ချီကျင့်ကြံသူတစ်ဦးအနေဖြင့် ဆောင်ကြာမြိုင်သို့သွားရန် မသင့်တော်ပေ
Vol. 1-8 Ch. 111
‘ ရသေ့ကြီး ခင်ဗျားက ပင်လယ်စောင့်နတ်မင်းကိုယ်တိုင်ကို ပင်လယ်စောင့်နတ်မင်းရဲ့ ဩဝါဒတွေ လာပြောပြနေတာပဲ ’
ထိုအခိုက်တွင် လီချန်ရှို့သည် ထိုသို့ပြောလိုက်လိုသော်လည်း ပြုံး၍သာ ပြန်ပြောလိုက်ရ၏။
“ ကျွန်တော်က ရန်ကျောင်းတော်ရဲ့ သင်ကြားမှုကို လေးစားလိုက်နာတဲ့သူပါ... ”
ထို့နောက် စက္ကူကိုယ်ပွားသည် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး မြင်းမြီးနှင်တံကိုကိုင်၍ လမ်းမကြီးဆီသို့ လျှောက်သွားလိုက်လေသည်။ တာအိုရသေ့အိုကြီးသည် သူ့ကို ထပ်၍ ဆွယ်တရားမဟောတော့ဘဲ အနှောင့်အယှက်ပေးမိသဖြင့် တောင်းပန်ကြောင်းကိုသာပြော၍ လမ်းထောင့်ရှိ ထိုင်ခုံလေးသို့ ပြန်လျှောက်သွား၏။
လီချန်ရှို့သည် ထိုသို့ ဆွယ်တရားဟောရခြင်း၏ အကြောင်းအရင်းကို သိရှိပြီးဖြစ်သည်။
မကြာသေးခင်က အောင်းရိသည် သူ၏ရုပ်တုမှတစ်ဆင့် သူနှင့်ဆွေးနွေးတိုင်ပင်ခဲ့၏။ သူကလည်း သဘောတူလိုက်သည်။
အောင်းရိ၏ နောက်ရှိ အရှေ့သမုဒ္ဒရာနဂါးနန်းတော်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများမှ ကုသိုလ်များစွာရပြီး ဘုံကျောင်းများသည်လည်း အလျင်အမြန် ပွားများလာခြင်းကို တွေ့ခဲ့၏။ ထို့ကြောင့် သူတို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို တောင်ကျွန်းနှင့်ထိစပ်နေသော အရှေ့သမုဒ္ဒရာ ကမ်းရိုးတန်းတစ်ဝိုက်တွင်လည်း တိုးချဲ့လိုနေ၏။
လီချန်ရှို့သည် ထိုကိစ္စကိုသဘောတူလိုက်၏။ သို့သော် ဘုံကျောင်းများကို သမုဒ္ဒရာကမ်းရိုးတန်းဒေသများကို ကျော်၍တော့ မတိုးချဲ့ရန် ထပ်လောင်းသတိပေးလိုက်သည်။
အချိန်တစ်ခုမျှ ဆက်၍ အာရုံခံပြီးနောက် နဂါးနန်းတော်သည် သွက်သွက်လက်လက်လုပ်ဆောင် တတ်ကြောင်း သူသိခဲ့ရ၏။ အရှေ့သမုဒ္ဒရာ ကမ်းရိုးတန်းဒေသများတွင် နတ်မင်းရုပ်တု တစ်ရာကျော်ခန့် ရှိနေပေပြီ။
ရုပ်တုအဟောင်းများတွင်သာမက အသစ်ထုလုပ်သော ရုပ်တုများ၌ပင် သူ၏ ရုပ်သွင်ကို မထင်မရှားပြုလုပ်ထားကြသဖြင့် လီချန်ရှို့ အတန်ငယ် စိတ်သက်သာရာရခဲ့၏။ သူ့ရုပ်သွင်၏ ဝိသေသလက္ခဏာများကို သူကိုယ်တိုင်ပင် ထင်ထင်ရှားရှား မမြင်ရပေ။ ထို့ပြင် ရုပ်တုသည်လည်း နတ်မင်းတစ်ပါးကဲ့သို့ ပြောင်ပြောင်လက်လက်၊ ထည်ထည်ဝါဝါ မရှိချေ။
သို့သော် သူ၏ရုပ်တုဘေးတွင် ရပ်နေဟန်ထုထားသည့် ကောင်းကင်နဂါးအစောင့်အရှောက်၏ ရုပ်တုမှာမူ သူ၏ရုပ်တုနှင့် တခြားစီဖြစ်၏။
အစပိုင်းတွင် ထိုရုပ်တုနှစ်ခုကို အရှေ့သမုဒ္ဒရာ ကမ်းရိုးတန်းဒေသရှိ ရွာအသေးလေးများ၌သာ တွေ့ရ၏။ လီချန်ရှို့၏ ရုပ်တုကို အရည်အသွေးကောင်းသော ကျောက်တုံးဖြင့် ထုလုပ်ထား၏။ ထိုရုပ်တုကို အရှေ့သမုဒ္ဒရာ နဂါးနန်းတော်မှ ပန်းပုပညာရှင်များက ဂရုတစိုက်ထုလုပ်ထားခြင်းပင်။ သူ၏ ရုပ်သွင်မှလွဲ၍ ကျန်အစိတ်အပိုင်းများကို အသေးစိတ် ထုလုပ်ထား၏။
သူ၏ရုပ်တုဘေးရှိ အောင်းရိ၏ ရုပ်တုကိုမူ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းဖြင့် ထုလုပ်ထား၏။ ယင်းရုပ်တုကို ပန်းပုပညာရှင်တစ်ရာကျော်ခန့် ပူးပေါင်း၍ အကောင်းဆုံးလက်စွမ်းပြထားခြင်းပင်။ ရုပ်တု၏ ရုပ်သွင်မှာ ထင်ရှားပြီး လွန်စွာခံ့ညားလေသည်။ ထို့ပြင် ဦးချိုများကိုလည်း လွန်စွာ အနုစိတ် ထုလုပ်ထား၏။ ရုပ်တုကို ပတ်၍ခြုံပေးထားသော ရတနာဝတ်ရုံတစ်ခုလည်း ရှိပေသေးသည်။
လီချန်ရှို့သည် ထိုကိစ္စနှင့်ပတ်သတ်၍ နဂါးများကို သတိပေးလို၏။
‘ အဲ့ရုပ်တု အခိုးခံရမှာ ခင်ဗျားတို့ မစိုးရိမ်ဘူးလား... ’
သို့သော် နဂါးမျိုးနွယ်သည် နှစ်ပေါင်းများစွာ လက်မှိုင်ချနေခဲ့ရရာမှ အာဒိကပ္ပလောကတွင် နဂါးမျိုးနွယ်ပြန် အခြေတည်လာနိုင်ရန် မျှော်လင့်ချက်ရောင်ခြည်လေးကို တွေ့လာသဖြင့် ပျော်ရွှင်နေမှုကို မဖျက်ဆီးလိုသဖြင့် လီချန်ရှို့တစ်ယောက် ထိုစကားများကို မပြောဖြစ်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အမွှေးတိုင်ပူဇော်မှုမှ ရသော ကုသိုလ်၏(၇၀) ရာခိုင်နှုန်းကို ရနေမည်သာဖြစ်သည်။ အောင်းရိသည် (၂၀)ရာခိုင်နှုန်းရ၏။ ရုပ်တု၏ ခမ်းနားထည်ဝါမှုကြောင့် ကုသိုလ်ပိုရမည် မဟုတ်ပေ။
ကျန်(၁၀)ရာခိုင်နှုန်းကို နဂါးအစောင့်အရှောက်များနှင့် နတ်တမန်တော်များက ရ၏။ ရရှိသော ကုသိုလ်များထဲမှ အနည်းအကျဉ်းကိုမူ ကောင်းမှုများလုပ်သည့် ကိုးကွယ်သူများကို ပေး၏။
ယခုတွင် အရှေ့သမုဒ္ဒရာ ကမ်းရိုးတန်းဒေသတွင် ရုပ်တုတစ်ရာကျော်ရှိနေပေပြီ။ တောင်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသတွင် ရှိသော ရုပ်တုများနှင့်ပေါင်းလျှင်...
‘ ဟင်... ဘာလို့ တွက်ချက်တာက ကြာနေရတာလဲ... ’
ထုလုပ်ပြီးဆီးသော ရုပ်တု စုစုပေါင်း (၃၆၉၂)ရုပ် ထုလုပ်ဆဲရုပ်တု(၄၆၃)ရုပ်...
“ အဟွတ်.. အဟွတ်... ”
တဲအိမ်အတွင်း၌ ကျင့်ကြံနေသော လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ဆဲစေမိမလိုပင် ဖြစ်သွား၏။
‘ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်များလာရတာလဲ... ’
‘ ငါ လွန်ခဲ့တဲ့ လဝက်လောက်က စစ်ဆေးကြည့်တုန်းကတောင် နှစ်ထောင် မပြည့်တပြည့်လောက်ပဲ ရှိပါသေးတယ်။ ဘာလို့ အရေအတွက်က နှစ်ဆလောက်ဖြစ်လာရတာလဲ... ’
‘ အမွှေးတိုင်ပူဇော်မှုကရတဲ့ ကုသိုလ်တွေကို ငါအဲ့လောက် လိုလို့လား... ’
‘ အင်း ကုသိုလ်ပိုရတာကိုတော့ ငါသဘောကျပါတယ်... ကုသိုလ်ရွှေခန္ဓာကို ငါစောစောရနိုင်တာ ကောင်းတဲ့ကိစ္စပဲ ’
‘ ဒါပေမဲ့ ဒီလိုသာ ဆက်ပြီးတိုးပွားနေရင် သမုဒ္ဒရာလေးစင်းမှာရှိတဲ့ နဂါးနန်းတော်တွေက ဘေးထွက်ဆိုးကျိုး ဖိအားတွေကို ခံနိုင်ပါ့မလား... ’
အကယ်၍ ထိုအတိုင်းသာ ဆက်၍တိုးပွားနေလျှင်...
နောက်နှစ်ပေါင်း(၂၀,၀၀၀)ကြာလျှင် ရှိသမျှ သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ ရှိလာပေလိမ့်မည်။ ထိုဘုံကျောင်းများသည် ကုန်းတွင်းပိုင်းကို ဝန်းရံထားသလိုပင် ဖြစ်သွားမည်ဖြစ်၏။ ထိုသို့ဖြစ်လျှင် နတ်ဘုရားဘွဲ့စစ်ပွဲကြီး စတင်ဖြစ်ပေါ်သွားနိုင်၏။
လီချန်ရှို့သည် ထိုသို့တွေးမိသောအခါ သူ၏ မျက်စိရှေ့တွင် ကျောင်းတော်သုံးကျောင်း၏ တည်ထောင်သူများကို မြင်ယောင်လာ၏။ နတ်ရတနာကောင်းကင်ဘိုးဘိုး အရှင်လင်းပေါင်ထျန်းကျွမ်းသည် နတ်ဝိဇ္ဇာနှိမ်နင်း အင်းကွက်ကို ကိုင်ထား၏။ ကမ္ဘာဦးကောင်းကင်ဘိုးဘိုး အရှင်ယွမ့်ရှစ်ထျန်းကျွမ်းသည် ပန်ကူးနတ်ဘုရား၏ တံဆိပ်တော်ကို ကိုင်ထား၏။ ရန်ကျောင်းတော်၏ တည်ထောင်သူဖြစ်သော ဆုတောင်းပြည့်ကောင်းကင်ဘိုးဘိုး အရှင်ထိုက်စန့်လောင်ကျွင်းက ပြောလိုက်၏။
“ ငါ့ရှင်တို့... နတ်ဘုရားဘွဲ့တွေ ပေးအပ်ဖို့ ဆွေးနွေးကြမလား ”
လီချန်ရှို့သည် ထိုမြင်ကွင်းများကို မြင်ယောင်မိသွား၍ လန့်ဖြန့်သွားလေသည်။
တောင်သမုဒ္ဒရာရှိ မမြင်နိုင်သည့်အန္တရာယ်များကို ယာယီဖြေရှင်းနိုင်ခဲ့ပြီဟု သူတွေးခဲ့မိ၏။ ထိုသို့ မမြင်နိုင်သည့် အန္တရာယ်များ ထိုမျှ လျင်လျင်မြန်မြန် ထပ်မံပေါ်ပေါက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ရန် အမှန်ပင်မလွယ်ကူချေ။ သို့သော် လီချန်ရှို့သည် မိမိစိတ်ကို ပြန်၍တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။
သူ လိုလိုလားလား လက်ခံလိုက်ပြီဖြစ်သော လက်ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် အမွှေးတိုင်ပူဇော်မှုမှနေ၍ ကုသိုလ်များကိုရသည့် ဘုံကျောင်းများဖြစ်သည်။ သူသည် နဂါးမျိုးနွယ်ကို လှည့်စားရင်း နောင်တွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအား မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားထားပြီးဖြစ်သည်။
ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ၎င်းတို့ဘာသာ အခြေခိုင်အောင် လုပ်နိုင်ပြီး နဂါးမျိုးနွယ်သည်လည်း မဆင်မခြင်ပြုကာ အနောက်သမုဒ္ဒရာနဂါးနန်းတော်ကို အနောက်ကျောင်းတော်သို့ သွား၍ မတိုက်ခိုက်စေခဲ့လျှင် ပြဿနာသည် များစွာ ကြီးထွားမလာနိုင်ပေ။
‘ သူတို့ သွားတိုက်မယ်လို့တော့ ငါ မထင်ပါဘူး... ’
နဂါးမျိုးနွယ်သည် ထိုမျှအမြင်အကျဉ်းလောက်ပေ။
ပင်လယ်စောင့်နတ်မင်းဘုံကြောင်းများ၏ ဂယ်ပေါက်သည် အဘယ်နည်း။
ထိုအရာသည် လွန်စွာ ရိုးရှင်း၏။ ထိုဘုံကျောင်းများကို ကောင်းကင်ဘုံခုံရုံး၏ လက်အောက်ခံအဖြစ်၊ ရန်ကျောင်းတော်၏ လက်အောက်ခံအဖြစ် စာရင်းသွင်းလိုက်ရုံပင်။ ထို့နောက် စကြဝဠာတိုက်တစ်သောင်းအတွင်း ကြိုက်ရာနေရာ၌ ဘုံကျောင်းများကို တိုးချဲ့၍ရပေပြီ။
အကယ်၍ နဂါးမျိုးနွယ်သာ သူ၏အစီအစဉ်ကို လိုက်နာခဲ့လျှင် နောင်တွင် သူတို့ကိုလည်း လွတ်မြောက်နိုင်ရန် အခွင့်အရေးနောက်တစ်ခု ပေးပေမည်။ မကြာသေးခင်က လီချန်ရှို့သည် အရေးပေါ်အခြေအနေအတွက် အကြံတစ်ခုရခဲ့၏။ သူ၏ အမည်ကိုပြောင်းလဲ၍ ရှောင်ပြေးလိုက်ကာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို နဂါးမျိုးနွယ်လက်ထဲသို့ ထိုးအပ်လိုက်ပြီး နဂါးမျိုးနွယ်ကို လူသားမျိုးနွယ်အပေါ် ကာကွယ်စောင့်ရှောက်လိုစိတ်ပေါ်လာအောင် လုပ်မည့်အကြံပင်။
ထိုအကြံသည် အရှင်ထိုက်စန့်လောင်ကျွင်း ဗုဒ္ဓအဖြစ်ပြောင်းလဲ၍ မဟာယနဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သည့် ဖြစ်စဉ်ကို အခြေခံထားခြင်းပင်။
သို့သော် မျိုးနွယ်တစ်ရာကျော်သည် အာဒိကပ္ပလောကကို အုပ်စိုးနိုင်ရန် ပြိုင်ဆိုင်နေကြ၏။ သမိုင်းမတိုင်မီ ခေတ်ကတည်းကပင် လူသားမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့သည် ပြိုင်ဆိုင်ခဲ့ကြ၏။ အကယ်၍ သူသာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို နဂါးမျိုးနွယ်ထံသို့ ပေးအပ်လိုက်လျှင် လူသားမျိုးနွယ်အပေါ် ဖိအားပေးသလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ တည်ငြိမ်နေပြီး သူ့ကို ဒုက္ခမပေးသရွေ့ လီချန်ရှို့သည် ထိုသို့ပြုလုပ်မည် မဟုတ်ပေ။
လက်ရှိတွင် နဂါးမျိုးနွယ်ရရှိသော အမွှေးတိုင်ပူဇော်မှုမှ ကုသိုလ်များသည် အောင်းရိထံတွင် စုစည်းနေ၏။ အထက်ပါအကြံတွင် အရေးကြီးဆုံးအရာတစ်ခုမှာ နဂါးပညာရှင်တစ်ဦးကို ပျိုးထောင်ပေးရန် ဖြစ်သည်။
ဟူး...
‘ ငါ နတ်မင်းဖြစ်လာတာ ရက်ပေါင်း နှစ်ရာ့လေးရက် ရှိသွားပြီပဲ... ’
‘ ငါ ဆက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သတိကြီးကြီးထားဖို့လိုတယ်... ’
စက္ကူကိုယ်ပွားကို ဂိုဏ်းအပြင်သို့ လွှတ်လိုက်သည်မှာ လဝက်ကြာပြီးနောက် ကျိုးကျိုးသည် ချုံတောင်လေးသို့ နောက်တစ်ခေါက်ထပ်လာ၍ ဆော့ကစားလေသည်။
ထိုအခေါက်တွင် ကျိုးကျိုးသည် မူးနေပြီဖြစ်သည်။ သူမသည် လင်းအယ်၏ အိပ်ရာတွင် ဝင်အိပ်လိုက်ပြီး သူမ မူး၍အိပ်လျှင် လုပ်နေကျအတိုင်း အတွင်းဝတ်များကို ချွတ်ပစ်ခဲ့လေသည်။
လီချန်ရှို့သည် သူ၏စိတ်ကို တောင်ကျွန်းနှင့် ထိစပ်နေသော အရှေ့သမုဒ္ဒရာကမ်းရိုးတန်းဒေသရှိ လင်တုန်းမြို့တွင်ရှိနေသော စက္ကူကိုယ်ပွားထံပို့လိုက်၏။ ထို့နောက် သူသည် စက္ကူကိုယ်ပွားကို မြို့တွင်းရှိ တည်းခိုဆောင်တစ်ခုကို ရှာစေလိုက်ပြီး တည်းခိုဆောင်တွင် တည်းခိုစေလိုက်၏။
တောင်ကျွန်း စည်ပင်ဝပြောနေသည်မှာ နှစ်သောင်းချီရှိပြီဖြစ်၍ တည်းခိုဆောင်များ ရှိနေပြီဖြစ်သည်။ တောင်ကျွန်းသည် ကြီးမားသော ကျွန်းကြီးတစ်ကျွန်းဖြစ်ပြီး သေမျိုးအရေအတွက်သည် သိပ်၍ မများပြားသေးပေ။ ထို့ပြင် တောင်ကျွန်းရှိ တစ်နေရာနှင့် တစ်နေရာသည်လည်း ဓလေ့ထုံးတမ်းများ မတူကျပေ။
လီချန်ရှို့သည် စက္ကူကိုယ်ပွားမှတစ်ဆင့် မြို့အတွင်းကို ဂရုတစိုက်အာရုံခံလိုက်၏။ မကြာမီ ဆရာဦးလေးကျိုးဝူသည် သံသယဖြစ်ဖွယ် အပြုအမူများ ပြုလုပ်နေကြောင်းကို လီချန်ရှို့ အာရုံခံမိလိုက်၏။
ထိုအခိုက်တွင် ကျိုးဝူသည် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားနေ၏။ သူသည် အမှန်ပင် ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်လေ၏။
သို့သော် ဆရာဦးလေးကျိုးဝူသည် သူရောက်နေသည်မှာ သေမျိုးလောက ဖြစ်ကြောင့် သတိလက်လွတ်ဖြစ်သွား၏။ သူ့ကဲ့သို့ ပုံပန်းဟန်ပန်ရှိသည့် သူသည် သေမျိုးလောကတွင် ထင်းထင်းကြီးဖြစ်နေမည်ကို သူ ထည့်မတွက်မိခဲ့ချေ။
ဆရာဦးလေးကျိုးဝူသည် အထူးကောင်းမွန်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့တစ်ကိုယ်လုံးမှနေ၍ ခံ့ညားသော အရောင်အဝါများထွက်နေ၏။ သေမျိုးများသည် သူ့ကို ကွက်ကြည့် ကွက်ကြည့် လုပ်၍ သူ့အကြောင်းကို အတင်းပြောနေကြ၏။
အာဒိကပ္ပလောကရှိ လူသားမျိုးနွယ်သည် မင်းမှုထမ်းအိုကြီးများနှင့် မိန်းမပျိုလေးများ၏ ဇာတ်ထုတ်များကို မသိရှိကြသေး၍ တော်သေးပေသည်။ မဟုတ်လျှင် သူတို့သည် ဆရာဦးလေးကျိုးဝူကို အစားအသောက်များ၊ ပေါက်စီများ ပေး၍ ဇာတ်လမ်းစကျပေလိမ့်မည်။
ဆရာဦးလေးကျိုးဝူသည်လည်း သူ့ကို လူများ ဝိုင်းကြည့်နေသည်ကို သိရှိလာ၏။
သူသည် “ချီယွမ်”ကဲ့သို့ပင် တည်းခိုဆောင်တစ်ခုရှာလိုက်၏။ သူသည် ကျောက်စိမ်းပိုင်းနှစ်ပိုင်းကို ပစ်ပေးလိုက်ပြီး အကောင်းဆုံးအခန်းတစ်ခန်းကို ငှားလိုက်၏။ တချိန်တည်းမှာပင် သူ၏ နတ်အာရုံကိုသုံး၍ သူနှင့် သိပ်မရင်းနှီးသည့် ဂိုဏ်းတူညီလေးကို အာရုံခံလိုက်သည်။
ထိုအခြင်းအရာကို မြင်သောအခါ လီချန်ရှို့ ခေတ္တမျှတွေးတောပြီးနောက် ပြုံးလိုက်၏။
သူသည် စက္ကူကိုယ်ပွားကို အခန်းတွင်း၌ နှစ်ညနှင့် သုံးရက်နေခိုင်းလိုက်သည်။ သုံးရက်မြောက်ညရောက်သောအခါ တည်းခိုဆောင်ပိုင်ရှင်နှင့် အလုပ်သမားများသည် လေလွင့်တာအိုရသေ့အသွင်ယူထားသည့် စက္ကူကိုယ်ပွား အစာငတ်၍ သေသွားမည်ကို စိုးရိမ်လာကြပြီး အခန်းတံခါးကို ဖျက်၍ ဝင်ရန်ကြံစည်လာကြ၏။ နောက်ဆုံးတွင် လီချန်ရှို့သည် အပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
လီချန်ရှို့သည် သူ၏ ရန်သူကိုမျှားခေါ်မည့် အစီအစဉ်ကို ဆရာဦးလေးကျိုးဝူ ဝင်ရောက်နှောင့်ယှက်မည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ သူသည် ကျိုးဝူကို ဆက်သွယ်လိုလျှင် မိမိဘက်မှ စ၍ အကွက်ရွှေ့ရပေမည်။
ထို့ကြောင့် စက္ကူကိုယ်ပွားကို သူ့ဆရာ၏ အသွင်အဖြစ် ပြန်ပြောင်းလိုက်ပြီး တာအိုဝတ်ရုံကိုချွတ်၍ ပိုးဝတ်ရုံကို ဝတ်ဆင်စေလိုက်၏။ ချီယွမ်အသွင်ယူထားသော စက္ကူကိုယ်ပွားသည် မြို့ထဲတွင် အချိန်အတော်ကြာ လှည့်ပတ်နေ၏။ သူသည် ညအမှောင်ကောင်းကင်ကို အသုံးချ၍ မှောင်ရိပ်ကွယ်ကာ မြို့ထဲတွင် မီးအလင်းရောင်များ အတောက်ပဆုံး လမ်းသို့သွားလိုက်၏။
ထိုလမ်းသည် နေ့ခင်းအလား လင်းထိန်နေပြီး လမ်းပေါ်တွင်လည်း မိန်းကလေးမျာကို အရွယ်စုံ၊ မျိုးနွယ်စုံ တွေ့ရလေသည်။ ထိုမိန်းကလေးများ၏ “အစ်ကိုကြီး” ဟုခေါ်လိုက်သံလေးများကို အဆက်မပြတ်ကြားနေရ၏။ ထိုလမ်းတစ်လျှောက်တွင် ခြံဝန်းအသေးလေးတစ်ခုပါသည့် ခမ်းနားသော သစ်သားအဆောက်အအုံများကို တွေ့ရ၏။
“ချီယွမ်”သည် ခြေဆယ်လှမ်းမျှ လျှောက်ပြီးသောအခါ လေထုတဲတွင် ပျံ့လွင့်နေသော ဂီတသံများကို ကြားလိုက်ရသည်။ သူသည် ကျန့်(၁၀၀)ခန့်လျှောက်ပြီးသွားသော်လည်း လမ်း၏ အဆုံးကို မမြင်နိုင်သေးပေ။
ထိုနေရာ၏ စည်ပင်ကြွယ်ဝမှုကိုကြည့်၍ လင်တုန်းမြို့မှ သေမျိုးများသည် အပူအပင်ကင်းသော ဘဝတွင် နေထိုင်သူများဖြစ်သည်ဟု ပြောနိုင်၏။ စည်းစိမ်ချမ်းသာ ကြွယ်ဝမှသာ ထိုကဲ့သို့ ဇိမ်မျိုးကို ခံစားနိုင်ခြင်းပင်။
“ချီယွမ်”သည် လမ်းတစ်နေရာရှိ ခမ်းနားလှပသော ဆောင်ကြာမြိုင်အတွင်းသို့ ဝင်သွားလိုက်၏။ သူသည် အထဲသို့ ဖြည်းဖြည်းချင်းလျှောက်ဝင်သွားပုံမှာ လာနေကျဖောက်သည်တစ်ဦးကဲ့သို့ပင်။
ဆရာဦးလေးကျိုးဝူကို လှည့်စားလိုပါက သူ့ဘက်ကလည်း အနည်းအကျဉ်း ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ဆရာဦးလေးကျိုးဝူကိုလှည့်စားရန် သူ့အတွက် အဆင့်မြင့် အားအင်မဲ့နတ်ဆေး ပုလင်းဝက်ခန့်နှင့် ပုံရိပ်ဖမ်းစက်လုံးတို့သာ လိုပေသည်။
နောက်မှ တောက်လျှောက် နောက်ယောင်ခံလိုက်လာသော ကျိုးဝူသည် “ချီယွမ်”တစ်ယောက် ဆောင်ကြာမြိုင်တစ်ခုအတွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွား၏။
“ ညီလေးချီယွမ်က ဒီကိုလာတဲ့လမ်းမှာ နည်းနည်းစိတ်လှုပ်ရှားပုံ ပေါ်နေတာက ဒီကိစ္စကို စိုးရိမ်နေလို့လား။ အင်း သေမျိုးလောကကို ဒီလောက် မနှစ်မျို့ဖွယ်ကောင်းအောင် ပရမ်းပတာဖြစ်လာတဲအထိ ခွင့်ပြုပေးထားရတာလဲ မသိဘူး။ သူသာ သေမျိုးလောက,က မိန်းမကလေးတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရင် သူရဲ့ ချီဓာတ်တွေ ညစ်ညမ်းကုန်တော့မှာပဲ။ ကြည့်ရတာ သူက မြေနတ်ဝိဇ္ဇာအဆင့်ရောက်သွားပြီးတော့ ကိုယ့်ကိုယ်ကို အရှုံးပေးလိုက်ပြီလား ”
ကျိုးဝူသည် လမ်းထောင့်တွင် ပုန်းအောင်းနေ၏။ သူသည် မေးစေ့ပွတ်ရင်း ဒွိဟဖြစ်နေလေသည်။ သူသည် လက်ထပ်ပြီးသော ယောက်ျားတစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ထိုသို့သော နေရာအတွင်းသို့ မဝင်သင့်ပေ။
သို့သော် ကျိုးဝူသည် နတ်အာရုံသုံး၍ ထိုနေရာကို လေ့လာလိုက်သည်။ ထိုနေရာတွင် မည်သည့်မန္တန်အစီအရင်မှ မရှိသော်လည်း စိတ်မပျံလွင့်သွားဘဲ အာရုံခံနိုင်ရန် ခက်ခဲနေ၏။
“ အင်း... မြင်ကွင်းလေးတွေကတော့ စိတ်ဝင်စားစရာပဲ...ဒါပေမဲ့ ငါ့မှာပိုက်ဆံသိပ်မပါလာ... ”
“ ဟေ... ငါဘာတွေပြောနေမိတာလဲ... ”
ကျိုးဝူသည် ခေါင်းခါလိုက်ပြီး နောက်သို့လှည့်၍ ပြန်ရန် ပြင်လိုက်၏။ သို့သော် သူ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ ညီလေးချီယွမ် လမ်းမှားကို ရောက်သွားမှာ ငါကြည့်နေလို့မရဘူး... ငါ သူ့ကို သွားပြီး ခြောက်လှန့်လိုက်တာ ကောင်းမယ်... ”
ထို့ကြောင့် ကျိုးဝူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး “ချီယွမ်” ဝင်သွားသော ဆောင်ကြာမြိုင်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်လေသည်။
ထိုဆောင်ကြာမြိုင်နှင့် ကျန့်(၁၀၀)ခန့်သာ ကွာတော့လေသည်။ ကျိုးဝူတစ်ယောက် အိုးတိုးအန်းတန်းဖြစ်နေ၏။ သူသည် မိန်းကလေးတစ်ယောက်ပြောလိုက်သည့် “ ဟေး.. ဒီခံ့ညားတဲ့ သခင်လေးက ဘယ်အိမ်တော်ကလဲ...သခင်လေးက ဘာလို့ ဒီလိုတွေဝတ်စားထားရတာလဲ။ သခင်လေးရဲ့ ဆရာနဲ့အတူ ပျော်ပါးဖို့ ထွက်လာတာလား...” ဟူသော စကားကို ကြားလိုက်ရ၏။ ကျိုးဝူသည် ခေါင်းမော့လိုက်ပြီး ထိုမိန်းကလေးကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
ထိုမိန်းကလေး၏ မျက်နှာသည် ချက်ချင်းပင် သွေးရောင်ပျောက်သွား၏။ သူမ၏ မျက်နှာပေါ်မှ မျက်နှာချေများသည်လည်း ရှုံ့တွသွားပြီး အသက်ရှူသံလည်း မူမမှန်ဖြစ်လာတော့သည်။
“ ဟင်း... ”
ကျိုးဝူသည် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွား၏။ မကြာမီ သူသွားလိုသည့် နေရာအရှေ့သို့ ရောက်သွားလေ၏။
တာအိုရသေ့ဂျပု၏ မျက်နှာထားသည် အေးစက်နေ၏။ သူသည် ဆောင်ကြာမြိုင်အရှေ့တွင် ရပ်နေသော်လည်း အတွင်းသို့ ဝင်သွားရန် စိတ်ကူးမရှိပေ။ သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ရုတ်ခြည်း ထုတ်ဖော်ပြလိုက်ရန် ပြင်လိုက်စဉ်တွင် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၏။
“ အစ်ကိုကျိုးဝူ စိတ်လျှော့ပါ... ”
ကျိုးဝူ ကြောင်သွား၏။ ထို့နောက် သူသည် အိုးတိုးအန်းတန်းဖြင့် ရယ်မောလိုက်လေသည်။
‘ ငါ့ရဲ့ ဖုံးကွယ်အတတ်က တော်တော်လေး လျော့တိလျော့ရဲ နိုင်တာပဲ... ညီလေးချီယွမ်တောင် ငါ့ကို အလွယ်တကူ ရှာတွေ့သွားတယ် ’
လီချန်ရှို့သည် သူ့ဆရာ၏ အသံကိုတုပ၍ ကျိုးဝူထံသို့ ဆက်၍ အသံပို့လွှတ်လိုက်၏။
“ အစ်ကိုကျိုးဝူ... လှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနောက်တောင်အရပ်ကို သေချာအာရုံခံကြည့်လိုက်ပါ။ အဲ့ကျန့်(၉၀၀)အကွာမှာရှိတဲ့ ဆောင်ကြာမြိုင်ကနေပြီးတော့ မူမမှန်တဲ့ မိစ္ဆာအရောင်အဝါတွေ ထွက်နေတယ်... ”
ကျိုးဝူသည် ပြောသည့်အတိုင်း အာရုံခံကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်လိုက်၏။
ထို့နောက် ကျိုးဝူသည် ဆောင်ကြာမြိုင်အတွင်းသို့ ဝင်သွားလိုက်ပြီး ပိုင်ရှင်သေမျိုးကို အရည်အသွေးသိပ်မကောင်းသော ရွှေပြားသုံးပြား ပစ်ပေးလိုက်၏။ သူသည် “ချီယွမ်”၏ လမ်းညွှန်ချက်အတိုင်း ဒုတိယအထပ်ရှိ သီးသန့်အခန်းအတွင်းသို့ ဝင်လိုက်၏။
ကျိုးဝူသည် အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ထို့နောက် ပြူတင်းပေါက်အနီးတွင် ရပ်နေသော “ချီယွမ်”ကို ငေးကြည့်လိုက်သည်။
လီချန်ရှို့သည် ဆက်လက်အသံပို့လွှတ်လိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်း၏ စည်းမျဉ်းများကို ရွတ်ပြလိုက်သည်။
ထိုအခါမှသာ ကျိုးဝူသည် အတန်ငယ် ယုံကြည်သွား၏။ သူသည် သက်ပြင်းချလိုက်ပြီး လက်နောက်ပစ်ကာ “ချီယွမ်”ထံသို့ လျှောက်သွားလိုက်၏။ သူသည် နတ်တန်ခိုးသုံး၍ အကာအရံအလွှာတစ်ခု ဖန်တီးကာ ညင်ညင်သာသာပြောလိုက်၏။
“ ညီလေးက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ ညီလေးဒီလောက်အဝေးကြီးလာခဲ့တာ မိစ္ဆာနှိမ်နင်းဖို့ ကိစ္စတစ်ခုတည်းတော့ မဟုတ်လောက်ဘူး... ”
ချီယွမ်သည် ခါးသက်သက်ပြုံး၍ ပြန်ပြောလိုက်သည်။
“ အစ်ကိုကြီး... ဒီကာလာရတဲ့ အကြောင်းအရင်ကို နောက်မှ ကျွန်တော်ပြောပြပါမယ်။ ကျွန်တော် စက်ဆုပ်စရာကောင်းတဲ့၊ အောက်တန်းကျတဲ့ ကိစ္စတွေကို လုပ်နေတာမဟုတ်ပါဘူး... ဒီနေရာမှာ မူမမှန်တာတစ်ခုခုကို အာရုံခံမိလိုက်လို့ ဝင်လာတာပါ... ”
“ ကောင်းပြီ... မင်းတို့ချုံတောင်လေးရဲ့ စည်းမျဉ်းအရ အရင်ဆုံး ကျိန်ဆိုပြရမယ် ”
ကျိုးဝူ မေးငေါ့လိုက်၏။ လီချန်ရှို့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို လက်မြှောက်စေလိုက်ပြီး ကျိုးဝူကို လှည့်ဖျားနေခြင်း မဟုတ်ကြောင်း ကျိန်ဆိုစေလိုက်၏။
သူသည် ထိုကျိန်ဆိုရာတွင် “ ကျွန်ုပ်ချီယွမ်... ”ဟုသာ သုံးနှုန်းခဲ့ခြင်းပင်။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ပုံရိပ်ဖမ်းစက်လုံးနှင့် အဆင့်မြင့် အားအင်မဲ့နတ်ဆေးကို မသိမသာ ပြန်သိမ်းစေလိုက်၏။
သူသည် ဆရာဦးလေးကျိုးဝူ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ပုံရိပ်ဖမ်းစက်လုံးကို သုံး၍ အံ့အားသင့်ဖွယ်မြင်ကွင်းများကို မှတ်တမ်းတင်ရန် ကြံရွယ်ခဲ့ခြင်းပင်။
သို့သော် လီချန်ရှို့သည် ကျန့်(၉၀၀)ခန့်အကွာရှိ ဆောင်ကြာမြိုင်တစ်ခုတွင် မူမမှန်သော မိစ္ဆာအရောင်အဝါများ ထွက်ပေါ်နေသည်ကို အာရုံခံမိခဲ့၏။ မိစ္ဆာအရောင်အဝါအောက်တွင် ကုသိုလ်ရှိနေ၏။ ထိုညစ်ညမ်းသော အရောင်အဝါများထဲတွင် သန့်စင်သော အရောင်အဝါတစ်ခု ရောယှက်နေလေသည်။
လီချန်ရှို့ ပထမဆုံး စဉ်းစားမိလိုက်သော အရာသည် ထိုနေရာတွင် အမြုတေနတ်ရတနာတစ်ခုကို ဖွက်ထားခြင်းဖြစ်ရမည်ဟူ၍ပင်။ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆပြီးသောအခါ လီချန်ရှို့သည် သူ့ဆရာ၏ အမည်ကိုအသုံးချ၍ ကျိုးဝူကို ဆွေးနွေးရန် အခန်းအတွင်းသို့ ခေါ်လိုက်၏။ သူသည် နောက်မှ ဆရာဦးလေးကျိုးဝူကို မသိမသာ သဲလွန်စများပေးရန် ဆုံးဖြတ်လိုက်သည်။
သူနှင့်ဆရာကျိုးဝူတို့ ပူးပေါင်း၍ ထိုနေရာရှိ ရတနာကို အရယူရပေမည်။ ထိုအစီအစဉ်သည် မဆိုးလှပေ။
ချီယွမ် ကျိန်ဆိုပြီးသောအခါ သူတို့နှစ်ဦးသည် ပြူတင်းပေါက်အနီးတွင် ထိုင်လိုက်ကြပြီး မိစ္ဆာအရောင်အဝါထွက်နေသော နေရာကို လှမ်းကြည့်လိုက်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မိစ္ဆာကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်နေသော ထိုဆောင်ကြာမြိုင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေ၏။
ပိန်ပိန်ပါးပါး အလုပ်သမားအချို့သည် သာမန်ဝတ်စုံဝတ်ဆင်ထားသော လုလင်ပျိုတစ်ဦးကို ဆောင်ကြာမြိုင်အတွင်းမှ တွန်းထုတ်နေ၏။
ခေတ္တကြာသောအခါ ကျော့ရှင်းသောအမျိုးသမီးတစ်ဦးသည် မီးရောင်ထိန်နေအောင် ထွန်းထားသော နေရာအောက်သို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။
ထိုအမျိုးသမီးသည် လန်းဆန်းကျော့ရှင်းစွာ ဝတ်စားဆင်ယင်ထားလေသည်။ သူမ၏ လက်ထဲတွင် ကျောက်စိမ်းဆေးတံရှည်လေးတစ်ခုကို ကိုင်ထား၏။ သူမ၏ နှုတ်ခမ်းနီထွေးထွေးမှနေ၍ မွှေးပျံ့သော မီးခိုးငွေ့များကို ညင်ညင်သာသာ မှုတ်ထုတ်လိုက်သည်။ သူမ၏ လက်ဝဲဘက် နားထင်တွင် လိပ်ပြာပုံစံ အမှတ်အသားတစ်ခုရှိပြီး သူမ၏ ရုပ်ရည်သည်လည်း စွဲမက်ဖွယ်ကောင်းပေသည်။
သူမသည် ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး လုလင်ပျို၏ ရှေ့တွင် ရပ်လိုက်၏။
“ သခင်လေးရှ... ယောက်ျားတစ်ယောက်အတွက် ဝမ်းနည်းစရာအကောင်းဆုံးအရာက ဘာလဲဆိုတာ သခင်လေးသိလား။ အသက်ရှည်ရှည်နေရပေမယ့် မိသားစုဝင်နည်းနည်းပဲ ရှိတာရယ်၊ ဆောင်ကြာမြိုင်ထဲကို ပိုက်ဆံမရှိဘဲဝင်လာတာရယ်ပဲ... သခင်လေးက ဘာလို့ ပြည့်တန်ဆာတစ်ယောက်ကို အလကား ငှားရမ်းချင်ရတာလဲ။ ကျွန်မတို့က ဒီမှာ အလှူပေးနေတာ မဟုတ်ဘူးရှင့် ”
ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်ပြီး ဆေးတံကို တစ်ဖွာ၊နှစ်ဖွာ ဖွာလိုက်၏။ သူမသည် ဘေးရှိလူများကို ကြည့်လိုက်ရာ လီချန်ရှို့နှင့် ကျိုးဝူတို့ကို ကြည့်သလိုက်သကဲ့သို့ပင် ထင်လိုက်ရလေသည်။
သို့သော် သူမသည် မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ သူမသည် လီချန်ရှို့နှင့် ကျိုးဝူတို့ကို လျစ်လျူရှုလိုက် သကဲ့သို့ပင်။
သူမသည် နောက်လှည့်၍ ဆောင်ကြာမြိုင်အတွင်းသို့ ပြန်ဝင်သွားသောအခါ လမ်းမှဖြတ်သွားကြသူများသည် သူမနောက်သို့ လိုက်၍ ဝင်သွားကြ၏။
သီးသန့်အခန်းအတွင်း၌ ချီယွမ်၏ အသွင်ယူထားသော လီချန်ရှို့ထိန်းချုပ်နေသည့် စက္ကူကိုယ်ပွားနှင့် ကျိုးဝူတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ချီယွမ်သည် အရှေ့ရှိ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်၏။ ထို့နောက် သူသည် ညင်သာစွာပြောလိုက်၏။
“ အစ်ကိုကြီး... ဘယ်လိုသဘောရလဲ ”
ဆရာဦးလေးကျိုးဝူသည် မိမိဘာသာ ရေရွတ်နေဟန်ဖြင့် ပြန်ဖြေလိုက်၏။
“ အဲ့အမျိုးသမီးပြောသွားတာတွေက... မှန်တာပဲ... ”
“ ဟမ်... ”
ကျိုးဝူသည် ချောင်းဟန့်လိုက်ပြီး မလုံမလဲပြောလိုက်၏။
“ အဟမ်း... အဓိက ကိစ္စကိုပဲ ပြောကြတာပေါ့။ ညီလေးချီယွမ် ... ဒီနေရာမှာရှိနေတဲ့ မိစ္ဆာတွေကို အတူတူပူးပေါင်းနှိမ်နင်းပြီးတော့ လောကကြီးကို ကာကွယ်ကြတာပေါ့... အဲဒီလိုဆို မကောင်းဘူးလား... ”
***