အရိုးပြာလွှင့်ခြင်းလုပ်ငန်းစဉ်၏ တာသွားမှု
Vol. 1-8 Ch. 112
“ ညီလေးချီယွမ်... အစ်ကို့မှာ မေးခွန်းတစ်ခုရှိတယ်။ မေးခွန်းက အူကြောင်ကြောင်နိုင်နေရင် ကြိုပြီးတောင်းပန်ပါတယ်... ”
လင်တုန်းမြို့၏ မြေအောက် ကျန့်(၁၀၀)တွင် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပူးကပ်၍ အမှောင်ထဲမှ အလင်းကို ရှာနေလေသည်။ တာအိုရသေ့ဂျပု ကျိုးဝူသည် ဓားအိမ်ပါသော ဓားကိုကိုင်၍ ရှေ့မှဦးဆောင်သွားနေသည်။
လီချန်ရှို့၏ စက္ကူကိုယ်ပွား “ချီယွမ်”သည် ဆရာဦးလေးကျိုးဝူ၏ နောက်မှနေ၍ မိစ္ဆာအရောင်အဝါများထွက်နေသော ဆောင်ကြာမြိုင်ကြီးအနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားနေ၏။
ကျိုးဝူသည် ခေါင်းနောက်လှည့်၍ ပြောလိုက်သည်။
“ ပုံမှန်ဆိုရင် ချောင်းမြောင်းတိုက်တာက ညဘက်မှာ လုပ်သင့်တာမလား... ”
သူဆက်ပြောလိုက်၏။
“ အခုက နေ့ခင်းကြောင်တောင်ကြီး... နေမွန်းတောင်တည့်နေပြီ။ ဘာလို့ အစ်ကိုတို့ ထိပ်တိုက် မရင်ဆိုင်တာလဲ ”
“ အစ်ကိုကြီးပြောတာလည်း မမှားတော့ မမှားပါဘူး... ”
လီချန်ရှို့သည် သူ့ဆရာ၏အသံကို တုပ၍ ပြန်ဖြေလိုက်၏။
“ အခု ဒီနေရာမှာ ဧည့်သည်တွေ သိပ်မရှိတော့ဘူးလေ။ သေမျိုးတွေက အနားယူနေကြပြီ။ ညဘက်ဆို ဒီနေရာက ဘယ်လောက် အသက်ဝင်စည်ကားလည်းဆိုတာ အစ်ကိုကြီးလည်း သိတာပဲ ”
ကျိုးဝူ ဖြည်းဖြည်းချင်းခေါင်းညိတ်၍ ပြုံးလိုက်၏။
“ ညီလေးချီယွမ်က ဒီနေရာတွေအကြောင်းကို ဒီလောက်သိလိမ့်မယ်လို့ အစ်ကိုမထင်ခဲ့ဘူး... ”
“ ချန်ရှို့ပြောတာတွေ ကြားဖူးထားလို့ပါ အစ်ကိုကြီးကလည်း... ”
လီချန်ရှို့ ရင်ထဲမှ သက်ပြင်းချလိုက်၏။ သူ့ဆရာ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် ကိုယ့်ကိုယ်ကို ချနင်းလိုက်ရပေပြီ။
ကျိုးဝူက ရယ်လိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။
“ အစ်ကို ညီလေးပြောတာကို ယုံပါတယ်... ညီလေး တပည့်ကြီးရဲ့ နှလုံးသားကတော့ ဒယ်အိုးဖင်လို မည်းညစ်နေပြီ။ မကောင်းတဲ့အတွေးတစ်ခု ဝင်လာပြီဆိုရင် မူလနတ်ဝိဇ္ဇာအဆင့်ရှိတဲ့ သူတွေတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အတုမဲ့နတ်ဝိဇ္ဇာတွေလည်း ထိုနည်းလည်းကောင်းပဲ... သူသာ ကောင်းကင်ပြစ်ဒဏ်ခံယူပြီးလို့ နတ်ဝိဇ္ဇာဖြစ်သွားပြီဆိုရင် ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ သူတွေကိုပါ အကောက်ကြံလိမ့်မယ် ”
လီချန်ရှို့ ဆွံ့အသွား၏။
‘ ဆရာဦးလေးကို ဓားနဲ့ကို ထိုးသတ်ပစ်ဦးမယ် ’
“ အဟမ်း... ”
လီချန်ရှို့သည် သူ့ဆရာ၏ အသံကို တုပ၍ ဆက်လက် အသံပို့လွှတ်လိုက်သည်။
“ ကျွန်တော် အရင်က ချန်ရှို့ပြောတာ ကြားဖူးတယ်... သူက အစ်ကိုကြီးကို တော်တော်လေး လေးစားတယ်တဲ့။ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ကျင့်ကြံခြင်းကိစ္စတွေရယ်၊ ဂိုဏ်းတွင်းကိစ္စတွေရယ် တည်တည်ငြိမ်ငြိမ်ရှိနေတာ အစ်ကိုကြီးရဲ့ ကြိုးပမ်းမှုကြောင့်လို့ သူခံစားရတယ်တဲ့... ”
“ ဟူး... အစ်ကိုလည်း အဲ့အကြောင်းတွေ မပြောချင်ပါဘူး။ အဲဒါတွေပြောရရင် အစ်ကို စိတ်ပင်ပန်းလာတယ်။ အစ်ကိုက အမြဲအလုပ်ရှုပ်နေတာလေ... နေရာအနှံ့ကိုလျှောက်သွားနေရတာ။ အစ်ကိုမပါရင် မပြီးတဲ့ ကိစ္စတွေလည်း ဂိုဏ်းမှာအများကြီး... ”
ကျိုးဝူတစ်ယောက် စတင် ညည်းညူအပြစ်တင်တော့မည်ကို တွေ့လိုက်သောအခါ လီချန်ရှို့သည် အလျင်အမြန်ဝင်၍ စကားစဖြတ်လိုက်ရ၏။
“ အစ်ကိုကြီး ဒီအကြောင်းတွေကို နောက်မှ ပြောကြတာပေါ့။ ကျွန်တော်တို့ ဒီမိစ္ဆာတွေကို နှိမ်နင်းပြီးသွားရင် တစ်ညလုံးစကားထိုင်ပြောလို့ရတာပဲ ”
“ အင်း... အခုက စကားစမြည်ပြောလို့ကောင်းတဲ့ အချိန်မဟုတ်သေးဘူး ”
ကျိုးဝူတစ်ယောက် အိုးတိုးအိုးတန်းပြုံးလိုက်ပြီး ရှေ့သို့ ဖြည်းဖြည်းချင်းဆက်သွားလိုက်၏။
ကျိုးဝူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သိပ်၍မကျွမ်းကျင်သော်လည်း အသံမထွက်အောင်မူ သွားနိုင်၏။ သူတို့နှစ်ဦးသည် ကိုယ်ရောင်ကိုယ်ဝါများကို ဖုံးကွယ်ထားပြီးဖြစ်သော်လည်း လီချန်ရှို့သည် စက္ကူကိုယ်ပွား၏ ကိုယ်ရောင်ကိုယ်ဝါကို ထပ်မံဖုံးကွယ်လိုက်သည်။
ထိုမြင်ကွင်းသည် လီချန်ရှို့ကို အကြီးအကဲဝမ်လင်းယွမ်နှင့်အတူ မိစ္ဆာများအား သတ်ဖြတ်ပွဲကို ပြန်အမှတ်ရစေ၏။
သူတို့သည် ဆောင်ကြာမြိုင်အောက်သို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိသွား၏။ သူတို့သည် ဂရုတစိုက်အာရုံခံကြည့်လိုက်ရာ မိစ္ဆာကိုယ်ရောင်ကိုယ်ဝါ ခုနှစ်ခုထွက်နေသော အရင်းအမြစ်ကို လျင်မြန်စွာပင် တွေ့ရှိသွား၏။
“ ဒီနေရာမှာ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ မိစ္ဆာနှစ်ကောင်လည်း ရှိနေတာပဲ ”
ကျိုးဝူမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ သူတို့ဒီနေရာမှာ ခြေကုတ်ယူထားတာ ကြာပြီဖြစ်ရမယ်။ ဘာလို့ သူတို့ကို ဘယ်သူမှ သတိမထားမိခဲ့တာလဲ ”
လီချန်ရှို့ ပြန်ဖြေလိုက်၏။
“ ချီကျင့်ကြံသူတွေက ပုံမှန်ဆိုရင် ဒီလိုနေရာကို လာလေ့မှမရှိကြတာ... ”
ကျိုးဝူ ရယ်၍ ပြောလိုက်၏။
“ အဲဒါဆို ညီလေးချီယွမ်က ဒီနေရာကို ဘာလို့လာခဲ့တာလဲ... ”
“ချီယွမ်” သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်၏။
“ ကျွန်တော်ပျင်းနေလို့ အရက်သောက်စရာ နေရာတစ်ခုရှာချင်လို့ပါ... မကြာသေးခင်က ကျွန်တော့်ဆီ စာနှစ်စောင်ရောက်လာတယ်... ”
“ အစ်ကိုကြီး လောလောဆယ် ဒီအကြောင်းတွေ မပြောသေးဘဲနေရအောင်ပါ။ မိစ္ဆာတွေကို အရင်နှိမ်နင်းကြတာပေါ့ ”
‘ စာဟုတ်လား... ’
ကျိုးဝူ စိတ်ဝင်စားသွားသော်လည်း ဆက်၍ မမေးလိုက်တော့ပေ။
သို့သော် လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူတစ်ယောက် မျက်နှာထားပြောင်းသွားသည်ကို သတိပြုမိလိုက်၏။ သူ ဆရာဦးလေးကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်လေတော့သည်။
မကြာမီ သူသည် ထိုအကြောင်းကို ဆရာဦးလေးနှင့် ဆက်ဆွေးနွေးရန် အကြောင်းပြချက်ကောင်းကောင်း ရပေပြီ။
“ တစ်ကြိမ်တွင် တစ်လှမ်း၊ အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ပြုမူ၊ မိမိ၏ ရည်ရွယ်ချက်ကို ဖုံးကွယ် ” ဟူသော လှည့်ဖျားခြင်းနိယာမများသည် ပင်လယ်စောင့်နတ်မင်းဖြစ်သော ရန်ကျောင်းတော်၏ တပည့်လီချန်ရှို့ ရေးထားခြင်းပင်။
သူတို့နှစ်ဦးသည် မိစ္ဆာများကို မြေအောက်မှနေ၍ မော့ကြည့်လိုက်၏။ ဆရာကျိုးဝူသည် ဓားရှည်ကို ဓားအိမ်အတွင်းမှ ထုတ်ကာ အလစ်တိုက်ရန် ဟန်ပြင်လိုက်၏။ ထို့နောက် သူသည်တိုက်ခိုက်ရန် ပြင်၍ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာနှစ်ကောင်ကို သတ်ရန်လုပ်လိုက်လေသည်။
အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာနှစ်ကောင်ထဲမှ တစ်ကောင်သည် သူတို့ မကြာသေးခင်ကတွေ့ခဲ့သည့် ယောက်ျားများကို ဆွဲဆောင်ရသော ဆောင်ကြာမြိုင်၏ ကြီးကြပ်သူဖြစ်သည်။
ထိုအခိုက်တွင် မိစ္ဆာမသည် သစ်သားတဲလေးတစ်လုံးအတွင်း၌ ရှိနေ၏။ သူမသည် စောင်းတီးနှင့် ပုလွေမှုတ်ကို ကျင့်နေကြသော ငယ်ရွယ်လှပသည့် မိန်းမပျိုလေးနှစ်ဦးကို ကြည့်နေ၏။
“ ညီလေးချီယွမ် အစ်ကို့ကို နောက်ကနေပဲ ကူညီပေး... ”
ကျိုးဝူထိုသို့ ပြောလိုက်ခြင်းမှာ ချီယွမ်ကို မတိုက်ခိုက်စေလို၍ ဖြစ်သည်။
“ချီယွမ်”သည် လျင်မြန်စွာပင် သူ၏ မြေနတ်တန်ခိုးကိုသုံး၍ ကျိုးဝူကို တားဆီးလိုက်၏။
‘ အင်း... တုနတ်ဝိဇ္ဇာဂိုဏ်းကလူတွေက ထိပ်တိုက် ရင်ဆိုင်တဲ့နည်းကိုပဲ အသုံးများကြတာလား... ’
“ အစ်ကိုကြီး ... ကျွန်တော်တို့က အရိပ်ထဲကလူတွေဖြစ်နေပြီဆိုတော့ ဘာလို့ဒါကို အကောင်းဆုံးအသုံးမချရမှာလဲ။ ကျွန်တော့်မှာ အရေးကြုံရင် အသက်ရှည်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆောင်ထားတဲ့ အဆိပ်ဆေးလုံးတချို့ရှိတယ်။ အစ်ကိုကြီးက အဲ့ဆေးလုံးတွေကို လျှို့ဝှက်သုံးပြီး မိစ္ဆာတွေကို တိတ်တဆိတ် သတ်ပစ်လိုက်ရင် မကောင်းဘူးလား။ ပြီးမှ ရတနာတွေကိုယူပြီး ထွက်သွားကြတာပေါ့ ”
ထိုသို့ပြောပြီးနောက် “ချီယွမ်”သည် အကြီးအကဲဝမ်လင်းယွမ်ပေးထားသော အားအင်မဲ့နတ်ဆေးပုလင်း နှစ်လုံးနှင့် အဆိပ်ဆေးလုံးများကို ထုတ်လိုက်၏။ အကြီးအကဲဝမ်လင်းယွမ်သည် ထိုအဆိပ်များကို မည်သို့သုံးရမည်ဆိုသည်ကိုပင် လီချန်ရှို့အား ရှင်းပြခဲ့သေး၏။
မြေအောက်ရှိ မှောင်မည်းကျဉ်းမြောင်းသော ကျောက်လွှာအတွင်း၌ ကျိုးဝူသည် “ချီယွမ်”ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။
ကျိုးဝူက ပြုံး၍ ပြောလိုက်သည်။
“ ထင်ထားတဲ့အတိုင်းပဲ... ”
လီချန်ရှို့ မသိမသာ မျက်မှောင်ကြုတ်သွား၏။ ဆရာဦးလေးကျိုးဝူတစ်ယောက် “ချီယွမ်”မှာ စက္ကူကိုယ်ပွားဖြစ်ကြောင်းသိသွားပေပြီလောဟု လီချန်ရှို့တွေးလိုက်၏။
သို့သော် ကျိုးဝူက ရယ်၍ ပြောလိုက်သည်။
“ တူလေးချန်ရှို့က ဉာဏ်ကောင်းနေတယ်ဆိုတာ ညီလေးချီယွမ်ဆီက ပညာတွေရထားလို့ကိုး။ အင်း... လူပြောမသန်၊ လူသန်မပြောဆိုသလို ညီလေးချီယွမ်က ကိုယ့်ရဲ့အရည်အချင်းတွေကို လျှို့ဝှက်ထားတာပဲ ”
“ချီယွမ်” သက်ပြင်းချလိုက်၏။
“ လောကဓံက ခက်ခဲကြမ်းတမ်းပြီးတော့ ကျွန်တော့်ရဲ့ အစွမ်းတွေက အားနည်းပါတယ်။ အဲဒါကြောင့် ကျွန်တော် သတိကြီးကြီးထားနေရတာပါ ”
“ ကောင်းတယ်... ”
ထို့နောက် ကျိုးဝူသည် သိုသိုသိပ်သိပ်လှုပ်ရှားလိုက်၏။ သူသည် အားအင်မဲ့နတ်ဆေးပမာဏကို ဂရုတစိုက်ထိန်းချုပ်၍ လွှတ်လိုက်ပြီး အဆိပ်ဆေးလုံးများကိုလည်း တစ်လုံးပြီးတစ်လုံး ပစ်လွှတ်လိုက်လေသည်။ မကြာမီ ဆောင်ကြာမြိုင်၏ အရှေ့ခြံဝန်းနှင့် အနောက်ခြံဝန်းရှိ လူနှစ်ရာ၊ သုံးရာခန့်သည် မြေပေါ်တွင် မှောက်ကုန်ကြ၏။
ထိုလူအများစုသည် အိပ်ပျော်သွားခြင်းသာ ဖြစ်သော်လည်း သေမျိုးများသည် ထိုကဲ့သို့ အဆိပ်မျိုးကို မိသွားလျှင် သေလျှင်သေ၊ မသေလျှင် အတွင်းဒဏ်ရာရသွားနိုင်ကြောင်း လီချန်ရှို့ ကျိုးဝူကို သတိပေးလိုက်၏။
“ ဒီနေရာက မိန်းကလေးတွေက ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ သူတွေပါ။ အစ်ကိုကြီး... ဒီနေရာက သေမျိုးတွေရဲ့ ဝိညာဉ်တွေကို စားသုံးနေတဲ့ မိစ္ဆာတွေကိုပဲ အဆိပ်ခတ်လိုက်ပါ... ”
“ ညီလေးချီယွမ်က အမျိုးသမီးတွေကို ဂရုစိုက်သေးတယ်ဆိုတာ အစ်ကိုမသိခဲ့ဘူး... ”
“ ကျွန်တော်က အကုသိုလ်ရသွားမှာ စိုးရိမ်လို့ပါ ”
“ မပူပါနဲ့ ညီလေး... ”
ကျိုးဝူသည် ပြုံး၍ပြောလိုက်ပြီး ဆေးများကို ဆက်၍ ဂရုတစိုက် လွှတ်လိုက်၏။
ဆေးတံရှည်ကို ကိုင်ထားသော ဆောင်ကြာမြိုင်၏ ကြီးကြပ်သူ မိစ္ဆာမသည် သူမ၏ လက်ကိုမြှောက်၍ နဖူးကို ကိုင်လိုက်၏။ သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး ကုလားထိုင်အဝိုင်းလေးပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။
ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆေးတံရှည်လေးသည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူမသည် သတိမေ့မြောသွားပြီဖြစ်ပြီး သူမ မေ့မြောနေသောပုံသည် အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဖြစ်နေ၏။
ကျိုးဝူသည် လီချန်ရှို့သတိပေးရန်ပင် မလိုဘဲ မေ့မြောယောင်ဆောင်နေမည့်သူများကို ဂရုတစိုက် အာရုံခံ၍ ရှာလိုက်၏။
ဆရာဦးလေးကျိုးဝူသည် အကြီးအကဲဝမ်လင်းယွမ်ထက် ပို၍ သတိကြီးလေ၏။
သူတို့အနေဖြင့် ဂရုတစိုက်မရှာလျှင်လည်း ကိစ္စရှိမည် မဟုတ်ပေ။ သို့သော် သူတို့သည် ဂရုတစိုက်ရှာဖွေပြီးသွားသောအခါ မျက်စိပွင့်နားပွင့်ဖြစ်သွားကြ၏။
ယမန်နေ့ညက အလင်းမှိန်မှိန်များအောက်တွင် ဆောင်ကြာမြိုင်မှ မိန်းမပျိုလေးများသည် အလွန်လှပနေကြ၏။ သို့သော် နေ့အချိန်တွင် သူတို့၏ မျက်နှာချေများသည် အရောင်လွင့်သွားပြီဖြစ်၍ ပို၍ အိုစာလာဟန်ထင်ရလေသည်။
ထိုသေမျိုးမိန်းမပျိုများသည် လှပသည်ဟုဆိုနိုင်သော်လည်း မျက်နှာချေများ၊ ဖယောင်းတိုင်မီးရောင်မှိန်မှိန်များ မရှိတော့သောအခါ သူတို့၏ ရုပ်သွင်သည် အတန်ငယ် ကွဲပြားလေသည်။
တူရိယာများကို တီးမှုတ်ဖျော်ဖြေသည့် အထက်တန်းစားပြည့်တန်ဆာ ငါးယောက်သည် မိစ္ဆာမများဖြစ်ပြီး မူလနတ်ဝိဇ္ဇာအဆင့်တွင် ရှိလေသည်။ သူတို့သည် ယခုအခါတွင် မူးဝေနေသဖြင့် သူတို့၏ ပုံစံအစစ်အမှန်များ ပေါ်လာ၏။ ထိုငါးဦးထဲမှ သုံးဦးသည် ပျံသန်းနိုင်သည့် သားရဲများဖြစ်၍ ကျန်နှစ်ဦးသည် မြေခွေးဖြူများ ဖြစ်သည်။
အာဒိကပ္ပလောက၏ ထောင်ချောက်များပင်။
ကျိုးဝူ ခေါင်းခါ၍ သက်ပြင်းချလိုက်၏။
“ သေမျိုးတွေက ဒီလိုမိစ္ဆာတွေကို ဘယ်လိုလုပ် ကြိုက်နိုင်ရတာတုန်း... ”
“ မိစ္ဆာတွေရဲ့ စွဲမက်ဖွယ်ရုပ်သွင်ကို အစစ်ထင်ကြလို့နေမှာပေါ့... ”
လီချန်ရှို့ ပြောလိုက်၏။ သို့သော် သူသည် လီရာပေါင်းများစွာအကွာရှိ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်နေ၏။
ကျိုးဝူသည် မိစ္ဆာများဆီသို့သာ ကောင်းကင်နတ်မင်းများကိုပင် သတ်နိုင်သည့် အဆိပ်ကို ပို့လွှတ်လိုက်၏။ ထိုမိစ္ဆာငါးကောင်သည် တိတ်တဆိတ် သေဆုံးသွားလေတော့သည်။
ထိုမိစ္ဆာများသည် ဆောင်ကြာမြိုင်ကို အကာအကွယ်ယူ၍ ကျက်စားနေခြင်းပင်။ သူတို့သည် ကျင့်ကြံရန် သေမျိုးများ၏ ယန်ဓာတ်ကို စုပ်ယူနေကြခြင်း ဖြစ်၏။ သူတို့၏ မိစ္ဆာအစွမ်းများသည် မသန့်စင်ပေ။ ထိုအခိုက်တွင် သူတို့သည် အဆိပ်ဆေးလုံးများ၏ အဆိပ်အာနိသင်ကို မတွန်းလှန်နိုင်ကြတော့ပေ။ သူတို့၏ ဝိညာဉ်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းသည် အတန်ငယ် ပြောင်မြောက်သည်ဟု ဆိုနိုင်၏။ သူတို့သည် ဧည့်သည်အများအပြားရရှိသဖြင့် ယန်ဓာတ်များကို တစ်ယောက်ချင်းစီမှ နည်းနည်းစီ စုပ်ယူနိုင်သည်။ ထို့ကြောင့် သေမျိုးများ၏ အသက်ကို နှုတ်ရန် မလိုအပ်တော့ပေ။
ဥပမာအားဖြင့် ယမန်နေ့က မောင်းထုတ်ခံခဲ့ရသော သခင်လေးရှကို ကြည့်နိုင်၏။ သူသည် သူ၏ ယန်ဓာတ်နှင့် မိသားစု၏ စည်းစိမ်များကိုပါ အကုန်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သော်လည်း အသက်ကိုတော့ မဆုံးရှုံးခဲ့ပေ။ သို့သော် သူသည် သက်တမ်းစေ့ နေနိုင်တော့မည် မဟုတ်ချေ။
“ အစ်ကို မိစ္ဆာတွေကို သတ်လိုက်တော့ ကုသိုလ်တောင်ရလာတာပဲ... ”
ကျိုးဝူသည် တီးတိုးရေရွတ်လိုက်ပြီး ဆက်၍ တိုက်ခိုက်လိုက်၏။
ဤအကြိမ်တွင် သူသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာနှစ်ကောင်ကို သတ်ပစ်ရပေမည်။
ထိုမိစ္ဆာနှစ်ကောင်ထဲမှ တစ်ကောင်သည် ကင်းခြေများမိစ္ဆာဖြစ်ပြီး အကြောဆွဲကာ သေဆုံးသွားပေပြီ။
သို့သော် ပုံစံအစစ်အမှန် မပေါ်လာသေးသော ဆောင်ကြာမြိုင်ကြီးကြပ်သူ မိစ္ဆာမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းဖျော့ဖျော့လေးများ ရစ်သိုင်းနေ၏။
ထိုအလင်းများသည် နှင်းကဲ့သို့ စွတ်စွတ်ဖြူသော မြေခွေးတစ်ကောင်၏ အသွင် စုစည်းပြောင်းလဲသွား၏။ ထိုမြေခွေးဖြူသည် အမြီးခြောက်ချောင်းရှိပြီး သူမ၏ ပတ်လည်ရှိ မမြင်နိုင်သော အဆိပ်များကို ခုခံနေလေသည်။
ကျိုးဝူ မျက်မှောင်ကြုတ်သွားပြီး အဆိပ်များထပ်ပို့လွှတ်ရန် ပြင်လိုက်စဉ် “ချီယွမ်” ရုတ်တရက် ပြောလိုက်၏။
“ အစ်ကိုကြီး အဆိပ်တွေကို ပြန်သိမ်းလိုက်ပါ... ”
“ ဒီမိစ္ဆာကို လွယ်လွယ်ကူကူ နှိမ်နင်းနိုင်မှာမဟုတ်ဘူး... ”
“ ဟေ... ”
ကျိုးဝူကြောင်သွားသော်လည်း အချိန်မီရပ်တန့်လိုက်၏။
ထိုရွှေရောင်ဖျော့ဖျော့အလင်းသည် မရိုးရှင်းကြောင်း သူလည်း အာရုံခံမိ၏။ ထိုအလင်းထဲတွင် ကုသိုလ်တန်ခိုး အနည်းငယ်ပါ၏။
သူတို့ မကြာသေးခင်က အာရုံခံခဲ့မိသော ကုသိုလ်နှင့် သန့်စင်သည့်အရောင်အဝါသည် အမြုတေနတ်ရတနာမှ မဖြစ်နိုင်ချေ။ ထို မိစ္ဆာမထံမှ ကုသိုလ်များပင် ဖြစ်နိုင်ပေသည်။
သို့တည်းမဟုတ် အမြုတေနတ်ရတနာသည် ထိုမိစ္ဆာမ၏ ကိုယ်ပေါ်တွင်ရှိနေခြင်းလည်း ဖြစ်နိုင်၏။
တာအိုရသေ့ဂျပုသည် လွန်စွာ သတိကြီး၏။ သူသည် ရှေးဦးစွာ နတ်တန်ခိုးကိုသုံး၍ ပတ်ဝန်းကျင်ရှိ အဆိပ်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ကြွေပုလင်းထဲသို့ ပြန်ထည့်ကာ ပိတ်သိမ်းထားလိုက်သည်။ ထို့နောက် ထိုကြွေပုလင်းကို စွန့်ပစ်ပစ္စည်း သိုလှောင်ဓမ္မအဆောင်အတွင်းသို့ ဂရုတစိုက် ထည့်လိုက်၏။ ထိုအခါမှသာ သူ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
ကျိုးဝူက မျက်မှောင်၍ ပြောလိုက်သည်။
“ ညီလေးချီယွမ်... ဘာတွေ ဖြစ်နေတယ်လို့ ညီလေးထင်လဲ။ ဒီမိစ္ဆာမက တခြား ဆောင်ကြာမြိုင်တစ်ခုဖွင့်ပြီး ကောင်းမှုတွေ လုပ်နေလို့လား... သူ့မှာ ကုသိုလ်တော်တော်စုမိနေတာပဲ ”
ချီယွမ်က မေးလိုက်သည်။
“ အစ်ကိုကြီး ... အစ်ကိုကြီးဆီမှာ သက်ရှိလူသားတွေကို သိမ်းဆည်းနိုင်တဲ့ ဓမ္မရတနာတစ်ခုခု ရှိလား... ”
“ အစ်ကို အဲဒါတော့ ပြင်ဆင်မလာခဲ့ဘူး... ”
“ ကိစ္စမရှိပါဘူး... ကျွန်တော်ပြင်ဆင်လာခဲ့တယ် ”
“ ညီလေး ပြင်ဆင်လာတယ် ဟုတ်လား...အာ... ”
ကျိုးဝူသည် “ချီယွမ်” ကိုကြည့်လိုက်ပြီး ခါးသက်သက်ပြုံး၍ ပြောလိုက်၏။
“ ညီလေး... ညီလေးဘာလို့ ဂိုဏ်းပြင်ပကို ထွက်လာရတာလဲ... ”
“ ညီလေးဆီမှာ လူတွေကို သိမ်းဆည်းနိုင်တဲ့ ဓမ္မရတနာတွေလည်းပါလာတယ်။ အဆိပ်ဆေးလုံးတွေလည်း ပါလာတယ် ”
“ချီယွမ်” သက်ပြင်းချ၍ ပြောလိုက်၏။
“ ကျွန်တော်က မြေနတ်ဝိဇ္ဇာလေးပဲဆိုတော့ အန္တရာယ်ကြုံလာရင် ထိပ်တိုက် မတိုက်ခိုက်နိုင်လို့ ဒါတွေ ဆောင်ထားတာပါ... ”
“ အာ... အစ်ကိုနားလည်ပြီ..အစ်ကိုနားလည်ပြီ ”
ကျိုဝူတစ်ယောက် ရှက်ရွံ့သွားပြီး ထိုစကားများကို မပြောခဲ့မိလျှင်ကောင်းမည်ဟု တွေးတောလိုက်လေသည်။ သူသည် ချီယွမ်၏ အငုံ့စိတ်ကိုသွား၍ ထိခိုက်မိသလို ဖြစ်သွားပေပြီ။
“ချီယွမ်”သည် ဝိညာဉ်သားရဲများကို သိမ်းဆည်းသည့် အိတ်ကလေးကို ထုတ်၍ ပြောလိုက်၏။
“ အဲ့ မိစ္ဆာမဆီကို အားအင်မဲ့နတ်ဆေးပဲ နည်းနည်းထပ်ပြီး ပို့လွှတ်လိုက်ပါ။ ဒီမိစ္ဆာမကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ နောက်ကျမှ စဉ်းစားတာပေါ့ ”
“ အစ်ကိုကြီး... မိစ္ဆာမကို သယ်ပြီး ဒီနေရာက ခဏထွက်သွားပြီး အရှေ့သမုဒ္ဒရာ ကမ်းစပ်နားမှာ စောင့်နေပါ။ ကျွန်တော်တို့ရဲ့ ခြေရာလက်ရာတွေကို တခြားသူတွေမမြင်အောင် ကျွန်တော် ဒီနေရာမှာ လုပ်စရာရှိတာလေးတွေ လုပ်လိုက်ဦးမယ် ”
“ ကောင်းပြီ ”
ကျိုးဝူသည် မြေပေါ်သို့ ထွက်လိုက်ပြီး ရမ္မက်ကြွဖွယ်အသွင်အပြင်ရှိနေသော မိစ္ဆာမကို ဝိညာဉ်သားရဲများကို သိမ်းဆည်းသည့် အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ပျံတက်ကာ အရှေ့သမုဒ္ဒရာဆီသို့ ဦးတည်သွားလိုက်လေသည်။
ကျိုးဝူထွက်သွားသည်နှင့်တစ်ပြိုင်နက် ဆောင်ကြာမြိုင်ကို သီးခြားမန္တန်အစီအရင်လေးတစ်ခုက လွှမ်းခြုံသွား၏။ မြေကြီးအတွင်းမှနေ၍ လူအနည်းငယ် ထွက်လာ၏။ သူတို့သည် စက္ကူရုပ်များဖြစ်ကြောင်းကိုတော့ ထူး၍ ဖော်ပြရန် လိုတော့မည် မထင်ပေ။
လီချန်ရှို့သည် ထိုလုပ်ငန်းစဉ်များကို ဆရာဦးလေးကျိုးဝူကို မမြင်စေလို၍ တမင်ထွက်သွားခိုင်းလိုက်ခြင်းပင်။
စက္ကူရုပ်များသည် နေရာအနှံ့တွင် ဂရုတစိုက်ရှာဖွေလိုက်ပြီး အလောင်းများကို ခြံအနောက်ဘက်ရှိ ချောင်ကျသော နေရာသို့ ပို့ဆောင်လိုက်၏။ စက္ကူရုပ်များသည် ကျင်လည်သွက်လက်စွာ လှုပ်ရှားနေ၏။
စက္ကူရုပ်များသည် သုတ္တန်များကို ရွတ်သူကရွတ်၊ ခေါင်းလောင်းတီးသူကတီး၊ ဝိညာဉ်ထိန်းပုလဲကို ထုတ်၍ အကြွင်းအကျန်ဝိညာဉ်များကို ဖမ်းသူကဖမ်းနှင့် လုပ်နေကြ၏။ ထို့နောက် ပုလွေသံတစ်သံထွက်ပေါ်လာပြီး ငိုချင်းချလိုက်ကြ၏။ အဝါရောင်စက္ကူပိုက်ဆံများကို မီးရှို့သူကလည်း ရှို့နေ၏။ ခေတ္တမျှကြာပြီးသွားသောအခါ ထိုနေရာတွင် အရိုးပြာအချို့သာ ကျန်တော့လေသည်။
လီချန်ရှို့ ယခင်က အရိုးပြာလွှင့်ခဲ့သောနေရာများသည် တောင်နက်၊ တောနက်များတွင်သာ ဖြစ်သည်။ ယခုကဲ့သို့ ခံ့ညားလှပ၍ အထက်တန်းဆန်သော ဆောင်ကြာမြိုင်တွင် အရိုးပြာလွှင့်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။
လီချန်ရှို့ကိုယ်တိုင်ထိန်းချုပ်နေသော “ချီယွမ်”သည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ အရှေ့ရှိ ပြာပုံသည် ပြန့်ကျဲသွားပြီး မြေပြောင်ပြောင်တစ်ခုသာ ကျန်ခဲ့လေတော့သည်။
လီချန်ရှို့သည်လည်း စိတ်သက်သာရာရသွားလေ၏။
“ မင်းတို့က သေမျိုးလောကကို လာပြီး မကောင်းမှုတွေလုပ်နေတာဆိုတော့ ဒီလိုမျိုး ဘဝဇာတ်သိမ်းရမှာ မင်းတို့ရဲ့ ကံကြမ္မာပဲ ”
ထိုသို့ပြောလိုက်ပြီးနောက် “ချီယွမ်”သည် စက္ကရုပ်များကို ပြန်သိမ်းလိုက်ပြီး ထိုနေရာရှိ မန္တန်အစီအရင်ကိုလည်း ပြန်သိမ်းလိုက်လေသည်။ သူသည် သေမျိုးများ သတိပြန်လည်လာစေရန် လေထဲတွင် ဆေးမှုန့်အချို့ကို ဖြန့်ကျဲလိုက်၏။
သူ၏ နတ်အာရုံသည် ဆရာဦးလေးကျိုးဝူတစ်ယောက် လှပသောမိစ္ဆာမကို လီရာချီဝေးသော နေရာသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။
ဆက်လက်၍ ကျိုးနတ်ဝိဇ္ဇာများနှင့် ဆက်ဆံရေးပြေလည်စေရန်အလို့ငှာ လီချန်ရှို့သည် သူ့ဆရာ၏ အသွင်ယူထားသော စက္ကူကိုယ်ပွားကို ဆရာဦးလေးကျိုးဝူနောက်သို့ လိုက်သွားစေလိုက်၏။
******
ချုံတောင်လေးရှိ တဲအိမ်လေးတစ်လုံးအတွင်း၌ ရှိနေသော လီချန်ရှို့အစစ်သည် တဲအိမ်အပြင်မှ အသံတစ်သံကို ကြားလိုက်ရ၏။ သူမျက်လုံးဖွင့်ကြည့်လိုက်ရာ ဆရာဒေါ်လေးနှင့် သူ၏ညီလေးသည် ရေကန်အတွင်းရှိ လှေလေးပေါ်တွင် ဆော့ကစားနေသည်ကို တွေ့လိုက်ရ၏။
ယခင်က သူသည် ထိုကိစ္စများကို သတိမထားမိခဲ့ပေ။ သို့သော် သူသည် သေမျိုးလောကရှိ ဆောင်ကြာမြိုင်နှစ်ခုအတွင်းသို့ ရောက်ဖူးခဲ့ပြီဖြစ်၍ ယခု သေချာကြည့်မိသောအခါမှ သူ၏ ဆရာဒေါ်လေးသည် အစွမ်းအစရှိရုံသာမက ကိုယ်လုံးကိုယ်ပေါက်သည်လည်း လွန်စွာလှပပေသည်။ သူမ၏ ခါးလေးသည် သေးသွယ်၍ မျက်နှာလေးသည်လည်း ချောမောလှပ၏။
သူ၏ ညီမလေးသည် ပို၍ပင် ကျော့ရှင်း၍ ချစ်စဖွယ်ကောင်းပေသေးသည်။ သူမသည်လည်း ကျော့ရှင်းသော အသွင်အပြင်ရှိပြီး လွန်စွာ ကြည့်ရှု၍တင့်သော သေးသွယ်သည့် ကိုယ်လုံးကိုယ်ပေါက်ရှိကာ မျက်နှာလေးသည်လည်း ထူးခြားလှပလေသည်။ လီချန်ရှို့ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွား၏။
သူသည် ကျင့်ကြံသူတစ်ဦးဖြစ်စေကာမူ ထိုခံစားချက်များကို ခံစားရဦးမည်သာ ဖြစ်သည်။
သူသည် သူ၏ စိတ်ကို စက္ကူကိုယ်ပွားဆီသို့သာ အလျင်အမြန် ပြန်ပို့လိုက်၏။ သူသည် ဝိညာဉ်ထိန်းပုလဲအတွင်းမှ အရာများကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ်သုံး၍ ဆရာဦးလေးကျိုးဝူနောက်သို့ လိုက်သွားစေလိုက်လေသည်။ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော ကင်းခြေများမိစ္ဆာသည် သူ၏ဆရာချီယွမ် လင်တုန်းမြို့သို့ ရောက်လာသည့် ကိစ္စနှင့် ပတ်သက်နေ၏။
ဤတစ်ကြိမ်တွင် သူ၏ ခန့်မှန်းချက်မှန်ကန်ခဲ့ပေပြီ။
***