← Chapters

ကောင်းကင်စမ်းသပ်ချက်

Vol. 22 Ch. 308

ကောင်းကင်စမ်းသပ်ချက်

Vol. 22 Ch. 308

အခန်း (၃၀၈) : ကောင်းကင်စမ်းသပ်ချက်

“ ဒီကမ္ဘာရဲ့ အထွတ်အထိပ် နတ်ဘုရားတွေက စည်းမျဉ်းစွမ်းအားကို အသုံးပြုနိုင်တယ်လား” လီကျွင်းက အံ့ဩသွားသည့် အရိပ်အယောင်ဖြင့် မေးလိုက်သည်။ သူက သူ့ရှေ့မှ အရိပ်ကို ကြည့်ရင်း ပြောလိုက်သည် “ အဲဒါဆိုတော့ ငါ သတိထားတာ မှန်နေတာပဲ”

အရိပ် ယူဆောင်လာသည့် သတင်းက တစ်ဖွဲ့လုံးအား အံ့အားသင့်သွားစေသည်။

“ ဒီလိုထူးဆန်းတဲ့ ကျင့်ကြံနည်းစနစ်နဲ့ အားကောင်းတဲ့ သလင်းကျောက် အကာအကွယ်နဲ့ဆိုရင် ဒီကမ္ဘာမှာ လျှို့ဝှက်ချက်ကြီး တစ်ခုတော့ ရှိရမယ်။ ဒီလျှို့ဝှက်ချက်က မဟာဧကရာဇ်တစ်ပါးပါးနဲ့ သက်ဆိုင်နေတာလည်း ဖြစ်နိုင်တယ်” ဝမ်ကျူက ဝင်ပြောလိုက်သည်။

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ထိုနတ်ဘုရားကျင့်ကြံရေး နည်းစနစ်ဟုခေါ်သည့် နည်းစနစ်က အလယ်အလတ်ကမ္ဘာရှိ ကျင့်ကြံသူများအား စည်းမျဉ်းကို ထိန်းချုပ်နိုင်စွမ်း ပြုထားသည့်အချက်ကို အမှန်တကယ် အံ့အားသင့်နေကြသည်။

ပို၍အရေးကြီးသည်က ထိုနည်းစနစ်မှ ချီးမြင့်ခံထားရသော သက်တမ်းသည် အတော်လေး ပေါများဟန်တူသည်။

သူတို့ရရှိထားသည့် သတင်းအချက်အလက်များအရ အစစ်အမှန် နတ်ဘုရားတစ်ပါးသည် သက်တမ်း ငါးသန်းထိ နေနိုင်ကြပြီး ထိုသို့သော သက်တမ်းမျိုးက သူတို့ကမ္ဘာ၏ အထွတ်အထိပ်အဆင့် အစစ်အမှန် အုပ်ချုပ်သူများအတွက်သာ ဖြစ်နိုင်လေသည်။

“ အဲဒါဆို ငါတို့ ဘာလုပ်ကြမှာလဲ” ယန်းလီလင်းက မေးလိုက်သည်။

“ ငါတို့တွေ ကျင့်ကြံရေးနည်းစနစ်ကို ဖြန့်ဖြူးပြီးတော့ အဲဒီနတ်ဘုရားတွေကို အားနည်းအောင် လုပ်လိုက်တာက မကောင်းဘူးလား။” ထျဲ့ကန်က ပြောလိုက်သည်။

ယန်းလီလင်းနှင့် ဝမ်ကျူတို့၏ အကြည့်များလည်း တောက်ပသွားလေသည်။ ထိုသို့လုပ်ခြင်းအားဖြင့် သူတို့က ထိုနတ်ဘုရားများ၏ ယုံကြည်သက်ဝင်သူများဖြစ်သည့်  စွမ်းအားအရင်းအမြစ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်လေသည်။

လူများစွာက နတ်ဘုရား ဖြစ်လာသည့်အခါ ပြိုင်ပွဲက ပို၍ပြင်းထန်လာပြီး သူတို့ကြားတွင် ယုံကြည်ကိုးကွယ်သူ ပိုနည်းသွားလိမ့်မည်။ ဤသို့ဖြင့် သူတို့ကြားတွင် တိုက်ပွဲဖြစ်သွားစေကာ သူတို့၏ စွမ်းအားကို လျော့ကျသွားစေလိမ့်မည်။

လီကျွင်းက သဘောမတူကြောင်း ဖော်ပြလာသည်။

“ ငါတို့က ဒီကမ္ဘာကို အုပ်စိုးချင်တယ်ဆိုရင်တော့ ဒီဟာက ပြဿနာမရှိဘူး။ ဒါပေမဲ့ ငါတို့က အစ်ကိုကြီးဝမ်ဝေ့ရဲ့ အစီအစဉ်ကို အောင်မြင်အောင် လုပ်ဖို့အတွက် ယုံကြည်မှုကို စုဆောင်းဖို့ လိုတယ်ဆိုတဲ့အချက်ကို မေ့မထားနဲ့ဦး။

အဲဒါကြောင့် ငါတို့တွေ အဲ့အစီအစဉ်အတိုင်း လုပ်မယ်ဆိုရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်ပြီးတော့ ယုံကြည်သက်ဝင်နိုင်မဲ့ အလားအလာ ရှိလာနိုင်တဲ့သူတွေက သေဆုံးသွားနိုင်တယ်။ အကောင်းဆုံးရွေးချယ်မှုက ဒီကမ္ဘာကို သေမျိုး သေဆုံးမှု အရေအတွက်အနည်းဆုံးနဲ့ အုပ်စိုးနိုင်တာ အကောင်းဆုံးပဲ”

“ ဒီလိုဆိုရင် ရှင့်ဆီမှာ အစီအစဉ်ရှိလား” ယန်းလီလင်းက မေးလိုက်သည်။

လီကျွင်းက ချက်ချင်း မဖြေပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အားလုံးရှေ့တွင် မြေပုံတစ်ချပ် ပေါ်ထွက်လာလေ၏။ ထိုမြေပုံတွင် နာမည်အမျိုးမျိုး ရေးသားထားသည့် စက်ဝိုင်း ၃၆ ခု ပါရှိသည်။ ထိုစက်ဝိုင်းများက ဤကမ္ဘာ၏ နယ်မြေ ၃၆ ခုကို ဖော်ပြထားသည်။

“ ဒီနယ်မြေ ၃၆ခုက ကမ္ဘာ ၃၆ ခု ဆက်နွယ်နေတာပဲ။ အဲဒါကြောင့် ငါ့အစီအစဉ်က ….”

အားလုံးက ထိုအစီအစဉ်ကို အလေးအနက် နားထောင်နေကြသည်။

“ ဒီအရာက အလုပ်ဖြစ်နိုင်တယ်” ထျဲ့ကန်က ပြောလိုက်သည် “ ဒါပေမဲ့ ငါတို့ခေါ်လာတဲ့ အစီအရင်ဆရာက ဒီလိုမျိုး ကိစ္စကြီးကို လုပ်နိုင်ပါ့မလား”

“ သူ့ကို မေးကြည့်ကြတာပေါ့” လီကျွင်းက ပြောလိုက်သည်။ သူက သိုလှောင်လက်စွပ်ကို ဖွင့်ပြီး လူငယ်လေးတစ်ဦးကို ခေါ်ထုတ်လိုက်သည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် တပည့်တစ်ဦး ဖြစ်ပြီး အစီအရင်ဆရာ တစ်ယောက်လည်း ဖြစ်ပေသည်။ ပို၍အရေးကြီးသည်က သူက အစီအရင်သင်္ကေတခန္ဓာကို ကျင့်ကြံထား၏။

သူ့အကြံအစည်အား ရှင်းပြပြီးသည့်နောက်တွင် ထိုတပည့်က ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ သခင်လေး လီကျွင်းရဲ့ အစီအစဉ်က ဖြစ်နိုင်တယ်။ ဒါပေမဲ့ လိုအပ်တဲ့ အရင်းအမြစ်ကတော့ အတော်လေး များပြားလိမ့်မယ်”

“ ခင်ဗျား အဲဒါကို စိုးရိမ်နေစရာ မလိုဘူး။ လိုအပ်တာသာ ပြောလိုက်။ မလုံလောက်ဘူးဆိုရင် ဂိုဏ်းခန်းကို ဆက်သွယ်ပြီးတော့ ယူလို့ရတယ်။ ကျုပ်တို့ဆီမှာ အချိန်တွေ အများကြီး ရှိသေးတယ်”

ထိုတပည့်က လီကျွင်းအား သူတို့လိုအပ်သည့်အရာများကို စာရင်းပေးလိုက်ပြီးနောက် အဖွဲ့က ထိုကမ္ဘာတစ်ဝှမ်း စတင်လှုပ်ရှားကြတော့သည်။ သူတို့က ကိုယ်ပျောက်ထားဆဲဖြစ်ပြီး နတ်ဘုရားများရှေ့ မထွက်ပေါ်လာကြသေးပေ။ ထို့အပြင် သူတို့က သတင်းအချက်အလက် စုဆောင်းမှုကို မရပ်တန့်သေးပေ။

…………………

မူလဆေးလုံးတာအိုဂိုဏ်း

လော့ချန်အဖြစ် ရုပ်ဖျက်ထားသည့် ဝမ်ဝေ့က မျက်လုံးဖွင့်လာသည်။ သူက ဂူမှ ထွက်လာပြီးနောက် ဂိုဏ်း၏ ကွင်းပြင်ရှိရာဆီ ဦးတည်လိုက်၏။ ထိုကွင်းပြင်ရှေ့တွင် အိမ်တစ်လုံးရှိနေပြီး လူအိုကြီးက ကုလားထိုင်ပေါ်တွင် အိပ်စက်နေသည်။

ဝမ်ဝေ့က သူ့အနားရောက်သွားသည့်အခါ လူအိုကြီးက မျက်လုံးဖွင့်ကြည့်လာသည်။

“ သခင်လေး (၅) ဘာကိစ္စများရှိလို့လဲ”

“ လောင်မုန့် … ကျုပ် ကောင်းကင်စမ်းသပ်ချက်ခံယူမလို့”

“ အိုး…သခင်လေးက သဘာဝလွန်အဆင့် တက်လှမ်းတော့မှာလား။ အခု အချိန်ကျလာပြီပဲ” လူအိုကြီးက ပြောလိုက်သည်။ သူက နေရာမှထပြီးတော့ အိမ်အတွင်း ဝင်ရောက်လိုက်သည်။ မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက လက်စွပ်တစ်ကွင်း ကိုင်ဆောင်၍ ထွက်လာပြီး ဝမ်ဝေ့အား ပေးလိုက်သည်။

ဝမ်ဝေ့က လူအိုကြီးအား ကျေးဇူးတင်ပြီးသည့်နောက်တွင် ကွင်းပြင်အလယ်သို့ ဦးတည်ကာ သူ့အခြေအနေကို ထိန်းညှိရင်း တင်ပျဉ်ခွေထိုင်လိုက်သည်။ နှစ်နာရီကြာမြင့်ပြီးသည့်အနောက်တွင် ကွင်းပြင်အထက်တွင် တိမ်များစုဝေးလာလေသည်။

ဝမ်ဝေ့က စိုးရိမ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

သူ့နည်းလမ်းက အစစ်အမှန် အုပ်ချုပ်သူများကိုပင် အရူးလုပ်နိုင်သည်ဟု ယုံကြည်ချက် ရှိထားသော်လည်း ကောင်းကင်တာအိုကို အရူးလုပ်နိုင်ပါ့မလားဟု မသေချာပေ။ အကယ်၍ ဤနည်းလမ်းသာ ကျရှုံးသွားလျှင် ယခုစမ်းသပ်ချက်က အားကောင်းလွန်းပြီး သူ့ဇစ်မြစ်ကို ဖော်ထုတ်ပြသသလို ဖြစ်သွားလိမ့်မည်။

သူ့အတွက် ကံကောင်းသည်က အဆိုးဆုံးအခြေအနေ ဖြစ်ပွားမလာပေ။ တိမ်များက မီတာအနည်းငယ် စုဝေးပြီးသည့်နောက်တွင် ရပ်တန့်သွားလေ၏။ ထိုအရာကို မြင်ပြီးနောက် သူက မနေနိုင်မထိုင်နိုင် မဲ့ရွဲ့သွားလေသည်။

သူက သူ စမ်းသပ်ချက် ခံယူစဉ်အခါက တိမ်များသည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကျော်လွန်ကာ ဖုံးလွှမ်းသွားသည်ကို အမှတ်ရလိုက်သည်။ ထို့အပြင် သူက သန့်စင်ရေးမီးတောက်နှင့် ကောင်းကင်ဖျက်ဆီးရေး မီးတောက်ကိုပင် ခံစားရမည့် မိစ္ဆာကျင့်ကြံသူအလား ဆက်ဆံခံရခဲ့သည်။

ဝမ်ဝေ့က သူ့ဘာသာသူ အနည်းငယ် ငြီးတွားပြီးသည့်နောက်တွင် စမ်းသပ်ချက်ကို ကျော်လွှားရန် ပြင်ဆင်လိုက်သည်။ ကောင်းကင်မှ မီးလုံးတစ်လုံး ကျဆင်းလာကာ ဝမ်ဝေ့ဆီ ကျရောက်လာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ မူလချီဖြင့် သူ့ဘေးပတ်ဝန်းကျင်တွင် ကြည်လင်ဖောက်ထွင်းသည့် အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။

ထိုမီးလုံးက သူ့ကို ထိလိုက်သည့်အခါ ဝမ်ဝေ့က နောက်အနည်းငယ် ဆုတ်လိုက်ရပြီး သူ့အတွင်းစွမ်းအားများ ကမောက်ကမဖြစ်သွားကာ သွေးအန်လိုက်ရသည်။

သူ့ အကာအကွယ်အတွက်တွင်မူ ချက်ချင်းဆိုသလို ပျက်စီးသွားလေ၏။

ဒီလူက ဘယ်လောက်တောင် အားနည်းနေတာလဲ …

ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်သည်။ ယခုတွင် သူက သူ့ကိုယ်ပိုင်စွမ်းအားအစား လော့ချန်၏ စွမ်းအားကို အသုံးပြုနေလေသည်။ သို့သော် ထိုတိုက်ကွက် အသေးစားလေးက သူ့အား သတ်လုနီးပါး ဖြစ်ခဲ့သည်။

သူက ဆေးဝါးပညာရှင်အများစုသည် အားနည်းကြောင်း သိထားသော်လည်း လော့ချန်က နောက်တစ်ဆင့်သို့ ရောက်နေလေသည်။ ဤလူက တိုက်ကွက်မန္တန်များလည်း လေ့ကျင့်ခြင်း မရှိသလို သူ့အင်အားတိုးမြှင့်ဖို့လည်း ကြိုးစားခြင်း မရှိပေ။

ပို၍ဆိုးရွားသည်က သူ တိုက်ခိုက်ဖူးသည့် အရေအတွက်က လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရပေသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တွင် ချပ်ဝတ်နှင့်အတူ ဆေးမီးပြင်းဖိုတစ်လုံး ပေါ်ထွက်လာသည်။ သူက ဆေးမီးပြင်းဖိုကို လေထဲ ပျံသန်းအောင် ထိန်းချုပ်လိုက်ပြီးနောက် ကောင်းကင်မှ ဆင်းသက်လာသည့် မီးများကို ကြားဖြတ်ယူလိုက်သည်။

တိမ်တိုက်များဆီမှ မီးလုံး ဆင်းသက်လာသည့်အခါတိုင်း သူက ဆေးပြင်းမီးဖိုဖြင့် မီးတောက်ကို စုပ်ယူလိုက်လေသည်။ ထိုဖြစ်စဉ်က တစ်နာရီကြာ ကြာမြင့်ခဲ့သည်။ ဝမ်ဝေ့က စမ်းသပ်ချက်ကို အလွယ်တကူ အောင်မြင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတိုက်ကွက်တွင် မီးလုံးက ရုတ်ချည်းဆိုသလို အရွယ်အစားအားဖြင့် ငါးဆမက ကြီးမားလာလေ၏။

ထို့အပြင် ထိုအရာက ဆေးပြင်းမီးဖိုကို လျစ်လျူရှုကာ သူ့ဆီ တိုက်ရိုက်ပျံသန်းလာလေသည်။ ထိုမျှတင် မကဘဲ ချပ်ဝတ်ကပင် အနည်းငယ်မျှသာ ကာကွယ်နိုင်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်အပေါ် တိုက်ရိုက်ကျရောက်လာသည်။

ဝမ်ဝေ့က အခြေအနေ၏ အန္တရာယ်ကို ခံစားမိကာ သူ့ သိုလှောင်လက်စွပ်အတွင်းမှ ကာကွယ်ရေးအဆောင်များကို မြန်မြန် အသက်သွင်းလိုက်သည်။ ထိုအပြုအမူက သူ့အား မီးတောက်၏ စွမ်းအားကို အနည်းငယ် လျော့ကျသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့ခန္ဓာကိုယ်က မီးတောက်ဖြင့် ထိမှန်ခံရပြီး လွင့်ထွက်သွားလေသည်။ သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်သည့် နာကျင်မှုက လွှမ်းမိုးလာလေသည်။ သူ့ဝိညာဉ်အပါအဝင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ပြင်းထန်သော နာကျင်မှုက လွှမ်းမိုးသွားလေသည်။ သူ့အတွက် ဤနာကျင်မှုက ဘာမှမဟုတ်ပေ။

သို့သော်လည်း သူက လော့ချန်အဖြစ် ဟန်ဆောင်နေရခြင်း ဖြစ်၍ တိတ်တဆိတ် စောင့်ကြည့်နေသူများအတွက် အနည်းငယ် ညည်းညူပြလိုက်ရသည်။

သူ့ခန္ဓာကိုယ်အား မီးတောက် လောင်ကျွမ်းပြီးသည့်နောက်တွင် သူက စမ်းသပ်ချက် အောင်မြင်သွားပြီဖြစ်၏။ သူ့ကံကြမ္မာကောင်း မီးတောက်နှင့်အတူ အံ့ဖွယ်ပလ္လင်အထက်တွင် ရှေးဟောင်း မီးအိမ်တစ်ခု ပေါ်ထွက်လာသည်။ ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က ဤလူ၏ အခြေခံအုတ်မြစ်အရ ကံကြမ္မာကောင်း မီးတောက်ကို ၉ရောင်မျှသာ ဖန်တီးနိုင်ကြောင်း ပြောနိုင်လေသည်။ ဧကရာဇ်မျိုးနွယ်၏ ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်တစ်ဦးအနေနှင့် ဤသည်က သာမန်ဆန်လွန်းလှသည်။

ဝမ်ဝေ့ ကူးပြောင်းထားသည့် ပင်ကိုပစ္စည်းအငွေ့အသက်ဖြင့် သူက အရောင် ၁၀ရောင်အထိ ပြောင်းလဲနိုင်လိုက်သည်။ သို့သော်လည်း သူက မကျေနပ်သေးပေ။ ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်အစစ်မှ စွမ်းအားတချို့ ထုတ်ကာ ၁၁ ရောင်ဖြစ်အောင် ပြောင်းလဲလိုက်သည်။

သူက ပါရမီရှိလေလေ သူ့ရည်မှန်းချက်ကို ရရှိဖို့ အခွင့်အရေးများပြားလေလေ ဖြစ်၏။ နောင်အနာဂတ်တွင် သူက လော့ချန်၏ ဂုဏ်သတင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ပါရမီရှင်ကောင်း တစ်ယောက်ဖြစ်အောင် တည်ဆောက်ပေးရမည်။

ထိုစမ်းသပ်ချက်ကို အောင်မြင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဒဏ်ရာရသွားလေသည်။ ထို့ကြောင့် သူက စမ်းသပ်ချက် ခံယူရေးကွင်းပြင်မှ ထွက်လာကာ သူ့ဂူသို့ ပြန်လာလိုက်သည်။ သူက ဂူထဲရောက်သည်နှင့် ပစ္စည်းနှစ်မျိုးကို ထုတ်ယူလိုက်သည်။ တစ်ခုက ဆေးလုံးဖြစ်ပြီး တစ်ခုက သတ္တုလုံး ဖြစ်သည်။ ထိုနှစ်ခုလုံးကို သူ့ဆရာမှ လော့ချန်အား ပေးထားခြင်း ဖြစ်၏။

သူက ဆေးလုံးကို သောက်သုံးကာ ဒဏ်ရာများအား ကုစားလိုက်သည်။ ညင်သာသည့် ဆေးအာနိသင်က သူ့ခန္ဓာကိုယ်အနှံ့ စီးဝင်သွားကာ သူ့အား ကုသပေးလေသည်။ သူက ဆေးလုံးကို စုပ်ယူဖို့ ကျင့်ကြံနေရင်း သတ္တုအလုံးထဲရှိ စွမ်းအားကိုပါ အလျင်အမြန် စုပ်ယူလိုက်သည်။

ထိုသတ္တုလုံးထဲတွင် ချီကံကောင်းမှု ပမာဏအနည်းငယ် ပါဝင်သောကြောင့် လူအများမှ စုပ်ယူနိုင်လေသည်။

ထိုသို့လုပ်ခြင်းအားဖြင့် ဝမ်ဝေ့က ပင်ကိုစွမ်းရည်သည် သူ့ခန္ဓာကိုယ်၌ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာကြောင်း ခံစားမိလိုက်၏။

သူက ထိုချီကံကောင်းမှု ပမာဏအနည်းငယ်ဖြင့် စွမ်းရည်က များများစားစား မဖြစ်နိုင်မှန်း သိထားသော်လည်း သာမန်အဆင့် မဟုတ်ဘဲ နောင်အနာဂတ်တွင် ကြီးထွားမည့် အခွင့်အရေးရှိသည့် ဖြစ်ထွန်းအဆင့်ကို ရဖို့ မျှော်လင့်နေမိသည်။

All Chapters