← Chapters

ဆရာ၏ ရန်သူ

Vol. 9 Ch. 114

ဆရာ၏ ရန်သူ

Vol. 9 Ch. 114

“ အစ်ကိုကြီး... ဂိုဏ်းကစောင့်ကြည့်နေမှာပါ။ ဒီမိစ္ဆာမ ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အစ်ကိုကြီးနဲ့ ဒီမှာပဲ လမ်းခွဲကြတာပေါ့... ”

တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၃၀၀)အကွာတွင် ကျိုးဝူနှင့်အတူ တိမ်စီးနေသော “ချီယွမ်”သည် နှုတ်ဆက်စကားဆိုလိုက်၏။

“ ညီလေးချီယွမ် ဘာလို့ အစ်ကိုနဲ့အတူ အပြစ်ပေးခန်းမကို မသွားတာလဲ ”

ကျိုးဝူ အတန်ငယ် အံ့အားသင့်နေ၏။ သူဆက်ပြောလိုက်သည်။

“ ညီလေး... ဒီတစ်ခေါက် မိစ္ဆာတွေကို နှိမ်နင်းနိုင်ခဲ့တာ ညီလေးရဲ့အစွမ်းလည်း တစ်ဝက်ပါတာပဲ။ အစ်ကိုတို့အတူ ဆုတွေသွားယူသင့်တာပေါ့ ”

“ချီယွမ်” ပြုံး၍ ပြောလိုက်၏။

“ အဲ့ဆုတွေကို ကျွန်တော့်ရဲ့ တပည့်နှစ်ယောက်ဆီကိုပဲ ပို့ပေးလိုက်ပါ။ အစ်ကိုကြီး... ဒါက မိစ္ဆာမကို ထည့်ထားတဲ့ ဝိညာဉ်သားရဲ သားရေအိတ်ပါ။ တကယ်တော့ ကျွန်တော့်မှာလုပ်စရာတွေရှိပါသေးတယ်။ ကျွန်တော် လင်တုန်းမြို့ကို အမြန် ပြန်သွားရဦးမယ်။ ကြားထဲ ဒီကိစ္စတွေ လုပ်နေတာနဲ့ပဲ ကျွန်တော့်ကို ချိန်းထားတဲ့ အချိန်ရောက်တော့မယ် ”

‘ ချိန်းထားတာ... ’

ကျိုးဝူ မျက်မှောင်ကြုတ်၍ ခေါင်းညိတ်လိုက်၏။ သူ တစ်ခုခုပြောလိုဟန်ရှိသောလည်း ချီတုံချတုံ ဖြစ်နေ၏။

“ချီယွမ်”သည် ဦးညွှတ်၍ နောက်လှည့်ကာ တိမ်းစီးပြီး ထွက်ခွာသွားလေတော့သည်။

သို့သော် “ချီယွမ်” ကျန့်ဝက်မျှ ပျံသန်းသွားပြီးသောအခါ ကျိုးဝူလှမ်းအော်ပြောလိုက်၏။

“ ညီလေး... ခဏနေပါဦး။ ညီလေး ဘယ်သူနဲ့ သွားတွေ့မယ်ဆိုတာ အစ်ကို့ကို ပြောပြလို့ရမလား ”

လီချန်ရှို့ သက်ပြင်းတစ်ချက်ချလိုက်၏။

ဆရာဦးလေးကျိုးဝူတစ်ယောက် သူ၏ထောင်ချောက်အတွင်း ရောက်သွားလျှင် ကိစ္စများကို ကိုင်တွယ်ရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

“ အင်း... ”

“ချီယွမ်”သည် ပြောရခက်နေသော မျက်နှာထားကို တမင်လုပ်လိုက်၏။ ထို့နောက် သူသည် သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။

“ ကျွန်တော် အစ်ကိုကြီးကို မလိမ်ရဲပါဘူး... လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်တော့်ရဲ့ ဆရာတူအစ်မက ကျွန်တော့်ဆီ စာနှစ်စောင်ပို့ပြီးတော့ လင်တုန်းမြို့ကို သူနဲ့လာတွေ့ဖို့ ခေါ်ပါတယ် ”

ကျိုးဝူ အံ့အားသင့်သွားသည်ကို မြင်လိုက်ရ၏။ သူသည် လက်ချောင်းများကို ထိ၍ တွက်ချက်မှုအနည်းငယ်လုပ်လိုက်သည်။ ထို့နောက် သူ၏ စိတ်နက်နက်ရှိုင်းရှိုင်းနေရာတွင်ရှိနေသော မှတ်ဉာဏ်များကို အတည်ပြုလိုက်၏။

ခေတ္တခန့် ကျိုးဝူ၏မျက်နှာထားသည် အလွန်ထူးဆန်းနေလေသည်။

ထို့နောက် ကျိုးဝူပြောလိုက်သော စကားကြောင့် လီချန်ရှို့ အံ့အားသင့်သွား၏။

“ အဲဒါက မဖြစ်နိုင်ပါဘူး။ ညီလေးချီယွမ် ... တစ်ယောက်ယောက်က ညီလေးကို အကောက်ကြံတာပဲဖြစ်ရမယ် ”

“ အစ်ကိုကြီးက ဘာကို ဆိုလိုတာလဲ ”

“ချီယွမ်”၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူ အလျင်အမြန်ပြောလိုက်၏။

“ အစ်ကိုကြီး... အစ်ကိုကြီးပြောတဲ့ စကားကို ရှင်းပြပါဦး ”

“ ဒါက... ”

ကျိုးဝူ သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး ပြန်မဖြေခဲ့ပေ။ ထို့နောက် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်၏။

“ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အဲဒီကိစ္စက မဖြစ်နိုင်ဘူး ”

“ အစ်ကိုကျိုးဝူ... ”

“ချီယွမ်”သည် ချက်ချင်းပင် ရှေ့သို့တိုးလိုက်ပြီး ကျိုးဝူကို ဦးညွှတ်လိုက်၏။

ကျိုးဝူ ဆက်၍ မဖုံးကွယ်ထားနိုင်တော့ပေ။ သူ သက်ပြင်းသဲ့သဲ့ချ၍ အသံဩဩဖြင့်ပြောလိုက်၏။

“ ညီလေးရဲ့ ဆရာတူအစ်မက လွန်ခဲ့တဲ့ နှစ်ရှစ်ရာကျော်ကတည်းက သေသွားခဲ့ပါပြီ။ သူ့ရဲ့ အကြွင်းအကျန်ဝိညာဉ်တောင် ပြန်ပြီး ဝင်စားသွားတာကို အစ်ကို့ရဲ့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတယ် ”

“ အဲ့နှစ်ပိုင်းတုန်းက ညီလေးက နတ်ရေတံခွန်တောင်က ညီလေးခွိုက်စစ်နဲ့ တိုက်ခိုက်ခဲ့ကြတယ်မလား။ အင်း တကယ်တော့ ညီလေးခွိုက်စစ်ကပဲ ညီလေးကို အလစ်ချောင်းတိုက်တာပါ။ ညီလေးရဲ့ တာအိုအခြေခံလည်း ဒဏ်ရာရသွားတယ်မလား။ ညီလေး ဆက်ပြီး အသက်ရှင်နိုင်ခဲ့ပေမယ့် ဆက်ပြီး ကျင့်ကြံဖို့ ခက်ခဲသွားတယ်လေ... ”

“ ညီလေးရဲ့ ဆရာတူအစ်မ ဝမ်ကျန်းယွီက ဂိုဏ်းကနေ တိတ်တဆိတ်ခိုးထွက်သွားခဲ့တယ်။ သူပြောတာက လောကအနှံ့ခရီးသွားနေတဲ့ ညီလေးတို့ရဲ့ ဆရာကို သွားရှာပြီး ညီလေးကို လာတွေ့ခိုင်းဖို့ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အမှန်တော့ သူက မြောက်ကျွန်းကို သွားပြီး ညီလေးရဲ့ တာအိုအခြေခံကို ပြန်ကုသပေးဖို့ အဖိုးတန်ဆေးပင်တွေသွားရှာတာပဲ ”

“ ဂိုဏ်းက အကြီးအကဲတွေလည်း အဲ့အကြောင်းကို သိသိချင်းပဲ အစ်ကိုနဲ့ ဂိုဏ်းက အခြားတာဝန်ရှိသူနှစ်ယောက်ကို သူ့နောက်လိုက်သွားဖို့ ချက်ချင်းလွှတ်လိုက်တာပဲ။ ဒါပေမဲ့ အစ်ကိုတို့ ရောက်သွားတော့ သူက မြောက်ကျွန်းအတွင်းပိုင်းထဲကို နက်နက်ရှိုင်းရှိုင်းရောက်နေပြီ။ သူ့ရဲ့ မူလဝိညာဉ်က ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ကြောင့် ဒဏ်ရာရသွားပြီး သူလည်း သေခါနီးဆဲဆဲဖြစ်နေတယ်။ အစ်ကိုတို့သုံးယောက် နတ်ဝိဇ္ဇာအလောင်းအလျာဖြစ်တဲ့ သူ့ကိုကယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မကယ်နိုင်ခဲ့ဘူး ”

“ ညီလေးရဲ့ ဆရာတူအစ်မသေခါနီးတော့ အစ်ကိုတို့ သူ့ကို ရှာမတွေ့ပါဘူးဆိုပြီး ညီလေးကို လိမ်ပြောပေးဖို့ မှာခဲ့တယ်။ သူ့ရဲ့ အလောင်းကိုလည်း အစ်ကိုတို့သုံးယောက်ပဲ မြှုပ်ပေးလိုက်တာပါ။ အစ်ကိုပြောတာတွေကို ညီလေးမယုံဘူးဆိုရင် အဲ့တုန်းကပါတဲ့ ဂိုဏ်းကတာဝန်ရှိသူနှစ်ယောက်ကိုလည်း သွားမေးလို့ရပါတယ်... ”

“ ညီလေး...ညီလေးချီယွမ်... အဆင်ပြေရဲ့လား... ”

“ချီယွမ်”၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်လာပြီး သူ၏ မျက်လုံးများသည်လည်း ကျီးကန်းတောင်းမှောက်ဖြစ်လာ၏။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်များဝေ့လာတော့သည်။

လီချန်ရှို့သည် ထိုကဲ့သို့ ဝမ်းနည်းဖွယ် သရုပ်ဆောင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုအခိုက်တွင် သူ၏ စိတ်ကူးစိတ်သန်းကို အသုံးချ၍သာ သရုပ်ဆောင်ရပေတော့မည်။

ကံအားလျော်စွာပင် ကျိုးဝူသည် မျက်စေ့မှိတ်၍ သက်ပြင်းချနေသောကြောင့် တော်ပေသေးသည်။ သူသည် “ချီယွမ်”ကို ဆက်၍ကြည့်နေနိုင်လောက်အောင် အသည်းမမာပေ။

ကျိုးဝူသည် ထိုကိစ္စကို ထုတ်မပြောလိုပေ။ သို့သော် သူ၏ ညီလေးချီယွမ်တစ်ယောက် တစ်ပါးသူ၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်၍သာ ထုတ်ပြောခဲ့ရခြင်းပင်။

“ သူ..သူ့ကို ဘယ်နေရာမှာ မြှုပ်ထားတာလဲ ”

“ မြောက်ကျွန်းက အဆိပ်ငွေ့တွေ ပျံ့နှံ့နေတဲ့နေရာမှာပါ။ အခုလောက်ဆို အရိုးလည်း ကျန်တော့မှာ မဟုတ်ပါဘူး။ ညီလေး... စိတ်ကို ဖြတ်လိုက်ပါတော့။ သူလည်း ပြန်ပြီး ဝင်စားပြီးသွားပါပြီ ”

ကျိုးဝူ ဆက်၍ နှစ်သိမ့်ရန် ဟန်ပြင်လိုက်သော်လည်း “ချီယွမ်”သည် လက်နှစ်ဖက်ဆုပ်၍ သူ့ကို ဦးညွှတ်နေပေပြီ။ ထို့နောက် “ချီယွမ်”သည် တုံဏိဘာဝေနေကာ ဂိုဏ်းဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်၏။

“ အစ်ကိုကြီး... ကျွန်တော်အခု တစ်ယောက်တည်းပဲ နေချင်ပါတယ်.... ”

“ ညီလေးချီယွမ်... ”

ကျိုးဝူသည် “ချီယွမ်”တစ်ယောက် စိတ်ဓာတ်ကျ ဝမ်းနည်းနေကြောင်းကို သိ၍ ဆက်၍ မဖျောင်းဖျလိုက်တော့ပေ။ သူသည် ဝိညာဉ်သားရဲ သားရေအိတ်ကလေးကိုသာ ကိုင်၍ “ချီယွမ်”၏ နောက်မှ ကပ်၍ လိုက်သွားလိုက်လေသည်။

တာအိုရသေ့ဂျပုသည်လည်း စိတ်မကောင်းဖြစ်နေ၏။ သူသည် ခေါင်းခါ၍ တီးတိုးရေရွတ်လိုက်သည်။

“ အင်း... ငါလည်း ချစ်ရေးချစ်ရာကိစ္စတွေကို စိတ်မဖြတ်နိုင်သေးဘူးပဲ။ အဲဒီတော့ ငါလည်း ဘယ်လိုလုပ် စိတ်အေးချမ်းနိုင်ပါ့မလဲ။ အချစ်ဆိုတာဘာလဲဆိုပြီး လောကကြီးကိုပဲ မေးကြည့်လိုက်ချင်တော့တယ်။ အဲ့အချစ်ဆိုတဲ့အရာက မင်းကို ညဘက် အိပ်မပျော်အောင် လုပ်နိုင်တယ်... ”

ကျိုးဝူသည် သူ၏ တာအိုလက်တွဲဖော်အကြောင်းကို တွေးတော၍ သိမ်သိမ်မွေ့မွေ့ပြုံးလိုက်၏။

သို့သော် ရုတ်တရက် သူ၏ အတွေးထဲရှိ တာအိုလက်တွဲဖော်၏ ရှေ့တွင် အရွယ်လွန်အလှတစ်ဦး ပေါ်လာ၏။

ဒေါင်...

ကျိုးဝူ တုန်လှုပ်သွား၏။

ပျိုမြစ်လှပနေသူအားလုံး တစ်နေ့တွင် အပုပ်ကောင်ဖြစ်သွားရမည်သာ။ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သင့်ပေသည်။

*****

ထိုအချိန်၌ ချုံတောင်လေးပေါ်ရှိ တဲအိမ်အတွင်းတွင် လီချန်ရှို့သည် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် မျက်လုံးဖွင့်လိုက်၏။

ဤကိစ္စ၏ နောက်ကွယ်တွင် အမှန်ပင် လျှို့ဝှက်ချက်တစ်ခုရှိပေသည်။

သို့သော် သူ၏ စက္ကူကိုယ်ပွားသည် “ချီယွမ်”၏ အသွင်ယူထားသဖြင့် မေးခွန်းအများအပြားကို မေး၍ မရဖြစ်နေသည်။ ထိုသို့သာ မဟုတ်လျှင် သူသည် မေးခွန်းအမြောက်မြား‌မေး၍ အသေးစိတ်အချက်အလက်များကို ဂရုတစိုက် စုံစမ်းနိုင်ပေမည်။

ဤအကြိမ်တွင် သူ့ဆရာ၏ ရန်သူသည် မည်သူဖြစ်ကြောင်းကို ဆရာဦးလေးကျိုးဝူထံမှ သိရှိခဲ့ရပေပြီ။

နတ်ရေတံခွန်တောင်မှ ခွိုက်စစ်ပင်။

သူသည် ဂိုဏ်းအတွင်း၌ ကျော်ကြားမှုမရှိသော အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးပင်။ လီချန်ရှို့သည် ထိုသူ၏ အမည်ကို ပိုင်ဖန်ခန်းမရှိ တပည့်စာရင်းတွင် မတော်တဆတွေ့ခဲ့မိခြင်းဖြစ်သည်။

ထိုသူသည် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးဖြစ်သော်လည်း ဆရာဒေါ်လေးကျိုးကျိုး၊ ဆရာဦးလေးကျိုးဝူတို့နှင့် ယှဉ်လျှင် ဂိုဏ်းအတွင်း၌ ဂုဏ်သတင်းမကျော်ကြားသလို လူသိလည်းနည်း၏။ သူသည် သီးခြားနေတတ်သော သူတစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။

‘ အဲ့ကောင်က မကောင်းတဲ့ အကြံနဲ့ ငါ့ဆရာကို ခိုးကြောင်းခိုးဝှက် တိုက်ခိုက်ခဲ့တာပေါ့လေ... အဲဒါကြောင့် ငါ့ဆရာမှာ ရွေးချယ်စရာမရှိတော့ဘဲ မြေနတ်ဝိဇ္ဇာဖြစ်လာရတယ် ’

‘ အဲ့ကောင်ကြောင့် ငါတောင် နတ်ဝိဇ္ဇာပျော်ဝင်ဆေးပင် တချို့အတွက်နဲ့ မြောက်ကျွန်းကိုသွားခဲ့ရတယ်... အဲ့ကတည်းက ငါ့မှာ ကမ္မနှောင်ကြိုးတွေ အများကြီးလာတွယ်တော့တာပဲ... ’

‘ အခု မင်းက ငါ့ဆရာဒေါ်လေးကို လိုချင်လို့ ဆရာ့ကို သတ်ဖို့လုပ်ခဲ့တာကြောင့် ဆရာဒေါ်လေး သေသွားရတယ်ဆိုတာကိုလည်း ငါသိသွားပြီကွ ’

“ ခွိုက်စစ်... ”

လီချန်ရှို့၏ အကြည့်များ စူးရှလာ၏။ သို့သော် ထိုအကြည့်များကို အလျင်အမြန်ပင် ပြန်ဖုံးကွယ်လိုက်သည်။

သူရေရွတ်လိုက်၏။

“ ငါတို့ရဲ့ ရန်ငြိုးက တော်တော်လေး မကြီးနေဘူးလား... ”

လီချန်ရှို့ မတ်တတ်ထရပ်လိုက်ပြီး တဲအတွင်း၌ လူးလာခေါက်တုံ့လျှောက်နေလိုက်၏။

‘ ငါ စိတ်လောလို့မရဘူး။ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ ရန်သူကို သတ်တာပဲဖြစ်ဖြစ်၊ မသန်မစွမ်းဖြစ်သွား‌အောင် လုပ်ပစ်တာပဲဖြစ်ဖြစ်လောက်က ငါ့အနေနဲ့ ဆိုရင် မခက်ခဲပါဘူး... ’

‘ ဒါပေမဲ့ ဒီကိစ္စက တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းက ငါ့ရဲ့ အနာဂတ်တင်မကဘူး လင်းအယ်နဲ့ ဆရာ့ရဲ့ အနဂတ်တွေနဲ့လည်း ပတ်သတ်နေတယ်... ငါ ပိုင်မှ လုပ်သင့်တယ် ’

သူ၏ လက်ရှိ ဦးစားပေးကိစ္စသည် ထိုအကြောင်းကို သူ့ဆရာအား မည်သို့ပြောပြရမည်ကို ဆုံးဖြတ်ရန် ဖြစ်သည်။

‘ အင်း... သေချာတွေးကြည့်တော့လည်း ဆရာက သနားစရာကောင်းတဲ့ အမျိုးသားမြေနတ်ဝိဇ္ဇာလေးပဲ... ’

‘ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းဖို့မှာ အခြေခံဖြစ်တဲ့ သူ့ရဲ့ တာအိုတာအိုအခြေခံက ဒဏ်ရာအပြင်းအထန်ရသွားတယ်။ သူ့ရဲ့ ဆရာတူအစ်မကလည်း ဂိုဏ်းပြင်ပကို ထွက်သွားပြီးတော့ ပြန်မလာတော့ဘူး။ သူ့ရဲ့ ဆရာကလည်း အဲ့လိုပဲ ထွက်သွားပြီး ပြန်မလာခဲ့ဘူး။ သူအခု မြေနတ်ဝိဇ္ဇာတစ်ပါး ဖြစ်သွားပြီးတဲ့ နောက်မှာတောင် အကောက်ကြံခံနေရတုန်းပဲ။ ဂိုဏ်းထဲမှာလည်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းတွေလည်း မရှိဘူး။ သူ့ရဲ့ တပည့်တွေကလည်း သူ့ကို နေ့တိုင်းစနောက်နေကြတာ... ’

‘ အဟမ်း... နောက်ဆုံး အချက်ကို ထည့်တွက်လို့မရဘူး... ’

ခေတ္တမျှကြာပြီးနောက် လီချန်ရှို့၏ ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာတော့သည်။

သူသည် အရည်အသွေးမကောင်းသော စာပို့ကျောက်စိမ်းအဆောင်လေးတစ်ခုကို ထုတ်လိုက်ပြီး ရှေ့မှ ရောက်လာခဲ့သော စာနှစ်စောင်အတွင်းရှိ လက်ရေးကိုတုပကာ စာနှစ်ကြောင်းရေးလိုက်၏။

“ မောင်လေး အဆင်ပြေနေတာမြင်ရတော့ အစ်မစိတ်အေးနိုင်ပါပြီ... ”

“ အစ်မ အကြောင်းကို မေ့လိုက်ပါတော့။အခုကစပြီး အစ်မတို့ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့ ”

လီချန်ရှို့သည် သူ၏ စက္ကူကိုယ်ပွားမှာ လင်တုန်းမြို့တွင် ရက်အနည်းငယ်နေခဲ့ကြောင်း၊ တစ်နေ့တွင် ၎င်း၏ ခေါင်းအုံးဘေး၌ ထိုကျောက်စိမ်းအဆောင်လေးကို တွေ့ခဲ့ကြောင်း သူ၏ဆရာကို ပြောပြရန် ကြံရွယ်လိုက်၏။ ဆရာနှင့်တွေ့ရန် ချိန်းဆိုခဲ့သော သူကိုလည်း မတွေ့ခဲ့ကြောင်းကိုလည်း ပြောရပေမည်။ ထို့နောက် ဆရာဦးလေးကျိုးဝူနှင့် တွေ့ဆုံကာ အတူတကွ မိစ္ဆာများကိုနှိမ်နင်းခဲ့သည့် ကိစ္စကိုလည်း ပြရမည်ဖြစ်၏။

‘ ငါသာ ဆရာ့ကို အမှန်အတိုင်းပြောပြလိုက်ရင် ဆရာဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး။ ပြီးတော့ မြေနတ်ဝိဇ္ဇာတွေရဲ့ တာအိုအခြေခံကလည်း တည်ငြိမ်တာမဟုတ်ဘူး... ဆရာတစ်ခုခု ဖြစ်သွားနိုင်တယ် ’

‘ ငါ ဒီနည်းကိုသုံးပြီးတော့ပဲ ဆရာ‌ဒေါ်လေးက အသက်ရှိသေးပေမယ့် သူနဲ့ မတွေ့ချင်တာဆိုပြီး ဆရာထင်သွားအောင် လုပ်ရမှာပဲ။ အဲ့တော့မှ ဆရာ့ရဲ့ စိတ်အခြေအနေက “ နှင်းပွင့်လေးတွေ ကျနေပြီ မြောက်ပြန်လေလည်း တိုက်လေပြီ... အေးစက်စက်ဖြင့် လွမ်းမောဖွယ်ရာအတိ” ဆိုတဲ့ စာသားလို ဖြစ်သွားမှာပဲ... ’

( ထိုစာသားသည် ထိုင်ဝမ်အဆိုတော် ဖေးယွီချင်း၏ ရွှယ်ဟွားဖျောင်ဖျောင် သီချင်းမှ သီချင်းစာသားများဖြစ်သည် )

‘ အဲဒါက နည်းနည်း လွမ်းဆွေးစရာဆိုပေမယ့် သေသွားတယ်လို့ ပြောတာထက်တော့ တော်သေးတာပေါ့ ’

‘ နောက်ကျမှ ဆရာဒေါ်လေး ဘာအဖြစ်ပြန်ဝင်စားသွားလည်း ဆိုတာ သိနိုင်မယ့် နည်းတစ်ခုရှာရမယ်... ’

လီချန်ရှို့တစ်ယောက် ရင်ထဲမှ သက်ပြင်းချလိုက်၏။ သူသည် တဲ နံရံတွင် ချိတ်ဆွဲထားသော ‘သတိကြီးမှု’ ဆိုသည့် စာတန်းကို ကြည့်လိုက်၏။ သူ့ရင်တွင်းရှိ လှိုင်းတံပိုးများ ဖြည်းဖြည်းချင်းပြန်လည် တည်ငြိမ်သွားလေသည်။

ကိစ္စများကို တစ်ဆင့်ပြီး တစ်ဆင့်သာ လုပ်ဆောင်ရပေမည်။

သူ့ဆရာ၏ အသွင်ဆောင်ထားသော စက္ကူကိုယ်ပွားသည် ချုံတောင်လေးထံသို့ တိမ်စီး၍ ပြန်လာ၏။ စက္ကူကိုယ်ပွားသည် ရှေးဦးစွာ လီချန်ရှို့၏ တဲအတွင်းသို့ ဝင်သွားသည်။ ထို့နောက်မှ လီချန်ရှို့သည် စက္ကူကိုယ်ပွားနှင့် အတူ သူ့ဆရာ၏ တဲသို့ သွားလိုက်ကြ၏။

စက္ကူကိုယ်ပွား၏ တာဝန်သည် ပြီးဆုံးပေပြီ။

ခေတ္တမျှကြာသောအခါ တဲအတွင်းမှ လီချန်ရှို့တစ်ဦးတည်းသာ ပြန်ထွက်လာ၏။

ရက်အနည်းငယ်ကြာပြီး‌နောက် ဆရာဦးလေးကျိုးဝူသည် သူနှင့်ရင်းနှီးလာပြီဖြစ်သော ဂိုဏ်းတူညီလေးချီယွမ်ထံသို့ အလည်လာခဲ့၏။ သူသည် မိစ္ဆာများကို နှိမ်နှင်းခဲ့မှုကြောင့် ဂိုဏ်းမှချီးမြှင့်လိုက်သော ဆုများကို ချီယွမ်ထံသို့ လာပေးခြင်းပင်။ ထို့ပြင် မြေခွေးဖြူမိစ္ဆာမ ခံခဲ့ရသော ပြစ်ဒဏ်များကိုလည်း ချီယွမ်အား အသိပေးလို၍ဖြစ်သည်။

လီချန်ရှို့သည် “ သူ၏ ဆရာမှာ ဤရက်ပိုင်းအတွင်း၌ အကြောင်းတစ်ခုခုကြောင့် သောကရောက်သည် ” ဟူသော အကြောင်းပြချက်ကိုသုံး၍ ဆရာဦးလေးကျိုးဝူကို ထိုကိစ္စ၏ အကြောင်းအရင်းကိုမေးလိုက်၏။ ထို့နောက် သူနှင့် ဆရာဦးလေးကျိုးဝူတို့သည် အတိတ်မှ ကိစ္စများကို ဆွေးနွေးလိုက်ကြ၏။

ကျိုးဝူသည် “ချီယွမ်”ကို ပြောခဲ့သည့် စကားများကိုပင် ပြန်ပြောခဲ့၏။ လီချန်ရှို့သည် အသေးစိတ်အချက်များကို မေးလိုက်ရာ ကျိုးဝူသည်လည်း အသေးစိတ်ပြန်ဖြေခဲ့၏။

ထို့နောက် လီချန်ရှို့သည် ထိုစဉ်က ဆရာဦးလေးကျိုးဝူနှင့် အတူသွားသော ဂိုဏ်းမှ တာဝန်ရှိသူနှစ်ဦးကို ထိုကိစ္စများအား လျှို့ဝှက်ထားပြီး ဂိုဏ်းအတွင်း၌ ထပ်၍ထုတ်မပြောရန် ဆရာဦးလေးကျိုးဝူကို အကူအညီတောင်း၍ ပြောခိုင်းလိုက်၏။

ကျိုးဝူ တည်တည်ငြိမ်ငြိမ်ပင် သဘောတူလိုက်သည်။ သူ့အတွက် ထိုကိစ္စသည် အသေးအဖွဲသာဖြစ်သည်။

ထိုသို့ဖြင့် လင်းတုန်မြို့ဖြစ်စဉ် တစ်ခန်းရပ်ပေပြီ။

သူတို့ ဖမ်းလာခဲ့သော မြေခွေးဖြူကို ဂိုဏ်းမှ အကြီးအကဲများက တုနတ်ဝိဇ္ဇာဂိုဏ်း ဂိတ်တံခါးအပြင်တွင် ချုပ်ထား၏။ သူမကို မြေကြောမန္တန်အစီအရင်အတွင်း၌ နှစ်(၃၀၀)ချုပ်နှောင်၍ အပြစ်ပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။

ထိုမြေခွေးသည် သူမကို မသတ်ကြောင်းသိသဖြင့် မည်သည့်စကားမျှ မဆိုခဲ့ပေ။ သူမသည် တောင်တစ်ခု၏ အောက်တွင် ဖိ၍ အချုပ်ခံထားရသော်လည်း မကျေမချမ်းဖြစ်နေသည့် လက္ခဏာတော့ မရှိချေ။

လီချန်ရှို့သည် ထိုမိစ္ဆာမကို သတ်ပစ်လိုက်ခြင်းက ပို၍ သင့်တော်သည်ဟု တွေးမိ၏။ သို့သော် ဂိုဏ်းအတွင်းမှ နတ်ဝိဇ္ဇာများသည် သူတို့၏ ကုသိုလ်များလျော့သွားခြင်း သို့မဟုတ် အကုသိုလ်များတိုးလာခြင်းကို အလိုမရှိကြပေ။ ထို့ကြောင့် သူတို့သည် မိစ္ဆာမကို ဂိုဏ်းအပြင်တွင် ယာယီချုပ်နှောင်ထားခြင်းပင်။

လီချန်ရှို့သည် ထို မြေခွေးဖြူမိစ္ဆာမကို လျှော့မတွက်ပေ။

ထို့ပြင် ထိုမိစ္ဆာမကို အဆိပ်ခတ်၍ ဖမ်းခဲ့သူများမှာ သူ၏ဆရာ “ချီယွမ်”နှင့် ဆရာဦးလေးကျိုးဝူတို့ဖြစ်လေသည်။ သူတို့သည် ထိုမိစ္ဆာမကို သူမ၏ နေရပ်ဖြစ်သော သေမျိုးလောကနှင့် ဝေးရာသို့ပင် ခေါ်ဆောင်ခဲ့သေးသည်။

လီချန်ရှို့သည် ကုသိုလ်များကို ဖျက်ဆီးပစ်နိုင်သည့် နည်းလမ်းအချို့ကို ရှေးဟောင်းကျမ်းစာများတွင် ဖတ်ခဲ့ဖူး၏။ ထိုသို့လုပ်ရန် အနည်းငယ် ကထိကထများသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။

သို့သော် သူ၏ လက်ရှိဦးစားပေးသည် ထိုမြေခွေးမိစ္ဆာမကို သတ်ရန် မဟုတ်ချေ။

သူ့ဆရာ၏ ရန်သူသည် နတ်ရေတံခွန်တောင်မှ ခွိုက်စစ်ဖြစ်ကြောင်း သိရှိခဲ့ပြီဖြစ်၍ လီချန်ရှို့သည် စတင်၍ လျှို့ဝှက်စုံစမ်းနေပြီး အစီအစဉ်ဆွဲနေပေပြီ။

ကေသရာဇာ ခြင်္သေ့သည် သားကောင်ကြီးငယ်မဟူ အစွမ်းကုန်သုံး၍ အမဲလိုက်သကဲ့သို့ သူသည်လည်း အစွမ်းကုန်ထုတ်သုံးရပေမည်။

သူသည် ရန်သူကို ဖယ်ရှားသုတ်သင်ရန် ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခု ဆွဲလို၏။ ထို့ကြောင့် သူသည် ဂရုတစိုက် အစီအစဉ်ချလိုက်၏။

သူသည် အစီအစဉ်တစ်ခုကို အကြမ်းဖျင်းဆွဲ၍ ကြုံတွေနိုင်ရသည့် အခက်အခဲမျိုးစုံကိုရှာ၍ အခက်အခဲ တစ်ခုချင်းသုံးသပ်ရပေမည်။ နောက်ဆုံးတွင် သူ့ထံတွင် အစီအစဉ်အနည်းငယ် ရှိလာမည်ဖြစ်ပြီး ထိုအထဲတွင်မှ ပြီးပြည့်စုံမှုအရှိဆုံး အစီအစဉ်တစ်ခုကို ရွေးကာ အသေးစိတ်ပြန်၍ အစီအစဉ်ချရမည် ဖြစ်သည်။

ထိုရန်သူအား ကံဆိုးမိုးမှောင်ကျသွား‌အောင် လုပ်ခြင်းသည် သူ့အတွက် လုံခြုံမှုအရှိဆုံး ရွေးချယ်စရာပင်။

နှစ်ဝက်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် လီချန်ရှို့သည် ခွိုက်စစ်နှင့် တွေ့ဆုံခဲ့၏။ ထိုသူသည် အသက်လတ်ပိုင်းအသွင်ရှိသော တာအိုရသေ့တစ်ပါးပင်။ သူ၏ မျက်နှာသည် ပြေပြစ်ပြီး သူ၏ ကိုယ်နေဟန်ထားသည်လည်း ထူးခြားလှ၏။ သူ့တွင် တွန့်ကွေးနေသော မျက်ခုံးမွေးများရှိပြီး သူ၏မျက်လုံးများသည်လည်း တောက်ပ၏။ ထို့ကြောင့် သူ့ကို ခံ့ညားသူတစ်ဦးဟု ဆိုနိုင်ပေသည်။

တာအိုရသေ့ ခွိုက်စစ်သည် ဂိုဏ်းဂိတ်တံခါးအပြင်မှနေ၍ ဂိုဏ်းအတွင်းသို့ ဝင်လာ၏။ သူသည် တစ်နေရာရာမှနေ၍ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်လာသူဟု ယူဆနိုင်၏။ သူသည် နတ်ရေတံခွန်တောင်သို့ ပြန်နေစဉ်တွင် ချုံတောင်လေးရှိရာဘက်သို့ လေးကြိမ်မျှ လှည့်ကြလေသည်။ သူ၏ အကြည့်များသည် အေးစက်စက်နိုင်၏။

လီချန်ရှို့သည် ဝါးပေလိပ်တစ်ခုကိုယူ၍ အသေးစိတ်အချက်အလက်များကို ချရေးလိုက်သည်။

တာအိုရသေ့ ‘ခွိုက်စစ်’ ( ခွိုက်စစ်ဟူသော စကာလုံးသည် တရုတ်စကားတွင် သေအံ့ဆဲဆဲဟူ၍လည်း အဓိပ္ပာယ်ရ၏ )

‘ သေ့အံ့ဆဲဆဲ တာအိုရသေ့ပေါ့လေ... ’

လီချန်ရှို့တစ်ယောက် ထိုအမည်ကို သိခဲ့သည့်အချိန်မှစ၍ သူ့ဆရာအတွက် လက်စားချေရန် စတင်ပြင်ဆင်ခဲ့ခြင်းပင်။

ဂိုဏ်းအပြင်တွင် ‘ကောင်းကင်’ စက္ကူကိုယ်ပွားနှစ်ရုပ်သည် အသင့်စောင့်နေပေပြီ။

ထိုစက္ကူကိုယ်ပွားနှစ်ရုပ်တွင် ကောင်းကင်နတ်မင်း အပါးနှစ်ဆယ်ကိုပင် သတ်ပစ်နိုင်သည့် အဆိပ်ဆေးလုံးများ ပါ၏။

လီချန်ရှို့သည် ယခုတွင် အချိန်အတော်ကြာသည်အထိ ကိစ္စများကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်နေပြီဖြစ်သည်။ သူ၏ နတ်အာရုံအနည်းငယ်ကို ခွဲထုတ်၍ နတ်ရေတံခွန်တောင်ကို အာရုံခံနေရန် သူ့အတွက် မခက်ခဲလှပေ။

သို့သော် လီချန်ရှို့ စိုးရိမ်နေသည့်အရာမှာ သူ၏ဆရာသည် သူပေးလိုက်သော စာအတုကို ဖတ်ပြီးကတည်းက တဲအတွင်းမှ ထွက်မလာတော့ခြင်းပင်။

အကယ်၍ လီချန်ရှို့သာ သူ့ဆရာ၏ အခြေအနေကို အာရုံခံ၍ ရမနေခဲ့လျှင် တဲအပြင်ရှိ မန္တန်အစီအရင်များကို ဖျက်ဆီး၍ တဲအတွင်းသို့ အတင်းဝင်သွားမိမည်ဖြစ်သည်။

သို့သော် လီချန်ရှို့သည် ထိုအလုပ်များကြောင့် သူ၏ ကျင့်ကြံခြင်းကိုလည်း အပြတ်ခံ၍ မရပေ။

လီချန်ရှို့သည် ဆေးလုံးများကိုလည်း ဆက်၍ဖော်၏။ ဗဟုသုတရရန် စာအုပ်များဖတ်ခြင်း၊ သူ၏ ညီမလေးကို သင်ကြားပေးခြင်းနှင့် ဆရာ၏ တဲအပြင်သို့ သွား၍ အပြင်မှနေ၍ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောခြင်းတို့ကိုလည်း လုပ်ခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် (၁၂)နှစ်ဟူသော အချိန်ကာလ ကုန်ဆုံးသွား၏။ တာအိုရသေ့ခွိုက်စစ်သည် သူ၏ လိုဏ်ဂူအတွင်း၌ပင် ကျင့်ကြံနေခဲ့၏။

ထိုတာအိုရသေ့မှာ တစ်စုံတစ်ယောက်သည် သူ၏ဂူအပြင်ရှိ မန္တန်အစီအရင်ကို လျှို့ဝှက်ထွင်းဖောက်၍ သူ့အား ဆယ်နှစ်ကျော်အာရုံခံနေခဲ့ကြောင်းကို သိမည်မဟုတ်ပေ။

တာအိုရသေ့ခွိုက်စစ်သည် တစ်စုံတစ်ယောက်သည် သူ့ကို ကြည့်နေသကဲ့သို့ မလုံမလဲခံစားခဲ့ရသော်လည်း ဆယ်နှစ်ကျော်ကြာသွားသောအခါ ကျင့်သားရသွားလေတော့သည်။

အတုမဲ့နတ်ဝိဇ္ဇာတစ်ဦးအနေဖြင့် နှစ်ဆယ်ချီ၊ ရာချီ အခန်းအောင်း၊ ဂူအောင်းကျင့်ကြံခြင်းသည် အဆန်းမဟုတ်ပေ။ ရန်သူဘက်မှ မလှုပ်ရှားလျှင် လီချန်ရှို့သည်လည်း လှုပ်ရှားမည် မဟုတ်။

သို့သော် သူ ခွိုက်စစ်နှင့် ရင်မဆိုင်ရသေးခင် လီချန်ရှို့သည် သတင်းအချို့ကို သိခဲ့ရ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းတွင် လွန်ခဲ့သော ဆယ်နှစ်ကျော်က ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်ကြောင့် ဂိုဏ်းသည် တပည့်များကို စိတ်အပြောင်းအလဲဖြစ်သွားစေရန် ဂိုဏ်းအတွင်းရှိ တပည့်များအတွင်းမှ ထူးချွန်သူများကို ရွေးချယ်ကာ ကျောင်းတော်သုံးကျောင်းမှ ဂိုဏ်းများတွေ့စုံပွဲကို တက်စေမည်ဖြစ်သည်။

ထို့ကြောင့် နှစ် ( ၂၀၀ ) လျှင် တစ်ကြိမ်ကျင်းပလေ့ရှိသော ဂိုဏ်းတွင်းပြိုင်ပွဲကို စောစောကျင်းပမည်ဖြစ်၏။ ထိုဂိုဏ်းတွင်းပြိုင်ပွဲကို နောက်သုံးနှစ်အတွင်း၌ ကျင်းပမည်ဖြစ်သည်။

All Chapters