← Chapters

မိတ်ဆွေတာအိုရသေ့ကြီး ကြားဖူးပါသလား

Vol. 1-8 Ch. 110

မိတ်ဆွေတာအိုရသေ့ကြီး ကြားဖူးပါသလား

Vol. 1-8 Ch. 110

ရေကန်ဘေးနားရှိ တဲအိမ်လေးရှေ့မှ ကောင်းကင်ပြာကြီးပေါ်ရှိ တိမ်တိုက်များကို ဖြတ်၍ ပျံသန်းသွားသော ချီယွမ်သည် သူ့တပည့်ကြီး၏ ဟန့်တားသံကိုကြားလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။ လီချန်ရှို့နှင့် လင်းအယ်သည် ရှေ့သို့ အလျင်အမြန်ပြေးသွားလိုက်ပြီး သူတို့ဆရာ၏ လမ်းကို တားဆီးလိုက်သည်။

ချီယွမ်အဖို့ ထိုမြင်ကွင်းသည် ဆေးဖော်ဆောင်အတွင်းမှ မြင်ကွင်းကို ပြန်၍ အမှတ်ရသွားစေ၏။

တာအိုရသေ့အိုကြီးသည် နောက်သို့ ခြေလှမ်းဝက်မျှ အလိုလို ဆုတ်မိသွားပြီး သူ၏တပည့်ကျော်နှစ်ဦးကို မျက်နှာတည်တည်ဖြင့် ကြည့်လိုက်၏။

“ မင်းတို့နှစ်ယောက် ဘာလုပ်မလို့ ကြံနေပြန်ပြီလဲ ”

“ ဆရာ...မပူပါနဲ့.. ညီမလေးနဲ့ ကျွန်တော်က ဒီတစ်ခေါက် ဆရာ့ကို အဆိပ်ခတ်ပြီး သတိမေ့သွားအောင် လုပ်မှာမဟုတ်ပါဘူး ”

လီချန်ရှို့သည် ကြင်နာစွာပြုံး၍ ရိုရိုကျိုးကျိုး ပြောလိုက်၏။

လင်းအယ်လည်း ဝင်ပြောလိုက်၏။

“ ဆရာ... ဒီဆရာဒေါ်လေးက ဆရာ့ကို နှစ်ပေါင်းများစွာအတွင်း ဘာသတင်းမှ ပို့ခဲ့တာ မဟုတ်ဘူး။ ရုတ်တရက်ကြီး ရှေ့လပိုင်းအတွင်းမှာ ဆရာ့ဆီ စာနှစ်စောင်တောင်ပို့ပြီး ဆရာ့ကို လာတွေ့ဖို့ချိန်းဆိုတယ်ဆိုတော့ တစ်မျိုးကြီးဖြစ်မနေဘူးလား... ”

ချီယွမ် သက်ပြင်းချ၍ ပြန်ပြောလိုက်၏။

“ မင်းတို့ရဲ့ ဆရာဒေါ်လေးက အရင်က ငါရဲ့အသုံးမကျမှုကြောင့် စိတ်ဆိုးနေတာပါ ”

လီချန်ရှို့ ခပ်သွက်သွက် ဝင်ပြောလိုက်သည်။

“ ဆရာ ... ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ မပြောပါနဲ့... ”

ချီယွမ်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း မသိပေ။ လင်းအယ်သည် သူမ၏ အစ်ကိုကြီးကို ကြည့်၍ အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ပြီးနောက် အနည်းငယ် ရှက်သွေးဖြာသွား၏။

လီချန်ရှို့က ဆက်ပြောလိုက်သည်။

“ ဆရာ... ကျွန်တော်တို့ရဲ့ ဆရာဒေါ်လေးကလည်း ချုံတောင်လေးကပါပဲ။ သူသာ ဆရာ့ကို တွေ့ချင်တယ်ဆိုရင် ဘာလို့ ဂိုဏ်းကို ပြန်မလာတာလဲ။ ဆရာဒေါ်လေး ဂိုဏ်းကထွက်သွားတုန်းက သူ နတ်ဝိဇ္ဇာမဖြစ်သေးဘူးမလား။ သူက လောကအနှံ့ခရီးသွားနေတဲ့ ဆရာဘိုးဘိုးကို ရှာမယ်ဆိုပြီး ထွက်သွားတာမလား။ ဒါပေမဲ့ သူက နှစ်တစ်ထောင်လောက်ကြာတဲ့အထိ ပြန်မလာခဲ့ဘူး။ ဂိုဏ်းရဲ့ စည်းမျဉ်းအရဆို အဲဒါကို သစ္စာဖောက်မှုလို့တောင် သတ်မှတ်လို့ရတယ်... ”

“ ဆရာ.. ဆရာသာ အဲ့ဆရာဒေါ်လေးကို သွားတွေ့ခဲ့ရင် ဂိုဏ်းကို ဘယ်လိုရှင်းပြမလဲ။ ဆရာ... ဂိုဏ်းကအကြီးအကဲတွေသာ ဆရာ့ကို ဒီအကြောင်းမေးခဲ့ရင် ဆရာ စိတ်သန့်သန့်နဲ့ ပြန်ဖြေနိုင်ပါ့မလား... ”

ချီယွမ်တစ်ယောက် မျက်မှောင်ကြုတ်၍ တွေးတောလိုက်သည်။ သူသည် မြင်းမြီးနှင်တံကိုကိုင်၍ ရေကန်ဘေးရှိ မြက်ခင်းပြင်လေးပေါ်တွင် လူးလာခေါက်တုံ့လျှောက်နေ၏။

ဘေးမှ ကြည့်နေသော လင်းအယ်သည် လီချန်ရှို့ကို လက်မ မသိမသာထောင်ပြလိုက်၏။ လီချန်ရှို့သည် ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။

သူသည် အမြဲတစေ ကိစ္စများကို မရှုပ်ထွေးရှုပ်ထွေးအောင် စဉ်းစား၍ အဆုံးစွန်အထိတွေးမိသည်ကိုလည်း လီချန်ရှို့ကိုယ်တိုင်လည်းသိ၏။

သို့သော် ထိုသို့တွေးတောပြင်ဆင်ခြင်းက သတိလက်လွတ်ပြုမူခြင်းထက် ပို၍ ကောင်းပေသည်။ ထို့ပြင် ဆရာနှင့်ပတ်သက်နေသော ယခုကိစ္စသည် အမှန်ပင် သံသယဝင်စရာကောင်းနေ၏။

သူသည် ဆရာ့ကို အဆိပ်ခတ်၍ သတိမေ့သွားအောင် မလုပ်ဟု ပြောထားသော်လည်း ဆရာ့ကို စကားဖြင့် ဖြောင်းဖြ၍ မရလျှင် လှည့်ဖျားမန္တန်အစီအရင်တစ်ခု ဆင်၍ ဖြစ်ဖြစ်၊ အခြားနည်းလမ်းတစ်ခုရှာ၍ ဖြစ်ဖြစ် ဆရာ့ကို တားထားလျှင် သူ့ကို စကားမတည်သူဟု မဆိုနိုင်ပေ။

လီချန်ရှို့သည် သူ၏ ဆရာကို ဆက်၍ နားချရန် ပြင်လိုက်စဉ် သူ့ဆရာ၏ သက်ပြင်းချသံကို ကြားလိုက်ရ၏။

ချီယွမ်က ပြောလိုက်သည်။

“ မင်းပြောတာအမှန်ပဲ... မင်းတို့ရဲ့ ဆရာဒေါ်လေး ဂိုဏ်းကထွက်သွားတော့ ဂိုဏ်းက သူ့ရဲ့နာမည်ကို တပည့်စာရင်းထဲကနေ ထုတ်လိုက်ပြီ ”

ချီယွမ်သည် လီချန်ရှို့ကို ကြည့်လိုက်၏။ သူပြောရန် အခက်တွေ့နေပုံရသော်လည်း အားတင်း၍ ပြောလိုက်၏။

“ ချန်ရှို့... ငါတို့ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ ”

လီချန်ရှို့သည် အသံပို့လွှတ်မှုအတတ်ကို သုံး၍ ပြောလိုက်၏။

“ ဆရာ... ဆရာဒေါ်လေးကို ပေးချင်တဲ့စာတစ်စောင်ရေးပြီး ကျွန်တော့်ကို ဆရာဒေါ်လေးချိန်းတဲ့နေရာကို ပြောပါ။ ကျွန်တော် စက္ကူကိုယ်ပွားကို လွှတ်ပြီး အဲ့စာကို ဆရာဒေါ်လေးဆီ ပေးခိုင်းလိုက်ပါမယ်... ”

“ ဆရာလည်း ကျွန်တော့်ရဲ့ စက္ကူကိုယ်ပွားကို သုံးတာ မြင်ဖူးတယ်မလား။ ဒီဟာကလည်း ကျွန်တော်တို့ ဂိုဏ်းပြင်ပကိုထွက်ပြီး ဆေးပင်တွေ သွားဝယ်တုန်းကလိုပါပဲ... ”

“ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီကိစ္စကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရဘူး။ ဆရာ... ဆရာဒေါ်လေးကို ဂိုဏ်းကိုပြန်လာပြီး အပြစ်တွေဝန်ခံဖို့ ဖျောင်းဖျလို့လည်း ရတာပဲ... ”

“ ကျွန်တော်တို့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေက တင်းကြပ်ပေမယ့် အပြစ်ဒဏ်ကတော့ အဲ့လောက်မဆိုးပါဘူး။ အဆိုးဆုံးအခြေအနေမှ နှစ်တစ်ထောင်လောက် ချုံတောင်လေးကနေ အပြင်ကို မထွက်ဖို့ပဲ အပြစ်ပေးခံရမှာပါ။ ဆရာ... ကျွန်တော်ပြောတာ မှန်ရဲ့လား... ”

ချီယွမ် တုံဏိဘာဝေ ဖြစ်နေ၏။ သူသည် စိတ်ဆုံးဖြတ်ပြီးလေပြီ။

လီချန်ရှို့သည် လင်းအယ်ထံသို့လည်း အသံပို့လွှတ်လိုက်ပြီး သူမပြောရမည့် စကားများကို သင်ပေးလိုက်သည်။ သူတို့နှစ်ဦးသည် သေချာဇာတ်တိုက်ထားသော စကားများကို ဂရုတစိုက်ပြောလိုက်ကြ၏။

ခေတ္တမျှကြာသောအခါ ချီယွမ်သည် ခေါင်းညိတ်လိုက်ပြီး ထိုနှစ်ဦး၏ အကြံကို လက်ခံလိုက်လေတော့သည်။

တာအိုရသေ့အိုကြီးသည် သူ၏တဲသို့ အလျင်အမြန်ပြန်၍ စာပို့ကျောက်စိမ်းအဆောင်လေးကိုသုံး၍ စာတစ်စောင်ရေးလိုက်လေသည်။ သူသည် အထပ်ထပ်ပြန်ပြင်၍ သူ၏စာတစ်လုံးချင်းစီကို ဂရုတစိုက် စစ်ဆေးနေ၏။ လေးနာရီကြာပြီးနောက် သူသည် ထိုကျောက်စိမ်းအဆောင်‌လေးကို လီချန်ရှို့ထံသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ပေးလိုက်၏။

“ ဖွင့်မဖတ်နဲ့နော်... ”

“ မပူပါနဲ့ ဆရာကလည်း... ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။

“ ဆရာရေးနေတုန်းကပဲ ကျွန်တော် ဒီစာကို ဖတ်ပြီးသွားပြီ... ”

“ မင်း... ”

“ စတာပါဆရာရဲ့..စတာပါ..ဒေါသမထွက်ပါနဲ့... ”

“ မင်းတို့နှစ်ယောက်ကြောင့် ငါလည်း အသက်တိုတော့မှာပဲ ”

ထို့နောက် ချီယွမ်သည် လီချန်ရှို့ကို တွေ့ဆုံရန် ချိန်းဆိုထားသော နေရာကို ပြောလိုက်သည်။

တောင်ကျွန်းရှိ သေမျိုးလောကမှ အရှေ့သမုဒ္ဒရာကမ်းရိုးတန်း အတွင်း တည်ရှိသော ‘ လင်တုန်း ’ ဟုခေါ်သည့် သေမျိုးမြို့လေးတစ်မြို့တွင် ဖြစ်၏။

တွေ့ဆုံရမည့် အချိန်မှာ နောက်နှစ်လကြာလျှင် ဖြစ်သည်။ သူတို့သည် နေဝင်ပြီးနောက် မြို့အရှေ့ပိုင်း၌ တွေ့ဆုံရန် ချိန်းဆိုထားခြင်းပင်။

လီချန်ရှို့သည် သူ့ဆရာကို ထိုအချိန်အတွင်း၌ တဲထဲမှာပဲ ကျင့်ကြံနေရန် အကြံပြုလိုက်သည်။ သူသည် သူ့ဆရာ၏တဲအပြင်ရှိ မန္တန်အစီအရင်များကို အဆင့်မြှင့်လိုက်ပြီး အပြင်မှ အာရုံခံ၍မရအောင် လုပ်လိုက်၏။

“ အစ်ကိုကြီး... အစ်ကိုကြီး ဘာလုပ်ဖို့ ကြံထားတာလဲ ”

လင်းအယ်သည် လီချန်ရှို့အနားသို့ ကပ်သွားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ လီချန်ရှို့သည် သူမကို ထိုအချိန်တွင်း၌ မည်သည့်နေရာကိုမှ လျှောက်မသွားနေရန်သာ မှာကြားလိုက်ပြီး အခြားအကြောင်းအရာများကို ပြောမပြလိုက်ချေ။

“ နောက်နှစ်လအတွင်းမှာ အစ်ကို ဆေးဖော်ဆောင်ကို သွားမှာမဟုတ်ဘူး... အစ်ကို တဲအိမ်ထဲမှာပဲ ကျင့်ကြံနေမယ် ”

လီချန်ရှို့၏ အကြည့်များသည် တည်ငြိမ်နေ၏။

လင်းအယ်သည် သူမ၏ ဆံပင်များကို သပ်လိုက်ပြီး နူးညံ့စွာမေးလိုက်၏။

“ အဲ့လိုဆို စက္ကူကိုယ်ပွားကို ညီမလေး ဂိုဏ်းအပြင်သွားပို့ပေးရမလား ”

“ ရတယ် ပို့စရာမလိုဘူး ”

လီချန်ရှို့သည် သူ၏ ညီမလေးကို ကြည့်၍ ပြုံးလိုက်သည်။

“ ညီမလေးတောင် လုပ်ငန်းစဉ်တွေနဲ့ တော်တော် ရင်းနှီးနေပြီပဲ။ အေးအေးလူလူသာ ကျင့်ကြံနေပါ... ညီမလေး ကောင်းကင်ပြစ်ဒဏ်ခံယူပြီးလို့ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင် ညီမလေးကို ပိုပြီး ပါဝင်ခိုင်းပါမယ် ”

“ ဟုတ်ကဲ့ပါ အစ်ကိုကြီး...မပူပါနဲ့။ ညီမလေး ကြိုးစားကျင့်ကြံမှာပါ ”

လင်းအယ်တစ်ယောက် ချက်ချင်းပင် စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်၏။

လီချန်ရှို့ ကျင့်ကြံရန် သူ၏တဲအိမ်သို့ ပြန်သွားသောအခါ လင်းအယ်သည် ပြန်၍ အသိစိတ်ကပ်လာပြီး နဖူးကိုဖိကာ ညည်းညူလိုက်သည်။

‘ ငါတော့ အစ်ကိုကြီးရဲ့ ဓမ္မရတနာအဖြစ် အသုံးချတာကို ခံရဖို့ အနည်းဆုံးတော့ နတ်ဝိဇ္ဇာဖြစ်နေမှရမှာပေါ့လေ... ’

‘ ဆရာဒေါ်လေးကျိုးကျိုးကို အဲဒါကြောင့်... ’

အစ်ကိုကြီးသည် အရွယ်ကြီးကြီးကို ကြိုက်တတ်လာပြီဖြစ်ပြီး သူ၏ လူသားဓမ္မရတနာအဖြစ် အသုံးခံရရန်လည်း အဆင့်တစ်ခုသတ်မှတ်ထားကြောင်း လင်းအယ်သိသွား၏။

လင်းအယ်သည် သူမ၏ စိတ်ထဲ၌ မကျေမနပ်တွေးနေစဉ် အဝေးမှနေ၍ အော်ခေါ်လိုက်သံကိုကြားလိုက်ရသည်။

“ လင်းအယ်လေး... ”

လင်းအယ် မော့ကြည့်လိုက်ရာ အရိပ်နက်တစ်ခုသည် သူမထံသို့ လာနေသည်ကို တွေ့လိုက်ရ၏။

သူမသည် ကျောက်စိမ်းပုလင်းနှစ်လုံးကို အလိုလို ကိုင်မိသွား၏။ သို့သော် သူမ၏ အစ်ကိုကြီးသည် သူမ၏ အနီးတွင်ရှိနေသည်ကို ရုတ်တရက် သတိရသွားသည်။ ချုံတောင်လေးကို မည်သူမှ အလစ်ဝင်တိုက်နိုင်မည် မဟုတ်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းအယ်ထပ်၍ မော့ကြည့်လိုက်၏။

ထိုပုဂ္ဂိုလ်၏ မျက်နှာကိုပင် ကြည့်ရန်မလိုပေ။ ထိုသူ၏ ဝတ်စားဆင်ရင်ပုံကို ကြည့်ရုံဖြင့်ပင် ထိုရောက်လာသူမှာ သူမ၏စိတ်ထဲတွင် မကျေမနပ်ပြောနေသော ဆရာဒေါ်လေးကျိုးကျိုးဖြစ်ကြောင်း သိနိုင်ပေသည်။

လင်းအယ်သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ကျောက်စိမ်းပုလင်းနှစ်လုံးကို ပြန်သိမ်းလိုက်ပြီးနောက် ကျိုးကျိုး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရလေတော့သည်။ ကျိုးကျိုးသည် သူမကို ချီမြှောက်လိုက်ပြီး ထိုနေရာမှာပင် လှည့်ပတ်လိုက်၏။ သူမတို့နှစ်ဦးသည် ရယ်မောလိုက်ပြီး တဲအိမ်လေးရှေ့တွင် စနောက်လိုက်ကြ၏။

“ ဆရာဒေါ်လေး... ဆရာဒေါ်လေးက လင်းအယ်ကို နေရခက်အောင် လုပ်နေတာပဲ... ”

“ ဟားဟားဟားဟား... မင်းအတွက် ငါ့ရဲ့အချစ်တွေကို ခံစားလိုက်စမ်း လင်းအယ်‌လေးရဲ့... ”

“ ဆရာဒေါ်လေး... လင်းအယ်မှားပါပြီ...ဟားဟား... ကလိမထိုးပါနဲ့တော့... လင်းအယ်မှားပါတယ်... ”

လီချန်ရှို့တစ်ယောက် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ပြုံးလိုက်၏။

သို့သော် ရင်ထဲတွင်မူ လင်းအယ်၏ ကျင့်ကြံခြင်းအတွက် စိုးရိမ်နေမိ၏။ သူမသည် နေ့တိုင်းလိုလို ဆရာဒေါ်လေးကျိုးကျိုးနှင့် အလေလိုက်နေသဖြင့် သူမ၏ ကျင့်ကြံခြင်းသည် နှောင့်နှေးနေလေသည်။ သူသည် သူမကို ထိုအကြောင်း သတိပေးရပေမည်။

ခေတ္တမျှကြာသောအခါ လင်းအယ်သည် ဆရာဒေါ်လေး၏ တိုက်ခိုက်မှုကို မခံနိုင်တော့သဖြင့် သူမ၏ အစ်ကိုကြီးကို စစ်ကူလှမ်းတောင်လိုက်၏။

ကျိုးကျိုး၏ မျက်လုံးများ အရောင်လက်သွား၏။

“ အာ... မင်းရဲ့အစ်ကိုကြီးက အခန်းအောင်းကျင့်ကြံတာက ထွက်လာပြီလား... ”

“ နတ်ဘုရားများနဲ့တိုက်ခိုက်ခြင်း ဆော့ရအောင် သူ့ကို ဒီကိုခေါ်လိုက်။ ငါသူ့ကို မတွေ့တာ နှစ်ဝက်လောက်တောင် ရှိသွားပြီ... ”

လီချန်ရှို့သည် စိတ်လေဟန်ဖြင့် ခေါင်းခါလိုက်ပြီး တဲအိမ်အတွင်းမှ ထွက်ခဲ့ရတော့သည်။

တရားထိုင်ဖျာလေးသည် နွေးပင်မနွေးသေးပေ။

မကြာခင် လင်းအယ်၏ တဲအိမ်လေးသည် အသက်ဝင်လာလေတော့၏။

လီချန်ရှို့သည် အရက်အကောင်းစား နှစ်အိုးကို ထုတ်လိုက်၏။ လင်းအယ်သည်လည်း ဆရာဒေါ်လေးအတွက် သူမ ကြိုလုပ်ပေးထားသော စားစရာများကို ထုတ်လိုက်သည်။ သူတို့သုံးဦးသည် လီချန်ရှို့ပြုလုပ်ထားသော ကတ်ပြားများကို ကိုင်ကာ စတင်တိုက်ခိုက်လိုက်ကြလေတော့သည်။

“ အတုမဲ့နတ်ဝိဇ္ဇာကတ် တစ်စုံ... ”

“ ဟင်... ကောင်းကင်နတ်မင်းကတ် တစ်စုံ... ”

“ လင်းအယ်တို့က ဒီတစ်လှည့်မှာ နတ်ဝိဇ္ဇာလေးတွေပဲ.. အစ်ကိုကြီးက နတ်ဘုရား... ဟာ ဆရာဒေါ်လေး ဘာလို့ လင်းအယ်ကို ဖိတိုက်နေရတာလဲ... ”

“ အာ... ငါစိတ်ပါသွားလို့ပါ... စိတ်ပါသွားလို့... ”

“ ဆရာဒေါ်‌လေးတို့ အရှုံးပေးလိုက်တာကောင်းမယ်ထင်တယ်... ”

လီချန်ရှို့ တည်တည်ငြိမ်ငြိမ် ခေါင်းယမ်း၍ ပြောလိုက်၏။

“ အာကာသနတ်မင်းကတ် နှစ်ကတ်စလုံးက ကျွန်တော့်လက်ထဲမှာ။ ဆရာဒေါ်လေးတို့ ခေါင်းပြန်ထောင်လာနိုင်ဦးမယ်လို့ ထင်လို့လား... ”

လင်းအယ် ချက်ချင်း နှာခေါင်းရှုံ့လိုက်၏။

“ ပေါက်ကရတွေ... အာကာသနတ်မင်းကတ်က ညီမလေးဆီ...အိုး သွားပြီ...ညီမလေး လှည့်စားခံလိုက်ရပြီ ”

ကျိုးကျိုးသည် သူမ၏ ခြေထောက်ကို ပိုက်၍ပင် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ သူမသည် ရယ်နေရင်း နောက်သို့ လန်သွားမလိုပင် ဖြစ်သွား၏။

“ မင်းတို့က ငါ့ကို ပြောင်ရဲတယ်ပေါ့လေ... ”

ထိုအခိုက်တွင် တာအိုရသေ့အိုကြီးသည် ဖြည်းဖြည်းချင်းလျှောက်လာ၏။ သူသည် ချီယွမ်ပင်။

“ ဆရာ... ”

“ အစ်ကို ချီယွမ်... ”

သူတို့သုံးဦးသည် မတ်တတ်ရပ်ရန် ပြင်လိုက်စဉ်တွင် “ချီယွမ်” သည် ရပ်ရန် မလိုကြောင်း လက်ဟန်ပြလိုက်၏။

“ မင်းတို့ ဆက်ပျော်ကြပါ။ ချန်ရှို့၊လင်းအယ်.. မင်းတို့ရဲ့ ဆရာဒေါ်လေးကျိုးကျိုးကို အဖော်ပြုပေးလိုက်ကြနော်။ ငါလုပ်စရာတစ်ခုရှိလို့ အပြင်ကိုသွားလိုက်ဦးမယ် ”

လင်းအယ် မျက်တောင်ခတ်လိုက်၏။ လီချန်ရှို့သည် ထ၍ ဦးညွှတ်လိုက်သည်။

“ချီယွမ်”သည် လက်ဝှေ့ယမ်းပြလိုက်ပြီး ပြုံးကာ တိမ်စီး၍ ဂိုဏ်းဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်၏။

လန်လင်းအယ်သည် တစ်စုံတစ်ခုကို အမှတ်ရသွား၍ လီချန်ရှို့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ လီချန်ရှို့ ပြုံးပြလိုက်ပြီး ဆက်၍ဆော့ရန် ပြောလိုက်၏။

ကျိူးကျိုးတစ်ယောက် အူမြူးနေ၏။

“ မင်းတို့ကြားတယ်မလား... မင်းတို့ရဲ့ဆရာက ငါ့ကို အဖော်ပြုပေးဖို့ မင်းတို့ကို ပြောသွားတာ။ မြန်မြန် ငါ့ကို အရက်ကောင်းတွေနဲ့ စားစရာကောင်းကောင်းတွေ ဧည့်ခံကြ။ ကတ်ကစားတဲ့အခါကျရင်လည်း ငါ့ကိုပဲ အနိုင်ပေးကြ... ”

လီချန်ရှို့နှင့် လင်းအယ်သည် ရယ်မောလိုက်ပြီး ဆရာဒေါ်လေးကျိုးကျိုးနှင့် ဆက်ဆော့လိုက်ကြသည်။

လီချန်ရှို့သည် ထိုအချိန်တွင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်နေခြင်း ဖြစ်သော်လည်း သူ၏ ဆက်တိုက်နိုင်ပွဲများအပေါ်တွင်တော့ ထိခိုက်ခြင်းမရှိပေ။

မကြာသေးခင်က ရောက်လာသော တာအိုရသေ့အိုကြီးချီယွမ်သည် ချီယွမ်အသွင်ကိုယူထားသော လီချန်ရှို့၏ စက္ကူကိုယ်ပွားပင်။ ထိုသို့လုပ်ရန် သူ့ဆရာ၏ မီးစိမ်းပြခြင်းကိုလည်း ရရှိထားပြီးဖြစ်၏။

လွန်ခဲ့သည့်နှစ်ဝက်ခန့်က စက္ကူကိုယ်ပွားများစွာကို တစ်ပြိုင်တည်း ဆက်တိုက်ထိန်းချုပ်ခဲ့ဖူးသည့် အတွေ့အကြုံရှိသဖြင့် ထိုသို့ အလုပ်နှစ်ခုလောက်ကို တစ်ပြိုင်တည်း လုပ်ရခြင်းသည် သူ့အတွက် အပန်းမကြီးတော့ချေ။

ခန္ဓာကိုယ်အစစ်သည် ဆရာဒေါ်လေးတို့နှင့် ကတ်ကစားနေရင်းမှာပင် စက္ကူကိုယ်ပွားသည် ဂိုဏ်းအပြင်သို့ အလွယ်တကူရောက်ရှိသွားပေပြီ။

ခေတ္တမျှကြာသောအခါ လီချန်ရှို့သည် သူ့ဆရာ၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားကို ၎င်းယူဆောင်သွားသည့် အာရုံခံကျောက်မျက်ကို ထုတ်စေလိုက်သည်။ ထိုအာရုံခံကျောက်မျက်သည် အရောက်လက်နေပေသည်။

နတ်အာရုံတစ်ခုသည် စက္ကူကိုယ်ပွားနောက်သို့ လိုက်၍ အာရုံခံနေ၏။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ပုံမှန်အတိုင်းပင် တောင်အရပ်သို့ ဦးတည် ပျံသန်းခိုင်းလိုက်သည်။ စက္ကူကိုယ်ပွား၏ မျက်နှာထားသည် ရုတ်ခြည်း ရှုပ်ထွေးသွား၏။ ၎င်း၏ မျက်နှာထားသည် စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုနှင့် ရှက်ရွံ့မှုတို့ ပေါင်းစပ်ထားသည့်မျက်နှာထားပင်။ ၎င်းသည် တစ်စုံတစ်ဦးနှင့် တွေ့ရန် မဝံ့မရဲဖြစ်နေပုံနှင့် တူလေသည်။ ၎င်းသည် ချီယွမ်ထက်ပင် ချီယွမ်နှင့် ပိုတူနေ၏။

နတ်အာရုံသည် လီ(၄၀၀)ကျော်မျှ လိုက်၍အာရုံခံပြီး‌နောက် တဖြည်းဖြည်း အားနည်းလာလေသည်။ ထိုလျှို့ဝှက်အာရုံခံနေသည်မှာ မည်သူဖြစ်ကြောင်း လီချန်ရှို့ မသိသော်လည်း ယင်းနတ်အာရုံ၏ အစွမ်းကိုမူတည်၍ ကောက်ချက်ချရလျှင် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာ အလယ်အလတ်အဆင့်ရှိပေလိမ့်မည်။

ထို့ကြောင့် ယခင်က သူ ခန့်မှန်းထားသော ခန့်မှန်းချက်သည် မှန်ကန်ကြောင်း အတည်ပြုပြီးပေပြီ။

သို့သော် ထိုအရာသည် ခန့်မှန်းချက်တစ်ခုသာ ဖြစ်၏။ လီချန်ရှို့သည် ထိုအပေါ်တွင် အခြေခံကာ ဆုံးဖြတ်ချက်ချ၍ မရပေ။ သူသိထားသော သတင်းအချက်အလက်သည် အလွန်နည်းသေးလေသည်။

သူ့ဆရာ၏ မြေနတ်ဝိဇ္ဇာချီကို ဖန်တီး၍ ဟန်ဆောင်ရခြင်းသည် မလွယ်ကူပေ။ ခက်ခဲသော အပိုင်းသည် နတ်ဝိဇ္ဇာချီမဟုတ်ဘဲ မြေချီဖြစ်သည်။

လီချန်ရှို့သည် မသင့်တော်သော အကြံတစ်ခုကိုလည်း စဉ်းစားမိခဲ့၏။ တပည့်များကို မကြာခဏအပြစ်ပေးရာတွင် သုံးသော သူ့ဆရာ့၏ မြင်းမြီးနှင်တံကိုယူ၍ စက္ကူကိုယ်ပွား၏ ကိုယ်ရောင်ကိုယ်ဝါကို အစစ်နှင့်အတုရောကာ ချီယွမ်အစစ်နှင့် ပို၍တူအောင် လုပ်ခဲ့လေသည်။

စက္ကူကိုယ်ပွားပြန်ရောက်လာသောအခါမှ ထိုမြင်းမြီးနှင်တံကို ပို၍ နူးညံသော အမွေးများဖြင့် ပြန်လဲပေးရပေမည်။

ဂိုဏ်းမှနေ၍ လီ(၁၀၀၀)ကျော်သွားပြီးနောက် တောင်ကျွန်းရှိရာအရပ်သို့ ဦးတည်လိုက်လေသည်။

‘ အင်း... ကောင်းကင်မှာ အပူအပင်ကင်းကင်နဲ့ ပျံသန်းနေတဲ့ ငှက်လေးတွေကတော့ ငါ့ရဲ့ ဒုက္ခတွေကိုကြည့်ပြီး ရယ်နေတော့မှာပဲ ’

ချီယွမ်၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေ၏။ လီချန်ရှို့၏ နတ်အာရုံသည် အရှေ့ဘက် လီ(၃၀၀)အကွာရှိ တိမ်ဖြူကြီးပေါ်တွင်ရှိနေသော တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာအချို့ကို အာရုံခံမိလိုက်သည်။ သို့သော် ထိုနတ်ဝိဇ္ဇာများမှာ ကျိုးဝူ၊ ကျိုးရှစ်နှင့် အခြား ဂိုဏ်းမှတာဝန်ရှိသူနှစ်ဦးဖြစ်ပြီး ဂိုဏ်းမှစေခိုင်းလိုက်သော အလုပ်များကို လုပ်ပြီးပြီဖြစ်၍ ဂိုဏ်းသို့ ပြန်နေကြခြင်းပင်။

ကျိုးဝူသည်လည်း “ချီယွမ်”ကို အာရုံခံမိလိုက်၏။

တာအိုရသေ့ဂျပုသည် စိုးရိမ်သွား၏။ သူသည် ဘေးရှိ ကျိုးရှစ်ကို တစ်စုံတစ်ခုပြောလိုက်ပြီး ထိုသုံးဦးကို ဂိုဏ်းသို့ အရင်ပြန်စေလိုက်သည်။ သူသည် တိမ်တစ်ခုကို သီးသန့်စီးလိုက်ပြီး “ချီယွမ်”၏ နောက်သို့ လိုက်သွားလေ၏။

သို့သော် ကျိုးဝူသည် “ချီယွမ်” ထံသို့ သွားမတွေ့ပေ။ သူသည် “ချီယွမ်”၏ အနောက် လီ(၃၀၀)အကွာမှနေ၍ နောက်ယောင်ခံလိုက်သွားပြီး သူ၏ နတ်အာရုံကို “ချီယွမ်” ထံသို့ ပို့ထားလေသည်။ သူသည် “ချီယွမ်” တစ်ယောက် မည်သည့်ကိစ္စကို သွားလုပ်ကြောင်း သိလို၏။

လီချန်ရှို့ ဆွံ့အနေ၏။

‘ ဆရာဦးလေးက ဆရာ့အနောက်ကို နောက်ယောင်ခံ လိုက်နေတာလား... ’

ထိုအရာသည် လီချန်ရှို့၏ စက္ကူကိုယ်ပွားဖြစ်နေခြင်းကြောင့်သာ ဆရာဦးလေးကျိုးဝူ နောက်ယောင်ခံလိုက်လာသည်ကို အာရုံခံမိခြင်းပင်။ သူ၏ဆရာအစစ်သာဆိုလျှင် ဆရာဦးလေးကျိုးဝူကို အာရုံခံမိမည်မဟုတ်ချေ။

လီချန်ရှို့သည် ခေတ္တမျှတွေးတောပြီးနောက် ဆရာဦးလေးကျိုးဝူတစ်ယောက် နောက်မှ လိုက်လာခြင်းကို ခွင့်ပြုလိုက်လေတော့သည်။

သူသည် ဆရာဒေါ်လေးကျိုးကျိုးတို့နှင့် စကားပြောလိုက်၊ ဆော့လိုက်နှင့် လုပ်နေရင်းမှာပင် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးကို ထိန်းချုပ်၍ တောင်ကျွန်းသို့ ပျံသန်းနေစေလိုက်၏။

ကျိုးဝူသည်လည်း လွန်စွာ စိတ်ရှည်၏။ သူသည် လီ(၃၀၀)အကွာမှနေ၍ နောက်ယောင်ခံလိုက်နေပြီး မကြာမကြာ မေးစေ့ကိုပွတ်၍ တစ်စုံတစ်ခုကို တွေးတောနေ၏။

ထိုနောက်ယောင်ခံလိုက်မှုသည် လဝက်ပင်ကြာခဲ့လေသည်။

ဆရာဦးလေးကျိုးဝူသည် သူ့ဆရာ၏ ရန်သူနှင့် တစ်ခုခုပတ်သတ်နေမည်လော ဟူ၍ပင် လီချန်ရှို့ သံသယဝင်လိုက်မိ၏။

သို့သော် သေချာပြန်စဉ်းစားကြည့်ရာတွင် ဆရာဦးလေးကျိုးဝူသည် “ချီယွမ်”နှင့် မတော်တဆသာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူ၏ဆရာ ဂိုဏ်းအပြင်သို့ သွားမည့်အကြောင်းကိုပင် မသိချေ။ သူ၏ဆရာနှင့် ဆရာဦးလေးကျိုးဝူတို့သည် အကြိမ်ကြိမ်တွေ့ဆုံခံဖူးသော်လည်း မူမမှန်သည့် အပြုအမူမျိုးကို သူ မတွေ့ဖူးခဲ့ပေ။

“ချီယွမ်”သည် ရပ်လိုက်သွားလိုက်ဖြင့် သွားပြီးနောက် ချိန်းဆိုထားသည့်နေရာသို့ တစ်လနှင့်လဝက်စော၍ ကြိုရောက်သွားလေတော့သည်။ သူသည် သူ၏ ဆရာတူအစ်မနှင့် တွေ့ရမည့် နေရာသို့ ရောက်ရှိနေပေပြီ။ ထိုနေရာသည် အရှေ့သမုဒ္ဒရာ၏ အ‌ရှေ့မြောက်ကမ်းရိုးတန်းရှိ လင်တုန်းမြို့ပင်။

တာအိုရသေ့အိုကြီးချီယွမ်၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားသည် လေလွင့်သွားလာနေတတ်သည့် သာမန် တာအိုရသေ့အိုတစ်ပါးအဖြစ် ပြောင်းလဲလိုက်သည်။ သူသည် မြင်းမြီးနှင်တံကိုကိုင်၍ မျက်မှောင်ကြုတ်ကာ မြို့ဂိတ်တံခါးကို ဖြတ်ပြီး မြို့အတွင်းသို့ ဝင်သွားလေ၏။

ကျိုးဝူသည် မြို့ပြင်တွင် ဆင်းသက်လိုက်ပြီး ခေါင်းကုတ်လိုက်၏။ သူသည် သူ၏ ဂိုဏ်းတူညီလေးတစ်ယောက် မည်သည့်နေရာသို့ သွားသည်ကို တွေးတောနေကြောင်း သိသာပေသည်။

‘ ဒါက မကြာသေးခင်ကဖြစ်သွားတဲ့ ဂိုဏ်းက တိုက်ပွဲကြီးနဲ့ သက်ဆိုင်နေမလား... ’

‘ သူက တူ‌လေးချန်ရှို့ရဲ့ ဆရာပဲ။ ငါ သူ့ကို လျစ်လျူရှုလို့ မရဘူး... ’

ကျိုးဝူ၏ ခေါင်းထဲတွင် ထိုအတွေးဝင်လာသည့် အချိန်မှာပင် သူ၏ နတ်အာရုံသည် မြို့တွင်းသို့ ဝင်သွားသော ဂိုဏ်းတူညီလေးချီယွမ်ကို အာရုံခံမိလိုက်၏။ “ချီယွမ်” သည် လေလွင့်တာအိုရသေ့ရသေ့အို တစ်ပါး၏ အသွင်ကိုယူထားပြီး တာအိုဝတ်ရုံဝတ်ဆင်ထားသော အခြားတာအိုရသေ့အိုတစ်ပါးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရ၏။

ကျိုးဝူသည် တီးတိုး ရေရွတ်လိုက်၏။

“ အင်း ကိစ္စတစ်ခုခုတော့ ရှိနေတာ သေချာပြီ... ”

ကျိုးဝူသည် ရုတ်ခြည်းပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်လိုက်ပြီး သေချာစုံစမ်းရန် မြို့ဂိတ်တံခါးဆီသို့ မယောင်မလည် လျှောက်သွားလိုက်လေသည်။

ထိုတာအိုရသေ့ဂျပုသည် အထင်လွဲနေခြင်းပင်။

လီချန်ရှို့၏ စက္ကူကိုယ်ပွား မြို့တွင်းသို့ ဝင်သွားသောအခါ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဝိညာဉ်အခြေတည် ကျင့်ကြံခြင်းအဆင့်ရှိသည့် တာအိုရသေ့အိုတစ်ပါးသည် စက္ကူကိုယ်ပွားထံသို့ လျှောက်လာခဲ့၏။ ထိုတာအိုရသေ့အိုကြီးသည် ချီယွမ်နှင့် ချိန်းဆိုထားသောသူမဟုတ်သည့်အပြင် ဝမ်ကျန်းယွီ၏ အကြောင်းကိုပြောပြမည့် သူလည်းမဟုတ်ပေ။

ထိုတာအိုရသေ့အိုကြီး၏ မျက်နှာသည် ခံ့ညား၍ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း တည်ငြိမ်လေသည်။ သူသည် ရှေ့သို့တိုးလာပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်၍ ပြောလိုက်၏။

“ မိတ်ဆွေ တာအိုရသေ့ကြီး ... တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ရသေ့ကြီး ကြားဖူးပါသလား... ”

***

All Chapters