← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 22 Ch. 307

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 22 Ch. 307

အခန်း (၃၀၇) : ထိုးဖောက်ဝင်ရောက်ခြင်း

မီးနတ်ဘုရား၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားလေသည်။ သူက ထိုနတ်ဘုရားများ သူ့ကို ကြည့်နေသည်ကို မြင်ပြီး သူတို့အတွေးများကို ခန့်မှန်းမိလေသည်။

“ လုံးဝမဖြစ်ဘူး” သူက မာမာတင်းတင်း ပြောလိုက်သည်။

“ မီးနတ်ဘုရား ဒီဟာက အဲလိုလုပ်နေရမဲ့အချိန် မဟုတ်ဘူး” သေခြင်းတရား နတ်ဘုရားက ပြောလိုက်သည် “ အခုအကောင်းဆုံးက ခင်ဗျားရဲ့ ပိုင်နက်ထဲကို လူလွှတ်ပြီးတော့ အဲဒီအပြင်လူတွေကို ရှာဖို့ပဲ။ ကျုပ်တို့ မြန်မြန်ရှာတွေ့လေ ကောင်းလေပဲ”

“ ငါ ဂရုမစိုက်ဘူး” မီးနတ်ဘုရားက တုံ့ပြန်လိုက်သည်။

“ ရေရှည်ကို စဉ်းစားစမ်းပါဗျာ” အထွတ်အထိပ် နတ်ဘုရားတစ်ပါးက ဝင်ပြောလိုက်သည်။

“ ဟုတ်တယ် ဒါက တစ်ကိုယ်ကောင်းဆန်နေရမဲ့အချိန် မဟုတ်ဘူး။”

“ တစ်ကိုယ်ကောင်းဆန်တာလား” မီးနတ်ဘုရားက သရော်ဟန်ဖြင့် ပြောလိုက်သည် “ မင်းတို့တွေထဲ ငါ့ပိုင်နက်မှာ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ယုံကြည်မှု ဖြန့်ဝေမဲ့အစား အပြင်လူရှာပါ့မယ်လို့ ဘယ်သူကများ စစ်မှန်လို့လဲ”

အခန်းတစ်ခုလုံးက စက္ကန့်ပိုင်းအကြာ တိတ်ဆိတ်သွားလေသည်။

တစ်ယောက်က မီးနတ်ဘုရားအား လက်ညှိုးထိုးကာ ပြောလိုက်သည် “ ငါတို့ကမ္ဘာက ပျက်သုဉ်းလုနီးပါး ဖြစ်နေတဲ့အချိန်မှာ မင်းက မင်းဘာသာပဲ စဉ်းစားနေတာပဲ”

မီးနတ်ဘုရားက ထိုလူအား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ ဉာဏ်ပညာနတ်ဘုရား ပြောတော့ အဲဒီလူတွေက ငါတို့ထက်မြင့်တဲ့ အဆင့်မြင့်တဲ့ ကမ္ဘာကလာတာဆိုတော့ မီးပိုင်နက်ထဲက ထွက်ပြီး တခြားပိုင်နက် ၃၆ ခုထဲ ရောက်နေတာလည်း ဖြစ်နိုင်တာပဲ။ မင်းတို့လည်း ပိုင်နက်ကို ဖွင့်ပြီးတော့ တခြားနတ်ဘုရားတွေကို သူတို့နောက်လိုက်တွေ လွှတ်ပြီး ရှာခွင့်ပြုလိုက်ကြလေ။

အဲဒီနည်းနဲ့ဆိုရင် ငါတို့က ပိုမြန်ပြီးတော့ သူတို့ကို ရှာတွေ့နိုင်ချေ ပိုတောင်မြင့်ဦးမယ်”

အခန်းက တစ်ဖန် တိတ်ဆိတ်သွားလေသည်။ မည်သူကမှ ဘာမှမပြောကြတော့ပေ။

ထိုအရာကို မြင်ပြီးနောက် မီးနတ်ဘုရားက သရော်လိုက်သည်။ ထိုလူများက သူ့ပိုင်နက်အတွင်းဝင်ကာ ပျော်ပျော်ရွင်ရွင် ရှာဖွေလိုသော်လည်း သူတို့အလှည့်ကျတော့ တိတ်ဆိတ်သွားလေသည်။

ကံကြမ္မာနတ်ဘုရားမက ထိုအရာအားလုံးကို ကြည့်နေရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက ဤကမ္ဘာကျဆုံးရမည့် အကြောင်းအရင်းတစ်ချက်ကို နားလည်လေသည်။ ကံဆိုးစွာဖြင့် သူမ တတ်နိုင်သည့်အရာ အနည်းငယ်သာ ရှိ၏။

နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အထွတ်အထိပ် နတ်ဘုရားများက သူတို့၏ နောက်ခြေလှမ်းအား ငြင်းခုံနေကြသည်။ အဆုံးသတ်တွင် ကံကြမ္မာနတ်ဘုရားမနှင့် ရှင်သန်ခြင်း နတ်ဘုရားမတို့၏ ဖျောင်းဖျမှုအောက်တွင် မီးနတ်ဘုရားက အထွတ်အထိပ် နတ်ဘုရားများ၏ လက်အောက်ခံ သုံးယောက်စီကို ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုနတ်ဘုရားများက အစစ်အမှန် နတ်ဘုရားများနှင့် အောက်သာ ဖြစ်ရမည်။ အကယ်၍ ယုံကြည်မှု ဖြန့်ဝေခြင်း သို့မဟုတ် လူတွေကို ဖမ်းဆီးဖို့ အရိပ်အယောင်တွေ့ရှိခဲ့သည်နှင့် သူတို့ကို ချက်ချင်းသတ်ပစ်မည် ဖြစ်၏။

တခြားနတ်ဘုရားများကလည်း သူ့တင်ပြချက်ကို သဘောတူလိုက်ကြသည်။ သူတို့၏ ယခင်သဘောတူညီချက်အတိုင်း အထွတ်အထိပ်နတ်ဘုရားများ အုပ်ချုပ်သော နယ်မြေတစ်ခုစီတွင် တခြားနတ်ဘုရားများ စုဆောင်းနိုင်သည့် ယုံကြည်မှုပမာဏက ကန့်သတ်ချက် ရှိလေသည်။

အကယ်၍ ထိုကန့်သတ်ချက်ကို ချိုးဖောက်ခဲ့လျှင် တခြားလူများ၏ ရင်ဆိုင်မှုကို ခံရမည်သာ ဖြစ်သည်။

ဆုံးဖြတ်ချက် ချမှတ်ပြီးသည်နှင့် အထွတ်အထိပ် နတ်ဘုရားအားလုံးက သူတို့၏ ပိုင်နက်အတွင်း ပြန်သွားကြသည်။

ကံကြမ္မာပိုင်နက် ဉာဏ်ပညာ ကောင်းကင်ဘုံဗိမာန်အတွင်း ဉာဏ်ပညာနတ်ဘုရားက သူ၏ ဗိမာန်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူတစ်ယောက်တည်း ဖြစ်သည်နှင့် တည်တည်ငြိမ်ငြိမ် မျက်နှာထားတို့ကို ဖယ်ရှားလိုက်ကာ တောက်တောက်ပပ ပြုံးလိုက်သည်။

သူက သူ့အထက်လူများ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်စွမ်း မရှိသော်လည်း သူက အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားမက သူ့အား သူ့လက်အောက်တွင် လူဦးရေ တိုးပွားပေးဖို့ ကတိပေးထားခဲ့သောကြောင့် သူ့အနေနှင့် မြင့်မြတ်ယုံကြည်မှု ထိပ်သီးနယ်ပယ်အဆင့်သို့ ရောက်ရှိဖို့အတွက် လုံလုံလောက်လောက် ယုံကြည်မှုကို စုပ်ယူနိုင်လိမ့်မည်။

ထို့နောက် သူက ချက်ချင်း တည်ငြိမ်သွားလေသည်။ ထိုအစည်းအဝေးအတွင်း သူက ဖိအားအောက်ရှိနေသည့်အတွက် သတင်းအချက်အလက် တစ်ခုခု လွတ်သွားသည်ဟု ခံစားနေရသည်။  ထို့ကြောင့် သူက အရာအားလုံးကို ပြန်လည် ကြည့်ရှုလိုက်သည်။ သို့သော်လည်း သူက သက်ဆိုင်သည့် သတင်းအချက်အလက်ကို မတွေ့ရှိပေ။

“ ငါ တစ်ခုခုများ လွဲချော်သွားတာလား” ဉာဏ်ပညာနတ်ဘုရားက ရေရွတ်လိုက်သည်။

ထို့နောက် သူက ပြုံးကာ “ ငါက တိုက်ခိုက်တာမှာ မကောင်းပေမဲ့ စိတ်နဲ့ ပတ်သက်လာရင်တော့ ဘယ်သူကမှ ငါ့ကို မပြိုင်နိုင်ဘူး။ ငါ တစ်ခုခုလွတ်သွားတာ ဟုတ်ချင်မှ ဟုတ်မှာပါလေ”

ထို့နောက် သူက ထိုကိစ္စကို အာရုံမစိုက်တော့ဘဲ သူ့ဆုလာဘ်ကိုသာ စောင့်ဆိုင်းနေတော့သည်။ သူက အပြင်လူများကြောင့် ကမ္ဘာကြီးတွင် အပြောင်းအလဲကြီး ဖြစ်လိမ့်မည်မှန်း ပြောနိုင်လေသည်။ ပြောရလျှင် ကမောက်ကမ အရှုပ်အထွေးကြီးတစ်ခု ဖြစ်ပွားတော့မည် ဖြစ်၏။ အကယ်၍ သူသာ ကောင်းကောင်းမွန်မွန် ကစားနိုင်ပါက အကျိုးအမြတ်များစွာ ရရှိနိုင်လေသည်။

ကောင်းကင်ဘုံဗိမာန်အတွင်း နတ်ဘုရားမက မျက်လုံးပွင့်လာပြီး ငေးငေးမောမောဖြစ်ကာ သက်ပြင်းချလိုက်သည်။ သူမအနေနှင့် အစည်းအဝေး ကျင်းပချင်သည့် အကြောင်းအရင်းမှာ တခြားနတ်ဘုရားများအား နောက်ထပ် အထွတ်အထိပ် နတ်ဘုရားမွေးဖွားလာဖို့ ခွင့်ပြုဖို့ရာအတွက် ဖျောင်းဖျလိုခြင်း ဖြစ်သည်။

အထွတ်အထိပ် နတ်ဘုရားများစွာဖြင့် ဤကပ်ဘေးကို လွတ်မြောက်ရှင်သန်နိုင်ခြေက ပို၍ တိုးမြင့်လာနိုင်သည်။ ကံဆိုးစွာဖြင့် တခြားလူများက အပြင်လူကို ရှာဖွေမည့် အကြောင်းကိုပင် သဘောမတူကြသောကြောင့် အဓိကဆုံးဖြတ်ချက်ကို ချဖို့ ခက်ခဲနေလေသည်။

ကံကြမ္မာနတ်ဘုရားမက သူတို့အားလုံးသည် သူမ၏ အဆိုပြုချက်ကို ပြောလိုက်သည်နှင့် ငြင်းပယ်မည်မှန်း သိလေသည်။

သူမက အတွေးများကို စုစည်းပြီးသည့်နောက်တွင် ပလ္လင်ပေါ်မှ ထရပ်ကာ ဗိမာန်မှ ထွက်လာလေ၏။

ရွှေရောင်ဘုံဗိမာန်များရှိသည့် တခြားနတ်ဘုရားများနှင့် မတူဘဲ သူမ၏ ဘုံဗိမာန်က အဖြူရောင်များဖြင့်သာ ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားပြီး ရုပ်ထုမှအပ ဘာမှမရှိပေ။

ထိုရုပ်ထုကဲ့သို့ သူမကလည်း ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားလေသည်။ သူမ၏ မျက်နှာအထက် ဆန်းကြယ်သည့် မြူခိုးများ ဖုံးလွှမ်းနေဟန်ပေါ်သည်။ သူမ၏ ဘုံဗိမာန်မှ ထွက်လာပြီးသည့်နောက်တွင် သူမက တခြားဘုံဗိမာန်သို့ ကူးပြောင်းသွားလိုက်သည်။

ဤသည်က ထူးခြားလှသည်။ သေဆုံးခါနီး လူအိုကြီးတစ်ယောက်က စာကြည့်တိုက်ကို စောင့်ကြပ်နေလေသည်။ သူ့မျက်နှာအထက် အရည်တွန့်မှုများက အရွယ်အိုမင်းလာသည်ကို ပြသနေလေသည်။ သို့သော်လည်း သူ့မျက်လုံးများက မှောင်မိုက်မနေဘဲ အတော်လေး တောက်ပနေလေသည်။

“ အရှင်မ ဘယ်လိုလုပ် ဒီရောက်လာတာပါလဲ” လူအိုကြီးက မေးလိုက်သည်။

ကံကြမ္မာနတ်ဘုရားမက ဒီလူအိုကြီးအား ကြည့်ကာ ခေတ္တကြာ အတွေးနစ်မြောသွားပြီး “ မှတ်တမ်းနတ်ဘုရား … အခု သက်တမ်း ဘယ်လောက်ရှိသွားပြီလဲ”

“ အရှင်မ ကျွန်တော်က ၁၈၃၂၄၆၅၇ နှစ်ပါ။”

“ ၁၈သန်းလား။ ရှင်လည်း နတ်ဘုရားငယ်ရဲ့ သန်း၂၀နား နီးကပ်လာပြီကို”

“ ဟုတ်ပါတယ်။ သေခြင်းတရားဆိုတာ သက်ရှိအားလုံးအတွက် ရှောင်လွှဲလို့မရပါဘူး။ အထွတ်အထိပ် နတ်ဘုရားတွေတောင်မှပဲ တစ်ရက် မိခင်နတ်ဘုရားရဲ့ ရင်ခွင်ဆီ ပြန်လည်သွားရတာပဲ မဟုတ်ဘူးလား”

“ အဟုတ်ပဲ” ကံကြမ္မာနတ်ဘုရားမက ရေရွတ်လိုက်သည်။ ထို့နောက် သူမ၏ ဘဝတွင် မြှုပ်နှံပေးခဲ့ရသည့် နတ်ဘုရားမှတ်တမ်းများ မည်မျှရှိသည်ကိုပင် မမှတ်မိတော့ပေ။ တစ်ရက်တွင် တစ်ယောက်ယောက်ကလည်း သူမအား မြှုပ်နှံပေးလိမ့်မည်။

သူမက သက်ပြင်းချလိုက်ပြီးနောက် ထိုအတွေးများကို ဖယ်ရှားလိုက်သည်။

“ ရှင် ကောင်းကင်အလိုဆန္ဒကမ္ဘာအကြောင်း မှတ်သားထားတဲ့ မှတ်တမ်းတွေအကုန်လုံးကို ကြည့်ချင်တယ်” မှတ်တမ်းနတ်ဘုရားက ခေါင်းညိတ်ကာ သူမအလိုရှိသည့် မှတ်တမ်းများ ရှိရာဆီ ဦးဆောင်ခေါ်သွားလိုက်သည်။

…………………

လေဟာနယ်နတ်ဘုရားလျူက သူ့ကောင်းကင်ဘုံဗိမာန်သို့ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် နောက်လူ တစ်ယောက်က ချဉ်းကပ်လာလေသည်။ ထိုလူ၏ အရှိန်အဝါအပေါ် မူတည်၍ ထိုလူက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်၏။

“ အရှင် မီးနတ်ဘုရားက ဘာများ ဆုချီးမြှင့်လိုက်လဲ” အစစ်အမှန်နတ်ဘုရားက မေးလိုက်သည်။

“ အရှင့်ကို နတ်ဘုရားငယ် ရာထူးပေးဖို့ ခွင့်ပြုလိုက်ပြီလား”

ထိုမေးခွန်းကို ကြားပြီးသည့်နောက်တွင် လေဟာနယ်နတ်ဘုရားလျူ၏ မျက်ဝန်းက နီရဲလာသည်။ သူက ထိုအစစ်အမှန် နတ်ဘုရား၏ ရှေ့တွင် ချက်ချင်းပေါ်လာကာ ခေါင်းကို ချေမွပစ်လိုက်၏။ ထိုစဉ် ထိုဗိမာန်၏ နံရံနှင့် သူ့ခန္ဓာကိုယ်အပေါ် ရွှေရောင်သွေးများ၊ အရိုးများနှင့် ဦးနှောက်အရည်များ စွန်းထင်ကုန်သည်။

သူက ထိုအရာကို လျစ်လျူရှုပြီးနောက် ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။

ငါ နတ်ဘုရားငယ်ဖြစ်ဖို့ နီးကပ်နေပြီကို အခုတော့ အားလုံးပျက်သုဉ်းသွားရပြီ။ အပြင်လူ မင်း ငါ့ဆီ မဖမ်းမိဖို့သာ ဆုတောင်းထားလိုက်။

ထို့နောက် သူ မျက်လုံးကို မှိတ်ကာ ဂုဏ်သတင်းကို စုပ်ယူပြီး ကျင့်ကြံလိုက်သည်။ သို့သော်လည်း လေဟာနယ် နတ်ဘုရားလျူ သတိမပြုမိသည်က သူ့သွေးမှ ထွက်ပေါ်လာသော အနက်ရောင်စွမ်းအား တစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်း အလျင်အမြန် ပျံ့နှံ့သွားခြင်း ဖြစ်၏။

……………

လေဟာနယ် ချိုးဖျက်ခြင်း အဆောင်ကို အသုံးပြုပြီးသည့်နောက်တွင် အရိပ်က စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်ရန် သူ ပြုလုပ်ထားသည့် အစီအရင်ဖြင့် ကာထားသည့် လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် အရိပ်က သူ့ခေါင်းဆောင်ဆီ ချက်ချင်း ပြန်မသွားသေးဘဲ ဆန့်ကျင်ဂမ္ဘီရအစွမ်း ပါဝင်နေသည့် သာလွန်ကံကြမ္မာကျမ်း အစိတ်အပိုင်းတစ်ခုကို ကျင့်ကြံလိုက်သည်။ သူက ထိုအထွတ်အထိပ် နတ်ဘုရားများ သူ့တည်နေရာကို မတွေ့ရှိနိုင်အောင် သေချာအောင် လုပ်ရမည်။

ထို့နောက် သူက ရွှေရောင်သွေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ထူးထူးဆန်းဆန်း ပုံသေနည်းတစ်ခုကို ရေရွတ်လိုက်သည်။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအားများ ပေါ်လာကာ သွေးအတွင်း ဝင်ရောက်သွားလေသည်။

မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက ရပ်တန့်လိုက်ပြီးနောက် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

“ ဒီသွေးပူးကပ်ခြင်း ကျိန်စာနဲ့ဆိုရင် သတင်းအချက်အလက်တွေရဖို့ ပိုလွယ်သွားလိမ့်မယ်”

အရိပ်က နှာခေါင်းရှုံ့လိုက်ပြီးနောက် သွေးကို အဝေးထားလိုက်သည်။ သူက ကျိန်စာထားရာတွင် ခုခံမှုတချို့ရှိဖို့ မျှော်လင့်ခဲ့သော်လည်း ဘာမှမဖြစ်ခဲ့ပေ။ ထို့ကြောင့် သူက ထိုနတ်ဘုရားများ၏ သတိလက်လွတ်နေနိုင်စွမ်းကို ကြည့်ကာ မကျေမနပ်ဖြစ်မိသည်။

သူတို့က ကပ်ဘေးဆိုသည့် အရိပ်အယောင်မျိုးကို ခံစားဖူးဟန် မပေါ်ပေ။

သို့သော်လည်း သူ သေချာစဉ်းစားမိပြီးနောက်တွင် အရာအားလုံးက အဓိပ္ပာယ်ရှိကြောင်း သတိပြုမိသွားသည်။ ထိုနတ်ဘုရားများက အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိသောကြောင့် မည်သည့်အရာကမှ သူတို့အား မခြိမ်းခြောက်နိုင်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

ထို့ကြောင့် သူတို့က သူတို့၏ အလိုလို သတိရှိစိတ်ကို ဆုံးရှုံးသွားရသည်။ ပြောရလျှင် သူတို့က သနားစဖွယ် ကောင်းလှသည်။ သလင်းကျောက် အကာအကွယ်က သူတို့အား ကာကွယ်ပေးထားသော်လည်း သူတို့၏ လူမှုအဖွဲ့အစည်း တိုးတက်နှုန်းကို ချုပ်နှောင်ထားလေသည်။

အရိပ်က ထိုနတ်ဘုရားများအား မသနားမိပေ။ သူ့အတွက် သူတို့အားနည်းလေလေ ပိုကောင်းလေလေ ဖြစ်၏။ သူက ဤကမ္ဘာကို အုပ်စိုးဖို့ ရောက်ရှိလာခြင်းဖြစ်ရာ ထိုနတ်ဘုရားအဖွဲ့အစည်းက အားနည်းလေလေ သူ့လုပ်ငန်းစဉ် အောင်မြင်ဖို့ ပို၍လွယ်ကူလေလေသာ ဖြစ်သည်။

All Chapters