရုတစ်ယောက် ထပ်မံ၍ လွင့်စဉ်သွားကာ ပေရာပေါင်းများစွာအကွာရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

စုန့်လူအကယ်ဒမီ၏ အထူးချွန်ဆုံးနှင့် အသန်မာဆုံးဖြစ်သော ထိုအမျိုးသမီးလေသည် စုရီ၏ လက်သီးသုံးချက်ကိုပင် မခံနိုင်ခဲ့ချေ။

***

All Chapters