စိတ်ညှို့အတတ်ကို ရင်ဆိုင်ရခြင်း
Vol. 9 Ch. 113
‘ ငါဒီအကြောင်းကို ဘယ်လိုပြောရမလဲ... ’
လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူနှင့် တွေ့ဆုံရန်သွားနေသော စက္ကူကိုယ်ပွား၏ မြေကိုယ်ယောင်ဖျောက်အတတ် အမြန်နှုန်းကို သူ့ဆရာ၏ ကျင့်ကြံခြင်းအဆင့်နှင့်ညီအောင် ထိန်းညှိထား၏။ သူ အနည်းငယ် ဒွိဟဖြစ်နေ၏။
လီချန်ရှို့တစ်ယောက် သူ့ဆရာကို ကူညီရန် လင်တုန်းမြို့သို့ စက္ကူကိုယ်ပွားကို လွှတ်လိုက်ရခြင်းမှာ သူ့ဆရာ၏ရန်သူ လွှတ်လိုက်သောသူကို ဖမ်းကာ ရန်သူအစစ်ကို ရှာလို၍ဖြစ်သည်။ သို့သော် သူ၏ သမာဓိမီးတောက်သည် ထိုရန်သူ လွှတ်လိုက်သောသူကို ပြာဖြစ်သွားသည်အထိ ဝါးမျိုခဲ့ပေပြီ။ သူသည် ထိုပြာများကိုပင် ဖြန့်ကျဲပေးခဲ့သေး၏။
ဝိညာဉ်ထိန်းပုလဲအတွင်း၌ ထိုမိစ္ဆာ၏ ဝိညာဉ်အကြွင်းအကျန် အနည်းငယ်ရှိသေးသော်လည်း မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ လီချန်ရှို့သည် ဖြစ်နိုင်ချေများကို သုံးသပ်ခန့်မှန်းခဲ့ပြီးဖြစ်၏။ သူ့ဆရာထံပို့လိုက်သော စာနှစ်စောင်သည် အတုပင်ဖြစ်ရမည်။ သူ့ဆရာ၏ ရန်သူတော်ကြီးသည် သူ့ဆရာကို ဤမြို့သို့မျှားခေါ်၍ လူမသိသူမသိ ကိစ္စတုံးလိုခဲ့ခြင်းဖြစ်နိုင်သည်။
သို့သော် သူ့ဆရာ၏ ရန်သူသည် ထိုကိစ္စတုံးမည့် အလုပ်ကိုလုပ်ရန် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာတစ်ကောင်ကို ငှားရမ်း၍ လုပ်ခိုင်းလိမ့်မည်ဟု လီချန်ရှို့ မထင်ခဲ့ပေ။
ကင်းခြေများမိစ္ဆာ၏ မှတ်ဉာဏ်များကိုပြန်ကြည့်ရာတွင် ထိုမိစ္ဆာ၏ အရှေ့တွင် ဓမ္မရတနာဝတ်ရုံကိုဝတ်ဆင်၍ မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်ပေါ်လာသည်ကို တွေ့ခဲ့ရ၏။ ထိုရန်သူတော်ကြီးသည် ထိုကဲ့သို့ အလုပ်မျိုးကိုလုပ်စဉ် ပုံရိပ်ယောင်အတတ်ကို သေချာပေါက်သုံးထားမည်ဖြစ်သဖြင့် ထိုလူ၏ မျက်နှာကို မြင်ရလျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။
ထိုကင်းခြေများမိစ္ဆာကိုသာ ကံဆိုးရှာသူဟု ဆိုရပေမည်။ သူသည် မြောက်ကျွန်းမှနေ၍ ဤနေရာသို့ လီသောင်းချီဖြတ်သန်း၍ လာခဲ့ရ၏။ ထို့နောက် သူနှင့်ရင်းနှီးသော ပတ်ဝန်းကျင်ဖြစ်သည့် မိစ္ဆာများကျက်စားသည့် နေရာကို ရှာခဲ့၏။ ကင်းခြေများမိစ္ဆာသည် လင်တုန်းမြို့ကို ရွေးချယ်ခဲ့သည်။
ယင်းမိစ္ဆာသည် ထိုအပေးအယူမှာ သူ့အတွက် အမြတ်ရမည့် အပေးအယူဟုထင်ခဲ့၏။ သူသည် ထိုဆောင်ကြာမြိုင်တွင် လအတော်ကြာပုန်းအောင်းနေခဲ့ပြီး သူ၏ ပစ်မှတ်နှင့်တွေ့ဆုံရန် ချိန်းဆိုထားသည့် ညနေခင်းလေး ရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ ထို့နောက်တွင် သူ၏ ခြေထောက်များကိုသုံး၍ ထိုပစ်မှတ် မြေနတ်ဝိဇ္ဇာကို သေသည်အထိ ကန်ပစ်ရန် ရည်ရွယ်ခဲ့ခြင်းပင်။
သို့သော် ထိုကင်းခြေများမိစ္ဆာသည် ချိန်းဆိုထားသည့်နေ့မရောက်မီ တစ်လအလို၌ သေဆုံးခဲ့ပေပြီ။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ဝိညာဉ်ထိန်းပုလဲ ပြန်သိမ်းစေလိုက်ပြီး ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူသည် ထိုကိစ္စကို ဆက်၍မတွေးတောနေတော့ပေ။
ထိုအရာသည် ကံတရားသာဖြစ်ပေမည်။
“ချီယွမ်”သည် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်ပြလိုက်၏။ ကျိုးဝူသည် မြေအောက်မှ လာနေသော “ချီယွမ်”၏ ကိုယ်ရောင်ကိုယ်ဝါကို လျင်မြန်စွာပင် အာရုံခံမိလိုက်၏။
တာအိုရသေ့ဂျပုသည် ချောင်းဟန့်လိုက်ပြီး လက်နောက်ပစ်ကာ သူ မသင့်တော်သည့် ကိစ္စများ မလုပ်ထားကြောင်း အရိပ်လက္ခဏာပြလိုက်သည်။
စွဲမက်ဖွယ် ကိုယ်နေဟန်ထားရှိသော မိစ္ဆာမကို နတ်ကြိုးတစ်ချောင်းဖြင့်ချည်ကာ သစ်ပင်အောက်တွင် ထား,ထား၏။
“ အစ်ကိုကြီး... သူ့ကို စစ်မေးပြီးပြီလား... ”
“ချီယွမ်”သည် မြက်ခင်းပြင်အောက်မှ တဖြည်းဖြည်းထွက်ပေါ်လာပြီး မေးလိုက်၏။
ကျိုးဝူမျက်မှောင်ကြုတ်ကာာ ခေါင်းခါ၍ ပြောလိုက်သည်။
“ ညီလေး... အစ်ကိုအခုလေးတင် တွက်ချက်မှုတချို့လုပ်ကြည့်နေတာ။ ဒါပေမဲ့ အစ်ကို့ရဲ့ နမိတ်ဖတ်အစွမ်းက သိပ်မထက်ဘူး။ ဒီမိစ္ဆာမမှာရှိတဲ့ ကုသိုလ်တွေရဲ့ အရင်းအမြစ်က ပမွှားလေးတော့ မဟုတ်ဘူးဆိုတာပဲ သိခဲ့ရတယ်... ”
“ချီယွမ်” သက်ပြင်းချ၍ ပြောလိုက်၏။
“ ကျွန်တော်က ဒီတစ်ခေါက်တော့ နတ်ရတနာတစ်ခုခုတော့ ရပြီထင်နေတာ... ”
“ ညီလေး... အဲ့လိုတွေးလို့မရဘူးလေ... ”
ကျိုးဝူက လေးလေးနက်နက်ပြောလိုက်၏။
“ အစ်ကိုတို့နှစ်ယောက်လုံးက လူသား ချီကျင့်ကြံသူတွေပဲ။ အစ်ကိုတို့က ကျင့်ကြံဖို့ ရန်ကျောင်းတော်လက်အောက်ကို ဝင်ထားတာဆိုတော့ လူသားမျိုးနွယ်ကို ကာကွယ်ရမှာ အစ်ကိုတို့ရဲ့ တာဝန်ပဲ ”
သူဆက်ပြောလိုက်၏။
“ အစ်ကိုတို့သာ အဲ့ဆောင်ကြာမြိုင်မှာ မိစ္ဆာတွေကို ဆက်ပြီး မကောင်းမှုလုပ်ခွင့်ပေးလိုက်ရင် သေမျိုးဘယ်နှစ်ယောက်လောက်ရဲ့ မိသားစုဘဝတွေ ပျက်ဆီးသွားနိုင်တယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ။ သေမျိုးယောက်ျားဘယ်နှစ်ယောက်လောက် သူတို့ရဲ့ ယန်ချီဓာတ်တွေကို အဲ့မိစ္ဆာမတွေစုပ်ယူတာခံလိုက်ရလို့ အသက်တိုသွားမယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ... ”
“ချီယွမ်” ပြုံး၍ ခေါင်းခါလိုက်သည်။ သူ့ ဆရာဦးလေး၏ အကျင့်စာရိတ္ထသည် ကောင်းမွန်သည်ဟု လီချန်ရှို့ တွေးမိလိုက်၏။
“ ဒီမိစ္ဆာမကလည်း အကျင့်မကောင်းတဲ့သူပဲ... ”
ကျိုးဝူပြောလိုက်၏။
“ သူ့မှာ သူ့ကိုကာကွယ်ပေးမဲ့ ကုသိုလ်ရှိပေမယ့် အစ်ကိုတို့ သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်လို့မရဘူး။ သူသတိပြန်လည်လာရင် အစ်ကိုတို့ သူ့ကို စစ်မေးပြီး လုပ်စရာရှိတာလုပ်ကြတာပေါ့... ”
ကျိုးဝူသည် သူ၏လက်ဖြင့် လည်ပင်းကိုလှီးဖြတ်သည့် ပုံစံလုပ်ပြလိုက်သည်။ “ချီယွမ်”သည် ကျိုးဝူကို လက်မထောင်ပြလိုက်ပြီး ပြုံးလိုက်၏။
‘ကောင်းပြီ’ ဟူသောစကားလုံးသည် ‘ဟုတ်ကဲ့’၊ ‘အင်း..’ ဟူသော စကာလုံးများနှင့် အဓိပ္ပာယ်တူ၏ ။ ထိုစကားလုံးကို ချီကျင့်ကြံသူအဘိုးကြီးများ သုံးလေ့ရှိကြ၏။
ဆံပင်ဖြူများရှိသည့် နတ်ဝိဇ္ဇာအိုကြီးတစ်ပါးသည် တိမ်တစ်ခုပေါ်သို့ ရောက်လာပြီး သူ့တပည့်ကို စကားအနည်းငယ်ပြောပြီး ပြုံး၍ ခေါင်းညိတ်ကာ ‘အင်း’၊ ‘ဒါပေါ့’၊ ‘အဆင်ပြေသားပဲ’၊ ‘လုပ်လေ’ဟူသော စကားလုံးများ ပြောနေဟန်ကို မြင်ယောင်ကြည့်လိုက်ပါ။
ထိုသို့ဆိုလျှင် သူ၏ အသွင်အပြင်နှင့် ပြောသောစကားလုံးများသည် တခြားစီဖြစ်၍မနေပေလော။
အကယ်၍ ထိုနတ်ဝိဇ္ဇာအိုကြီးသည် သူ၏ မြင်းမြီးနှင်တံကို ယမ်း၍ ‘ကောင်းပြီ’ ဟူသောစကားလုံးကိုသာ ပြောခဲ့လျှင် တစ်ဖက်လူသည် သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်ရန်ခဲယဉ်းပေးလိမ့်မည်။ တချိန်တည်းမှာပင် သူ၏ အပြုအမူသည် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်သွားရပေလိမ့်မည်။
သို့သော် လီချန်ရှို့သည် ‘ကောင်းပြီ’ ဟူသော စကားလုံးကို မသုံးလိုပေ။ အကယ်၍ သူသည် အမတလမ်းစဉ်ကို အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ခဲ့၍ အသက်ရှည်ရှည်နေခဲ့ရပါက သူ အိုမင်းလာသောအခါ၌ သူ့ထက် ဝါနိမ့်သူများနှင့် စကားပြောလျှင် ‘သတိကြီးပါ’ ဟူသောစကားလုံးကို ပြောကောင်းပြောမိပေလိမ့်မည်။
“ သတိကြီးပါ ”
သူသည် ထိုစကားလုံးကို ပြောပြီးနောက် လေးနက်သောစကားများကို ဆက်ပြောချင်ပြောဖြစ်ပေလိမ့်မည်။
ကျိုးဝူနှင့် “ချီယွမ်”တို့သည် သတိလစ်နေသော အမြီးခြောက်ချောင်းမြေခွေးဖြူ မိစ္ဆာမကို ခေါ်၍ လုံခြုံမှုရှိသော အရှေ့သမုဒ္ဒရာ ကမ်းခြေအနီး တစ်နေရာသို့ သွားလိုက်၏။ သူတို့သည် မိစ္ဆာမျိုးနွယ်မှ ပညာရှင်များ သူတို့ကိုလာရောက်လက်စားချေမည်ဆိုးသဖြင့် ထိုသို့ နေရာအမျိုးမျိုးပြောင်း၍ ပုန်းအောင်းနေခြင်းပင်။ ကုသိုလ်ရှိသော သက်ရှိများကို သတ်မိလျှင် အကုသိုလ်များရပေလိမ့်မည်။
သို့သော် ထိုမိစ္ဆာမသည် သေမျိုးလောကတွင် မကောင်းမှုများကို လုပ်ထားဖူး၏။ သူတို့သာ ထိုမိစ္ဆာမကို မသတ်ခဲ့လျှင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ စည်းမျဉ်းများကို ချိုးဖောက်ရာကျပေလိမ့်မည်။
ကျိုးဝူနှင့် “ချီယွမ်”တို့ ဆွေးနွေးနေကြ၏။ သူတို့သည် ထိုမြေခွေးမိစ္ဆာမကို မသတ်လိုလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ခေါ်သွား၍ အကျဉ်းချထားရုံသာရှိတော့၏။ ထိုမိစ္ဆာမ၏ ကုသိုလ်တန်ခိုးများ ကုန်သွားသောအခါမှ သတ်ပစ်မည်ဖြစ်၏။
သို့သော် ထိုမတိုင်ခင် သူတို့သည် မိစ္ဆာမကို စစ်မေး၍ သူမ အဘယ်ကောင်းမှုမျိုးကိုလုပ်ခဲ့ကြောင်း သိအောင်လုပ်ရပေမည်။
လဝက်ကြာပြီးနောက်...
“ အစ်ကိုကျိုးဝူ... အဲ့မိစ္ဆာမကို အားအင်မဲ့နတ်ဆေး ဘယ်လောက်တောင်သုံးပြီး သတိမေ့အောင်လုပ်လိုက်တာလဲ... ”
“ သိပ်မများပါဘူး... အကြီးအကဲဝမ်လင်းယွမ်ပေးထားတဲ့ ဆေလုံးတစ်လုံးကို အမှုန့်လုပ်ပြီး သုံးလိုက်တာပဲ ”
လီချန်ရှို့ ဆွံ့အသွား၏။
ထိုမိစ္ဆာမသည် အတုမဲ့နတ်ဝိဇ္ဇာ အလယ်အလတ်အဆင့်သာ ရှိသေးသူဖြစ်သည်။ ထို့ကြောင့် ထိုမျှပြင်းသော ဆေးအာနိသင်ကို ခံနိုင်မည် မဟုတ်ပေ။
လင်းတုန်းမြို့မှ ပြဿနာကို ကြိုတင်ဖြေရှင်းခဲ့ပြီးဖြစ်သည်။ လီချန်ရှို့သည် ထိုနေရာတွင် ဆက်၍ မနေလိုတော့သဖြင့် ဖြေဆေးကို မသိမသာသုံးလိုက်၏။
သုံးရက်ကြာပြီးနောက် ညှို့အားကောင်းသော မိစ္ဆာမသည် နေဝင်ရီတရောအချိန်တွင် သတိပြန်လည်လာ၏။ သူမ နိုးလာသောအခါ လူသူကင်းမဲ့သောကျွန်းတစ်ခုပေါ်သို့ ရောက်နေပြီး နတ်ကြိုးဖြင့် တုတ်နှောင်ခြင်းခံထားရကြောင်း သိလိုက်ရ၏။ သူမ၏ မိစ္ဆာအစွမ်းများကိုလည်း သုံး၍မရပေ။
လီချန်ရှို့သည် မိစ္ဆာမနိုးလာပြီဖြစ်ကြာင်း ရုတ်ခြည်းအာရုံခံမိလိုက်၍ ဆရာဦးလေးကျိုးဝူကို အသိပေးလိုသော်လည်း စက္ကူကိုယ်ပွားမှာ သူ၏ဆရာအသွင်ယူထားသဖြင့် မည်သို့မျှမတတ်နိုင်ဘဲ ဖြစ်နေသည်။ အတုမဲ့နတ်ဝိဇ္ဇာပင် အာရုံမခံမိသည်ကို မြေနတ်ဝိဇ္ဇာက အာရုံခံမိခဲ့သည်ဆိုလျှင် သံသယဝင်သွားပေလိမ့်မည်။
ထိုမိစ္ဆာမသည်လည်း လည်၏။ သူမ နိုးလာသောအခါ မလှုပ်မရှားဆက်နေ၍ မျက်လုံးများကိုမှိတ်ကာ သတိမေ့နေဟန်ဆောင်ပြီး သူမ၏ နတ်တန်ခိုးများကိုသုံး၍ တာအိုရသေ့နှစ်ပါးကို လျှို့ဝှက်အာရုံခံနေ၏။
တစ်နာရီကြာပြီးနောက် သူမ၏ နားထင်ရှိ လိပ်ပြာပုံစံအမှတ်အသားလေးသည် ဖျော့တော့သောအလင်းတစ်ခုထွက်လာပြီး စူးရှသော မွှေးရနံ့တစ်ခုထွက်လာကာ သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် ပျံ့နှံ့သွား၏။
မကြာမီ သူမထံမှအသံထွက်လာပြီး မျက်တောင်မွှေးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာလေသည်။ သူမ မျက်လုံးဖွင့်လိုက်၏။
တရားထိုင်နေသော ကျိုးဝူနှင့် “ချီယွမ်”တို့သည် ပြိုင်တူ မျက်စိဖွင့်လိုက်ကြ၏။
“ ဟင်း.. နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့... ”
ကျိုးဝူသည် ချက်ချင်းထရပ်လိုက်ပြီး သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ သူ၏ လက်ထဲတွင် ဓားအိမ်ပါသော နတ်ဓားတစ်ချောင်းကိုကိုင်ထားပြီး မိစ္ဆာမကို စစ်မေးရန် နောက်သို့လှည့်လိုက်၏။
သို့သော် ကျိုးဝူလှည့်လိုက်သောအခါ သစ်ပင်အောင်ရှိ အလင်းဖျော့ဖျော့တစ်ခုကို မြင်လိုက်ရ၏။ နတ်ကြိုးဖြင့် အတုပ်ခံထားရသော မိစ္ဆာမသည် အမှန်ပင် ကြော့ရှင်းလှပ၍ စွဲမက်ဖွယ်ကောင်းပေ၏။
ထိုမိစ္ဆာမ၏ မျက်နှာသည် သူ၏ ချစ်လှစွာသော အစ်မကျိုးရှစ်နှင့်ပင် ဆင်တူလာသည်ဟု ထင်ရ၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည်လည်း လွန်စွာ လှပပေသည်။
ကျိုးဝူသည် လက်ထဲတွင် ကိုင်ထားသော ဓားကို ပစ်ချလိုက်ပြီး မတ်တတ်ရပ်ကာ မှင်သက်နေလေသည်။ သူသည် မိစ္ဆာမကိုငေးကြည့်နေရင်း အသက်ရှူသံများ မြန်လာ၏။
ဘေးတွင်ရပ်နေသော “ချီယွမ်”သည်လည်း ထိုသို့ပင် ဖြစ်နေ၏။ ထို့ပြင် သူ၏ အသက်ရှူသံသည် ကျိုးဝူထက်ပင် ပိုမြန်နေလေသည်။
သို့သော် စက္ကူကိုယ်ပွားကို ထိုသို့ပြုမူရန် လီချန်ရှို့ စေခိုင်းထားခြင်းပင်။
မည်မျှ အားကောင်းသော စိတ်ညှို့အတတ်ပေနည်း။
သူ့ဆရာ၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားသည် သူ့မူလဝိညာဉ်၏ အစွမ်းအနည်းငယ်သာပါသော စက္ကူရုပ်တစ်ရုပ်ဖြစ်သည်။ သို့ပေသည့် ထိုမိစ္ဆာမ သူမ၏ အတတ်ကို လျှို့ဝှက်သုံးလိုက်သောအခါတွင် လီချန်ရှို့အစစ်၏ စိတ်သည်ပင် အနည်းငယ် တစ်မျိုးတစ်မည်ဖြစ်သွား၏။
သူသည် နှလုံးငြိမ်ဂါထာကို စိတ်ထဲမှ ရွတ်လိုက်သောအခါမှသာ သူ၏ နှလုံးသားသည် ရုတ်ခြည်းဆိုသလို ဗလာနတ္ထိဖြစ်သွားတော့ပေသည်။
လီချန်ရှို့သည် ထိုကဲ့သို့ မှော်အတတ်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။ ထို့ကြောင့် သူသည် စက္ကူကိုယ်ပွားကိုသုံး၍ သေသေချာချာ လေ့လာလိုက်သည်။
ထိုမှော်အတတ်ကို စိတ်ညှို့အတတ်ဟုခေါ်၏။ ရှေးဟောင်းမိစ္ဆာများ တန်ခိုးထွားခဲ့စဉ်အခါက မိစ္ဆာအချို့သည် ထိုအတတ်ကို အလေးပေးကျင့်ကြံကြ၏။ သူတို့သည် ထိုအတတ်ကိုသုံးကာ မိစ္ဆာပညာရှင်များကို စိတ်ညှို့၍ သူတို့အတွက် နောက်ခံအင်အားကို ရှာဖွေခဲ့ကြ၏။
ယခုတွင် ထိုမြေခွေးဖြူမိစ္ဆာမသည် စိတ်ညှို့အတတ်ကို သုံးသည်သာမကဘဲ သူမ၏ ကိုယ်ပိုင်ညှို့ဓာတ်များကိုလည်း ထုတ်ဖော်ပြသနေ၏။ သူမ၏ ကိုယ်နေဟန်ထား၊ မျက်နှာထား၊ အကြည့်နှင့် သူမ၏ နှုတ်ခမ်းလေးများ ဟခြင်း၊ စေ့ခြင်းသည်ပင် သူမ၏ ညှို့ဓာတ်ကို ပို၍ပြီးပြည့်စုံစေလေသည်။
ဆရာဦးလေးကျိုးဝူတစ်ယောက် ဆက်၍ တောင့်မခံနိုင်တော့ကြောင်း လီချန်ရှို့ ရုတ်ခြည်းသိလိုက်၏။
တာအိုရသေ့ဂျပုသည် ရှေ့သို့ ခြေလှမ်းလေးတစ်လှမ်း လှမ်းလိုက်၏။
အကယ်၍ ဆရာဦးလေးကျိုးဝူတစ်ယောက် မိစ္ဆာမ၏ စိတ်ညှို့ခြင်းကိုခံလိုက်ရပါက အခြေအနေများသည် အတန်ငယ် ဒုက္ခများသွားပေမည်။
ထို့ကြောင့်...
ဘုတ်...
“ချီယွမ်”၏ အင်္ကျီလက်အတွင်းမှနေ၍ ပန်းချီကားလိပ်တစ်ခု လျှောကျလာပြီး ကမ်းခြေပေါ်သို့ ပြုတ်ကျသွား၏။ ထို့နောက် ထိုပန်ချီကားလိပ်လေးသည် အတန်ငယ် ပွင့်သွား၏။
“ချီယွမ်”သည် ခေါင်းငုံ့ကာ နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ ဒါ...ဒါက ချန်ရှို့ ကျွန်တော့်ကို ပေးထားတဲ့ ပန်းချီကားမလား... အစ်ကို...အစ်ကိုကျိုးဝူ ”
“ ဟင်... ”
ကျိုးဝူ၏ မျက်လုံးများသည် မိစ္ဆာမကိုသာ စူးစိုက်၍ ကြည့်နေ၏။ သူသည် နောက်ပင်လှည့်မကြည့်ဘဲ မေးလိုက်၏။
“ ညီလေး... ဘာဖြစ်လို့လဲ ”
“ချီယွမ်”သည် မြေပြင်ပေါ်ရှိ ပန်းချီကားလိပ်ကို ကောက်ယူလိုက်ပြီး ကျိုးဝူ၏ဘေးသို့ လျှောက်သွားကာ ပန်းချီကားလိပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။
ထို့နောက် သူသည် ကျိုးဝူ၏ ပခုံးကို သူ၏တံတောင်ဖြင့် မတော်တဆ တမင်တကာ တိုက်လိုက်လေသည်။
ကျိုးဝူသည် အလိုလို ခေါင်းငုံ့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းထွက်ပေါ်လာသော ပန်းချီကားကို ကြည့်လိုက်၏။
ထိုအခိုက်တွင် ကျိုးဝူ၏ မျက်လုံးအတွင်းမှ လောကသည် ပန်းရောင်သမ်းနေ၏။
ပန်းချီကားလိပ်သည် ခြောက်လက်မခန့် ပွင့်နေပြီဖြစ်သဖြင့် အဝတ်အစား အစွန်းကလေးကို တွေ့နေရပြီဖြစ်သည်။ ကျိုးဝူသည် သစ်ပင်အောက်ရှိ အလှလေးကို ကြည့်ချင်သော်လည်း ထိုပန်ချီးကားထဲမှ ပုံတူသည် မည်သူ၏ ပုံဖြစ်ကြောင်းကိုလည်း သိချင်နေ၏။
ခေတ္တမျှကြာသောအခါ ပန်ချီကားလိပ်သည် နောက်ထပ်တစ်လက်မ ထပ်၍ ပြေလျော့သွားသဖြင့် ပန်းချီကားထဲရှိ အမျိုးသမီး၏ ရုပ်သွင်ကို မြင်လိုက်ရလေသည်။ သူမ၏ မျက်နှာသည် အရေးအကြောင်းများနှင့် ပြည့်နှက်နေပြီး သူမ၏ အဝတ်အစားများသည်လည်း ပွယောင်းယောင်းဖြစ်နေသည်။ သူမ၏ လက်ချောင်းများသည် သစ်ခွပန်းကဲ့သို့ အတန်ငယ် ကွေးကောက်နေပြီး သူမ၏ လက်သည်းခွံများသည် ဝါထိန်နေပေသည်။
ရုတ်ခြည်းပင် ကျိုးဝူ၏နားထဲတွင် “ဒေါင်” ဟူသော အသံကြားလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူ၏ နားဘေးတွင် ကြားနေရသော ရမ္မက်သံများသည်လည်း ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။
တာအိုရသေ့ဂျပုသည် နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ပြီး အသက်အောင့်ထားလိုက်၏။ သူ၏ မျက်လုံးများသည် ပြန်၍ ကြည်လင်လာပေပြီ။ သူ၏ အားအင်များလည်း ပြန်လည်ပြည့်လာပြီဖြစ်သော်လည်း တုန်လှုပ်နေဆဲပင်။
သစ်ပင်အောက်ရှိ မိစ္ဆာမသည် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူမ၏ အစွမ်းများကို ဆက်၍ ထုတ်နေလိုက်သည်။
သို့ရာတွင် သူမ၏ မှော်အတတ်သည် လုံးဝ အသုံးမဝင်တော့သကဲ့သို့ပေ။
ကျိုးဝူ၏ ကျောပြင်တစ်ခုလုံးတွင် ဇောချွေးများရွှဲနေ၏။ သူတီးတိုးရေရွတ်လိုက်သည်။
“ အခု...ဘာ...ဘာတွေဖြစ်သွားတာလဲ ”
ဘေးတွင် ရပ်နေသော “ချီယွမ်”သည် ပန်းချီကားလိပ်ကို ဖြည်းဖြည်းချင်း ဆက်၍ ဖြည်နေလိုက်သည်။
“ အစ်ကိုကြီး ကြည့်လိုက်ပါ။ ဒီပန်းချီကားမှာ သုံးထားတဲ့ ပန်းချီအတတ်က အံ့မခမ်းပဲ ”
“ အစ်ကို... ”
ကျိုးဝူသည် ခေါင်းငုံ့လိုက်ပြီး တစ်ဝက်ပေါ်နေပြီဖြစ်သော ပန်းချီကားကို ငုံ့ကြည့်လိုက်သည်။ ထိုပန်ချီကားထဲတွင်ပါသော “အလှပဂေးများ”သည် ကိုယ်နေဟန်ထားမျိုးစုံရှိကြ၏။ သူ၏ နှလုံးသားထဲတွင် တံပိုးလှိုင်းများ ထမနေတော့ပေ။
ကျိုးဝူမျက်မှောင်ကြုတ်လိုက်၏။
“ ညီလေး... ဒါကဘာလဲ ”
“ အာ... ချန်ရှို့ပေးထားတဲ့ လက်ဆောင်တစ်ခုပါ... ”
“ချီယွမ်” ခါးသက်သက်ပြုံးလိုက်၏။
“ ဘာလို့ ဒီပန်ချီကားက အခုမှ ထွက်ကျလာတာလဲဆိုတော့ ကျွန်တော်လည်းမသိဘူး... ”
“ တကယ်တော့ ဒီပန်းချီကားက ချန်ရှို့ ကျွန်တော့်ကို နောက်ပြောင်ထားတာပါ။ ကျွန်တော့်ကို အိုနေပြီလို့ပြောပြီး အလှပဂေးတွေပါတဲ့ ဒီထူးဆန်းတဲ့ ပန်းချီကို ပေးထားတာပါ... ”
“ အစ်ကိုတို့မှာ ဒီပန်းချီရှိလို့ တော်သေးတာပေါ့... ”
ကျိုးဝူ မျက်မှောင်ကြုတ်လိုက်ပြီး သစ်ပင်အောက်ရှိ မိစ္ဆာမကို ကြည့်လိုက်သည်။
ကျိုးဝူသည် သူ၏ နတ်ဓားကို ဓားအိမ်အတွင်းမှဆွဲထုတ်လိုက်ရာ ‘ထန်း’ဟူသော အသံတစ်သံ ထွက်သွား၏။ သူသည် အံကြိတ်လိုက်ပြီး ကြိမ်းမောင်းလိုက်၏။
“ ငါတို့ကို မင်းရဲ့ စိတ်ညှို့အတတ်ကိုသုံးပြီး စိတ်ညှို့ရဲတယ်ပေါ့လေ။ သေချင်နေပြီနဲ့ တူတယ်... ”
သစ်ပင်အောက်ရှိ မိစ္ဆာမသည်လည်း မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူမသည် ကြာမူပါပါ ပြုံးလိုက်ပြီး သနားစဖွယ်မျက်နှာထားလေး လုပ်လိုက်သည်။ သူမ၏ ဇာမနီမျက်လုံးလေးများတွင် မျက်ရည်လေးများဖြင့် ပြည့်နေ၏။ သူမသည် လေထဲတွင် အံတု၍ ဖူးပွင့်နေရသော သစ်ခွပန်းလေးသဖွယ်ပင်။
ဘေးရှိ တာအိုရသေ့အိုကြီးသည် ပန်းချီကားကိုကိုင်ကာ ရှေ့သို့ ကိုင်းလိုက်၏။
“ အစ်ကိုကြီး... ဒီအလှလေးကို ကြည့်လိုက်ပါ။ ချန်ရှို့ဆွဲထားတာ တော်တော်လေး ကောင်းတာပဲ ”
ကျိုးဝူသည် ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်၏။ ပန်းချီကားထဲမှ အဘွားအိုသည် အသက်ဝင်လာပြီး သူ့ကို သိမ်သိမ်မွေ့မွေ့ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
တာအိုရသေ့ဂျပုတစ်ယောက် ထပ်မံ၍ တုန်လှုပ်သွားပြန်လေသည်။
ထို့နောက် သူသည် သစ်ပင်အောက်ရှိ မိစ္ဆာမကို ကြည့်လိုက်၏။ မကြာသေးခင်ကပင် သူသည် ထိုမိစ္ဆာမကို လေကို အံတု၍ ဖူးပွင့်နေသော သစ်ခွပန်းလေးသဖွယ် မြင်ခဲ့သော်လည်း ယခုတွင်မူ မြက်ပင်တစ်ပင်အဖြစ်သို့သာ ရုတ်ခြည်း မြင်သွား၏။
ကျိုးဝူသည် လက်မြှောက်လိုက်ပြီး ထိုမိစ္ဆာမထံသို့ ဓားဖြင့်ပစ်လိုက်၏။ ထက်လှသော ဓားသည် သူမ၏ နားရွက်ဘေးမှ ပွတ်သွားပြီး သစ်ပင်တွင် စိုက်နေလေသည်။
ဤအကြိမ်တွင် မိစ္ဆာမသည် လုံးဝ တုန်လှုပ်သွားပြီဖြစ်သည်။
သူမသည် တာအိုရသေ့အိုကြီး၏ လက်ထဲရှိ ပန်းချီကားကို ကြည့်လိုက်သည်။ သို့သော် အတွင်းရှိ ပန်းချီကိုတော့ မမြင်ရပေ။
သို့တစေ ယင်းပန်းချီကားသည် သူမအစွမ်းကုန်သုံး၍ အသုံးပြုခဲ့သော စိတ်ညှို့အတတ်၏ ညှို့ဓာတ်မှ ထိုတာအိုရသေ့နှစ်ပါး ရုတ်ခြည်း လွတ်မြောက်သွားအောင် လုပ်ပေးသော အရာဖြစ်ကြောင်းကိုမူ သူမ သေချာသိ၏။
‘ အဲဒါက ဘာဓမ်မရတနာလဲ ”
ကျိုးဝူတစ်ယောက် ချက်ချင်းပင် တာအိုအဆောင်များကို ထုတ်လိုက်သည်။ သူသည် နတ်ကြိုးဖြင့် အတုပ်ခံထားရသော မိစ္ဆာမ၏ဝိညာဉ်နှင့် မိစ္ဆာအစွမ်းများကို အလွယ်တကူပင် ဖိနှိပ်လိုက်၏။
ကျိုးဝူသည် “ချီယွမ်”ကို ကြည့်၍ မေးလိုက်၏။
“ ညီလေးချီယွမ်...အဲဒါက ဘာပစ္စည်းလဲ ”
“ ပန်းချီကားလေး တစ်ချပ်ပါပဲ... ”
“ချီယွမ်” ပြန်ဖြေလိုက်ပြီး ပန်းချီကားကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်သည်။
ထို ‘အရွယ်လွန်အလှ’ ပန်းချီကားသည် တာအိုတရားကျင့်ကြံရန်နှင့် စိတ်နှလုံးကိုတည်ငြိမ်အောင်လုပ်ကာ စိတ်ညှို့အတတ်များကို တွန်းလှန်လိုသည့် ချီကျင့်ကြံသူများအတွက် မရှိမဖြစ်လိုအပ်သော အရာပင်။
“ အစ်ကို နည်းနည်းလောက် ထပ်ကြည့်ချင်တယ်... ”
“ အဲ... ဟုတ်ကဲ့။ ဒီပန်းချီကားရဲ့ လက်ရာက ကောင်းတယ်ဆိုပေမယ့် အရမ်းတော့ မကြည့်ပါနဲ့။ အစ်ကိုကြီးမှာက တာအိုလက်တွဲဖော်ရှိတယ်မလား... ”
ကျိုးဝူ ပြုံး၍ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။
“ မပူပါနဲ့... ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး... ”
“ တူလေးချန်ရှို့ရဲ့ ပန်းချီပညာက တကယ် မဆိုးဘူးပဲ။ ဘယ်လောက်ပဲ လှပတဲ့သူဖြစ်ပါစေ အချိန်တန်ရင် အိုမင်းရင့်ရော်လာပြီး အရိုးခြောက်တွေ၊ ပြာတွေ အဖြစ်ပြောင်းလဲသွားရမှာပဲ... ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝမှာ နေတာက အကောင်းဆုံးပဲ... ”
လီချန်ရှို့ ဆွံ့အသွား၏။
‘ ဒီပန်းချီကားရဲ့ အကျိုးသက်ရောက်မှုက ကောင်းလွန်းမနေဘူးလား... ’
‘ နောက်ကျမှ ငါ ဆရာဦးလေးကို နဂါးဆေးအရက် နည်းနည်းပေးဦးမှပဲ။ ဆရာဦးလေးသာ လိင်ကိစ္စကို စိတ်မဝင်စားတော့တဲ့ တာအိုရသေ့ဖြစ်သွားရင် ငါ ဆရာဒေါ်လေးကျိုးရှစ်နဲ့ ကမ္မနှောင်ကြိုးတွေ သွားတွယ်နေလိမ့််မယ် ’
နေ့ဝက်ကြာပြီးနောက် ကျိုးဝူနှင့် “ချီယွမ်”တို့သည် တိမ်စီးကာ အရှေ့ကျွန်းသို့ ဦးတည်ပျံသန်းနေ၏။
သူတို့နှစ်ဦးသည် ထိုမိစ္ဆာမကို မသတ်ခဲ့ပေ။ သူတို့သည် သူမ၏ နောက်ကြောင်းကို စစ်မေးခဲ့ပြီးပေပြီ။ သူမသည် သူမ၏ စိတ်ညှို့အတတ် အသုံးမဝင်တော့ကြောင်း သိသွားသောအခါ ခေါင်းမာမနေတော့ဘဲ သူမ၏ နောက်ကြောင်းကို တည့်တိုးပင် ပြောပြခဲ့လေ၏။
တစ်နည်းပြောရလျှင် ထိုမြေခွေးမသည် အကြောက်အလန့်မရှိပေ။ သူမကို ကုသိုလ်များက ကာကွယ်ပေးနေသဖြင့် ထိုတာအိုရသေ့နှစ်ပါးသည် သူမကို သတ်မည်မဟုတ်သည်ကို သူမ သေချာသိ၏။
လူသားများထဲတွင်လည်း လူကောင်းနှင့် လူဆိုးဟူ၍ ရှိသကဲ့သို့ မိစ္ဆာများထဲတွင်လည်း မိစ္ဆာကောင်းနှင့် မိစ္ဆာဆိုးဟူ၍ ရှိ၏။
ထို အမြီးခြောက်ချောင်း မြေခွေးဖြူသည် နှစ်ခြောက်ထောင်ကျော်ကြာအောင် ကျင့်ကြံခဲ့၏။ သူမသည် ဆောင်ကြာမြိုင်တစ်ခု၏ ကြီးကြပ်သူတစ်ဦးသာဖြစ်ပြီး ပိုက်ဆံအနည်းငယ်ယူ၍ မိစ္ဆာများကို ကြီးကြပ်ရခြင်းဖြစ်သည်။ သူမသည် သေမျိုးများ၏ ယန်ဓာတ်ကို တစ်ခါမှ တိုက်ရိုက်မစုပ်ယူခဲ့ပေ။
သို့သော် သူမသည် ကောင်းမှုများကိုလည်း မလုပ်ခဲ့ချေ။
သူမ ပိုင်ဆိုင်ထားသော ကုသိုလ်များသည် သူမ၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းရရှိခဲ့ခြင်းပင်။ သူမ၏ ဘိုးဘေးများသည် စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီးအတွင်း၌ လူသားများစွာကို လျှို့ဝှက်ကယ်တင်ခဲ့ဖူး၏။ လူသားမျိုးနွယ် ကြီးပွားတိုးတက်လာသောအခါတွင် သူတို့သည် ကုသိုလ်ပမာဏအနည်းငယ် ရခဲ့၏။
ကျိုးဝူတို့နှစ်ဦးအနေဖြင့် ကုသိုလ်အပြင် လူသားမျိုးနွယ်ကိုပါ အကျိုးပြုဖူးသည့် ဘိုးဘေးများရှိသော မိစ္ဆာမကို သတ်ရန် မလွယ်ကူပေ။ ထို့ကြောင့် သူတို့သည် မိစ္ဆာမကို အပြစ်ပေးရန် ဂိုဏ်းသို့ပြန်ခေါ်သွားလိုက်၏။
“ ညီလေး... ”
ကျိုးဝူပြောလိုက်၏။
“ ညီလေးရဲ့ အရွယ်လွန်အလှ ပန်းချီကားကို အစ်ကို့ကို ငှားလို့ရမလား။ ဂိုဏ်းက အကြီးအကဲတွေလည်း ဒီမိစ္ဆာမရဲ့ စိတ်ညှို့တာကို ခံရနိုင်တယ်။ အဲဒါက ကိစ္စကြီးတော့ မဟုတ်ပေမယ့် သူတို့က အကြီးအကဲတွေဆိုတော့ မျက်နှာပူစရာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ... ”
လီချန်ရှို့သည် ထိုပန်းချီကားကို ငှားရကောင်း၊ မငှားရကောင်း ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးနောက် စက္ကူကိုယ်ပွားကို ထိုပန်းချီကားအား ထုတ်ပေးစေလိုက်သည်။ ထိုပန်းချီကားသည် သာမန်ပန်းချီကားလေးသာဖြစ်သည်။ ထိုပန်းချီကား၏ အယူအဆကိုသာ အနည်းငယ် ဉာဏ်ကွန့်မြူးထားခြင်းပင်။ ထိုပန်းချီကားကို ငှားပေးရန် အပန်းမကြီးပေ။
ထို့ပြင် သူ့တွင် ထိုပန်းချီကားနှင့် ဆင်တူသော အခြားပစ္စည်းအမြောက်အမြား ရှိပေသေးသည်။